အဂ္ဂိရတ် အင်ပါယာ
Vol. 18 Ch. 244
အရည်အသွေးမြင့် ထာဝရ ခြေချခြင်း ဆေးလုံးတစ်လုံးသည် ထာဝရ မိုးကုပ်စက်ဝိုင်း အမတေကို ဖန်တီးနိုင်သည်ဟု ဆိုသည်။ ဆိုလိုသည်က ယင်းမှာ အဆင့်ကိုး သေမျိုးအဆင့်၌ ရှိသည့် ကြယ်တာရာ ဝိညာဥ်ကို သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ရောက်အောင် ပြောင်းလဲပေးနိုင်သည်။
လက်ထဲရှိ ထာဝရ ခြေချခြင်း ဆေးပြားကို ကြည့်ကာ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ယင်းကား အရည်အသွေး အနိမ့်ဆုံး အဆင့်တွင်သာ ရှိသော်လည်း စုမေ့၊ ယင်နှင့် ဝမ်မင်ယာတို့ အတွက် အလွန် အကျိုး ဖြစ်ထွန်းစေနိုင်သည်။ ထို့အပြင် ၎င်းမှာ များစွာသော ကြယ်တာရာ အမြုတေ အဆင့်များကို မွေးထုတ် ပေးနိုင်စွမ်း ရှိသည်။
မှတ်တမ်းများ အရဆိုလျှင် ထာဝရ ဧကရာဇ်သည် ထိုဆေးလုံးကို ရေကန်တစ်ခု အတွင်း ဖော်ကာ ဝေငှခဲ့သည်။ သေမျိုးအဆင့်ခြောက်နှင့် ထိုထက် နိမ့်ကျသည့် သေမျိုးအဆင့် ကျင့်ကြံသူများစွာမှာ ထိုရေ၏ အကူအညီဖြင့် ချောချောချူချူပင် ကြယ်တာရာ ကပ်ဘေးများကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။
“ဒီဆေးတစ်လုံးနဲ့တင် ငါ အခြေခံ ခိုင်မာတဲ့ ကြယ်တာရာ အမြုတေ အဆင့် တစ်ရာကို ဖန်တီးနိုင်လိမ့်မယ်... အခြေခံ နိမ့်ကျတဲ့ သေမျိုးအဆင့်ငါးတွေ ဆိုရင်တော့ အရေအတွက်က နှစ်ထောင်အထိ ပိုများသွားလိမ့်မယ်... သေမျိုး အဆင့်လေးတွေဆိုရင်တော့ တစ်သောင်းခွဲလောက်ပေါ့လေ... အဲဒါက အတော်လေး အံ့သြဖို့ ကောင်းနေပြီ... ထာဝရ ဧကရာဇ်ခေတ်မှာ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ သန်းရာချီ ပေါ်ထွန်းခဲ့တာ မထူးဆန်းတော့ဘူး”
ဝေ့ဝူယင်မှာ အနည်းငယ် အံ့အားသင့်မှုကို ခံစားလိုက်ရ၏။ ဤဆေးသေးသေးလေး တစ်လုံးကပင် ကြယ်တာရာ အမြုတေ အဆင့်များကို တစ်ရာမှ တစ်သောင်းခွဲလောက် အထိ မွေးဖွားနိုင်သည်။ ထိုအရာက စစ်တပ်တစ်တပ်စာ ပမာဏမျိုး ဖြစ်သည်။ သို့သော်လည်း အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲ အခြေအနေကို သတိရသည်နှင့် ထိုအတွေးများကို လျှင်မြန်စွာ ရုတ်သိမ်းလိုက်၏။
“အခု ငါ့ရဲ့ ခွန်အားက အတော်လေး နိမ့်ကျသေးတယ်... သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်တဲ့ အကြောင်း ကြေညာဖို့ အချိန်မရောက်သေးဘူး... မကြာခင် အခြားလူတွေ စုံစမ်းလာမှာ သေချာတယ်... ငါ့အနေနဲ့ အဆင့်ရှစ် ဆေးလုံးကို အကာအကွယ်အနေနဲ့ သုံးထားသင့်တယ်”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချကာ ထာဝရ ခြေချခြင်း ဆေးလုံးကို သေချာစွာ ချိပ်ပိတ်သိမ်းဆည်း လိုက်သည်။ ထို့နောက် သူက ပစ္စည်းများကို ထုတ်ယူကာ အဆင့်ရှစ် ဆေးပြားတစ်ခု ဖြစ်သည့် အာကာသ ဝိညာဥ် ဆေးပြားကို ဖော်စပ်လိုက်၏။
