← Chapters

အဆင့်ကိုး ဆေးလုံး

Vol. 18 Ch. 243

အဆင့်ကိုး ဆေးလုံး

Vol. 18 Ch. 243

“ ... “

လုံချန်မှာ ထိုအပြုအမူကြောင့် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သို့သော်လည်း သူက တွန်းအား မပေးတော့ပဲ ကိုယ်တိုင် ခန့်မှန်းရန်သာ ဆုံးဖြတ်လိုက်၏။

ဖန်တီးခြင်း တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင်ထို့ပိကျန်းသည် အလွန် အသက်ရှည်ကာ ကျင့်ကြံခြင်း အတွေ့အကြုံ  ရင့်ကျက်သူ ဖြစ်သည်။ ဟုန်ယုနှင့် ရှောင်ပင်းတို့၏ စကားအရဆိုလျှင် သူသည် ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင်ပင် နံပါတ်တစ် လူသား ကျင့်ကြံသူ ဖြစ်သည်။ သူ အဘယ်ကြောင့် ထိုမျှ အစွမ်းထက်ရ သနည်း။ ရှင်းလင်းစွာပင် သူ လျှောက်လှမ်းနေသည့် အဂ္ဂိရတ်တာအို လမ်းစဥ်ကြောင့် ဖြစ်သည်။ သူသည် အဆင့်ခုနစ်၊ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း ရှိသူ ဖြစ်သည်။ သို့ဖြစ်ရာ သူ မည်ကဲ့သို့ အစွမ်းမထက်ပဲ နေနိုင်တော့မည်နည်း။

အကယ်၍ ထို့ပိကျန်းသာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်သွားပါက ထိုအရာက သတင်းကောင်း ဖြစ်သည်။ သူ အကောင်းဆုံး ကျိုးစားလျှင် အနာဂတ်တွင် အဆင့်ကိုး ထုတ်ကုန် အချို့ကို ဆုအဖြစ် ရရှိနိုင်သည်။ လုံချန်၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်သွား၏။

“အဲဒါက ဘာလဲဟင်...”

အားနည်းသည့် အသံတစ်ခုမှာ နောက်နားမှ ထွက်ပေါ်လာ၏။ လုံချန် အပါအဝင် အခြားလူများမှာ ခေါင်းများကို လှည့်ကာ နောက်သို့ ကြည့်လိုက်ကြသည်။

“ဝှစ်...”

ဝူယုသည် လက်စွပ်အတွင်း ပြန်လည် ဝင်ရောက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွား၏။ လက်စွပ်ထဲသို့ ရောက်ရှိပြီးနောက် သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအရာသာ ထို့ပိကျန်း ဖြစ်ပါက အမှန်တကယ် ကောင်းမွန်ပေလိမ့်မည်။ သို့သော်လည်း အဂ္ဂိရတ် ကြယ်တာရာ အင်အားသာလျှင် အဆင့်ကိုး ဆေးများကို ဖော်စပ်နုင်သည်။ ထိုအရာက ပြောင်းလဲမရနိုင်သည့် အဂ္ဂိရတ် တာအို၏ စည်းမျဥ်း တစ်ခု ဖြစ်ပေသည်။

လုံချန်တို့ အုပ်စုမှာ အားနည်းစွာဖြင့် သူတို့ နားသို့ လျှောက်လာနေသည့် နာ့ရှင်းရီကို တွေ့လိုက်ရသည်။ သူမ၏ နဖူးနှင့် ဆံနွယ်စများမှာ ချွေးများဖြင့် အနည်းငယ် စိုဆွတ်နေ၏။ ကံဆိုးစွာပင် ထိုချွေးများက ယခင်က ကဲ့သို့ မွှေးမနေတော့ချေ။ ထို့အစား ယင်စွမ်းအင် ခမ်းခြောက်နေမှုကြောင့်  အနံ့အသက်ဆိုးများပင် ထွက်ပေါ်နေသည်။ ထိုအနံ့အသက်ကို တစ်ချက် ရှူလိုက်ရုံဖြင့်ပင် လူတိုင်းမှာ အစားစားချင်စိတ်များ ကုန်ခမ်း သွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း လုံချန်မှာ ထိုအရာကို သတိပြုမိဟန် မရပဲ သူမ အနားသို့ လျှောက်သွားကာ လက်များကို ဆုပ်ကိုင် ထိန်းပေးလိုက်သည်။

“ရှင်းရီ... ဘာလို့ အပြင်ကို ထွက်လာရတာလဲ... အထဲမှာ နားနားနေနေ နေပါလားကွာ”

ရှင်းရီက ညင်သာစွာ ပြုံးရင်း ‌ကောင်းကင်ကို မော့ကြည့်လိုက်၏။

“လအသစ် ထွက်လာတာလား...”

