နာ့ရှင်းရီ၏ ရွေးချယ်မှု (၂)
Vol. 18 Ch. 240
လျဲ့ယု၏ စကားထဲမှ “သူ” ဆိုသည်မှာ ဝေ့ဝူယင်ကို ဆိုလိုကြောင်း ရှင်းလင်းပေသည်။ နာ့ရှင်းရီ အနေဖြင့် အခြား ယောက်ျားတစ်ယောက်နှင့် စပ်ယှက်မှု မပြုသမျှ ကာလပတ်လုံး သူ့ကို လက်ထပ်နိုင်ပေလိမ့်မည်။ အချိန်ကာလက နှစ်သုံးဆယ် အထိ ဖြစ်၏။
လျဲ့ယု နာ့ရှင်းရီကို စိုက်ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူမက ခေါင်းခါး ခါယမ်းလိုက်၏။
“သူ့အတွက် နင် လုပ်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ သူ့ကို ချစ်ဖို့ ရွေးချယ်ထားတယ်ရင် စိတ်နှစ်ခွ ဖြစ်မနေသင့်ဘူး... နင့်မျက်လုံးထဲက စကားလုံးတွေကို ငါတောင် သတိထားမိရင် လုံချန်ကရော ဘယ်လိုလုပ်ပြီး သတိမထားမိပဲ နေမှာလဲ... သူ ဘာလုပ်မယ် ဆိုတာ နင်သိလား”
“ ... “
နာ့ရှင်းရီမှာ တိတ်ဆိတ်နေ၏။
“လုံချန်က အာဃာတ ကင်းမဲ့ပြီး သဘောထားကြီးတဲ့သူ တစ်ယောက် မဟုတ်ဘူးဆိုတာ နင့် နှလုံးသားထဲမှာ သိထားပြီးသားပါ... သူက နင်ရဲ့ တွေဝေနေတဲ့ စိတ်နဲ့ ရွေးချယ်မှုကို ပြတ်သားသွားအောင် လုပ်ပေးလိမ့်မယ်... အဲဒီလုပ်ဖို့ကလည်း တစ်လမ်းထဲပဲ ရှိတယ်”
လျဲ့ယုမှာ လုံချန်၏ စိတ်နေသဘောထားကို ကောင်းစွာ သိသည်။ သူသည် ထက်မြက်သည်။ ပြိုင်ဘက်ကင်းသည့် ပါရမီရှိသည်။ ချစ်ခင်ရသူများ အပေါ်တွင် ရိုးသားသည်။
သို့သော်လည်း တစ်ချိန်တည်း၌ ထိုလူငယ်သည် စိတ်ခံစားချက် ပြင်းထန်သည်။ သူ့ဘေးနားရှိ လူများနှင့် သူ ကိုယ်တိုင် အတွက် သက်သေပြရန် ဆန္ဒပြင်းပြသည်။ ထို့အပြင် သူသည် သတ်ဖို့ ဖြတ်ဖို့ ဝန်မလေးသူ ဖြစ်ပြီး ပြဿနာတိုင်းအား ဓားသွားဖြင့် ဖြေရှင်းရန် လိုလားသူ တစ်ဦး ဖြစ်သည်။
တစ်ခါတစ်ရံ၌ လျဲ့ယုပင်လျှင် လုံချန်၏ အနာဂတ် လမ်းကြောင်းအပေါ် အတွေး သံသယများ ဝင်ခဲ့ဖူးသည်။ သို့သော်လည်း သူမသည် မည်သို့ပင် ဖြစ်စေ... သူ့နောက်သို့ နောင်တမရပဲ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ သူ၏ အမြင့်မားဆုံးသော ပါရမီများ အလဟသတ် ဖြစ်မသွားပဲ ထိပ်ဆုံးသို့ တက်လှမ်းသည်ကို သူမ ရိုးရှင်းစွာ တွေ့မြင်လိုခြင်း ဖြစ်ပေသည်။
နာ့ရှင်းရီမှာ တိတ်တဆိတ် လှဲလျောင်းနေ၏။ လျဲ့ယု၏ စကားလုံးများက နက်ရှိုင်းသော အဓိပ္ပာယ်များကို စွဲကိုင်ထားသည်။ အကယ်၍ သူမ မရွေးချယ်ခဲ့ပါက အနာဂတ်တွင် လုံချန်မှာ ဝေ့ဝူယင်ကို သတ်ဖြတ်ရန် ကြိုးစားပေလိမ့်မည်။ သူမ နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်၏။ သို့သော်လည်း သူမ၏ စိတ်ကမူ မပြတ်မသားပင် ရှိနေသေးဆဲ ဖြစ်လေသည်။
အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူမ မရွေးချယ်နိုင်ရသနည်း။ သူမသည် မူလယင်များကိုပင် တစ်ချက် မတုန့်ဆိုင်းပဲ လုံချန်အား ပေးနိုင်ခဲ့သည်။ သို့သော်လည်း တစ်ကိုယ်လုံး ပုံအပ်ဖို့ အတွက်တော့ သူမ တွန့်ဆုတ်နေခဲ့သည်။ ဝူပိုင်ကျိုး၊ လျဲ့ယု၊ လင်းကျိရန်တို့ ပြုလုပ်ခဲ့သလို သူမ လုံးဝ မလုပ်နိုင်ခဲ့ချေ။
တွေဝေနေသည့် နာ့ရှင်းရီကို ကြည့်ရင်း လျဲ့ယုမှာ မချင့်မရဲ ဖြစ်လာမိ၏။ ထိုခံစားချက်က မသိမသာပင် ဒေါသအသွင် ပြောင်းလဲသွား၏။
“လုံချန်က နင့်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်း မပေးနိုင်ဘူးလို့ နင်ထင်နေတာလား... နင် သူ့ကို မချစ်ဘူးလား ရှင်းရီ...”
နာ့ရှင်းရီမှာ တုံတိဘာဝေဖြင့် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုတိတ်ဆိတ်မှုက လျဲ့ယု၏ ဒေါသမီးစကို ပိုမို တောက်လောင်လာစေသည့် လေပြည်လေညင်း တစ်ခုလိုပင်။
“အနာဂတ်က ဝေ့ဝူယင်က လုံချန်ကို ကျော်နိုင်လိမ့်မယ်လို့ ငါတော့ မထင်ဘူး... သူက အဂ္ဂိရတ် ပါရမီရှင် တစ်ယောက် အဲဒီထက် ဘာမှ မပိုဘူး... ထာဝရဧကရာဇ်က ဆေးပညာမှာ ပြိုင်ဘက်ကင်းခဲ့တော့ရော ဘာထူးဆန်းခဲ့လဲ... နောက်ဆုံးမှာ သူ့အသက် ရှင်သန်မှု အတွက် ခွန်အားရှိတဲ့လူတွေကို မှီခိုခဲ့ရတာပဲ... လုံချန်လို စွမ်းရည်ရှိတဲ့ လူတွေကပဲ ခေတ်ကို ဦးဆောင်နိုင်ကြတာ”
ထိုစကားလုံးများကား သူမ၏ အနက်ရှိုင်းသော အတွေးများထဲမှ အရိုးသားဆုံး ဖိတ်စင် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ လုံချန်၏ ဘဝက ဘယ်တုန်းကမှ မလွယ်ကူခဲ့။ ငယ်စဥ်ကတည်းကပင် မိသားစုနှင့် ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့သည်။ မရေမတွက်နိုင်သည့် အန္တရာယ်များကို ရင်ဆိုင်ခဲ့ရသည်။ ကိုယ့်ထက် အဆပေါင်းများစွာ ပိုမို မြင့်မားသည့် ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့ရသည်။ သူ တစ်ကြိမ်မှ နောက်မတွန့်ခဲ့။ ဆူးငြောင့်ခလုတ် အားလုံးကို ချေမှုန်းကာ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည်။
သူကား မဟာ ဧကရာဇ် ဝူယု၊ ဆန်းကြယ် ဧကရာဇ်နှင့် အသူရာ နတ်ဆိုးတောင်တန်း အရှင်တို့ ကဲ့သို့ လောကကို အုပ်စိုးရန် မွေးဖွားလာခဲ့သူ ဖြစ်သည်။ မည်းမှောင် ညစ်ညမ်းသော ကျင့်ကြံခြင်း လောက၏ တစ်ခုတည်းသော အလင်းရောင် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကို ဝေ့ဝူယင် ကဲ့သို့ အဂ္ဂိရတ်သမား တစ်ယောက်က မည်ကဲ့သို့ နှိုင်းယှဥ်နိုင်ပါမည်နည်း။
“ကျွန်မ...”
