အဆင့်ကိုး ဆေးလုံး
Vol. 18 Ch. 242
အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်...
မှန်သည်။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်သာလျှင် အသန့်စင်ဆုံးသော ခုနစ်ရောင်ခြယ် အဂ္ဂိရတ် အင်အားကို ထုတ်လွှတ်နိုင်သည်။
သို့သော်လည်း မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ဝေ့ဝူယင်တွင် အခြား ကြယ်တာရာ ဝိညာဥ် တစ်ခု ရှိပြီးသား ဖြစ်သည်။
သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှ သတင်းစကားများ အရဆိုလျှင် သူသည် ထိုနေရာတွင် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်ပြသကာ ရန်သူကို အနိုင်ယူနိုင်ခဲ့သည်။ ထို့အပြင် သူအနိုင်ယူခဲ့သည့် ရန်သူကလည်း ပေါ့သေးသေး မဟုတ်ပဲ ဝိညာဥ်ဆင်းတု အဆင့် ချီလန်းကိုပင် ဖိနှိပ်နိုင်ခဲ့သည့် နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။
အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်မှာ ဆေးဖော်စပ်ရာ၌ အလွန် အသုံးဝင်သည့်တိုင် တိုက်ရေးအရာတွင်တော့ အနှုတ်လက္ခဏာ မထွက်ရုံ တမယ်သာ ရှိသည်။ ထို့ကြောင့်ပင် ထိုတိုက်ပွဲ၌ ဝေ့ဝူယင် သုံးခဲ့သည်က အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မဟုတ်ပဲ အခြား ကြယ်တာရာ ဝိညာဥ် တစ်ခုသာ ဖြစ်နိုင်သည်။
“သေချာတယ်... သူက ခုနစ်ရောင်ခြယ် အဂ္ဂိရတ် အင်အားကို ထုတ်ဖော်နိုင်တဲ့ လျှို့ဝှက် နည်းလမ်းတစ်ခုကို ကျင့်ကြံထားတာပဲ ဖြစ်ရမယ်...”
ထို့ပိဟန်သည် တစ်ဖက်ပိတ် လူစားမျိုး မဟုတ်ပါချေ။ သို့သော်လည်း နှစ်ပေါင်းထောင်ချီ ကျင့်ကြံခြင်း အတွေ့အကြုံအရ ဝေ့ဝူယင်တွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် လုံးဝ မရှိနိုင်ကြောင်းကို သူ ၉၈ ရာနှုန်း အထိ ယုံကြည်သည်။
ထို့ပိဟန်၏ ဖြေရှင်းချက်ကြောင့် ယောင်ကျန်းမှာ စိတ်သက်သာရကာ ပြန်လည် တည်ငြိမ်သွားသည်။ ထိုအရာက အကျိုးအကြောင်းဆီလျော်ကာ အဖြစ်သင့်ဆုံးသော ဖြေရှင်းချက်လည်း ဖြစ်သည်။
ဝေ့ဝူယင်သည် ထူးဆန်းသော နည်းလမ်းတစ်ခုကို အသုံးပြု၍ အဂ္ဂိရတ် အင်အားကို ထုတ်ဖော်ကာ ဆေးလုံးများကို သန့်စင်နေသည်။ ယင်းက ဂိုဏ်းအတွက် အန္တရာယ် ဖြစ်လာနိုင်သည့် အဖြစ်အပျက် တစ်ခု မဟုတ်ရာ သူ ဘာကို စိုးရိမ်ရတော့မည်နည်း။
ချင်းရိုင်၏ မျက်လုံးများက အဝေးတွင် ရပ်နေသည့် ထို့ပိကျန်းနှင့် ယောင်ကျန်းတို့ကို လှမ်းကြည့်လိုက်၏။ သက်တောင့်သက်သာ ရှိနေသည့် ယောင်ကျန်း၏ အမူအရာကို ကြည့်ကာ ပြဿနာက သိပ်စိုးရိမ်စရာ မရှိနိုင်ကြောင်း သူမ ရိပ်မိလိုက်သည်။ သူမ ယောင်ကျန်းနှင့် ထို့ပိဟန်တို့ထံသို့ ဆက်သွယ်ရေး သလင်းကျောက်ဖြင့် မေးခွန်းများ မေးလိုက်၏။
ယောင်ကျန်းက သူ သိထားသည့် အတိုင်း ရှင်းပြလိုက်သည်။ မကြာခင်မှာပင် ချင်းရိုင်၏ အမူအရာမှာလည်း သက်တောင့်သက်သာ ဖြစ်သွားခဲ့၏။ ဝေ့ဝူယင်မှာ ထူးဆန်းသော နည်းလမ်းကို အသုံးပြု၍ ဆေးလုံး ဖော်စပ်နေခြင်းသာ ဖြစ်သည်။ ကြည့်ရသည်က သူမမှာ မလိုအပ်ပဲ အစိုးရိမ်လွန်ခဲ့ခြင်းသာ ဖြစ်ပေသည်။
ကျိချန်းကောင်းနှင့် ဇင်တို့မှာလည်း မကြာခင်မှာပင် ယောင်ကျန်းထံမှ တစ်ဆင့် ပြဿနာ ရင်းမြစ်ကို သိရှိသွားကြသည်။
“အဲဒါက အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များလား...”
