← Chapters

လုံချန်၏ ဆုံးဖြတ်မှု

Vol. 18 Ch. 247

လုံချန်၏ ဆုံးဖြတ်မှု

Vol. 18 Ch. 247

"သေမျိုး အဂ္ဂိရတ် အာဏာရှင် မဟုတ်သေးဘူး ဟုတ်လား… ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ…"

လုံချန် စိတ်ထဲမှ လှောင်ကာ ရယ်လိုက်မိ၏။ သူ့အတွက်တော့ လုဖန်း၏ စကားလုံးများက ပြက်လုံးတစ်ခုလိုပင်။ သူ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်မိစဉ်တွင်ပင် ဝူယုက သူ့အား ဆက်သွယ်လာ၏။

"လုံချန်... မင်းအနေနဲ့ ဒီရန်ငြိုးကို နှလုံးသားထဲမှာပဲ သင်္ဂြိုဟ် ပစ်လိုက်တာ ကောင်းလိမ့်မယ်… သူက မင်း ဆန့်ကျင်နိုင်တဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး…"

သို့သော်လည်း လုံချန်မှာ ခေါင်းမညိတ်ချေ။ သူ့စိတ်ထဲ၌ ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခုက နေရာယူပြီး ဖြစ်သည်။

အနန္တကုန်းမြေတိုက်ကြီးတွင် ခံစားခဲ့ရသည့် အရာများ အတွက် သူ ပြန်ပေးဆပ်လိုသည်။ ဝေ့ဝူယင်ကို သတ်ဖြတ်ကာ သူ့အချစ်မှာ ထိုက်တန်ကြောင်း နာ့ရှင်းရီထံ သက်သေပြလိုသည်။ သူတစ်ယောက်တည်းသာလျှင် သူမ အတွက် ကြီးမြတ်မှုများကို ဆောင်ကျဥ်းပေးနိုင်သူ ဖြစ်သည်။ သူ့တွင် အကန့်အသတ်မဲ့သော အလားအလာများ ရှိသည်။ တစ်နေ့၌ လောကအား အုပ်စိုးမည့်လူမှာ သူသာလျှင် ဖြစ်သည်။ သူ လိုအပ်သမျှက အချိန်သာလျှင် ဖြစ်သည်။

"ကျုပ်လက်မခံနိုင်ဘူး…"

လုံချန်က ပြတ်သားစွာပင် ငြင်းဆိုလိုက်၏။ သူ့နှလုံးသား၏ အနက်ရှိုင်း နေရာတွင် ဝေဝူယင်သည် သူ ဖြတ်ကို ဖြတ်ကျော်ရမည့် နတ်ဆိုးတံတိုင်း တစ်ခု ဖြစ်သည်။ ထိုတံတိုင်းအား ဖြတ်ကျော်ရန် နည်းလမ်း တစ်ခုတော့ ရှိရမည်။ ကျင့်ကြံခြင်း လောကမှာ အဆုံးမဲ့ ကျယ်ပြန့်ကာ မ‌ရေမတွက်နိုင်သည့် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။

ဝူယုမှာ လုံချန်၏ ခံစားချက်များကို နားလည်လေရာ တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့သည်။ သူ လေးလေးပင်ပင် သက်ပြင်းချလိုက်မိသည်။ ကျင့်ကြံခြင်း ခရီးလမ်းကို စတင် ခြေချခဲ့သည့် နေ့မှ စတင်၍ လုံချန်သည် မရေမတွက်နိုင်သော အတားအဆီးများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း သူသည် ကိုယ့်အားကိုယ်ကိုးမှု၊ အခြားသူများ၏ ပံ့ပိုးကူညီမှုတို့ဖြင့် ထိုအတားအဆီး အားလုံးကို အောင်မြင်ကျော်လွှားနိုင်ခဲ့သည်။ လုံချန်၏ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ် ပြင်းထန်မှုတို့က သူ(ဝူယု) ငယ်စဥ်ကထက်ပင် များစွာ သာလွန်သည်။

လုံချန်သည် ငယ်စဉ်ကပင် အမှိုက်ဟု အခေါ်ခံခဲ့ရသည်။ သိမ်ငယ်မှုတို့မှ ရုန်းထွက်လာသူ တစ်ယောက် အနေဖြင့် အရှုံးကို လက်ခံရန်မှာ လွန်စွာမဖြစ်နိုင်ပေ။ သူသည် သူ့ကိုယ်သူ သက်သေပြရန် အတွက် မျှော်လင့်ချက် တစ်ခုမှ မရှိလျှင်ပင် တိုက်ခိုက်ပေလိမ့်မည်။