နာ့ရှင်းရီက လျဲ့ယုအား ကြည့်လိုက်၏။ သူမ တစ်ခုခုပြောချင်နေသော်လည်း မည်သည့် စကားလုံးကိုမှ ရှာမတွေ့ခဲ့ချေ။
“ကျွန်မ ဘာဖြစ်လဲ...”
လျဲ့ယုက အမိအရပင် ထိုစကားစကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နာ့ရှင်းရီက ခေါင်းခါလိုက်သည်။
“အမလျဲ့ နားမလည်ပါဘူး... ကျွန်မ နားချင်ပြီ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ”
ထို့နောက် သူမက အခြား တစ်ဖက်ကို လှည့်ကာ စောင်ကို ခေါင်းမြီးဆွဲခြုံ လိုက်လေသည်။ လျဲ့ယုမှာ ခေါင်းအား ခါရင်း စိတ်ကိုသာ ဒုန်းဒုန်းချလိုက်ရ၏။ ထိုကလေးမကား အတော်လေး ခေါင်းမာကာ ပြောရခက်လွန်းသည်။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင်တော့ သူမ သဘောပေါက် လာပေလိမ့်မည်။ စိတ်နှစ်ခွ မရှိပဲ လုံချန်အား အပြည့်အဝ ပုံအပ်လာနိုင်ပေလိမ့်မည်။ ထိုတစ်နေ့တစ်ချိန်က မကြာခင်တွင် ရောက်လာပေလိမ့်မည်။
လျဲ့ယုက ထိုင်ရာမှ ထရပ်လိုက်ရင်း ထွက်ပေါ် ရှိရာသို့ လျှောက်လာခဲ့၏။ သူမက တံခါးအား ဆွဲဖွင့်ကာ အပြင်သို့ ထွက်သွားသည့် အခိုက်၌ နာ့ရှင်းရီ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
“ငါ တစ်ကိုယ်ကောင်းဆန်သွားလား... ငါမှားသွားလား”
ထိုအတွေးက ခပ်ရေးရေး သူမ၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သို့သော်လည်း အဆုံးသတ်၌ သူမ ခေါင်းကိုသာ ခါယမ်းလိုက်၏။
“အမလျဲ့တို့ ကျွန်မကို နားမလည်ပါဘူး... ကျွန်မလည်း အမတို့ တွေးကြသလို တွေးမိတာပါပဲ... ဒါပေမဲ့ ခေတ်သစ်တစ်ခုရဲ့ သမိုင်းမှာ ကျွန်မ အမြင့်ဆုံးဆိုတာကို ပိုင်ဆိုင်ချင်တယ်”
သူမ၏ စကားလုံးများကိုတော့ မည်သူမျှ မကြားနိုင်ခဲ့ပါချေ။
...
လျဲ့ယုမှာ အခန်းအတွင်းမှ ထွက်လာပြီးနောက် ဝိုင်းဖွဲ့ထိုင်ကာ စကားစမြည် ပြောနေသည့် လူငယ်ငါးဦးထံသို့ လျှောက်လာခဲ့သည်။ လုဖန်းသည် သူမ ရောက်ရှိလာသည်ကို ပထမဆုံး သတိထားမိသူ ဖြစ်၏။ သူက တောက်ပသော မျက်ဝန်းများဖြင့် လှမ်းခေါ်လိုက်သည်။
“မမယု...”
လျဲ့ယုက ညင်သာစွာ ပြုံးလိုက်၏။ တစ်ချက်မျှ အကဲခတ်ရုံဖြင့်ပင် လုဖန်းတို့မှာ အရေးကြီးသော အရာတစ်ခုကို ပြောဆိုနေကြခြင်း ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။ အထူးသဖြင့် လုံချန်၏ မသိမသာ ကျဥ်းမြောင်းနေသော မျက်လုံးများက ထိုအရာကို တိတိပပပင် ညွှန်းဆိုနေသည်။
“ဘာတွေ စကားကောင်းနေကြတာတုံး...”