ကျိချန်းကောင်းက တောက်ပသော မျက်လုံးများဖြင့် ထို့ပိကျန်းကို မေးလိုက်သည်။ ထိုအဘိုးကြီးမှာ အနန္တဧကရာဇ်ဂိုဏ်း၏ တစ်ဦးတည်းသော အဂ္ဂိရတ် အင်ပါယာ ဖြစ်သည်။ အနန္တဧကရာဇ် ကြယ်တာရာ ပိုင်နက်ထဲရှိ အခြား အဂ္ဂိရတ် အင်ပါယာ နှစ်ယောက်ပင်လျှင် သူနှင့် ယှဥ်ပါက အတွေ့အကြုံ၊ ကျွမ်းကျင်မှုတို့တွင် များစွာ နိမ့်ကျသည်။
အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များသည် ကြယ်တာရာအမြုတေ အလယ်ဆင့်များ အတွက် ပြောမပြတတ်အောင် အသုံးဝင်သည်။ အဆင့်ရှစ် အဆင့်နိမ့် ထုတ်ကုန်များ ပင်လျှင် အလွန် တန်ဖိုး ရှိ၏။
“ ... “
ထို့ပိကျန်းမှာ ပြန်မဖြေပဲ ကောင်းကင်နန်းတော်ကိုသာ စူးစိုက် ကြည့်နေခဲ့၏။ အကယ်၍ ထိုခုနစ်ရောင်ခြယ် အလင်းတန်းများသာ အမှန်တကယ် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်နှင့် ယှဥ်နိုင်ပါက အဆင့်ရှစ် ထုတ်ကုန် တစ်ခု ထုတ်လုပ်ရန် အလွန် လွယ်ကူနေလိမ့်မည် ဖြစ်သည်။
ဘုန်း...
ဝေ့ဝူယင် ဖော်စပ်နေသည့် အဂ္ဂိရတ် ထုတ်ကုန်က မည်သည့် အဆင့် ဖြစ်နိုင်ကြောင်း သူ ဆန်းစစ်နေစဥ်မှာပင် ရုတ်တရက် ဂြိုဟ်တစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့အရာက တိမ်တိုက်များ၊ ကောင်းကင်အလွှာများ၊ တောင်တန်းများသာ မကပဲ အနန္တဧကရာဇ် ဂြိုဟ်တစ်ခုလုံး တုန်ရီသွားခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်သည့် ထိုအဖြစ်အပျက်ကြောင့် လူတိုင်း၏ နှလုံးသားများမှာ တဒိုင်းဒိုင်း မြည်ဟည်းသွားကြသည်။ မဟာ အင်ပါယာ သူတော်စင်များပင်လျှင် တုန်လှုပ်ခြောက်ချားသွားကြကာ ကြယ်တာရာ အင်အားဖြင့် ခန္ဓာကိုယ်များကို ဝန်းရံလိုက်ကြ၏။
ဂျိန်း... ဒလိန်း...