ထိုအရာမှာ အဆင့်နိမ့် အဆင့်ရှစ် ဆေးတစ်မျိုး ဖြစ်ပြီး ကြယ်တာရာ ဝိညာဥ်များကို သန့်စင်သော အာကာသ စွမ်းအင်များဖြင့် မွမ်းမံပေးနိုင်စွမ်း ရှိသည်။ ၎င်းသည် ကျူးဟိုင်တို့ ကဲ့သို့ အာကာသ စွမ်းရည် နိမ့်ကျသူများ ကြယ်တာရာ အမြုတေ အဆင့်လေး အကာသ ပဲ့တင်သံ အဆင့်သို့ တက်လှမ်းရာတွင် အကောင်းဆုံး ကူညီပေးနိုင်သည်။ ဆေးညွှန်းများ အရဆိုလျှင် အာကာသ ဝိညာဥ် ဆေးပြား တစ်ခုသည် “ပဲ့တင်သံလှိုင်း” ငါးခုကို ရရှိစေနိုင်စွမ်း ရှိသည်။
ထိုအရာမှာ ပျမ်းမျှထက် ပိုမိုသည့် အောင်မြင်မှုမျိုး ဖြစ်သည်။ အခိုင်မာဆုံးသော ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့် ထို့ပိကျန်း ကဲ့သို့သော ကျင့်ကြံသူ ပင်လျှင် “ပဲ့တင်သံလှိုင်း” ခြောက်ခုဖြင့်သာ ကြယ်တာရာ အမြုတေ အဆင့်ခြောက် ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် ဝေ့ဝူယင်သည် အဆင့်ရှစ် ဆေးလုံးကို ဖော်စပ်ပြီးစီးသွား၏။ လတ်ဆတ် မွှေးကြိုင်သော ရနံ့များမှာ ပျံ့လွင့်လာကာ အဂ္ဂိရတ် ခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝေ့ဝူယင် ထိုင်ရာမှ ထရပ်လိုက်ရင်း အဂ္ဂိရတ် ခန်းမထဲမှ အပြင်ဘက်သို့ လှမ်းထွက်လိုက်၏။ ထို့နောက် သူ၏ ခြေလှမ်းများက ဖြည်းညင်းစွာပင် ကောင်းကင်နန်းတော်၏ တံခါးရှိရာဆီသို့ ဦးတည်သွားလေတော့သည်။ အဂ္ဂိရတ် အင်ပါယာ တစ်ပါး ဖြစ်ကြောင်း ကြေညာကာ ဆင်ခြေပေးရန် အချိန်ကား ကျရောက်လာခဲ့ပြီ ဖြစ်လေသည်။
...
လောကြီး ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိပြီးနောက် မဟာ အင်ပါယာ သူတော်စင် ငါးယောက် အပါအဝင် အနန္တဧကရာဇ်ဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံသူများစွာမှာ ကောင်းကင်နန်းတော်ရှေ့သို့ စုစည်း ရောက်ရှိလာကြ၏။ သူတို့သည် ဝေ့ဝူယင်ထက် အဆပေါင်း များစွာ ပိုမို သာလွန်သည့် အဆင့်အတန်းနှင့် ခွန်အားများကို ပိုင်ဆိုင်ထားကြသည့်တိုင် နန်းတော်ထဲသို့ ခြေတစ်လှမ်းမှ မဝင်ကြချေ။ ထို့အစား တံခါးပေါက်နားတွင်ပင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။
“ခုနက ပုံရိပ်ယောင်က ဘာဖြစ်တာလဲဗျ...”
