ထာဝရဧကရာဇ် ပြန်ဝင်စားတာလား
Vol. 18 Ch. 245
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်သည်။ အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာများ၏ ဆွဲဆောင်မှုကို သူ ကောင်းစွာ သိရှိပေသည်။ အကယ်၍ သူတို့၏ အလေးပေးမှုကိုသာ ရယူနိုင်ပါက အနာဂတ်တွင် ကြယ်တာရာ အမြုတေ အဆင့်ငါး ထိပ်ဆုံး အဆင့် သို့မဟုတ် အဆင့်ခြောက်ကိုပင် ရောက်ရှိနိုင်သည်။ ထိုအဆင့်များမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အလွန် ရှားပါးကာ မဟာဂိုဏ်းကြီးများ၏ ထောက်တိုင်များပင် ဖြစ်လာနိုင်သည့် အဆင့်များ ဖြစ်သည်။
“ကျုပ် အဆင်ပြေပါတယ်... ဆေးဖော်စပ်တဲ့ အတောအတွင်း စိတ်စွမ်းအင်တွေ အတော်လေး ကုန်ဆုံးသွားခဲ့တာကြောင့် နည်းနည်း ပင်ပန်း နေရုံပါပဲ... တံခါးပိတ် ကျင့်ကြံလိုက်တာနဲ့ အပြည့်အဝ ပြန်ကောင်းလာမှာပါ”
ဝေ့ဝူယင် အေးဆေးစွာပင် ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သူက ထို့ပိကျန်းကို လှည့်ကြည့်လိုက်၏။ ထိုပုဂ္ဂိုလ်ကြီး၏ မျက်လုံးများက သမုဒ္ဒရာ ကဲ့သို့ နက်ရှိုင်းမှုများဖြင့် ပြည့်နှက်နေသည်။ သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်ကို ထိုအဘိုးအို ရိပ်မိ၊ မရိပ်မိ တပ်အပ် မပြောနိုင်သော်လည်း သူ့အား အရူးလုပ်ရန်မှာ မလွယ်ကူနိုင်ကြောင်းကိုတော့ ဝေ့ဝူယင် နားလည်ထားပေသည်။
ထို့နောက် သူ ချင်းရိုင်ဘက်သို့ လှည့်လိုက်၏။ သူ၏ မျက်လုံးများက မသိမသာ တောက်ပလာကာ ချစ်ခြင်း၏ အရောင်တို့ဖြင့် လင်းလက်သွားသည်။ မရေမတွက်နိုင်သော လူများမှာ ဝေ့ဝူယင်၏ အကြည့်ကို ချက်ချင်း သတိထားမိသွားကြ၏။
ကျိချန်းကောင်းမှာ မျက်မှောင် ကြုတ်သွားခဲ့သည်။ ဝေ့ဝူယင်သာ ချင်းရိုင်ကို ချစ်ခွင့် ပန်ခဲ့လျှင် ဆိုသော အတွေးက သူ့စိတ်ထဲသို့ မဆီမဆိုင် ဝင်ရောက်လာသည်။ ထိုကလေး၏ ကြောက်မက်ဖွယ် ကောင်းသည့် ပါရမီနှင့် အဂ္ဂိရတ် အဆင့်အတန်းတို့ကြောင့် ချင်းရိုင် အနေဖြင့် ငြင်းဆန်ရန် ခက်ခဲလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
ဇင်နှင့် ယောင်ကျန်းတို့မှာလည်း တူညီစွာပင် တွေးနေမိ၏။ တစ်ချိန်တည်း၌ ဇာပုဝါအောက်ရှိ ချင်းရိုင်၏ မျက်လုံးများက အနည်းငယ် စိတ်ရှုပ်နေဟန် ရသည်။ ဝေ့ဝူယင်၏ မျက်လုံးများထဲမှ ထိုအကြည့်ကို သူမ သတိထားမိသည်။ ထိုလူငယ် စွမ်းဆောင်ပြခဲ့သည့် အမျိုးမျိုးသော အောင်မြင်မှုများကို သူမ ပြန်လည် မြင်ယောင် လာမိ၏။ ထိုအရာအားလုံးက သူမနှင့် ထိုက်တန်ကြောင်း သက်သေပြရန် အတွက်လား။ အကယ်၍ သူသာ ချစ်ခွင့်ပန်ခဲ့ပါက သူမ လက်ခံသင့်ပါသလား။
သူမ အတွေးထဲ နစ်မြုပ်နေချိန်မှာပင် ဝေ့ဝူယင်က ညင်သာစွာ ပြုံးလျှက် ဆိုလိုက်၏။
“ဒီအာကာသ ဝိညာဥ်ဆေးပြားက အရည်အသွေးနိမ့် အဆင့်မှာပဲ ရှိပါတယ်... ဒါပေမဲ့ မဟာ အင်ပါယာ သူတော်စင်ချင်း အနေနဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ကို ရှာတွေ့နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
စကားဆုံးသည်နှင့် သူ၏ လက်ထဲရှိ သေတ္တာငယ်မှာ လေထဲသို့ ပျံတက်ကာ ချင်းရိုင်ထံသို့ ဖြည်းညင်းစွာပင် ရွေ့လျားသွားလေ၏။ များစွာသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ သူတို့၏ အတွေးများ ပိုမို သေချာလာသလိုပင် ခံစားလိုက်ရသည်။ ဟုတ်လောက်သည်။ ကောင်းကင် ဧကရာဇ်ဝေ့မှာ မဟာ အင်ပါယာ သူတော်စင် ချင်းရိုင်ကို ချစ်နေသည်။
ချပ်...