လုံချန်က သက်ပြင်းတစ်ချက် ချကာ ခေါင်းခါလိုက်သည်။

“အဲဒါကို သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်လို့ ခေါ်တယ်”

“သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်...”

နာ့ရှင်းရီသာလျှင် မက ပတ်ဝန်းကျင်ရှိ လူများစွာမှာ သူ၏ စကားကို ကြားလိုက်ကြရသည်။ သူတို့ အားလုံး၏ မျက်လုံးများက ကောင်းကင်မှ နေ၍ လုံချန်ထံသို့ ရွေ့လျားလာ၏။

“အဲဒါက ဘာလဲ...”

ဟုန်ရုက မေးလိုက်သည်။ ရောင်စုံကောင်းကင်၏ ရောင်ပြန်ဟပ်မှု အောက်၌ သူမမှာ နတ်သက်ကြွေလာသည့် နတ်မိမယ် တစ်ယောက်အလား အလွန် လှပနေ၏။

“သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး မွေးဖွားလာပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ”

လုံချန်က ပြန်ဖြေလိုက်သည်။

“ ... “

အားလုံးမှာ ဆွံ့အမှုဖြင့် တိတ်ဆိတ်သွားကြ၏။ ပထမဆုံး သူတို့ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ခံစားချက်က မယုံကြည်နိုင်မှု ဖြစ်သည်။ သူတို့သည် ထာဝရ ဧကရာဇ်၏ ကြီးမြတ်သော ဒဏ္ဍာရီများကို အကြိမ်ကြိမ် ကြားဖူးရာ သေမျိုး အဂ္ဂိရတ် အာဏာရှင်က ဘာကို ဆိုလိုမှန်း သိကြသည်။ ထိုအဆင့်ကို ရောက်ရှိရန်မှာ ပါရမီရှင်များ အတွက်ပင် သုည ရာခိုင်နှုန်းသာ ရှိသည်။ သို့သော်လည်း လုံချန်မှာ ဗဟုသုတ အလွန် ကြွယ်ဝကာ လိမ်ညာ ပြောတတ်သူ တစ်ယောက် မဟုတ်မှန်း သူတို့ အပြည့်အဝ ယုံကြည်ကြပေသည်။

“ကောင်းကင်ဧကရာဇ်ဝေ့က သေမျိုး အဂ္ဂိရတ် အာဏာရှင်တောင် ဖြစ်တော့မှာလား... မိုက်လိုက်တာ... သူက တကယ့်ကို ထာဝရ မင်းသားလေးပဲဗျာ...”

လုဖန်းက ဘုမသိ ဘမသိ ထအော်လိုက်၏။ သူသည် အသက်နှစ်ဆယ်ခန့်သာ ရှိသေးရာ လူ့လောက၌ ဝင်ဆန့်မှု နည်းပါးသေးသည်။ ထို့အပြင် သူသည် အလွန် ရိုးသားကာ စိတ်ထဲတွင် ရှိသည့် အရာကို မစဥ်းစားပဲ ပြောတတ်သူလည်း ဖြစ်သည်။

“ ... “

သူ၏ စကားကြောင့် နာ့ရှင်းရီ၊ လျဲ့ယု၊ ဝူပိုင်ကျိုးနှင့် လုံချန်တို့၏ မျက်လုံးများက တစ်ပြိုင်နက်တည်း လှုပ်ခါသွားကြလေ၏။ အထူးသဖြင့် နာ့ရှင်းရီပင်။

...