ကျိချန်းကောင်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ အထူးသဖြင့် သူ၏ မေးခွန်းက ထို့ပိဟန်အား ရည်စူးသည်။ ထို့ပိဟန်မှာ သူတို့ထဲတွင် ဗဟုသုတ အကြွယ်ဝဆုံး ဖြစ်သလို၊ အဂ္ဂိရတ် အင်ပါယာ တစ်ယောက်လည်း ဖြစ်သည်။ အကယ်၍ အနန္တဧကရာဇ်ဂိုဏ်းတွင် ထိုဖြစ်စဥ်ကို သိနိုင်သူ တစ်ယောက် ရှိမည် ဆိုလျှင် ထိုသူမှာ ထို့ပိဟန် ဖြစ်ပေလိမ့်မည်။
“ဟုတ်တယ်... အဲဒါက ဘာလဲ အရှင်ထို့...”
ဇင်ကလည်း စိတ်ဝင်တစားဖြင့် မေးလိုက်၏။ သို့သော်လည်း ကျိချန်းကောင်းနှင့် ခြားနားစွာပင် သူမ၏ အသံက ခါတိုင်းကဲ့သို့ တည်ငြိမ်မှုများဖြင့် ထုံလွှမ်းနေဆဲ ဖြစ်၏။
သို့သော်လည်း ထို့ပိဟန်မှာ သူတို့၏ မေးခွန်းများကို ကြားဟန် မရချေ။ သူက ကောင်းကင်နန်းတော်၏ တံခါးပေါက်ကိုသာ စူးစိုက် ကြည့်နေခဲ့သည်။ ထာဝရဧကရာဇ်၏ သမိုင်းများကို အပြန်ပြန်အလှန်လှန် လေ့လာလိုက်စားခဲ့သူ တစ်ယောက် အနေဖြင့် ထိုအရာကို သူ ရိပ်မိသလိုလို ရှိပေသည်။ တစ်ခုတည်းသော ပြဿနာက မသေချာခြင်း ဖြစ်၏။
အကယ်၍ သူ့အတွေးများသာ မှန်ကန်ပါက ထိုအရာမှာ အဆင့်ကိုး ဆေးလုံးများ ဖန်တီးရာ၌ ထွက်ပေါ်လာတတ်သည့် သေမျိုး အဂ္ဂိရတ် ကြယ်တာရာ ပုံရိပ်ယောင် ဖြစ်ပေလိမ့်မည်။ ပိုမို ရှေးကျသော မှတ်တမ်းများတွင် ဆိုလျှင် ထိုအရာမှာ ထာဝရ ခြေချခြင်း ဆေးလုံးကြောင့် ဖြစ်ပေါ်လာတတ်သည့် ပုံရိပ်ယောင် ဖြစ်ကြောင်း အတိအကျပင် ဖော်ပြထားသည်။
“အဲဒါကတော့ မဖြစ်နိုင်လောက်ဘူး...”
သူ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ ဝေ့ဝူယင်မှာ အလွန် ထူးချွန်သည့် လူငယ် တစ်ယောက် ဖြစ်သော်လည်း အဂ္ဂိရတ် တာအို လမ်းစဥ်ကို လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်ကမှ စတင်ကာ လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းများ အရဆိုလျှင် ထာဝရဧကရာဇ်သည် ထာဝရ ခြေချခြင်း ဆေးလုံးတစ်လုံး ဖန်တီးရန် အတွက် ဆယ်စုနှစ် တစ်ခုခန့် အချိန်ယူခဲ့ရသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်အဖြစ် စတင် မကျော်ကြားခင်ကဆိုလျှင် ထိုထက် ပိုမိုသော အချိန်များ ယူကောင်း ယူခဲ့ရနိုင်သည်။
တိတ်ဆိတ်ငြိမ်သက်နေသည့် ထို့ပိဟန်ကို ကြည့်ကာ အခြားလူများမှာ အနည်းငယ် တုန်လှုပ်သွားကြ၏။ ကြည့်ရသည်က ထိုပုံရိပ်ယောင်မှာ သူတို့ မျှော်လင့်ထားသည်ထက် အဆများစွာ ပိုမို လေးနက်နေဟန် ရသည်။ သူတို့မှာ ပိုမို စိတ်လှုပ်ရှားလာကြ၏။ သို့သော်လည်း ဝေ့ဝူယင် ကောင်းကင်နန်းတော် အပြင်သို့ ထွက်လာကာ ရှင်းပြချိန် အထိ စောင့်ဆိုင်းရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။
မကြာခင်မှာပင် တံခါး၏ အခြားတစ်ဖက်ဆီမှ ခြေသံများ ထွက်ပေါ်လာသည်ကို သူတို့ ကြားလိုက်ကြရ၏။ ထိုခြေသံများနှင့် အတူ သူတို့၏ နှလုံးခုန်သံကလည်း ပိုမို ကျယ်လောင်လာသည်။
ကျွီ...