ချင်းရိုင်မှာ အူကြောင်ကြောင် အမူအရာဖြင့် သေတ္တာငယ်ကို လက်ခံရယူလိုက်မိ၏။ ဝေဝူယင်မှာ ထိုအရာကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။ ထို့နောက် သူက အားကို တစ်ချက် ဝှေ့ကြည့်ကာ လက်များကို တလေးတစား ယှက်လိုက်သည်။
“ကျုပ် အနားယူဖို့ လိုအပ်နေပါပြီ... အားလုံးကို အနှောက်အယှက် ပေးမိတဲ့ အတွက် တောင်းပန်ပါတယ်”
ထိုသို့ ဆိုလိုက်ပြီးနောက် သူက ကောင်းကင်နန်းတော် အတွင်း ဖြည်းညင်းစွာ ပြန်လည် ဝင်ရောက်သွား၏။ မကြာခင်မှာပင် ကောင်းကင်နန်းတော် တံခါးမှာ ပြန်လည် ပိတ်သွားခဲ့ပြီ ဖြစ်သည်။ မဟာ အင်ပါယာ သူတော်စင် ငါးပါး အပါအဝင် အားလုံးမှာ မတူကွဲပြားသော အမူအရာများဖြင့် ကျန်ရစ်ခဲ့ကြ၏။
အချို့က ဝေ့ဝူယင် ဖော်စပ်ခဲ့သည့် အာကာသ ဝိညာဥ် ဆေးလုံး အကြောင်း တွေးတောနေကာ အချို့က သူ၏ အဂ္ဂိရတ်ပါရမီကို အံ့သြနေမိကြသည်။ အချို့ကလည်း ကြံကြံဖန်ဖန်ပင် ဝေ့ဝူယင်နှင့် ချင်းရိုင်တို့ အကြား ဖြစ်ပေါ်လာနိုင်သည့် ဆက်ဆံရေးကို စိတ်ဝင်စား နေကြသည်။
“မဟာ အင်ပါယာ သူတော်စင်ချင်း... ဒီကိစ္စကို သေချာလေး ဂရုစိုက်လိုက်ပါ... သူက ခင်ဗျားရဲ့ ရွေးချယ်မှုကို ယုံကြည်တယ်”
ထို့ပိဟန်က ချင်းရိုင်ကို ကြည့်ကာ ပြောလိုက်၏။ ထို့နောက်တွင် သူက လက်တစ်ဖက် ခါယမ်းလိုက်၏။
“ကျန်တဲ့လူတွေ ပြန်လို့ရပြီ...”