ဖော်ပြရန် ခက်ခဲသော အသံများနှင့် အတူ ဝေ့ဝူယင်၏ ကောင်းကင်နန်းတော် အပေါ်တည့်တည့် ဝေဟင်တွင် အလွန်တောက်ပသည့် အဝန်းအဝိုင်းကြီး တစ်ခု လျှင်မြန်စွာ ထွန်းလင်းလာ၏။ ၎င်းသည် အဆုံးမဲ့ အရောင်များကို ထုတ်လွှတ်ကာ ပတ္တမြား ရတနာ တစ်ခုအလား တဖိတ်ဖိတ် တောက်ပနေသည်။ မရေမတွက်နိုင်သော လူများမှာ ၎င်းကို ကြည့်ရင်း မျက်လုံးများ ကျိန်းစပ်လာကြရာ ချက်ချင်းပင် အကြည့်လွှဲ လိုက်ကြရသည်။
“ဘုရားရေ... အဲဒါ ဘာကြီးလဲ...”
“ဘယ်လိုဖြစ်နိုင်မှာလဲ... အဲဒါက နေတစ်စင်းများလား... နေက ငါတို့ဂြိုဟ်ကို ဝင်တိုက်တော့မှာလား”
"မဟုတ်ဘူး... အဲဒါက လတစ်စင်း ဖြစ်မယ်”
အမျိုးမျိုးသော မှတ်ချက်များက လေထုကို ဖြတ်သန်း၍ ပလူပျံသွားသည်။ ထိုအလင်းစက်ဝန်းကြီးမှာ အလွန်အမင်း တောက်ပလှပြီး မည်သည် ဖြစ်သည်ကို ဆုံးဖြတ်ရန် ခက်ခဲလှ၏။ သို့သော်လည်း နေ၊ လေ၊ ဂြိုဟ် မည်သည့် အရာပင် ဖြစ်စေကာမူ ကောင်းကင်တွင် နေထိုင်သော မသေမျိုးတို့နှင့် တစ်စုံတစ်ရာ ပတ်သက်နေကြောင်း သူတို့၏ နှလုံးသားများက ခံစားနေရသည်။
စစ်တောင်ထိပ် အောက်အလွှာ တစ်ခု၌ လုံချန်နှင့် အချွေအရံများသည် ကောင်းကင်ကို ငေးမောကြည့် နေကြသည်။ သူတို့၏ မျက်လုံးများက အံ့သြထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ထိုအလင်းစက်ဝန်းကြီးက ဘာဖြစ်မှန်း မသိကြရသည့်တိုင် အန္တရာယ်အငွေ့အသက်ကိုမူ သူတို့ မခံစားကြရချေ။ ထို့အစား စူးစမ်းလိုသည့် စိတ်ဆန္ဒတစ်ခုသာလျှင် သူတို့ နှလုံးသားများထဲ၌ နေရာယူနေခဲ့လေသည်။
လုံချန်၏ မျက်လုံးများက ကောင်းကင်ဘုံ အရိပ်အငွေ့ဖြင့် ယှက်သန်းနေကာ အမျိုးမျိုးသော အလင်းများ ဖြတ်ပြေးနေ၏။ ထိုအလင်းစက်ဝန်းကြီးမှာ ကောင်းကင်ဘုံ ပန်းချီကား တစ်ချပ် ကဲ့သို့ လှပလွန်းလှသည်။ ဖြစ်နိုင်လျှင် သူ ကောင်းကင်ကို ဖြတ်သန်း ပျံသန်းကာ ၎င်းကို ထိတွေ့ကြည့်ချင်မိသည်။
ဝှစ်...
သူ၏ အနက်ရောင် လက်စွပ်ပင်လျှင် ဖျပ်ခနဲ တောက်ပသွား၏။ မည်သူမှ သတိမထားမိခင်မှာပင် အရိပ်အငွေ့ တစ်ခု ထွက်ပေါ်လာကာ လုံချန်၏ ဘေးတွင် အကောင်အထည် မရှိသည့် ပုံစံဖြင့် ရပ်တည်လိုက်သည်။ ထိုအရိပ်အငွေ့ကား ဝူယုပင် ဖြစ်သည်။ သူ၏ အရောင်အဝါ၊ အငွေ့အသက်တို့က အလွန် တည်ငြိမ်နေသည့်တိုင် အံ့အားသင့်ခြင်း၊ ဆွံ့အခြင်း၊ မယုံကြည်နိုင်ခြင်းတို့က သူ၏ မျက်ဝန်းများ၌ ပြည့်လျှံနေသည်။
“မဖြစ်နိုင်ဘူး...”
