← Chapters

လုံချန်၏ တွေဝေမှု

Vol. 18 Ch. 246

လုံချန်၏ တွေဝေမှု

Vol. 18 Ch. 246

ထို့ပိဟန်မှ သူ အနည်းငယ် လောသွားကြောင်း သတိရလိုက်သည်။ ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ် ပြန်ဝင်စားသည် ဖြစ်စေ၊ မဝင်စားသည် ဖြစ်စေ... သူက ငယ်ရွယ်ပြီး အသက်ရှိနေသူ ဖြစ်သည်။ အကယ်၍ ထာဝရ ဧကရာဇ် ပြန်ဝင်စားသည် ဆိုလျှင်ပင် သူက ထာဝရ ဧကရာဇ် မဟုတ်ပါချေ။ ဝေ့ဝူယင်က ဝေ့ဝူယင်သာ ဖြစ်သည်။

“ကျွန်တော် ဆက်ပြီး ဖုံးကွယ်ထားသင့်လား...”

ဝေ့ဝူယင်က စပျစ်သီး တစ်ခုကို ပါးစပ်ထဲ ပစ်ထည့်ရင်း မေးလိုက်၏။ အခြားလူများ ထိုဖြစ်စဥ်ကို သတိထားမိ၊ မထားမိ သူ သေချာ မသိချေ။ အကယ်၍ အဂ္ဂိရတ် အစည်းအရုံးနှင့် အခြား မဟာဂိုဏ်းကြီးများသာ သူ၏ ပါရမီကို သိရှိသွားပါက သူ့ကို သတ်ဖြတ်ရန် တစ်ခုတည်း အတွက် အနန္တဧကရာဇ်ဂိုဏ်းကိုပင် တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်သည်။ မည်သို့ပင် ဆိုစေ... သူက အနန္တဧကရာဇ်ဂိုဏ်းကို ကိုယ်စားပြုနေသည် မဟုတ်ပါလား။

သူ၏ တည်ရှိမှုက ထာဝရ နတ်မိမယ်လေးနှင့် လုံးဝ ခြားနားပေသည်။ အဂ္ဂိရတ် အစည်းအရုံးသည် ဘက်မလိုက် အဖွဲ့အစည်း တစ်ခုဖြစ်ကာ တစ်ချိန်က ထာဝရ ဧကရာဇ် ကဲ့သို့ပင် နေထိုင်လှုပ်ရှားကြသည်။ သူတို့သည် ဘယ်တော့မှာ ကြယ်တာရာ နယ်မြေကို လွှမ်းမိုးရန် ကြိုးစားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အနန္တဧကရာဇ်ဂိုဏ်းကမူ ခြားနားပေသည်။

သူတို့သည် တစ်ချိန်က သုံးလွှာကြယ်တာရာ နယ်မြေ၏ အုပ်စိုးသူ ဖြစ်ခဲ့ဖူးကာ မဟာဂိုဏ်းကြီး သုံးဂိုဏ်း၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့်သာ အနည်းငယ် ယိုင်နဲ့သွားခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် ပါရမီရှင်များ မွေးထုတ်ပေးနိုင်မှုဖြင့် အလွန် ကျော်ကြားဆဲ ဖြစ်သည်။ အကယ်၍ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ ထောက်ပံ့မှုနှင့် ဆိုပါက သူတို့၏ အင်အားမှာ အချိန်တိုအတွင်း ခုန်ပျံကျော်လွှား တိုးတက်လာလိမ့်မည် ဖြစ်သည်။

အနန္တဧကရာဇ်ဂိုဏ်းသာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အုပ်စိုးသူ ပြန်လည် ဖြစ်လာပါက ဘာဖြစ်မည်နည်း။ သိသာ ထင်ရှားစွာပင် သူတို့ကို တိုက်ခိုက်ခဲ့သည့် ဂိုဏ်းသုံးဂိုဏ်းမှာ ရှင်းလင်းခံရလိမ့်မည် ဖြစ်သည်။ ထို့ပိဟန်သည် ထိုကိစ္စကို နှလုံးသားထဲ၌ မြဲမြံစွာ ထိန်းသိမ်းထားဆဲ ဖြစ်၏။ ထိုစစ်ပွဲကြီးတွင် မည်သည့် မဟာ အင်ပါယာ သူတော်စင်က သူတို့၏ မိသားစု၊ ကလေးနှင့် မိတ်ဆွေများကို မဆုံးရှုံးပဲ နေဖူးမည်နည်း။