လျဲ့ယုက မသိချင်ယောင် ဆောင်ကာ စကားနှိုက်လိုက်၏။ လုဖန်းက စိတ်လှုပ်ရှားစွာပင် ပြောပြလိုက်သည်။
“သတင်းအသစ် မမယုရေ... လွန်ခဲ့တဲ့ သုံးရက်က ကြားလိုက်ရတဲ့ အသံကြီးရဲ့ တရားခံက ကောင်းကင်ဧကရာဇ်ဝေ့ တဲ့... ကြည့်ရတာ သူက သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို အစောတည်းက သွားနေခဲ့တာ ဖြစ်မယ်... သူ ပြန်လာတဲ့ အချိန်မှာ အဲဒီအသံက ပေါ်လာခဲ့တာ တဲ့... နောက်ပြီး သူက ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်နေပြီ ဆိုပဲ”
လျဲ့ယု၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွား၏။ သူမ တစ်ခုခု မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် လုဖန်းက မရပ်မနား ဆက်ပြောလိုက်သည်။
“ကောလဟလတွေ အရဆို သူက သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှာ ထိပ်သီးပါရမီရှင် တစ်ယောက်ကိုပါ သတ်ခဲ့သေးတယ် တဲ့ဗျ... လူတွေကတော့ ကောင်းကင် ဧကရာဇ်ဝေ့ရဲ့ ခွန်အားက ကြယ်တာရာ အမြုတေ အဆင့်သုံးတွေကိုတောင် ယှဥ်နိုင်နေပြီ ဆိုပြီး ပြောနေကြတယ်”
“ ... “
လျဲ့ယု၏ မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားသည်။ ကြယ်တာရာ အမြုတေ အဆင့်တစ်ဖြင့် အဆင့်သုံးများကို ယှဥ်နိုင်ခြင်း... မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
လုံချန်သည် ကြယ်တာရာ အမြုတေ အဆင့်တစ်ဖြင့် အဆင့်နှစ် ထိပ်ဆုံး အဆင့်နှင့် ညီမျှသော ခွန်အားကို ထုတ်ဖော် နိုင်ခဲ့သည်။ ထိုအဖြစ်အပျက်ကပင် အနန္တဧကရာဇ်ဂိုဏ်း တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သည်။ ယခုတဖန် ဝေ့ဝူယင်က ကြယ်တာရာ အမြုတေ အဆင့်တစ်ဖြင့် ဝိညာဥ် ဆင်းတုများနှင့်ပင် ယှဥ်နိုင်သည့် စွမ်းအားမျိုးကို ထုတ်ဖော်ခဲ့သည်။ အကယ်၍ ထိုအရာသာ အမှန်ဆိုပါက သူ၏ ကျင့်ကြံခြင်း ပါရမီမှာ အဂ္ဂိရတ် ပါရမီထက်ပင် ပိုမို ကြောက်ဖို့ ကောင်းပေလိမ့်မည်။
“အဲဒီ တိုက်ပွဲ စွမ်းရည်ကြောင့်ပဲ လူတွေက သူ့ကို အနန္တလောက မင်းသားလေး ဆိုပြီး ခေါ်နေကြပြီ... သူက နောက်တက်မယ့် မဟာ ဧကရာဇ်တောင် ဖြစ်လာနိုင်တယ် တဲ့... ဘာပဲဖြစ်ဖြစ် သူ့မှာက ထာဝရ ဧကရာဇ်လို အဂ္ဂိရတ် ဝိညာဥ် မရှိဘူးလေ... ဘာမဆို ဖြစ်သွားနိုင်တယ်... သူ့ရဲ့ အနာဂတ်က ထာဝရ ဧကရာဇ်ထက်တောင် သာမှာ သေချာတယ်”
လုဖန်းမှာ အားတက်သရောဖြင့် ဆက်လက် ပြောနေခဲ့၏။ သူသည် လုံချန်နှင့် ဝေ့ဝူယင်တို့ အကြားမှ ပြဿနာကို သိရှိထားခြင်း မရှိသလို ဝေ့ဝူယင်ကိုလည်း အလွန် လေးစားသူ တစ်ယောက် ဖြစ်သည်။ အကယ်၍ သူသာ လုံချန်၏ အတွေးတစ်ပိုင်းအစကို ရိပ်မိခဲ့ပါလျှင်မူ...။
...