ကောင်းကင် နိုဘယ်များ၊ ကောင်းကင် ဧကရာဇ်များနှင့် မူလ သူတော်စင်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း သက်ပြင်းများ ချလိုက်ကြသည်။ ထို့နောက် ဖြည့်ညင်းစွာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ သွားကြတော့သည်။
စက္ကန့်ပိုင်း အတွင်းမှာပင် မဟာ သူတော်စင် အင်ပါယာများသာ ထိုနေရာ၌ ကျန်ရှိပေတော့သည်။ ချင်းရိုင်က သေတ္တာငယ်ကို ငုံ့ကြည့်လိုက်၏။ သူမ၏ ဘဝတစ်လျှောက်လုံး၌ အဆင့်ရှစ် ဆေးတစ်လုံးတည်းကိုသာလျှင် စားခဲ့ဖူးသည်။ ထိုဆေးလုံးမှာလည်း ယခုကဲ့သို့ အာကာသဝိညာဥ် ဆေးပင် ဖြစ်ပြီး ထို့ပိကျန်းက သူမအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုဆေးလုံး၏ အကူအညီဖြင့် သူမသည် “ပဲ့တင်သံလှိုင်း” ငါးခုကို ဖွဲ့စည်းခဲ့ပြီး အလင်းရောင်ပြန်ခြင်း အဆင့်နှင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကြယ်တာရာ ကပ်ဘေးများကို ကျော်လွှားနိုင်ခဲ့ပေသည်။
ကြယ်တာရာ အမြုတေ အလွှာ၌ အဆင့်တစ်၊ အဆင့်လေးနှင့် အဆင့်ခုနစ်များမှာ အလွန် အရေးကြီးသည့် အခြေခံတည်ဆောက်ခြင်း အဆင့်များ ဖြစ်သည်။ အကယ်၍ သင်သာ ကြယ်တရာ အမြုတေ အဆင့်လေး အာကာသ ပဲ့တင်သံ အဆင့်တွင် “ပဲ့တင်သံလှိုင်း” လေးခုအောက်သာ ဖွဲ့စည်းနိုင်ပါက ဘယ်တော့မှ ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကသခင် အဆင့်ကို ရောက်ရှိတော့မည် မဟုတ်ချေ။ ပဲ့တင်သံလှိုင်း အရေအတွက် ပိုမို များပြားလေလေ ပိုမို မြင့်မားသော အဆင့်များကို တက်လှမ်းရန် အခြေအနေ ကောင်းလေလေ ဖြစ်သည်။
မရှက်စတမ်း ပြောရလျှင် ထိုဆေးက သူမကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သူမနှင့် ပါရမီ မတိမ်းမယိမ်း ရှိသည့် အခြား ကျင့်ကြံသူများမှာလည်း သူမကဲ့သို့ပင် ထိုဆေးကို ရရှိပါက ရာစုနှစ် အနည်းငယ် အတွင်း ကြယ်တာရာ အမြုတေ အဆင့်ခြောက်ကို တက်လှမ်းနိုင်ကြလိမ့်မည် ဖြစ်သည်။ ချင်းရိုင်၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် လှုပ်ခါသွား၏။ မဟာ အင်ပါယာ သူတော်စင် တစ်ပါးကို ဖန်တီးရန် သူမတွင် အခွင့်အရေး ရှိနေခဲ့ပြီ ဖြစ်ပေသည်။
အခြားလူများမှာ လောဘတက်သော မျက်ဝန်းများဖြင့် ချင်းရိုင်ကို ကြည့်လိုက်မိကြ၏။ အကယ်၍ ဖြစ်နိုင်မည် ဆိုပါက သူတို့ ထိုဆေးများကို လုယူကာ သားမြေးများကို တိုက်ကျွေးလိုက်ချင်သည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ဝေ့ဝူယင်နှင့် အနာဂတ် ဆက်ဆံမှု မြောက်များစွာကို ဖြတ်တောက်ပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ယင်းက မထိုက်တန်ချေ။
ထို့ပိဟန်မှာ စိတ်ထဲမှ သက်ပြင်းချ လိုက်မိ၏။ အခြားလူများ အနေဖြင့် အမှန်တရားကို မြင်ချင်မှ မြင်ကြလိမ့်မည် ဖြစ်သော်လည်း သူကမူ ခြားနားပေသည်။ အကယ်၍ ဝေ့ဝူယင်သာ ထိုဆေးကို အမှန်တကယ် ဖော်စပ်ခဲ့သည် ဆိုလျှင် သူ နှစ်ပတ်သာ အချိန်ယူခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေဖြင့်ပင် ထို့ပိဟန်သည် အကာသ ဝိညာဥ်ဆေးလုံး တစ်လုံးကို ဖော်စပ်ရန် အတွက် ငါးနှစ်တိတိ ယူရလိမ့်မည် ဖြစ်သည်။ သို့တိုင်အောင် အဆုံးသတ်၌ အောင်မြင်မည်လော၊ ကျဆုံးမည်လော မသေချာသေးချေ။ အကယ်၍ အခန့်မသင့်ပါက သူ၏ ငါးနှစ်သာ သွေးချွေး ရင်းနှီးမြှုပ်နှံမှုများမှာ အလဟသတ် ဖြစ်သွားနိုင်သေးသည်။
သို့တိုင်အောင် ဝေ့ဝူယင်မှာ ထိုအရာကို နှစ်ပတ်တည်းဖြင့် လုပ်ပြခဲ့သည်။ ထိုအရာက အံ့အားသင့်ဖို့ ကောင်းသည် ဆိုသည်ထက်ပင် ပိုမို အံ့အားသင့်ဖို့ ကောင်းနေခဲ့ပြီ ဖြစ်သည်။
“ဒီကောင်စုတ်လေး အဆင်ပြေရဲ့လား ငါသွားကြည့်လိုက်ဦးမယ်...”