ယောင်ကျန်း၏ ဖခင်သည် အထွတ်အမြတ် အလင်းနန်းတော်၏ လက်တွင် သေဆုံးခဲ့သည်။ သူသည် ဝင်္ကပါ တစ်ခုထဲတွင် ပိတ်မိကာ သေသည်အထိ ညှင်းဆဲခံခဲ့ရသည်။

ချင်းရိုင်၏ မိဘများမှာမူ အသူရာ နတ်ဆိုး တောင်တန်း၏ ဖမ်းဆီးသန့်စင်ခြင်းကို ခံခဲ့ရသည်။ ဇင်၏ မျိုးနွယ်သည်လည်း ဒြပ်စင်ကောင်းကင် နန်းတော်၏ အမြစ်ပြတ် ချေမှုန်းခြင်းကို ခံခဲ့ရသည်။ ကျိချန်းကောင်း၏ ဇနီးမှာ သူ့မျက်မှောက်ရှေ့တွင်ပင် အသတ်ခံခဲ့ရသည်။

ထိုနေ့ရက်များ၌ ထို့ပိဟန်သည် သူ့မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်ကို ကြည့်နေခဲ့ရသည်။ ထိုအထဲ၌ သူ ရူးသွပ်စွာ ချစ်ရသူ တစ်ယောက် ပါဝင်နေပြီး သူမမှာ ချင်းရိုင်၏ မိခင် ဖြစ်သည်။ ထိုအမျိုးသမီးကြောင့်ပင် သူသည် ချင်းရိုင်ကို ပံ့ပိုးပေးခဲ့ကာ ယခုအခြေအနေထိ ရောက်ရှိအောင် အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင် ပေးခဲ့ခြင်း ဖြစ်သည်။

ဂိုဏ်းသုံးဂိုဏ်းနှင့် အနန္တဧကရာဇ်ဂိုဏ်း အကြားမှ အမုန်းတရားမှာ နက်ရှိုင်းလွန်းလှသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် လုပ်ကြံခံရကြောင်း သတင်းကြားသည့် နေ့၌ ကျိချန်းကောင်း၊ ချင်းရိုင်နှင့် ယောင်ကျန်းတို့မှာ စစ်ပွဲကို တောင့်တခဲ့ကြခြင်း ဖြစ်သည်။ ထိုသွေးကြွေးစာရင်းမှာ သူတို့၏ စိတ်များထဲ၌ အမြစ်တစ်ခုလို နက်ရှိုင်းစွာဖြင့် ကုပ်တွယ်နေပေသည်။

ဝေ့ဝူယင်သည်လည်း ထိုအကြောင်းတရားများကို သိရှိထားပြီး ဖြစ်သည်။ အနန္တဧကရာဇ်ဂိုဏ်းနှင့် ဂိုဏ်းသုံးခုကြား၌ စစ်ပွဲကြီး တစ်ခုဖြစ်လာမည်က မလွဲမသွေပင် ဖြစ်သည်။ အရေးအကြီးဆုံးက ထိုအထဲ၌ ဓားစာခံ ဖြစ်မသွားရန် ဖြစ်သည်။ ထိုကြောင့်ပင် ဝေ့ဝူယင်သည် သူ၏ ပါရမီများကို အစောကတည်းကပင် ရည်ရွယ်ချက် ရှိရှိဖြင့် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ယွမ်လုံရှီနှင့် ကိစ္စကြောင့်သာ မဟုတ်ပါက သူ တိုက်ပွဲစွမ်းရည်ကိုပင် ထုတ်ဖော်ပြသခဲ့ဦးမည် မဟုတ်ချေ။

ထို့ပိဟန်က မျက်မှောင်ကြုတ်လိုက်၏။

“ဖုံးကွယ်ဖို့က သိပ်မလွယ်ဘူး... မကြာခင် ဒီသတင်းက ပျံ့သွားလိမ့်မယ်”

“ ...”