ကောင်းကင်နန်းတော်၏ တံခါးမှာ ဖြည်းညင်းစွာ ပွင့်ဟလာကာ အနက်ရောင် ဝတ်စုံဝတ် လူငယ် တစ်ယောက် ထွက်ပေါ်လာ၏။ သူသည် ခါတိုင်းကဲ့သို့ပင် ချောမော ခန့်ငြားကာ ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။ သူ၏ ငွေရောင် မျက်လုံးများထဲတွင်မူ ခပ်ဖျော့ဖျော့ ကြယ်ပွင့်ပုံရိပ်အချို့ ပေါ်နေခဲ့၏။
အတိအကျဆိုရလျှင် သူ၏ မျက်လုံးတစ်ဖက်ချင်းစီ၌ ကြယ်ခုနစ်ပွင့်စီ ရှိနေကာ ယင်းတို့မှာ အမျိုးမျိုးသော အရောင်များကို သယ်ဆောင်ထား၏။ ထိုကြယ်များမှာ အဂ္ဂိရတ် တာအိုကို ပိုင်ဆိုင်ထားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်တစ်ပါး၏ အမှတ်လက္ခဏာပင် ဖြစ်ပေသည်။ သို့သော်လည်း ၎င်းတို့မှာ အလွန် လျှို့ဝှက်စွာ တည်ရှိတတ်ကာ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် သတိထားမိခြင်း မရှိချေ။ ယင်းတို့ကို သေမျိုး အဂ္ဂိရတ် ဝိညာဥ်ကြယ်ဟု ခေါ်ဆိုကြပေသည်။
ဝေ့ဝူယင်၏ မျက်လုံးများက လူအုပ်နှင့် ဆုံတွေ့သွား၏။ ခါတိုင်းနှင့် ခြားနာစွာပင် သူတို့ခန္ဓာကိုယ် တစ်ခုချင်းစီတွင် ထူးခြားသော အရောင်အဝါ တစ်မျိုးစီ ရှိနေကြောင်း သူ တွေ့လိုက်ရသည်။ ယင်းတို့မှာ ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် အရောင်တို့တွင် အမျိုးမျိုး ကွဲပြားကာ တစ်ယောက် တစ်မူ ထူးခြားနေသည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်စဥ်မှာပင် ဧဒင်၏ အံ့အားသင့်နေဟန် ရသည့် အသံမှာ ခေါင်းထဲမှ ထွက်ပေါ်လာ၏။
“အရှင်ရဲ့ မျက်လုံးတွေ... အဲဒါက အဂ္ဂိရတ် ဝိညာဥ် အကြွင်းအကျန်တွေပဲ...”
သူ၏ စကားက အဆက်အစပ် မရှိသည့်တိုင် ဝေ့ဝူယင် နားလည်ပေသည်။ ပထမ စကားလုံး ဖြစ်သည့် “အရှင်ရဲ့ မျက်လုံးတွေ” ဆိုသည်မှာ ဝေ့ဝူယင် မြင်နေရသည့် အရာအတွက် သူ အံ့သြအားသင့်သွားခြင်း ဖြစ်ပြီး ဒုတိယမြောက်ကမူ မြင်နေရသည့် ထိုအရောင်အဝါများမှာ “အဂ္ဂိရတ် ဝိညာဥ် အကြွင်းအကျန်”များ ဖြစ်ကြောင်း ဆိုလိုပေသည်။
အဂ္ဂိရတ် ဝိညာဥ် အကြွင်းအကျန်...