"မင်းမှာ ရွေးချယ်စရာ တစ်ခုတော့ ရှိသေးတယ်… ဒါပေမဲ့ မသေချာဘူး"

တစ်ခဏကြာပြီး‌နောက် ဝူယုက ပြောလိုက်၏။ သူ၏ အသံထဲတွင် မသေချာ၊ မရေရာခြင်းများက ရောယှက်ကာ ပါဝင်နေသည်။

သို့သော်လည်း ထိုစကားလုံးများမှာ ရေနစ်သူ အတွက်တော့ ကောက်ရိုးတစ်မျှင်လိုပင်။ လုံချန်၏ မျက်လုံးများက တောက်ပသွား၏။ ဝူယုသည် သူ ဒုက္ခရောက်မည့် အဖြစ်ကို ဘယ်တော့မှ လမ်းညွှန်လိမ့်မည် မဟုတ်ချေ။ သူ ထိုအရာ အပေါ် နှလုံးသားတစ်ခုလုံးနှင့် ရင်းကာ ယုံကြည်ပေသည်။

"ကျွန်တော် လုပ်မယ်ဆရာ..."

လုံချန်က အခိုင်အမာပင် ဆိုလိုက်၏။ သူ၏ တက်ကြွနေသည့် အမူအရာကို ကြည့်ရင်း ဝူယုက ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

"အဲဒါက ရိုးရှင်းတယ် ဆိုပေမဲ့ ခက်ခဲလိမ့်မယ်… မင်းလုပ်ရမှာက ထာဝရ နတ်မိမယ်လေးရဲ့ ပံ့ပိုးမှုကို အပြည့်အဝ ရရှိအောင် ကြိုးစားဖို့ပဲ...”

အကယ်၍ လုံချန်သာ ထာဝရ နတ်မိမယ်လေး၏ ပံ့ပိုးမှုကို ရအောင် ယူနိုင်ပါက သူနှင့် ဝေ့ဝူယင် အကြားမှ ချိန်ခွင်လျှာ အားလုံးမှာ ပြန်လည် ညီမျှသွားလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် မည်မျှပင် အထင်ကြီးစရာ ကောင်းသည် ဖြစ်စေ… ဝူယု၏ မျက်လုံးထဲတွင်တော့ ထာဝရ နတ်မိမယ်လေးနှင့် တန်းတူသာ ဖြစ်သည်။ အဂ္ဂိရတ် ပါရမီအရာတွင် ဝေ့ဝူယင်မှာ ပိုမို သာကောင်းသာလိမ့်မည် ဖြစ်သော်လည်း ထာဝရ နတ်မိမယ်လေးမှာ အဂ္ဂိရတ် အစည်းအရုံး၏ ပံ့ပိုးမှုနှင့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဝေ့ဝူယင်၌ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ရှိနေကြောင်း ဝူယု သတိထားမိခြင်း မရှိသေးချေ။ သူ့အမြင်အရဆိုလျှင် ဝေ့ဝူယင်မှာ ထူးခြား ဆန်းပြားသည့် နည်းလမ်း တစ်ခုခုကို သုံး၍ ဆေးလုံးအား သန့်စင်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုကိစ္စ၏ နောက်ကွယ်၌ အနန္တဧကရာဇ်ဂိုဏ်းနှင့် မဟာ အင်ပါယာ သူတော်စင်ထို့ ပင်လျှင် ရှိနေနိုင်သည်။

သူ၏ အတွေးများက လွဲချော်နေသည့်တိုင် ထိုကဲ့သို့ ယုံကြည်ခြင်းမှာ မထူးဆန်းပါချေ။ အဂ္ဂိရတ် အစည်းအရုံး ပင်လျှင် တူညီသော နည်းလမ်းဖြင့် ထာဝရ နတ်မိမယ်လေးကို ဖန်တီးထားခဲ့သည် မဟုတ်ပါလား။

"ထာဝရ နတ်မိမယ်လေးရဲ့ ပံ့ပိုးမှုကို အပြည့်အဝ ရရှိအောင် ကြိုးစားရမယ်…"