အခြားလူများမှာ သူ၏ စကားကို မကြားနိုင်သော်လည်း လုံချန်ကမူ ကြားနိုင်၏။ သူက ဝူယုကို လှည့်ကြည့်ရင်း စိတ်လှုပ်ရှားသွား၏။ ဝူယုအနေဖြင့် လက်စွပ်အပြင်ဘက်သို့ ထွက်ရန် အချိန်နှင့် ရင်းမြစ်များစွာ လိုအပ်လိမ့်မည် ဟု သူ မူလက သိထားခဲ့ခြင်း ဖြစ်သည်။ ဝူယုကလည်း သူ့ကို ထိုအတိုင်းပင် ပြောထားခဲ့သည်။
“ဆရာက မြန်မြန် ပြန်ပြီး ကျန်းမာလာတာလား...”
လုံချန် ခေါင်းကိုခါရင်း ထိုအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင် ဆိုစေ... ဝူယုကိုယ်တိုင် အပြင်သို့ ထွက်လာခြင်းကို ထောင်ချင့်ကြည့်ပါက ထိုအရာက အလွန် အရေးကြီးရပေမည်။
“အဲဒါက ဘာလဲ ဆရာ...”
သူက မေးလိုက်၏။ ဝူယု၏ မျက်လုံးများက အနည်းငယ် မှေးစင်းသွားကာ အတိတ်မှ မှတ်ဉာဏ်များနှင့် ပြည့်နှက်သွားဟန် ရသည်။ လွမ်းဆွတ်မှု အငွေ့အသက်က ထိုမျက်ဝန်းများတွင် မသိမသာ ဖြတ်ပြေးသွား၏။
“သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်...”
သူ၏ လေသံက တုန်ရီလှိုက်မောခြင်းတို့နှင့် ပြည့်နှက်နေသည်။ အခြားလူများမှာ ထိုကဲ့သို့ မြင်ကွင်းမျိုးကို သိချင်မှ သိလိမ့်မည် ဖြစ်သော်လည်း သူကား လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ထာဝရ ဧကရာဇ်ခေတ်တွင် နေထိုင်ခဲ့သူ ဖြစ်ပေသည်။ အမှားအယွင်းတစ်ခုခုသာ မရှိပါက ဤနေ့တွင် ဒုတိယမြောက် ထာဝရ ဧကရာဇ်မှာ မွေးဖွားလာပေလိမ့်မည်။
”သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်...”
လုံချန်က နားမလည်စွာ လိုက်လံ ရေရွတ်လိုက်မိ၏။ ထိုအရာက အဘယ်နည်း။ မည်သို့သော ထူးခြားချက်များ ရှိသနည်း။
ဝူယုမှာ မထင်မှတ်ပါပဲ လုံချန်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ သူတို့ နှစ်ယောက်အတူ လျှောက်လှမ်းခဲ့သည့် ခရီးလမ်းကြောင်းရှည်များက သူ့အတွေးဝယ် ပြန်လည် ထင်ဟပ် လာခဲ့၏။ ဘာမှ မရှိသည့် ဘဝမှ သူတို့ နှစ်ယောက် အတူ စတင်ခဲ့သည်။ ကုန်းမြေတိုက်ကြီးကို ကျော်ဖြတ်ကာ အနန္တဧကရာဇ်ဂိုဏ်းသို့ ရောက်သည် အထိ လျှောက်လှမ်းနိုင်ခဲ့သည်။ ထာဝရ ဧကရာဇ်ခေတ်မှ ပါရမီရှင်များနှင့် ယှဥ်နိုင်သည် လုံချန်ကိုသူ ပျိုးထောင် နိုင်ခဲ့သည်။ ထိုအတွက် သူ အလွန် ဂုဏ်ယူခဲ့ရပါသည်။ သို့သော်လည်း ယခုတွင်မူ...