လူများသည် ဘယ်တော့မှ စွမ်းအင်များကို ရာနှုန်းပြည့် သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ကြွင်းကျန်ရစ်သည့် စွမ်းအင် လက်ကျန်များသည် ဝေးဝေးမသွားပဲ လူတို့၏ ဝိညာဥ်များ၌သာ ခိုအောင်းနေလေ့ ရှိသည်။ ယင်းအား အဂ္ဂိရတ် ဝိညာဥ် အကြွင်းအကျန်ဟု ခေါ်သည်။ လူအများ သေမျိုးသည့် အချိန်၌ ထိုအကြွင်းအကျန် စွမ်းအင်များသည် သေမျိုးလောကသို့ ပြန်လည် ဝင်ရောက်ကာ သူတို့၏ သင်္ချိုင်းများ၌ အမျိုးမျိုးသော ရတနာ နယ်မြေများကို ဖန်တီးကြသည်။ အကယ်၍ ထိုအကြွင်းအကျန်များကို ထုတ်ယူနိုင်မည် ဆိုပါက အဂ္ဂိရတ် ပညာရှင် တစ်ယောက်မှာ အမျိုးမျိုးသော ပြိုင်ဘက်ကင်း ထုတ်ကုန်များကို ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်မှာ ဟန်မပျက်ပင် ထို့ပိဟန်ကို လှမ်းကြည့်လိုက်သည်။ သံသယဖြင့် ပြည့်နှက်နေသည့် ထို့ပိဟန်၏ မျက်လုံးများကို မြင်ရလိုက်ရသည့် အခိုက်၌ သူ အနည်းငယ် ထိတ်လန့်သွားသည်။ ဝေ့ဝူယင် မျက်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်၏။ ထိုအတောအတွင်းမှာပင် ဧဒင်က လျှင်မြန်စွာ လှုပ်ရှားကာ ထိုမြင်နိုင်စွမ်းကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူ မျက်လုံးကို နောက်တစ်ကြိမ် ပြန်ဖွင့်ချိန်၌ အရာအားလုံးမှာ ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကြည့်ရသည်က အဂ္ဂိရတ် တာအိုနှင့် ပတ်သက်၍ ထုံးလိုချေရေလိုနှောက် ဗဟုသုတများ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများအား ဖုံးကွယ်ရန်မှာ ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ထိုအချက်ကို သူ အမှန်တကယ် မေ့နေခဲ့သည်။ အထူးသဖြင့် အဂ္ဂိရတ် အစည်းအရုံးမှာ မကြာခင်မှာပင် သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်၏ ရည်ရွယ်ချက်ကို ကျိန်းသေခွာသေ ရိပ်မိပေလိမ့်မည်။
ပင့်သက်တစ်ချက် ရှိုက်ရင်း ဖြစ်သမျှ အကြောင်းက အကောင်းဟုသာ ဝေ့ဝူယင် သဘောပိုက်လိုက်သည်။ လက်ခံရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။ သူ ဦးတစ်ချက် ညွှတ်ရင်း အားလုံးကို ညင်သာစွာ ပြုံးပြ နှုတ်ဆက်လိုက်၏။ ထို့နောက်တွင် တည်ငြိမ်သော အသံဖြင့် ကြေညာလိုက်လေသည်။
“ကျုပ် ပထမဆုံး အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုးကို အောင်မြင်ခဲ့ပါပြီ”
လူအုပ်မှာ တိတ်ဆိတ်နေ၏။ သူတို့ မည်သည့် မေးခွန်းမျှ မထုတ်ရသေးခင်မှာပင် ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ ညင်သာစွာပင် သူက အဖုံးကို ဖွင့်လိုက်ရာ ဝိညာဥ် ရောင်ဝါများဖြင့် တောက်ပနေသည့် ဆေးတစ်လုံး ထွက်ပေါ်လာ၏။
“အာကာသ ဝိညာဥ်ဆေးပြား...”