“ပျင်းဖို့ကောင်းလိုက်တာ...”
ဝေ့ဝူယင် တစ်ယောက် ခုတင်ထက်၌ လှဲလျောင်းရင်း တိတ်တဆိတ် ရေရွတ်လိုက်သည်။ သူ ကောင်းကင်နန်းတော်သို့ ပြန်ရောက်သည်မှာ တစ်ပတ်တိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း သူ့ဘဝ၏ အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေကာ ဘာမှ ထွေထွေထူးထူး မဖြစ်ခဲ့ချေ။
သို့သော်လည်း ခြားနားစွာပင် အပြင်ဘက်တွင်မူ များစွာသော အရာများမှာ ဖြစ်ပွားနေခဲ့၏။ အသစ်တွေ့ရှိ ထားခဲ့သည့် ဂိတ်တံခါးကို ပိုင်ဆိုင်ခွင့် ရရှိရန် ဒြပ်စင်ကောင်းကင် နန်းတော်နှင့် အနန္တဧကရာဇ်ဂိုဏ်းတို့ အကြား၌ ပဋိပက္ခအချို့ ဖြစ်ပွားနေကာ အခြားသော မဟာ အင်အားစုများမှာလည်း မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။ ကြည့်ရသည်က သူတို့သည်လည်း ထိုအခွင့်အရေးကို လက်လွှတ်ရန် ဆန္ဒရှိကြပုံ မပေါ်ချေ။
ဂိတ်တံခါးသည် အနန္တဧကရာဇ်ကြယ်တာရာ နယ်မြေအတွင်းရှိ အော်ရစ်ပင်လယ်တွင် တည်ရှိသည်။ သို့သော်လည်း ၎င်းသည် ဒြပ်စင်ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နေရာတစ်ခု၌ ရှိနေသည့် အပြင် ဂိတ်တံခါးကို ပထမဆုံး စတင် တွေ့ရှိခဲ့သည်ကလည်း နှစ်ဖက်စလုံးမှ ဖြစ်သည်။
အတွင်းပိုင်း ပဋိပက္ခများ ရှိနေသည့်တိုင် အနန္တဧကရာဇ်ဂိုဏ်းနှင့် ကောင်းကင်ဒြပ်စင် နန်းတော်တို့သည် အခြား အင်အားစုများကို ပြိုင်ပွဲအတွင်း ပါဝင်ခွင့် မပြုရန် သဘောတူညီမှု တစ်ခု ရယူနိုင်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများ အပြီး၌ ဂိတ်တံခါးမှာ လောကနယ်မြေ တစ်ခုသို့ ဦးတည်နေကြောင်း သူတို့ အတည်ပြု နိုင်ခဲ့ကြသည်။ အတွင်းပိုင်း၌ ကမ္ဘာပြားနှင့် ဆင်တူသည့် တည်နေရာ တစ်ခု တည်ရှိနေသည်။ အပေါက်ဝနားတွင် အချိန်ဝိညာဥ် ဝင်္ကပါများ ရှိနေခြင်းကြောင့် ဂိတ်တံခါးအား ဖန်တီးခဲ့သူမှာ လောကသခင် ဖြစ်နိုင်သည် ဆိုသော အဆိုကို သူတို့ ပယ်ချခဲ့သည်။ ထို့ကြောင့်ပင် ဂိတ်တံခါး ပိုင်ရှင်က အချိန်သခင် သို့မဟုတ် ကြယ်တာရာ သခင် တစ်ဦးဦး ဖြစ်နိုင်သည်။
ထို့အပြင် အချိန် ကန့်သတ်ခြင်း ဝင်္ကပါရှိနေခြင်းကြောင့် အသက်သုံးရာကျော်သည့် ကျင့်ကြံသူများမှာ အထဲကို ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ ခန့်မှန်းရသလောက်ဆိုလျှင် လူငယ် ပါရမီရှင်များ လျှို့ဝှက် ပျိုးထောင်ပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးခေတ်ဟောင်းမှ ပညာရှင်ကြီးများက ထိုလောကနယ်မြေကို တည်ဆောက်ထားခဲ့ဟန် ရသည်။