ထိုစကားလုံးများကို လုံချန် မျိုးစေ့ တစ်ခု ကဲ့သို့ စိတ်အတွင်း မြှုပ်နှံထားလိုက်၏။ သူသည် ငယ်ရွယ်စဉ် ကတည်းက မိန်းမများနှင့် ပတ်သက်၍ ကံကောင်းသူ ဖြစ်သည်။ အထူးသဖြင့် ပါရမီရှိသော မိန်းမလှလေးများနှင့် ပတ်သက်သည့် အချိန်တိုင်းတွင် ကံကြမ္မာက သူ့ဘက်မှာ ရှိသည်။

နာ့ရှင်းရီ၊ လင်းကျိရန်၊ ချင်ချူးမူ၊ ဟုန်ယု၊ ရှောင်ပိုင်… အခြားလူများ အားကျရလောကအောင် ထိုမိန်းကလေးများကို သူ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူသည် ဘယ်တုန်းကမှ မိန်းကလေး တစ်ယောက်ကို ရည်ရွယ်ချက် ရှိရှိ မလိုက်ခဲ့ဖူးချေ။ အရာအားလုံးက သဘာဝ အတိုင်း ဖြစ်ပွားလာခဲ့ခြင်းသာ ဖြစ်သည်။ နာ့ရှင်းရီတို့ အပြင် သူ့အား အရူးအမူး ချစ်ခဲ့ပြီး သူ မရွေးချယ်ခဲ့သည့် အခြား မိန်းကလေးများလည်း ရှိပေသေးသည်။

အကယ်၍... သူ ရည်ရွယ်ချက်ရှိရှိ လိုက်ခဲ့လျှင်ရော ဘာဖြစ်မည်နည်း။ ထိုအတွေးက သူ့စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားပြီး အသိစိတ်ပင်လယ်ထဲထိ စိမ့်ဝင်သွားသည်။

မျှော်လင့်ချက်များမှာ လုံချန်၏ မျက်လုံးများ၌ ပေါ်လာခဲ့သည်။ သူလုပ်နိုင်သည်။ သူ့တွင် အရည်အချင်းတွေ၊ ပါရမီတွေနဲ့ အလားအလာတွေ ရှိသည်။ သူ ရည်ရွယ်ချက် ရှိရှိ လိုက်ဖို့ ကြိုးစားလျှင် ဘယ်မိန်းကလေးက ခံနိုင်ရည် ရှိမည်နည်း။

…

တစ်လ…

တစ်လဆိုသော အချိန်မှာ လျှင်မြန်စွာ ကုန်ဆုံးသွား၏။ ထိုအတောအတွင်း၌ ဝေ့ဝူယင်သည် အခန်းအတွင်း အောင်းကာ "ဆေဘာ" ရည်ရွယ်ချက်ကို ပို၍ နားလည်နိုင်အောင် ကြိုးစားနေခဲ့သည်။

ဟူး… ဟူး…

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အဆုံးမဲ့ ဆေဘာ အလင်းတန်းတန်းများနှင့် ဝန်းရံနေကာ လောက အမတေများကို ဖန်တီးနေသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ကြယ်တာရာ ဝိညာဉ်များ၏ အထောက်အပံ့ဖြင့် အလွန် အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တိုက်ခိုက်ရေး စွမ်းရည် အတွက် ဝိညာဉ် ချိပ်တံဆိပ်များ၊ အစီအရင်များ၊ ဝင်္ကပါများ၊ ကျင့်စဉ်များကိုတော့ သူ ကျင့်ကြံရန် လိုအပ်ဆဲ ဖြစ်သည်။

ထို့ပိဟန်နှင့် စကားပြောပြီးသည့် နေ့မှ စ၍ ဝေ့ဝူယင်မှာ အချိန် အများစု၌ အားလပ်နေခဲ့သည်။ သူနှင့် ပတ်သက်သည့် အမျိုးမျိုးသော သတင်းများမှာ ကြယ်တာရာ နယ်မြေသို့ ဆူနာမီ လှိုင်းတစ်ခု သဖွယ် ပျံ့နှံ့နေခဲ့သည့်တိုင် သူကမူ သက်တောင့်သက်သာပင် ရှိနေခဲ့သည်။ ဤသည်မှာ သူလိုချင်သည့် အခြေအနေမျိုး ဖြစ်သည်။