ထို့ပိဟန်က ထိုကဲ့သို့ ပြောကာ ဝေ့ဝူယင်၏ ကောင်းကင်နန်းတော် အတွင်း လိုက်ပါဝင်ရောက်သွား၏။ အခြား မဟာ အင်ပါယာ သူတော်စင်များမှာ ခေါင်းညိတ်လိုက်ကြသည်။ ဝေ့ဝူယင်သည် အဆင့်ရှစ် တစ်လုံးကို ဖန်တီးခဲ့ရရာ အလွန် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။ ဖန်တီးခြင်း တောင်ထွတ် သခင် တစ်ယောက် အနေဖြင့် ထို့ပိဟန်တွင် သူ့ကို ဂရုစိုက်ရန် တာဝန် အပြည့်အဝ ရှိသည်။
ထို့နောက်တွင် သူတို့အားလုံး၏ အကြည့်များက ချင်းရိုင်၏ လက်ထဲရှိ သေတ္တာလေးပေါ် မတိုင်ပင်ပါပဲ ကျရောက်သွားကြ၏။ ချင်းရိုင်မှာ ထိုအကြည့်များကြောင့် အနည်းငယ် စိတ်မလုံခြုံမှုကို ခံစားလိုက်ရသည်။
ဝှစ်...
သူမက သေတ္တာလေးကို ဂရုတစိုက်ပင် သိုလှောင် လက်စွပ် အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်၏။ ပြီးသည်နှင့် ချက်ချင်းပင် ထိုနေရာမှ လျှင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့သည်။
မဟာ သူတော်စင် အင်ပါယာ သုံးပါးမှာ သက်ပြင်းများ ချလိုက်မိကြသည်။ ထို့နောက် သူတို့သည်လည်း အလျှိုလျှိုပင် ဝေ့ဝူယင်၏ ကောင်းကင်နန်းတော် ထဲမှ ထွက်ခွာသွားကြတော့သည်။
...
ထို့ပိဟန်သည် တံခါးခေါက်လိုက်ပြီးနောက် ဝေ့ဝူယင်၏ အခန်းအတွင်း ဝင်ရောက်လာခဲ့၏။ ထိုအခါ ကုလားထိုင်တစ်ခုထက်၌ ထိုင်ကာ အစိမ်းရောင် စပျစ်သီးများကို စိမ်ပြေနပြေပင် စားနေသည့် ဝေ့ဝူယင်အား တွေ့လိုက်ရသည်။ သူ့အား ကြည့်ရသည်က သက်တောင့်သက်သာ ရှိနေ၏။ မည်သည့် ပင်ပန်းနွမ်းနယ်မှုကိုမှ ခံစားနေရဟန် မရချေ။
“အရှင်ထို့ စားဦးမလား...”