ဝေ့ဝူယင်၏ မျက်လုံးများက နက်မှောင်သွား၏။ ပြဿနာတော့ တက်ပြီ ထင်သည်။ ထိုအချိန်တွင်ပင် ထို့ပိဟန်က ဆက်ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ငါတို့မှာ နည်းလမ်းအချို့တော့ ရှိပါသေးတယ်... ပထမဆုံး အနေနဲ့ ခုနစ်ရောင်ခြယ် အလင်းတန်းတွေဟာ မင်းကျင့်နေတဲ့ ထူးခြားတဲ့ ကျင့်စဥ်ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်မယ်...”

“ဒါပေမဲ့ သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်ကိုတော့ ဖုံးကွယ်ဖို့ သိပ်မလွယ်ဘူး... အဂ္ဂိရတ် လမ်းစဥ်တဲ့ ပတ်သက်တဲ့ လူတွေ... အထူးသဖြင့် အဂ္ဂိရတ် အစည်းအရုံးက ယုံမှာ မဟုတ်ဘူး... အဆင့်ရှစ် ဆေးလုံးတွေမှာလည်း ပုံရိပ်ယောင် ရှိတယ် ဆိုပေမဲ့ တစ်ခုမှ အဲဒါနဲ့ မတူဘူးလေ”

“ငါတို့ အနေနဲ့ အဲဒီ ပုံရိပ်ယောင်ဟာ နေ၊ လ၊ ကြယ်တွေဆီက စွမ်းအင်တွေကို ဆွဲယူပြီး ဆေးဖော်စပ်ရာမှာ သုံးတဲ့ လောက ဝင်္ကပါကြောင့် ဖြစ်ပေါ်လာတာ လို့တော့  ပြောလို့ရတယ်... ဒါပေမဲ့ အဲဒါက ထာဝရ ဖုံးကွယ်နိုင်မလား ဆိုတာ‌တော့ ငါလည်း မသေချာဘူး... ဘာပဲဖြစ်ဖြစ် မင်းရဲ့ အသက်၊ မင်းရဲ့ ကျင့်ကြံခြင်း အခြေခံ... နောက် မင်း အဂ္ဂိရတ်လမ်းစဥ်ကို လျှောက်လှမ်းခဲ့တဲ့ တိုတောင်းတဲ့ အချိန်တွေကို ထည့်တွက်မယ် ဆိုရင်တော့ အခြားလူတွေကို လှည့်စားနိုင်ဖို့ မျှော်လင့်ရတာပဲ... နောက်ပြီး ပေါ်ပေါ်ထင်ထင် သိပ်မနေနဲ့ သောက်ကလေး... သိုသိုသိပ်သိပ်နဲ့ လိပ်လိုကျင့်”

“အင်း...”

ဝေ့ဝူယင်၏ ဘယ်ဘက် မျက်ခုံးက အပေါ်သို့ အနည်းငယ် မြင့်တက်သွား၏။ သူသည် ထို့ပိဟန် သုံးနှုန်းလိုက်သည့် “သောက်ကလေး” ဆိုသည့် စကားလုံးကို တိုက်ရိုက်ပင် လျစ်လျူထားသည်။ ထိုအဘိုးကြီးသည် သူ့ကို “မိန်းမပျိုလေး” ဟုပင် ခေါ်ခဲ့သေးရာ ထိုအရာက နာစရာ သိပ်မရှိလှချေ။

...

နောက်ရက်ပိုင်းအတွင်း အနန္တဧကရာဇ်ဂိုဏ်း အတွင်း သတင်းများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။ အထူးသဖြင့် ဝေ့ဝူယင်၏ သတင်းများပင်။ ကောင်းကင်ဧကရာဇ်ဝေ့သည် အနန္တဧကရာဇ်ဂြိုဟ်၏ အမြုတေ စွမ်းအင်များကို ဆွဲယူကာ မိမိ စွမ်းအင်ကို မြှင့်တင်လျှက် အဆင့်ရှစ် ဆေးတစ်လုံး ဖော်စပ်ခဲ့သည်။ ထို့အပြင် သူ အောင်မြင်ခဲ့သည်။

ယခုအချိန်၌ ဝင်္ကပါ၏ အကူအညီကို ယူနေရသေးသည့်တိုင် ကောင်းကင်ဧကရာဇ်ဝေ့သည် လုံလောက်သည့် ကျင့်ကြံခြင်း အဆင့်ကို ‌ရောက်သည်နှင့် အဆင့်ရှစ် ဆေးလုံးများကို ထုတ်လုပ်လာနိုင်တော့မည် ဖြစ်သည်။ ဆိုလိုသည်က သူသည် ရာစုနှစ် တစ်ခု၊ သို့မဟုတ် နှစ်ခု အတွင်း အစစ်အမှန် အဂ္ဂိရတ် အင်ပါယာ တစ်ပါး ကျိန်းသေခွာသေ ဖြစ်လာပေလိမ့်မည်။

အနန္တဧကရာဇ်ဂိုဏ်းသားများမှာ ဝေ့ဝူယင်၏ အလားအလာကြောင့် ထိတ်လန့်တုန်လှုပ်မိကြသလို ပျော်ရွှင်လည်း နေမိကြသည်။ ထာဝရ မင်းသားလေးကား နာမည်နှင့် အမှန်တကယ် လိုက်ဖက်လွန်းသည်။ သူသည် အသက် ငါးဆယ် မပြည့်ခင်မှာပင် ဒဏ္ဍာရီများကို တစ်ခုပြီး တစ်ခု ဖန်တီးပြနေသည်။

ထို့အပြင် ဝေ့ဝူယင်နှင့် ချင်းရိုင်တို့ အကြားရှိ ဆက်ဆံရေးမှာလည်း ဂိုဏ်းအတွင်း၌ ပြောစမှတ် တွင်လာကြသည်။

ချင်းရိုင်...

ချင်းရိုင်ကို မည်သူက မသိပဲ နေပါမည်နည်း။ သူမကား မူလ တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ဖြစ်သည်။ ကောလဟာလ အချို့အရဆိုလျှင် ဝေ့ဝူယင်သည် ချင်းရိုင်ကို ချစ်နေသည်ဟု ဆိုသည်။ သူသည် သူ ဖော်စပ်ခဲ့သည့် အဆင့်ရှစ် ဆေးလုံးကို ချင်းရိုင်အား ပေးအပ်ကာ ဆက်ဆံမည့်သူကို ရွေးချယ်ရန်ပင် အခွင့်အရေး ပေးခဲ့သည်။

ထိုဆေးလုံးမှာ ပေါ့သေးသေး ဆေးလုံးတစ်ခု မဟုတ်ပဲ “အာကာသ ဝိညာဥ်ဆေး” ဖြစ်သည်။ မဟာ အင်ပါယာ သူတော်စင် တစ်ပါးပေါ်ထွန်းအောင် မွေးထုတ်နိုင်သည့် ဆေး ဖြစ်သည်။ နောက်ဆုံး ထွက်ပေါ်လာသည့် သတင်းများ အရဆိုလျှင် မဟာ သူတော်စင် အင်ပါယာများသည် ထိုဆေးနှင့် ထိုက်တန်သည့် သူကို ရှာဖွေရန် စမ်းသပ်ပွဲတစ်ခု ပြုလုပ်လိမ့်မည် ဖြစ်သည်။