ထို့ပိဟန်… ထိုအဘိုးကြီးမှာ အမှန်တကယ် တော်လွန်းသည်။ သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင် အပေါ် လူအိုကြီး၏ ကိုင်တွယ်ပုံကို သူကိုယ်တိုင် ပင်လျှင် အံ့အားသင့်ခဲ့ရသည်။ ထိုမြေခွေးအိုကြီးက အတော်လေး စေ့စပ် သေချာကာ အားလုံး၏ သံသယများကို ကောင်းစွာ ဖျောက်ဖျက်ပြနိုင်ခဲ့သည်။

"အဆင့်ကိုး ဆေးလုံးတွေကို လွတ်လွတ်လပ်လပ် မဖော်စပ်နိုင်သေးတာတော့ အတော်လေး ကံဆိုးတာပဲ… မဟုတ်ရင် ငါ အများကြီး သုံးနိုင်မှာ"

ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။

“ထို့ပိဟန်ရဲ့ ပြောပုံအရဆိုရင် အဆင့်ကိုး ဆေးလုံးတစ်ခု အောင်မြင်တာနဲ့ သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင်က ပေါ်လာမှာပဲ... အဲဒါကို ဖုံးကွယ်ဖို့က မလွယ်ကူဘူး”

သေမျိုး အာဏာရှင် ပုံရိပ်ယောင်မှာ လောက၏ မန်နာများနှင့် တိုက်ရိုက် ဆက်စပ်နေသည့် ဖြစ်စဥ် တစ်ရပ် ဖြစ်သည်။ ထို့ပိဟန်၏ သီအိုရီ အရဆိုလျှင် ကြယ်တာရာ အမြုတေ အလွှာ ထိပ်ဆုံး အဆင့် ဝင်္ကပါ  တစ်ခုသာလျှင် ထိုဖြစ်စဥ်ကို ဖုံးကွယ်နိုင်စွမ်း ရှိသည်။

အနန္တဧကရာဇ်ဂိုဏ်းတွင် ဝင်္ကပါ တစ်ခု ရှိသော်လည်း ထိုအရာမှာ ဂြိုဟ်၏ အမြုတေ စွမ်းအင်များနှင့် တိုက်ရိုက်ပင် ချိတ်ဆက်နေသည်။ ၎င်းအား အသုံးပြုပါက ဂိုဏ်းမှာ များစွာ အားနည်းသွားလိမ့်မည် ဖြစ်သည်။ ထို့ပိဟန်သည် ထိုကိစ္စအတွက် အခြား မဟာ သူတော်စင် အင်ပါယာများနှင့် တိုင်ပင်ဦးမည် ဖြစ်ပြီး ဝေ့ဝူယင်အား စောင့်ဆိုင်းရန် ပြောကြားထားသည်။

ကံကောင်းထောက်မစွာပင် ထိုအတောအတွင်း၌ ဝေ့ဝူယင်သည် ဖြစ်နိုင်ချေရှိသည့် အခြား အဖြေတစ်ခုကို ရှာတွေ့ခဲ့သည်။ ဆေဘာ ရည်ရွယ်ချက် လောက... လောက နှလုံးသားပင်...။

ယင်းက အနည်းငယ် စွန့်စားမှု ဆန်သည့် အကြံတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ဆေဘာ နှလုံးသား ရည်ရွယ်ချက်သည် အမှန်တကယ်ပင် လောက၏ အမတေများကို ဖိနှိပ်ကာ ဆေဘာ ရည်ရွယ်ချက် အဖြစ် ပြောင်းပစ်နိုင်စွမ်း ရှိသည်။ ဝေ့ဝူယင်၏ အကြံက ဤသို့ ဖြစ်၏။

ပထမဆုံး အနေဖြင့် သူ လုပ်ရမည်က ကြယ်တာရာ အမြုတေ အဆင့်နှစ် ကောင်းကင် အုပ်စိုးသူ အဆင့်ကို ခြေချရန် ဖြစ်သည်။  ထိုအခါကျလျှင် သူ၏ ဆေဘာ နှလုံးသား ရည်ရွယ်ချက်မှာ အမတေများကိုသာ မက လောက၏ မန်နာများ အပေါ်တွင်ပါ လွှမ်းမိုးလာနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထိုအကြံအပေါ်တွင် ဝေ့ဝူယင် ယုံကြည်ချက်တော့ သိပ်မရှိလှချေ။ အ‌မောက်မာဆုံး ကြယ်တာရာ ဝိညာဥ် ဖြစ်သည့် ဘုရင် ပင်လျှင် နှုတ်ဆိတ်နေ၏။ မည်သို့ပင် ဆိုစေ... သူ ကြိုးတော့ ကြိုးစားကြည့်ရမည် ဖြစ်သည်။