ဂိတ်တံခါးရှိ အချိန် ကန့်သတ်ခြင်း ဝင်္ကပါကို ဂိုဏ်းကြီးနှစ်ဂိုဏ်းရှိ မည်သည့် အဆင့်မြင့် ပညာရှင်ကမှ အရဲစွန့်ကာ ချိုးဖျက်ရဲခြင်း မရှိချေ။ သူတို့သည် သတ်မှတ်ချက်အတိုင်း အသက်သုံးရာအောက်များကိုသာ ဂိတ်တံခါးတွင်း ဝင်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ပြဿနာ တစ်ခု ရှိနေဆဲ ဖြစ်သည်။ ဂိတ်တံခါးသည် အတွင်းသို့ မည်ရွေ့မည်မျှ ဝင်ရောက်နိုင်သည်ကို သတ်မှတ်ထားသည်။ ထိုအချက်က လူငယ်မျိုးဆက်များကို ပျိုးထောင်ပေးရန် ဟူသည့် ၎င်း၏ ရည်ရွယ်ချက်ကို ပိုမို ထင်ရှားစေသည်။ ထိုခန့်မှန်းချက်က မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ... ဂိုဏ်းနှစ်ဂိုဏ်း အနေဖြင့် ဂိတ်တံခါးအတွင်း ဝင်ရောက်ခွင့် ပြုမည့် လူငယ်များကို ယခုတွင် ရွေးချယ်ရတော့မည် ဖြစ်သည်။
ဝေ့ဝူယင်သည် အသက် သုံးရာ မပြည့်သေးသည့် ကောင်းကင် ဧကရာဇ် တစ်ယောက် ဖြစ်ရာ သံသယ ရှိစရာ မလိုအောင်ပင် ဝင်ခွင့်တစ်နေရာကို ရရှိထားပြီး ဖြစ်သည်။ သူ့အနေဖြင့် အခြား လူငယ်များ ရွေးချယ်ပြီးစီးသည် အထိ စောင့်ဆိုင်းနေရုံသာ ရှိသည်။ မဟာ အင်ပါယာ သူတော်စင်များ၏ အဆိုအရဆိုလျှင် ဂိတ်တံခါး အတွင်း ဝင်ရောက်ရန် ပြင်ဆင်မှုများက နှစ်အနည်းငယ်ထိပင် ကြာမြင့်နိုင်သည်။
ယခု အားလပ်နေသော အချိန်အတွင်း၌ ဝေ့ဝူယင်သည် အာကာသကို ဖြတ်ကာ ခရီးသွားလာနိုင်သည့် သူ၏ ဟင်းလင်းပြင် နဂါးတောင်ပံ၏ စွမ်းအင်များကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ ကံဆိုးစွာပင် သူ၏ သွေးမျိုးဆက် စွမ်းအားများမှာ ဖြည်းညင်းစွာသာ ပြန်လည် ပြည့်ဝ လာနေခဲ့သည်။
တစ်ပတ်တိတိ ကြာပြီးသည် အထိ သူ နဂါးအသွင်ကိုပင် မပြောင်းလဲနိုင်သေးချေ။ နဂါးသွေး အင်အားနှင့် အာကာသ အင်အားတို့ အပြည့်အဝ ပြန်လည် ပြည့်ဝ နေခဲ့ပြီ ဖြစ်သည့်တိုင် ကျင့်စဥ် အတွက် အဓိက သော့ချက် ဖြစ်သည့် နဂါး သွေးမျိုးဆက် စွမ်းအားမှာ လစ်ဟာနေခဲ့ပေသည်။
ယခုတစ်ပတ် အတွင်း သူ့တွင် ဘာမှ လုပ်စရာ မရှိချေ။ ဝေ့ဝူယင် အနည်းငယ် အပျင်းကြောဆန့်ရင်း ခုတင်ပေါ်၌ လူးလှိမ့်လိုက်၏။ ရုတ်တရက် အလွန်လှပသော မိန်းကလေး တစ်ယောက်ကို သူ ဖျပ်ခနဲ သူ သတိရလိုက်သည်။
“ရွှယ်ရီဖေး တစ်ယောက်ရော သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှာ ဘယ်လိုနေတယ် မသိဘူး”
***