ဝေ့ဝူယင် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ထို့ပိဟန် ခေါင်းခါရင်း သူ့အား တိတ်တဆိတ် လေ့လာလိုက်သည်။ အထူးသဖြင့် ခုနစ်ရောင်ခြယ် ကြယ်ခုနစ်စင်းနှင့် ငွေရောင် တဖိတ်ဖိတ် တောက်ပနေသည့် မျက်လုံးများကို သူ စိုက်ကြည့်နေမိသည်။ ထိုမျက်လုံးများ အကြောင်းကို ထာဝရ ဧကရာဇ် အကြောင်း ဖော်ပြထားသော စာအုပ်များ၌ သူ မကြာခဏ ဆိုသလို ဖတ်ဖူးသည်။
“ခုနတုန်းက သေမျိုး အဂ္ဂိရတ် ကြယ်တာရာ ပုံရိပ်ယောင် ပေါ်လာခဲ့တယ်... နောက်ပြီး မင်းမျက်လုံးတွေမှာ သေမျိုး ဝိညာဥ် အဂ္ဂိရတ် ကြယ်တွေ ရှိနေတယ်... ငါထင်တာ မှန်တယ်မလား”
ထို့ပိဟန်က မေးလိုက်၏။ သူ၏ လေသံက သေချာခြင်းများနှင့် ပြည့်နှက်နေသည်။
“ဟုတ်တယ်...”
ဝေ့ဝူယင် ငြင်းဆန်ခြင်း မပြုတော့ပဲ တိုက်ရိုက်ပင် ဝန်ခံလိုက်သည်။ ထိုအဖြေကို မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် ထို့ပိဟန်၏ ခန္ဓာကိုယ်က မသိမသာ တုန်ခါသွားခဲ့၏။ မယုံကြည်နိုင်ခြင်းနှင့် အံ့သြခြင်းလှိုင်းများက သူ့နှလုံးသားကို တဒုန်းဒုန်း ရိုက်ခတ်နေသည်။ အချိန်အတန်ကြာပြီးနောက်တွင်မှ သူ ပြန်လည် တည်ငြိမ်လာသည်။
“ဘယ်ဆေးကို မင်းဖန်တီးခဲ့တာလဲ...”
သူက ထပ်မေးလိုက်သည်။
“ထာဝရ ခြေချခြင်းဆေးပါ...”
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အဂ္ဂိရတ် စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် သေတ္တာငယ် တစ်ခုမှာ ထွက်ပေါ်လာသည်။ သူက ၎င်းအား ဖြည်းညင်းစွာ ဖွင့်လိုက်ရာ အနက်ရောင်နေအသေး တစ်စင်းနှင့် တူသည့် ဆေးပြားတစ်ခု ပေါ်လာခဲ့၏။ ချက်ချင်းပင် အခန်းတစ်ခုလုံးမှာ ထူထဲသော အဂ္ဂိရတ် စွမ်းအားများဖြင့် ပြည့်နှက်သွားလေသည်။
ထို့ပိဟန်၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းတို့နှင့် ထုံလွှမ်းနေ၏။ ဆေးပြား အစား သူ ဝေ့ဝူယင်ကိုသာ ကြည့်လိုက်မိ၏။ ထိုငွေရောင် မျက်လုံးများ၊ ထိုပါရမီ၊ ထိုဆေးပြားများ...
“မင်းက သူပြန်ဝင်စားတဲ့လူလား...”
သူ မထိန်းချုပ်နိုင်ပဲ မေးလိုက်မိတော့၏။
"..."
ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် အေးခဲသွား၏။
“သူက သေတောင် သေသေးလို့လားဗျ...”
သူက ပြန်လည် မေးခွန်း ထုတ်လိုက်သည်။ “ထာဝရ ဧကရာဇ် သေဆုံးခြင်း” ဆိုသည့် သတင်းကို မည်သည့် မှတ်တမ်းမှတ်ရာတွင်မှာမှ သူ မတွေ့ဖူးချေ။ “သေဆုံးသည်” ဆိုသော စကားလုံး အစား “ပျောက်ဆုံးသွားသည်” ဆိုသော စကားလုံးကိုသာ အားလုံးက တစ်ညီတစ်ညွှတ်တည်း သုံးကြသည်။ အခြေအမြစ် မရှိသော ကောလဟလ အချို့ကသာလျှင် ထာဝရ ဧကရာဇ် အသက်ကြီး၍ သေသွားလောက်ပြီဟု မရေမရာ ပြောကြသည်။ အဆင့်ကိုး အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေဖြင့် မိမိ အသက်ကို ဆွဲဆန့်ရန် နည်းလမ်းများ မရေမတွက်နိုင်အောင် ရှိပေသည်။
ထို့ပိဟန်မှာ ဘာပြန်ဖြေရမှန်း မသိတော့ရာ ချောင်းအနည်းငယ် ဆိုးလိုက်၏။
“အဟမ်း... ငါလည်း သိပ်မသိဘူး”
***