ထိုအချိန် ကောင်းကင်နန်းတော် အတွင်း၌ ချွေးများဖြင့် ရွှဲနစ်နေသည့် လူတစ်ယောက် ရှိနေခဲ့လေသည်။ သူ၏ ရှေ့တွင်မူ လောကကို ဖြာထွက်နေသည့် ရောင်စုံအလင်းများ၏ ရင်းမြစ်ဖြစ်သည့် သုံးချောင်းထောက် ဆေးအိုး တစ်ခု ရှိနေခဲ့၏။ သူ၏ ငွေရောင် မျက်လုံးများသည် ထိုဆေးအိုးကို စူးစိုက်ကြည့်ရင်း ပြောင်းလဲမှု တစ်ခုတစ်လေမှ လစ်ဟာ မသွားစေရန် ဂရုစိုက်လျှက် ရှိသည်။

အမှန်အတိုင်း ဝန်ခံရပါက ဝေ့ဝူယင် ကိုယ်တိုင်ပင် ထိုအဖြစ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ ဘုရင်၊ အိုရီ၊ ခရာတိုတို့၏ အဆိုအရ ဆိုလျှင် ဆေးပြား၏ မန်နာများ အပေါ် လွှမ်းမိုးမှုကြောင့် လောက တစ်ခုလုံးပင် တုန်ရီသွားခဲ့သည်ဟု ဆိုသည်။ သူ သေချာ မသိသည့်တိုင် ယင်းက မရေမတွက်နိုင်သော လူများ၏ အာရုံကို ဆွဲဆောင်လိမ့်မည်မှာ သေချာသည်။

ထို့အပြင် သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင် ဖြစ်ပေါ်လာခြင်းကိုလည်း သူ ဖုံးကွယ်နိုင်စွမ်း မရှိခဲ့ချေ။ ထိုအခိုက်၌ သူ၏ စိတ်အာရုံ တစ်ခုလုံးကို ဆေးဖော်စပ်ခြင်း လုပ်ငန်းစဥ်တွင်သာ နှစ်မြုပ်ထားရသည်။ အနည်းငယ်ပင် ဖယ်ခွာ၍ မဖြစ်။

အဆင့်နိမ့် အဂ္ဂိရတ် ထုတ်ကုန်များမှာ သူ့အတွက် ထုတ်လုပ်ရန် အလွန် လွယ်ကူလှပြီး အဆင့်ရှစ် ထုတ်ကုန်များပင် သိပ်ခက်ခဲခြင်း မရှိချေ။ သို့သော်လည်း ဤအဆင့်ကိုး ဆေးပြားကမူ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်တစ်ခု ဖော်စပ်ခြင်းထက် အဆပေါင်း ထောင်သောင်းချီအောင် ပိုမို ရှုပ်ထွေး ပွေလီလွန်းလှသည်။

အမှားသေးသေး‌လေး တစ်ခု၊ လွဲချော်မှု သေး‌သေးလေး တစ်ခုကပင်လျှင် ပြင်းထန်သော ပေါက်ကွဲမှုကို ဦးတည်သွားစေနိုင်စွမ်း ရှိသည်။ ထိုအရာက အလွန် သေးငယ်လှသည့် ကြိုးတန်းလေး တစ်ခုပေါ်တွင် လမ်းလျှောက်နေရသည်နှင့် သဏ္ဌာန်တူသည်။ ထို့အပြင် ဤသည်မှာ သူ အဆင့်ကိုးဆေး ‌ဖော်စပ်သည့် ပထမဆုံး အကြိမ်လည်း ဖြစ်ပေသည်။ ကံကောင်းထောက်မစွာပင် သူ့တွင် အဂ္ဂိရတ် ဧဒင်အင်အားနှင့် ကောင်းကင်ဘုံ နတ်မျက်လုံးတို့ ရှိနေ၍ တော်သေးသည်။

ထိုအရာများ၏ အကူအညီဖြင့် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဥ် တစ်ခုလုံးကို သူ အာရုံစိုက်ထားနိုင်သည်။ အမျိုးမျိုးသော အပြောင်းအလဲများကို တစ်ပြိုင်နက်တည်း ဖော်ဆောင်နိုင်သည်။ ထို့ကြောင့်ပင် ယခုအချိန်ထိ မည်သည့် အမှားအယွင်းမှ မရှိပဲ ချောချောမွေ့မွေ့ ဆောင်ရွက်နေနိုင်ခြင်း ဖြစ်သည်။

“ဟူး...”