လူများမှာ ဝေ့ဝူယင်၏ သေတ္တာထဲရှိ ဆေးပြားကို ကြည့်ရင်း ရင်များ တဒိုင်းဒိုင်း ခုန်သွားကြ၏။ အထူးသဖြင့် ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းစဥ်ကို လျှောက်လှမ်းကာ ကြယ်တာရာ ဝိညာဥ်ကို နှလုံးသားထဲတွင် ထားရှိသည့် ရှို့ရန်များ၏ မျက်လုံးများမှာ တဖျပ်ဖျပ် လက်သွားကြသည်။ အကယ်၍ ထိုဆေးပြားကိုသာ ရရှိပါက သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ ခုန်ပေါက်တိုးတက်လာလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်း၌ ကောင်းကင် နိုဘယ်များနှင့် ကောင်းကင်ဧကရာဇ်များ၏ မျက်လုံးများမှာ ပေါက်ထွက်မတတ် ပြူးကျယ် နေကြ၏။ ဝေ့ဝူယင်က အမှန်တကယ်ကြီး အဆင့်ရှစ် ဆေးပြားတစ်ခုကို အောင်မြင်ခဲ့သည်လား။
“ဒါပေမဲ့ သူက အသက် ငါးဆယ်တောင် မပြည့်သေးဘူးလေ... အဲဒီထက် ပိုပြီး တိတိကျကျပြောရရင် လေးဆယ် ပတ်ချာလည်ပဲ ရှိသေးတာ”
သူတို့ စိတ်ထဲမှ ထိတ်လန့်တကြား ရေရွတ်လိုက်မိကြသည်။ လက်ရှိ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အသက်ငါးရာအောက် ကျင့်ကြံသူများတွင် ဝေ့ဝူယင်နှင့် ထာဝရ နတ်မိမယ်လေးမှ လွဲ၍ အခြား အဂ္ဂိရတ် ဧကရာဇ်ပင် မရှိခဲ့ချေ။ ယခုတဖန် ဝေ့ဝူယင်မှာ နောက်တစ်ဆင့်ကိုပင် ထပ်မံ ချိုးဖျက်လိုက်ပြန်ပြီ ဖြစ်သည်။ သူ၏ အသက်အရွယ်၊ သူ၏ နောက်ခံနှင့် အဂ္ဂိရတ် လမ်းစဥ်အား လျှောက်လှမ်းခဲ့ပုံတို့အား ထည့်သွင်း တွက်ချက်ပါက ထိုအရာမှာ အထင်ကြီးစရာ ကောင်းသည်ထက်ပင် ပိုမို နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က သေတ္တာကို ဖြည်းညင်းစွာ ပြန်ပိတ်ရင်း ပင်ပန်း နွမ်းနယ်နေသည့် အမူအရာ တစ်ခုကို ထုတ်ဖော်လိုက်၏။ မည်သို့ပင် ဆိုစေ... အဆင့်ကိုး ဆေးလုံး ဖော်စပ်ရခြင်းမှာ အလွန် ခက်ခဲလှသော အလုပ် ဖြစ်သည်။။ ထိုလုပ်ငန်းစဥ် အတွင်း သူ့စိတ်စွမ်းအင်များစွာကို အသုံးပြုခဲ့ရသည်။
“ရှင်အဆင်ပြေရဲ့လား... ကောင်းကင် ဧကရာဇ်ဝေ့...”
မိန်းကလေး တပည့် တစ်ယောက်က တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သည်။ သူမသည် စစ်တောင်ထွတ်မှ ကောင်းကင်နိုဘယ် တစ်ယောက် ဖြစ်ပြီး ကိစ္စများကို ရက်စက်ကြမ်းကြုတ်စွာ ကိုင်တွယ်မှုဖြင့် နာမည်ကြီးပေသည်။
“ဒီမိစ္ဆာမ...”
သူမ၏ အသံကြောင့် အခြား လူငယ်များစွာမှာ သတိဝင်လာကြ၏။ သူတို့က ချက်ချင်းပင် အလုအယက် သတင်းမေးရင်း ဝေ့ဝူယင်အပေါ် စိုးရိမ်ကြောင်း ပြသရန် ကြိုးစားကြတော့သည်။
***