ငွေရောင်မျက်လုံးများ ပိုင်ရှင်က သူ့အတွေးများကို ကျူးကျော်ကာ ဝင်ရောက်လာ၏။ လုံချန်သည် နေ့ရောညပါ ထိုလူငယ်ကို သတ်ဖြတ်ရန် ကျိန်ဆိုနေခဲ့သည်။ မမြင်နိုင်သော ဆဋ္ဌမအာရုံက တစ်နေ့တွင် လုံချန်နှင့် ထိုလူငယ်မှာ ကျိန်းသေ ထိပ်တိုက်တွေ့မည် ဖြစ်ကြောင်း ပြောပြနေသည်။ ထိုအရာက သူ ပြောင်းလဲနိုင်သည့် ကံကြမ္မာမျိုး မဟုတ်ချေ။
“ငါ သူ့ကို အင်ပါယာ ကောင်းကင်ချီ ကျင့်စဥ် ပေးခဲ့သင့်ရဲ့လား...”
သံသယနှင့် ရုန်းကန်မှုများက ဝူယု၏ မျက်လုံးများတွင် ပြည့်နှက်သွား၏။ အမျိုးမျိုးသော အတွေးများက သူ့စိတ်အတွင်း ပွေလီစွာ နေရာယူနေ၏။ အကယ်၍ လုံချန်နှင့် အတူနေပါက ပြန်လည် ရှင်သန်ရန် အခွင့်အရေးပါ ပါးလွှာကာ ကွာဝေးသေးသည် ဆိုသော်လည်း...။
လုံချန်မှာ ဝူယု၏ အကြည့်ကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာခဲ့၏။ သူက ထိုအာရုံကို ပြောင်းလဲရန် မေးခွန်းထုတ်လိုက်သည်။
”သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင် ဆိုတာ ဘာအဓိပ္ပာယ်လဲ ဆရာ...”
ဝူယုက မျက်စိကို မှိတ်ရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ခေါင်းကို မော့ကာ ထွန်းလင်းနေသည့် အဝန်းအဝိုင်းကြီးကို ပြန်ကြည့်လိုက်သည်။ တစ်ဆက်တည်းလိုလိုပင် ခံစားချက်များ ရောထွေး ပြည့်ရွှမ်းနေသည့် အသံက တစ်ခုမှာ သူ့ထံမှ ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။
“အရှင်းလင်းဆုံး ပြောရရင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် မွေးဖွားလာတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့လေ”
“ဘယ်လို...”
မယုံကြည်နိုင်မှု တစ်ခုက လုံချန်၏ နှလုံးသားတွင် စတင် မွေးဖွားလာကာ ထိုမှနေ၍ ဦးနှောက်အထိ ရောက်ရှိသွားသည်။ မယုံကြည်နိုင်သော ခံစားချက်က သူ့ခန္ဓာကိုယ် တစ်ခုလုံးကို သိမ်းကြုံး ပွေ့ပိုက်ထား၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် မွေးဖွားလာခြင်း... ထိုအရာက ဘာကို ဆိုလိုပါသနည်း။
သိသာထင်ရှားစွာပင် ထာဝရ ဧကရာဇ် နောက်တစ်ယောက် ပေါ်ထွန်းလာခဲ့ပြီဟု ဆိုလိုပါသည်။ ဤသို့ဆိုလျှင် ခေတ်သစ် တစ်ခုမှာ ကျိန်းသေ မွေးဖွားလာပေတော့မည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ လောကသခင်၊ အချိန်သခင်၊ ကြယ်တာရာ သခင်များ မွေးထုတ်ပေးနိုင်စွမ်း ရှိသည်။ လက်ရှိ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် လောကသခင်မှာ နှစ်ပါးသာ ရှိပြီး နှစ်ပါးစလုံးမှာ ထာဝရဧကရာဇ်နှင့် နက်ရှိုင်းသော ပတ်သက် ဆက်နွယ်မှုများ ရှိခဲ့ဖူးသည့် စန်းမျိုးနွယ်မှ ဖြစ်သည်။