အကယ်၍ မည်သည့် နည်းလမ်းမှ အဆင်မပြေပါလျှင်ရော ဘာအရေးနည်း။ သူ တိတ်ဆိတ် ငြိမ်းချမ်းသည့် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေကာ ဆေးဖော်စပ်နိုင်ပေသေးသည်။ အဆင့်ကိုး ဆေးလုံးများကို သူ ဖော်စပ်ကို ဖော်စပ်ရပေလိမ့်မည်။ ထိုဆေးလုံးများ ရရှိမှသာလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်က လျှင်မြန်စွာ တိုးတက် လာနိုင်ပေသည်။

“ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို တက်ဖို့ပဲ ငါအာရုံစိုက်ရမယ်...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ပြောရလျှင် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ကြယ်တာရာ အမြုတေ အဆင့်တစ်တွင် အလွန် ခိုင်မာနေခဲ့ပြီ ဖြစ်သည်။ သူ၏ ကြယ်တာရာ အမြုတေများမှာ အမြင့်မားဆုံးသော စွမ်းရည်များကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ အားလုံးမှာ လေးမီလီမီတာ အရွယ်အစားတွင် ရှိကြကာ ကုန်းမြေတိုက်ကြီး တစ်ခုကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ကြယ်တာရာ အမြုတေ အဆင့်နှစ်သို့ တက်လှမ်းရန် သူ လိုအပ်သမျှက အတွေးတစ်ချက်ဖြင့် ကောင်းကင်လောက မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်လိုက်ရုံသာ ဖြစ်ပေသည်။ သူ ထိုခြေလှမ်းကို လှမ်းရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ၏ သုံးလွှာ လက်စွပ်မှာ လင်းလက်လာခဲ့၏။ ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားကာ စိတ်လှုပ်ရှားခြင်း တစ်စွန်းတစ်စ နေရာယူလာသည်။

ထိုတစ်လအတွင်း သူသည် ကျင့်ကြံခြင်း အပေါ်တွင်သာ အားလုံးနှင့် အဆက်အသွယ်များ ဖြတ်ထားခဲ့သည်။ လူအချို့သာလျှင် သူနှင့် ဆက်သွယ်ရန် အခွင့်အရေး ရှိပေသည်။ ထိုအချို့ထဲ၌ သူ၏ ကိုယ်လုပ်တော် ဖြစ်သည့် ရွှယ်ရီဖေးမှာ တစ်ယောက် အပါအဝင် ဖြစ်သည်။

ဝေ့ဝူယင်သည် သူ အနန္တဧကရာဇ်ဂြိုဟ်သို့ ပြန်ရောက်နေပြီ ဖြစ်သည့် အကြောင်းကို ရွှယ်ရီဖေးအား ပြောပြထားခဲ့ပြီး ဖြစ်သည်။ သူမအနေဖြင့် ဝေ့ဝူယင်နောက်သို့ လိုက်ရန် အာကာသ ဂိတ်တံခါး တစ်ခု တည်ဆောက် ပြီးစီးချိန်အထိ စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။

ထို့မတိုင်ခင်တွင် ဆက်သွယ်ရေး သလင်းကျောက်များမှသာ သူတို့ ဆက်သွယ်နိုင်ကြလိမ့်မည် ဖြစ်သည်။ သူမ အနေဖြင့် စိတ်ပျက်အားငယ်ရလိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် နားလည်ပါသည်။ ထို့ကြောင့်ပင် သူသည် ကျင့်ကြံခြင်း ရင်းမြစ်များ၊ ကျင့်စဥ်များ အပြင် သူမအား လမ်းညွှန်ရန် ကောင်းကင်ဗိုလ်ချုပ် တစ်ယောက်ကိုပါ  သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသို့ ပို့လွှတ်ပေးခဲ့သည်။ ထိုအရာက သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ စည်းကမ်းများကို ချိုးဖောက်နေသည့်တိုင် မဟာ အင်ပါယာ သူတော်စင် အားလုံးမှာ မသိချင်ယောင်ဆောင် နေပေးကြသည်။

သူမအား သူ့ဘေးနားတွင် မထားရှိနိုင်ခြင်းကတော့ စိတ်မကောင်းစရာ ဖြစ်သည်။ ထိုမိန်းကလေးမှာ လှပရုံသာ အလွန် ထူးချွန်ကာ ထက်မြက်သူ ