← Chapters

အိုရီ၏ တိုက်တွန်းမှု

Vol. 18 Ch. 241

အိုရီ၏ တိုက်တွန်းမှု

Vol. 18 Ch. 241

သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးရှိ ထိုပြိုင်ဘက်ကင်း မိန်းမလှလေး အကြောင်းကို တွေးမိသော အခိုက်၌ သူ့နှလုံးသားက အနည်းငယ် ပူလောင်သွား၏။ အကယ်၍ သူမသာ သူ့အနားတွင် ရှိပါက ယခု‌လောက် ပျင်းရလိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သူတို့နှစ်ယောက် တစ်စုံတစ်ရာကို အတူတကွ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သွေးပန်းပဲဖို ဟင်းလင်းပြင် ဂိတ်တံခါးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ နဂါး သွေးမျိုးဆက် စွမ်းအားကလည်း ပြန်လည် ပြည့်ဝရန် အချိန်ယူရလိမ့်ဦးမည်။ ခက်သည်က ၎င်းအား ကူညီနိင်သည့် အဆင့်ရှစ် ဆေးမရှိခြင်းပင်။

အဂ္ဂိရတ် တာအို၌ အဆင့်ကိုး ဆေးလုံးများသာလျှင် သွေးမျိုးဆက် စွမ်းအားများ အပေါ်တွင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၌ အဆင့်ကိုး ဆေးလုံးကို ရရှိရန်အတွက် နည်းလမ်းတစ်ခုတည်းသာလျှင် ရှိသည်။ ကိုယ်တိုင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာရန်ပင်။ အကယ်၍ အဆင့်ကိုး အဆင့်နိမ့် ထာဝရ သွေးရင်းမြစ် ဆေးပြားကိုသာ ဖော်စပ်နိုင်ပါက သူ၏ နဂါး သွေးမျိုးဆက် စွမ်းအား ပြန်လည် ပြည့်ဖြိုးလာမှုမှာ အလွန် မြန်ဆန်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် အဆင့်ကိုး ဆေးလုံး ဖော်စပ်ရန်ကတော့... ဝေ့ဝူယင် ခေါင်းအား ခါလိုက်လိုက်၏။

“ပျင်းလိုက်တာကွာ...”

သူ နောက်တစ်ကြိမ် ရေရွတ်လိုက်မိပြန်သည်။ သူ တစ်ယောက်ယောက်နှင့် စကားပြောချင်သော်လည်း စုမေ့နှင့် ငွေရောင် ဝံပုလွေ ကျန်းဟိုင်မှာ အနန္တဧကရာဇ်ဂြိုဟ်တွင် ရှိမနေကြချေ။  ထို့နည်းတူစွာပင် ရှန်းလင်မှာ လုံထျန်းယုနှင့် အတူ တံခါးပိတ် ကျင့်ကြံနေသည်။

“ဘာလို့ မကြိုးစားပဲ အပျင်းကျနေတာလဲ...”

ရုတ်တရက် အိုရီ၏ အသံက သူ့စိတ်ထဲ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။

“ဟမ်...”

ဝေ့ဝူယင် အတွေးစိတ်များကို စုစည်းရင်း အိုရီအား အာရုံစိုက်လိုက်သည်။ ထိုဆန်းကြယ် ဒြပ်စင် ဝိညာဥ်သည် ကလေးဆန်သည့်တိုင် ဉာဏ်မကောင်းသူတော့ မဟုတ်ချေ။ ပြောရလျှင် ၎င်းမှာ ခရာတိုနှင့် ဘုရင်တို့ထက်ပင် ပိုမို ဉာဏ်ထက်သည်။

“ကြိုးစားခိုင်းနေတာ... ကြိုးစားခိုင်းနေတာ... အဆင့်ကိုးဆေးကို သိတယ်မလား”

အိုရီ၏ စကားလုံးများက အနည်းငယ် အစီအစဥ်မကျ ဖြစ်နေသော်လည်း ဝေ့ဝူယင်မှာမူ ကောင်းမွန်စွာ နားလည်၏။

“မင်းက ငါ့ကို အဆင့်ကိုး ဆေးလုံး ဖော်ခိုင်းနေတာလား...”

မပြောပြတတ်သည့် အကြောင်းပြချက် တစ်ခုကြောင့် ဝေ့ဝူယင်၏ စိတ်က လှုပ်ရှားသွားသည်။ သူသည် ပထမဆုံး အကြိမ် စတင် ဆေးဖော်စပ်နေသည့် နေ့က ကဲ့သို့ပင် ခံစားနေရ၏။

သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ သမိုင်းတွင် ထာဝရ ဧကရာဇ်သာလျှင် တစ်ပါးတည်းသော သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည်။ ထို့အပြင် မျက်မှောက်ခေတ်၌ အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင် အဂ္ဂိရတ် အင်ပါယာ သုံးပါးသာ ရှိသည်။ ကြယ်တာရာ နယ်မြေတစ်ခုလုံး အနေဖြင့် တွက်မည် ဆိုလျှင် နှစ်ဆယ် ကျော်လိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင် အနေဖြင့် အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်နိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ယင်းကို လျှို့ဝှက်ချက် တစ်ခုအနေဖြင့် သိမ်းဆည်းထားဆဲ ဖြစ်သည်။ အန္တရာယ်များနှင့် မလိုလားအပ်သည့် အကျိုးဆက်များ အတွက် အကောင်းဆုံး နည်းလမ်းကို သူ ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုတွင် အိုရီက သူ့အား အဆင့်ကိုး ဆေးလုံးကိုပါ ဖော်စပ်ရန် အထိပင် ပြောနေခဲ့သည်။ ဝေ့ဝူယင်မှာ ရင်တဒိတ်ဒိတ် ခုန်နေမိ၏။ ထာဝရ ဧကရာဇ်၏ ကြီးမြတ်သော ဒဏ္ဍာရီများသည် သူ့အတွေးထဲတွင် ပဲ့တင်ထပ်နေသည်။ သူသည် ကိုယ့်အကန့်အသတ်ကို သိလိုနေသော်လည်း တစ်ချိန်တည်း၌ ကျဆုံးသွားမည်ကိုတော့ ကြောက်ရွံ့နေမိသည်။

သူ အထပ်ထပ် စဥ်းစားလိုက်၏။ သူ့တွင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် အဂ္ဂိရတ် ကြယ်တာရာ အင်အား ရှိသည်။ ဧဒင် ရှိသည်။ လုံလောက်သည့် ရင်းမြစ်နှင့် ဖော်စပ်ရန် နည်းလမ်းများ ရှိသည်။ အဆင့်ကိုး ထုတ်ကုန်များမှာ ပြဿနာတော့ မဟုတ်လောက်ချေ။

“လုပ်ကြည့်ပါ... လုပ်ကြည့်လိုက်... ခင်ဗျားကြီး အောင်အောင် ရှုံးရှုံး ဘယ်သူသိမှာ မသိလို့လဲ... လုပ်လိုက်... လုပ်လိုက်... ကျွန်တော်တို့ လုပ်နိုင်မှာပါ”

အိုရီမှာ စိတ်အားထက်သန်မှု အပြည့်ဖြင့် တရစပ် တိုက်တွန်းနေသည်။ ဝေ့ဝူယင် မျက်လုံးများကို မှိတ်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။ သူ ကြိုးစားကြည့်သင့်သလော။ ထိုအချိန်တွင်ပင် ခရာတို၏ အသံက ထွက်ပေါ်လာသည်။

“ဘာတွေဝေနေတာလဲ... ငါတို့ မလုပ်နိုင်တာ ဘာမှ မရှိဘူး... ဒီလောကမှာ ငါတို့ မော့ကြည့်ရမယ့်လူ မရှိဘူး”

ခါတိုင်းကဲ့သို့ပင် ၎င်း၏ လေသံက မောက်မာမှုများ၊ မာနကြီးမှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်မှာ အနည်းငယ် ကူရာကယ်ရာမဲ့မှုကို ခံစားလိုက်၏။ ကြည့်ရသည်က ထိုကြယ်တာရာ ဝိညာဥ် ဝိညာဥ်၏ မာနကြီးသော ရောဂါက ကုရာနတ္ထိဆေးမရှိတော့ပုံ ရသည်။

သို့သော်လည်း သူမသိလိုက်ခင်မှာပင် တစ်စုံတစ်ယောက်မှာ ခရာတိုထက်ပင် ပို၍ ရောဂါကျွမ်းနေခဲ့လေသည်။

“အဆင့်ကိုး... နိမ့်လွန်းတယ်...”

အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာ၏။ ဘုရင်မှ လွဲ၍ မည်သူ ရှိနိုင်တော့မည်နည်း။ ခရာတိုမှာ  မကျေနပ်ဟန်ဖြင့် ထိုဆေဘာ ကြယ်တာရာ ဝိညာဥ်ကို လှမ်းကြည့်လိုက်သည်။ အကယ်၍ သူက မာနကြီးသည် ဆိုလျှင် ထိုဘုရင်မှာ ဘဝလေဟပ်ကာ အောက်ခြေလွတ်သည့် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ၎င်းတို့ကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။ ထို့နောက် သူက တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ဧဒင်ထံ လှမ်းကြည့်လိုက်သည်။ ဧဒင်သည် ‌ဆေးဖော်စပ်ရာ၌ အဓိက မောင်းနှင်အား ဖြစ်ပြီး ၎င်း၏ အမြင်က အလွန် အရေးကြီးသည်။

ဧဒင်က လုပ်သင့်သည် ဆိုလျှင် သူ လုပ်မည်။ ဧဒင်က တားလျှင်လည်း သူ ဘာစောဒကမှ တက်လိမ့်မည် မဟုတ်ချေ။ အချိန် အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ ဧဒင်၏ အကိုင်းအခက်များမှာ အနည်းငယ် လှုပ်ရှားလာ၏။

“စလိုက်ကြတာပေါ့...”

သူက ရိုးရှင်းစွာသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုစကားလုံးများထဲ၌ အဆုံးမဲ့သော ယုံကြည်မှုနှင့် ဆန္ဒများ ပါဝင်နေသည်။ သေမျိုး ထုတ်ကုန်၏ အကန့်အသတ်လောက်ကို အဘယ်ကြောင့် စိုးရွံ့နေရမည်နည်း။ သူ၏ အနက်ရှိုင်းဆုံးသော ဆန္ဒက ကောင်းကင်ကို ကျော်လွန်ကာ နေနှင့် လတို့ကို ထိတွေ့ရန် ဖြစ်ပေသည်။

ဝေ့ဝူယင် အံကို တင်းတင်းကြိတ်လိုက်၏။ ထို့နောက် ခုတင်ပေါ်မှ ထကာ ခါးကို ဆန့်တန်းလိုက်သည်။

“စလိုက်ကြတာပေါ့...”

ဆုံးဖြတ်ချက် ပြတ်သားခြင်းများက သူ၏ ငွေရောင် မျက်လုံးများ အတွင်း လင်းလက်လာ၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်...  ထိုအကန့်အသတ်က ဘာမလို့နည်း။

ခိုင်ကျည်သော သူ၏ ခြေလှမ်းများက အဂ္ဂိရတ် ခန်းမဆီ ဦးတည် လျှောက်လှမ်းသွား၏။ အကယ်၍ သင်သာ နတ်မျက်စိကို ပိုင်ဆိုင်ထားပါက ထိုခြေလှမ်းတို့၌ အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ ကြီးကျယ် ခမ်းနားသော ခိုင်မာသော ဆန္ဒနှင့် စိတ်တန်ခိုးများ ပျော်ဝင်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်လေတော့သည်။

...

အနန္တဧကရာဇ် ဂြိုဟ်ကြီး၏ အပြောကျယ်လှသော ကောင်းကင်ဝယ် လေပြင်းများက တိုက်ခတ်နေကာ တိမ်တိုက်များမှာ ဂွမ်းစိုင်များ အလား ပြန့်ကျဲနေကြသည်။  ရုန်းရင်း ဆန်ခတ်မှုနှင့် ဖရိုဖရဲဖြစ်မှုတို့ ပျံ့နှံ့နေသော ထိုကောင်းကင်တွင် နေမင်းအလား ကြည်လင်ပြတ်သားသော နန်းတော်ကြီး တစ်ဆောင် ရှိနေခဲ့လေသည်။

ကျယ်လောင်သော ပေါက်ကွဲသံများနှင့် အတူ ပြိုးပြိုးပြက်ပြက် ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ နန်းတော်ကြီး၏ ပြတင်းပေါက်များ၊ တံခါးများ နှင့် နံရံ အက်ကွဲကြောင်းများမှ ဖြတ်သန်း တောက်ပနေပါသည်။  ထိုခုနစ်ရောင်ခြယ် အလင်းတန်းများမှာ အလွန်တောက်ပလွန်းရကား ပတ်ဝန်းကျင်ရှိ တိမ်စိုင်များနှင့် လေထုများပါ လိုက်လံ အရောင် ပြောင်းလဲသွားရသည်။

ကောင်းကင်အလွှာ အောက်ရှိ မရေမတွက်နိုင်သော လူများမှာ အံ့သြ ထိတ်လန့်စွာ ကောင်းကင်ကို မျှော်ကြည့်နေကြသည်။  သူတို့၏ မျက်လုံးများထဲ၌ ကောင်းကင်ပြာမှာ ပန်းချီ ခြယ်သထားခြင်း ခံရသကဲ့သို့ လှပကာ ပြိုကျလုနီးပါး ဖြစ်နေသည်။  ၎င်းက ကြောက်မက်ဖွယ် ကောင်းသလို တစ်ချိန်တည်း၌လည်း အသက်ရှူ မှားလောက်အောင် အလွန်တရာ လှပလွန်းလှသည်။

ဤအခိုက်အတန့်တွင် တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများစွာသည် ရောင်စုံ အလင်းတန်းများ စတင် မွေးဖွားရာ ကောင်းကင်နန်းတော်ကို စုပြုံကျရောက်နေကြသည်။ မ‌ရေမတွက်နိင်သည့် ထိုကိန်းဂဏန်းများထဲတွင် ကြယ်တာရာ နယ်မြေတစ်ခုလုံး၌ အသိအမှတ်ပြုမှု၊ လေးစားမှုတို့ကို ရရှိသည့် အင်ပါယာ ထောင်ထွတ်ငါးခုမှ မဟာ သူတော်စင် အင်ပါယာ ငါးပါးလည်း အပါအဝင်ပင် ဖြစ်လေသည်။

ဝေ့ဝူယင် ဆိုသော လူငယ်သည် လွန်ခဲ့သည့် နှစ်ပတ်၌ ဂြိုဟ်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေသည့် နည်းလမ်းဖြင့် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှ ပြန်လာခဲ့သည်။ ယခုတစ်ဖန်လည်း လူတို့၏ အာရုံစူးစိုက်မှုကို အဆုံးမရှိ ဆွဲဆောင်နိုင်သည့် နောက်ထပ် ဖြစ်ရပ်တစ်ခုကို ထပ်မံ ဖန်တီးခဲ့ပြန်သည်။ ထိုကလေးကား ဘာပဲလုပ်လုပ် လျစ်လျူ၍ မရနိုင်သည့် ကြယ်တစ်ပွင့်ပင် ဖြစ်လေသည်။

“ဘာတွေဖြစ်နေတာလဲ... အဲဒါက မကောင်းတဲ့ ကိစ္စလား...”

ချင်းရိုင်က ဝေ့ဝူယင်၏ ကောင်းကင်နန်းတော်ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ များစွာသော ခြွေရံသင်းပင်းများ၏ ဝန်းရံမှု အလယ်၌ ရှိနေခဲ့ကာ ထိုလူများမှာ မူလတောင်ထွတ်၏ ကောင်းကင် နိုဘယ်များ၊ ကောင်းကင် ဧကရာဇ်များ၊ ကမ္ဘာ့ရွေးချယ်ခံများ၊ ကောင်းကင်ဗိုလ်ချုပ်များ၊ အင်ပါယာ သူတော်စင်များနှင့် မူလ အင်ပါယာ သူတော်စင်များပင် ဖြစ်သည်။

သူမ၏ စကားလုံးများကို ကြားလိုက်ရသည့် လူအားလုံးလိုလိုမှာ ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည်။ မဟာ အင်ပါယာ သူတော်စင် ပင်လျှင် အသေအချာ မသိသည်လား။ သူတို့သည် မမျှော်လင့်ပဲ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်နိုင်ရန် အတွက် အစီအရင်များကို အဆင်သင့် အသက်သွင်း ထားလိုက်ကြလေတော့သည်။

နတ်ဆိုးတောင်ထိပ်တွင်မူ ယောင်ကျန်းနှင့် အဘိုးအို ထို့ပိကျန်းတို့မှာ ဘေးချင်းယှဥ်ကာ ရပ်နေခဲ့ကြ၏။

“မဟာ အင်ပါယာ သူတော်စင်ထို့... ဘာတွေ ဖြစ်နေတာလဲ...”

ခုနစ်ရောင်ခြယ် အလင်းတန်းတို့ဖြင့် ပေါက်ကွဲနေသည့် ကောင်းကင်နန်းတော်ကို ကြည့်ရင်း ယောင်ကျန်း၏ ခရမ်းရောင် မျက်လုံးများက တောက်လောင်နေသည်။ သူ၏ ပတ်ဝန်းကျင်ရှိ လေထုသည် အနည်းငယ် ဖရိုဖရဲဖြစ်နေ၏။ အခြားလူများနှင့် ခြားနားစွာပင်... ထိုခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် ရင်းနှီးနေသလို သူ ခံစားနေရသည်။ သို့သော် အတိအကျကြီးလည်း မပြောနိုင်ပြန်ချေ။

ထို့ပိကျန်း၏ မွဲခြောက်ခြောက် မီးခိုးရောင် ဝတ်စုံက လေနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေသည်။ သူ၏ မျက်လုံးများကမူ အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းနေကာ သံသယ အလင်းတစ်ချို့က မသိမသာ ထင်ဟပ်နေသည်။

“အဲဒါက မဖြစ်သင့်ဘူး မလား...”

ထို့ပိကျန်း ခေါင်းကို ခါယမ်းလိုက်ရင်း သူ သိထားသည့် ဝေ့ဝူယင်၏ အကြောင်း မှန်သမျှကို ပြန်လည် စဥ်းစားလိုက်သည်။ မည်သို့ပင် စဥ်းစား... စဥ်းစား နောက်ဆုံးတွင်မူ မဖြစ်သင့်ဘူး ဆိုသည့် အဆုံးသတ် မှတ်ချက်ကိုသာ သူ ရသည်။

“အဂ္ဂိရတ် အင်အားလား...”

ယောင်ကျန်းမှာ တစ်စုံတစ်ရာကို ရိပ်မိသွားဟန်ရသော်လည်း ချက်ချင်းပင် ပြန်လည် မျက်မှောင်ကြုတ်လိုက်သည်။ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရာ၌ အသုံးပြုသည့် အဂ္ဂိရတ် အရောင်အဝါ၊ စွမ်းအင်နှင့် အင်အားတို့ကို သူ ကောင်းစွာ သိထားသည်။ သို့သော်လည်း ထိုအထဲမှ မည်သည်ကမှ ခုနစ်ရောင် မခြယ်ချေ။

“နေဦး... မဟုတ်မှ လွဲရော...”

ယောင်ကျန်း၏ မျက်လုံးများက မယုံကြည်ခြင်းများနှင့် ပြည့်လျှံသွားကာ ထို့ပိကျန်းကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း ထို့ပိကျန်းမှာ သူ၏ စကားကို ကြားဟန် မရပဲ မမှိတ်မသုန်သော မျက်လုံးများဖြင့် ခုနစ်ရောင်ခြယ် အလင်းများကိုသာ စိုက်ကြည့်နေခဲ့လေသည်။

သူသည် အဂ္ဂိရတ် အင်ပါယာ တစ်ပါး ဖြစ်ကာ မ‌ရေမတွက်နိုင်သော ရှေးဟောင်း မှတ်တမ်းများကို လေ့လာခဲ့ဖူးသည်။ ထိုမှတ်တမ်းများမှ တစ်ညီတစ်ညွှတ်တည်း ညွှန်းဆိုမှု အရဆိုလျှင် ခုရောင်ခြယ်နိုင်သော အဂ္ဂိရတ် အင်အားကို ထုတ်လွှတ်နိုင်သည့် ရင်းမြစ်တစ်ခုသာ ရှိသည်။

ထိုအရာကား အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ပင် ဖြစ်လေ၏။

***

All Chapters