သို့သော်လည်း စန်းမျိုးနယ်မှာ ပါရမီရှင်များ သိပ်ပေါ်ထွန်းတတ်သည့် နေရာတစ်ခု မဟုတ်ချေ။ အခြား မဟာဂိုဏ်းကြီးနှင့် ယှဥ်ပါက သူတို့၏ ပါရမီမှာ သိသိသာသာပင် အားနည်းသည်။ အကယ်၍ လောကသခင် နှစ်ယောက်ကြောင့်သာ မဟုတ်ပါက သူတို့ကို မဟာဂိုဏ်းကြီး ငါးဂိုဏ်းတွင်ပင် ထည့်သွင်းနိုင်လိမ့်မည် မဟုတ်ချေ။
ထိုထက်ပို၍ ရှင်းလင်းစွာ ပြောရလျှင် သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး၌ ကြယ်တာရာ အမြုတေ အဆင့်ငါး သုံးဆယ်ခန့် ရှိသည့် အနက် နှစ်ယောက်သာလျှင် စန်းမျိုးနွယ်မှ ဖြစ်သည်။ မဟာဂိုဏ်းကြီး ငါးဂိုဏ်းတွင် အားအနည်းဆုံးဟု ဆိုကြသည့် အနန္တဧကရာဇ်ဂိုဏ်းတွင်ပင် အဆင့်ငါး ကျင့်ကြံသူမှာ ငါးယောက် အထိ ရှိသည်။ သို့တိုင်အောင် အစောင့်အရှောက် သားရဲများ၊ အစီအရင်များနှင့် လျှို့ဝှက် လက်နက်များ မပါဝင်သေးချေ၊
အခြား မဟာဂိုဏ်းကြီး သုံးဂိုဏ်းတွင်ဆိုလျှင် ကြယ်တာရာ အမြုတေ အဆင့်ငါး ကျင့်ကြံသူ အရေအတွက်မှာ ခြောက်ယောက် သို့မဟုတ် ထိုထက် ပို၍ ရှိကြသည်။ အဂ္ဂိရတ် အစည်းအရုံးတွင်ပင် ထိုအဆင့် ကျင့်ကြံသူ သုံးယောက်အထိ ရှိသည်။
ထိုမျှ ပင်ကိုယ် အစွမ်းအစ နိမ့်ကျလှသော စန်းမျိုးနွယ်မှာ အဘယ်ကြောင့် လောကသခင် နှစ်ယောက်ကို ပိုင်ဆိုင်ထားရသနည်း။ များစွာသော သီအိုရီများက ထိုအရာမှာ သူတို့နှင့် နက်ရှိုင်းစွာ ပတ်သက်ခဲ့ဖူးသည့် ထာဝရ ဧကရာဇ် ထားရစ်ခဲ့သော ဆေးများကြောင့် ဟု တစ်ညီတစ်ညွှတ်တည်း ညွှန်ပြကြသည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါးသည် လောကအား အုပ်စိုးမည့်သူများစွာကို လွယ်လင့်တကူ မွေးထုတ်ပေးနိုင်စွမ်း ရှိသည်။ သမိုင်းတွင် ရွှေရောင် ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည့် အသူရာ နတ်ဆိုး သခင်၊ ဆန်းကြယ် ဧကရာဇ်၊ အထွတ်အမြတ် အယ်ဗန် ဧကရီနှင့် မဟာ ဧကရာဇ် ဝူယုတို့ကို ကြည့်ပါလော့။ သူတို့ထဲတွင် ထာဝရ ဧကရာဇ်နှင့် ကင်းနိုင်သူ တစ်ယောက်မှ မရှိခဲ့ချေ။ ထိုပုဂ္ဂိုလ်ကြီး၏ အထောက်အပံ့များသ မပါဝင်ပါက သူတို့အားလုံး ထိုနေရာများသို့ တက်လှမ်းရန် အလွန် ဖြစ်နိုင်ချေ နည်းပါးသွားလိမ့်မည် ဖြစ်သည်။
ဝူယု၏ စကားအရဆိုလျှင် ယနေ့၌ ထာဝရ ဧကရာဇ် နောက်တစ်ယောက်မှာ လောက၌ ပေါ်ထွန်း လာခဲ့ပြန်ပြီ ဖြစ်သည်။ လုံချန်၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေ၏။ အကယ်၍ သူသာ ထိုပညာရှင်၏ အကူအညီကို ရယူနိုင်ပါက နှစ်တစ်ရာ မပြည့်ခင်မှာပင် ကြယ်တာရာသခင် အဆင့်ကို တက်လှမ်းနိုင်မှာ သေချာပေသည်။
“သူက ဘယ်သူလဲ ဆရာ...”
သူက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။ သို့သော်လည်း ဝူယုမှာ ပြန်မဖြေချေ။ သူက ကောင်းကင်ကို မျက်နှာမူကာ မျက်လုံးများကိုသာ နက်ရှိုင်းစွာ မှိတ်ထားခဲ့လေ၏။
***