နာရီပေါင်းများစွာ ကုန်လွန်သွားပြီးသည့် နောက်၌ ဝေ့ဝူယင် လေပူတစ်ချက် မှုတ်ထုတ်ရင်း နဖူးထက်ရှိ ချွေးများကို အင်္ကျီလက်အိုးဖြင့် သုတ်လိုက်သည်။ သူ၏ ပထမဆုံး အကြိမ် ကြိုးပမ်းအားထုတ်မှုမှာ အောင်မြင်ခဲ့ပြီ မဟုတ်ပါလော။

အကယ်၍ အဆင့်ကိုး ဆေးပြား တစ်ခုကို ပထမဆုံး အကြိမ် ဖော်စပ်ရာတွင်ပင် အောင်မြင်သွားကြောင်း သတင်းသာ  ပျံ့နှံ့သွားပါက မရေမတွက်နိုင်သော အဂ္ဂိရတ် ပညာရှင်များမှာ သူ့ကို နတ်ဘုရား တစ်ပါး သဖွယ် ကိုးကွယ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာမူ စိတ်ထဲမှ အနည်းငယ် မချင့်မရဲ ဖြစ်နေမိခဲ့၏။ အဘယ်ကြောင့် ဆိုသော် သူ ပထမဆုံး အကြိမ် ဖော်စပ်နေသည့် အဆင့်ကိုး ဆေးပြားမှာ အဆင့် အနိမ့်ဆုံး၊ အရည်အသွေး အနိမ့်ဆုံး အဆင့်တွင်သာ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ၎င်းကား အဆင့်ကိုးဟု ဆိုနိုင်ရုံ အခြေအနေတွင်သာ ရှိပေသည်။

ဟူး... ဟူး...

ဆေးအိုးထဲ၌ အလင်းမှာ တဖြည်းဖြည်း စတင် မှေးမှိန်လာ၏။ ထို့နည်းတူစွာပင် ကောင်းကင်ရှိ ပုံရိပ်ယောင်မှာလည်း ဖြည်းညင်းစွာ ကွယ်ပျောက်သွားသည်။ တိမ်တိုက်၊ ကောင်းကင်နှင့် ကမ္ဘာကြီးကို ခြယ်မှုန်းထားသည့် အလင်းရောင်များမှာ တဖြည်းဖြည်း ပြန်လည် မှိန်ဖျော့သွားသည်။ မကြာခင်မှာပင် လောကမှာ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့လေ၏။

ဝေ့ဝူယင် လက်ကို ဆန့်ထုတ်ကာ သုံးချောင်းထောက်အိုး အတွင်းရှိ ဆေးလုံးပြားလေးကို ထိတွေ့ရန် ပြင်လိုက်သည်။ ၎င်းသည် အဆုံးမဲ့ ပင်လယ်လှိုင်းများကို သယ်ဆောင်ထားသည့် အနက်ရောင် နေငယ်တစ်စင်းနှင့် တူသည်။  ယင်းသည် ကလေးများ၏ လက်သီးဆုပ် အရွယ်ခန့်သာ ရှိသော်လည်း အတွင်းပိုင်းတွင် ပါဝင်နေသည့် စွမ်းအင်များမှာမူ ကုန်းမြေတိုက်ကြီး တစ်ခုကိုပင် ဖောက်ခွဲပစ်နိုင်စွမ်း ရှိပေသည်။

ဆေးပြားအနားသို့ လက်မအနည်းငယ်ကွာ ကပ်လိုက်ရုံဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များမှာ သူ့လက်ထံ တိုးဝင်လာသည်။ ထိတွေ့ခြင်း မပြုရသေးသည့်တိုင် ၎င်းမှာ အရှိန်အဝါ သက်သက်ဖြင့် ချီပျစ်ခဲခြင်း အဆင့်များကို သတ်ဖြတ်ပစ်နိုင်သလို သူ ခံစားလိုက်ရသည်။