များစွာသော ကောင်းကင်နိုဘယ်များနှင့် ကောင်းကင်ဧကရာဇ်များမှာ စိတ်လှုပ်ရှားကာ တက်တက်ကြွကြွ လေ့ကျင့်နေကြ၏။ တစ်ချိန်တည်း၌ အခြား တပည့်များမှာလည်း အခွင့်အရေး မည်မျှပင် နည်းစေကာမူ စမ်းသပ်မှုကို ဝင်ရောက်ယှဥ်ပြိုင်ရန် စိတ်အားထက်သန်နေကြသည်။

ထိုအရာက မဟာ အင်ပါယာ သူတော်စင် တစ်ပါး ဖြစ်လာနိုင်မည့် အခွင့်အရေး ဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေးကို လက်လွှတ်ရန် မည်သူက လိုလာမည်နည်း။

...

လုံချန်၏ ကမ္ဘာ့‌ရွေးချယ်ခံ နန်းတော်အတွင်း၌ လူငယ်တစ်စုသည် စုစည်းကာ လတ်တလော ထွက်ပေါ်နေသည့် သတင်းများနှင့် အကြောင်းအရာများ အပေါ် ဆွေးနွေးနေကြသည်။ သူတို့၏ စကားဝိုင်းမှာ မယုံကြည်နိုင်မှုများ၊ မတင်မကျမှုများဖြင့် ပြည့်နှက်နေ၏။ အထူးသဖြင့် ဂိုဏ်း၏ ကြေညာချက် အပေါ်တွင် ဖြစ်သည်။

ထိုနေ့၌ လုံချန်က ကောင်းကင်၌ ဖြစ်‌ပေါ်လာသည့် အဝန်းအဝိုင်းကြီးမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး မွေးဖွားလာသည့် လက္ခဏာ ဖြစ်ကြောင်း အတိအကျဆိုခဲ့သည်။ ယခုဂိုဏ်း၏ ထုတ်ပြန်ကြေညာချက်က ထိုအယူအဆနှင့် လုံးဝ ဖီလာဆန့်ကျင်ဖြစ်၏။

လုံချန်မှာ ဘာမှ ထပ်ရှင်းပြခြင်း မပြုချေ။ ဝူယု၏ အဆိုအရဆိုလျှင် အဆင့်ကိုး ဆေးလုံးတစ်လုံး လုံးဝ အောင်မြင်သွားသည့် အခါမှသာလျှင် ထိုဖြစ်စဥ်မှာ ဖြစ်ပေါ်တတ်သည်။ မည်သည့်ခေတ်၊ မည်သည့် အချိန်တွင် ဖြစ်စေကာမူ... ထိုသဘောတရားမှာ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ ကြယ်၊ လ၊ ဂြိုဟ်တို့မှ စွမ်းအင်များကို ဆွဲယူ၍ ဆေးဖော်စပ်ခြင်း... ထိုအရာက လုံးဝ အဓိပ္ပာယ် မရှိချေ။

လုံချန်မှာ အနည်းငယ် စိတ်ဓာတ်ကျမှုကို ခံစားလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေ့ဝူယင်မှာ သူ့ထက် အဆင့်ပေါင်းများစွာ ပိုမို မြင့်မားသည့် လူတစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လုံချန်သည် သူ့ကိုယ်သူ ဝေ့ဝူယင်ထက် သာလွန်သူ တစ်ယောက်ဟု အမြဲတမ်း ခံယူထားခဲ့ဖူးသည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဥ်ကို လျှောက်လှမ်းသူ တစ်ယောက်ဖြစ်ပြီး သူကမူ သိုင်းပညာ လမ်းစဥ်ကို မြတ်နိုးသူ တစ်ယောက် ဖြစ်သည်။ ဝေ့ဝူယင်မှာ ကောင်းကင်ဧကရာဇ် တစ်ယောက် ဖြစ်သော်လည်း သူက အသက် ငါးနှစ် ပိုမိုငယ်ရွယ်ကာ ဓားနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက် နှစ်ခုကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် သူသည် ထူးခြားသည့် အင်ပါယာ ‌ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံထားသည်။ ကြယ်တာရာ ဝိညာဥ် နှစ်ကိုလည်း ပေါင်းစည်းထားနိုင်သည်။ သူ့နောက်တွင် မဟာ ဧကရာဇ်ဟောင်း ဝူယုလည်း ရှိသည်။ သူကား မလွဲမသွေပင် အနန္တဧကရာဇ်ဂိုဏ်း၏ မဟာ ဧကရာဇ် ဖြစ်လာမည့် ပုဂ္ဂိုလ် ဖြစ်သည်။ သူ့အနေဖြင့် လိုအပ်သမျှက အချိန်ယူကာ ကျင့်ကြံရန်သာ ဖြစ်သည်။ သူ့အမြင်အရဆိုလျှင် ဝေ့ဝူယင်၏ အောင်မြင်မှုများမှာ ယာယီမျှသာ ဖြစ်ပေလိမ့်မည်။ တစ်နေ့တစ်ချိန်တွင် သူသာလျှင် အားလုံးကို ကျော်ဖြတ်ကာ လျှမ်းလျှမ်းတောက် ကျော်ကြားပေလိမ့်မည်။

သူအရာက သူ တစ်လျှောက်လုံး ယုံကြည်ခဲ့သည့် အကြောင်းအရာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ အရာရာက ခြားနားသွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ဖော်ပြခဲ့သည့် အပြင် ယခုတွင်လည်း အဆင့်ကိုး ဆေးလုံးတစ်လုံးကိုပါ ဖော်စပ်ခဲ့ပြန်သည်။ ဂိုဏ်းက ဖုံးကွယ်နေသည့်တိုင် အမှန်တရားကို သူသိသည်။ အဂ္ဂိရတ်လမ်းစဥ်၏ အကူအညီနှင့် ဝေ့ဝူယင်၏ အင်အားမှာ အချိန်တို အတွင်း အဆပေါင်းများစွာ တိုးတက်လာနိုင်သည်။ ထိုအကောင်သည် သူ၏ “မဟာ ဧကရာဇ်” ဟူသော နေရာကိုပင် ခြိမ်းခြောက်လာနိုင်သည်။

“ဘာပဲဖြစ်ဖြစ်လေ... သူ သေမျိုး အဂ္ဂိရတ် အင်ပါယာ ဖြစ်မလာတာ တော်သေးတယ်...”

လုဖန်းက ပင့်သက်တစ်ချက် ရှိုက်ရင်း စိတ်သက်သာရာရဟန်ဖြင့် ဆိုလိုက်၏။ သူသည် မကြာသေးခင်ကပင် လျဲ့ယုထံမှ “လုံချန်” နှင့် “ဝေ့ဝူယင်” တို့၏ ပြိုင်ဆိုင်မှုများ အကြောင်းကို ကြားခဲ့ရသည်။

ကြားကြားချင်း၌ သူ မယုံကြည်နိုင်သလိုပင် ခံစားခဲ့ရသည်။ သူ၏ အကိုကြီးမှာ ကြောက်မက်ဖွယ် ကောင်းသည့် ဘီလူးကြီး တစ်ကောင်နှင့် ရန်ဘက် ဖြစ်နေရခြင်း ဖြစ်သည်။ လုံချန်မှာ ပါရမီရှင် တစ်ယောက် ဆိုသော်လည်း ဝေ့ဝူယင်က ကောင်းကင်ဧကရာဇ် ဖြစ်သည်။ အဂ္ဂိရတ် ဧကရာဇ် ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်တစ် ဖြင့်ပင် အဆင့်သုံးကို ယှဥ်နိုင်သည်ဟု ကျော်ကြားသူ ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင်သာ အမှန်တကယ် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်သွားပါက သူ၏ အကိုကြီး ဘဝက သွားပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ...  ယခုလို ကြားသိရခြင်းမှာ သတင်းကောင်း ဖြစ်သည်။ ဘာဖြစ်ဖြစ် အဂ္ဂိရတ် အင်ပါယာ တစ်ပါးမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်ထက် အဆများစွာ ပိုမို နိမ့်ကျသည် မဟုတ်ပါလား...။

***

All Chapters