အကယ်၍ သူသာ ထိုဆေးပြားကို ပစ်ပေါက်လိုက်ပါက ၎င်းကျရောက် ပေါက်ကွဲသည့် ပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ကြာအောင် လုံးဝ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ယင်းက ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူပေါင်း များစွာကို မွေးဖွားပေးနိုင်သည့် အထွတ်အမြတ် ကျင့်ကြံခြင်း နယ်မြေပင် ဖြစ်လာနိုင်ချေ ရှိသည်။

ဝေ့ဝူယင် ဆေးပြားကို လက်ဖြင့် ကိုင်လိုက်၏။ ထို့နောက် သူနှင့် နီးကပ်သည် အထိ ဆွဲယူကာ သေချာ လေ့လာလိုက်သည်။ ၎င်းသည် အနက်ရောင် အဆင်းရှိကာ နေကဲ့သို့ မီးတောက်မီးလျှံများက ထွန်းထောက်နေသည်။ ထိုအရာကား အမှန်တကယ်ပင် အနက်ရောင် နေသေးသေးလေး တစ်စင်း အတိုင်းပင် ဖြစ်ပေသည်။

“ဒါက ထာဝရ ခြေချခြင်း ဆေးပြားပေါ့...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအရာကား ထာဝရ ခြေချခြင်း ဆေးပြား ဖြစ်သည်။ ‌ရှေးဟောင်းခေတ်များ၌ ထာဝရ ဧကရာဇ်သည် ကြယ်တာရာ အမြုတေ အဆင့်သို့ တက်လှမ်းရန် ထိုဆေးပြားကို အသုံးပြုခဲ့ဖူးပြီး လက်ရှိခေတ်၌လည်း ထာဝရ နတ်မိမယ်လေးသည် ထိုဆေးပြားကို အဂ္ဂိရတ် အစည်းအရုံး၏ အကူအညီနှင့် ဖော်စပ်ကာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို မွေးဖွားနိုင်ခဲ့သည်။

ထာဝရဧကရာဇ်၏ မှတ်တမ်းများ၌ ထာဝရ ခြေချခြင်း ဆေးပြားသည် သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို ဖြတ်‌ကျော်ရာ၌ အကာအကွယ် စွမ်းအား တစ်ခုအနေဖြင့် အသုံးပြုနိင်သည်ဟု ဖော်ပြထားသည်။ ဆိုလိုသည်က ထိုဆေးလုံးသာ ရှိလျှင် မည်သည့် ချီပျစ်ခဲခြင်း အဆင့်ကိုး ကျင့်ကြံသူမဆို ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကြယ်တာရာ ကပ်ဘေးကို ကိုယ့်အစွမ်းအစဖြင့် ဖြတ်ကျော်ကာ ဆေးလုံးအား ဖော်စပ်ခဲ့သူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်သည် ထာဝရ ခြေချခြင်း ဆေးပြား၏ အကျိုးသက်ရောက်မှုမှာ ထာဝရ ဧကရာဇ်၏ မှတ်တမ်းတွင် ဖော်ပြထားသည်ထက် များစွာ ပိုမို လေးနက်ကြောင်း သိရှိလာသည်။ ယင်းကား အမှန်တကယ့်ကို ကောင်းကင်ကို အံတုနိုင်သည့် ဆေးမျိုး ဖြစ်သည်။

ဆေးလုံးတစ်လုံးတွင် ပထမ ဦးစားပေး သက်ရောက်မှု၊ ဒုတိယ ဦးစားပေး သက်ရောက်မှု စသည်ဖြင့် အကျိုး သက်ရောက်မှု မြောက်များစွာ ရှိသည်။ ထာဝရ ခြေချခြင်း ဆေးလုံး၏ ဒုတိယမြောက် သက်ရောက်မှုက မည်သည့် ကျင့်ကြံခြင်း အဆင့်ဖြစ်စေကာမူ ၎င်း၏ အခြေခံများကို ပြောင်းလဲပေးနိုင်ခြင်း ဖြစ်သည်။ ယင်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

ထို့ကြောင့်ပင် အနန္တကုန်းမြေတိုက်ကြီးတွင် ရှိစဥ်က ဝူကျိုးမှာ သေမျိုးအဆင့်များကို ပြောင်းလဲရန် အတွက် သေမျိုးအဂ္ဂိရတ် အာဏာရှင်များသာလျှင် တတ်နိုင်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

***

All Chapters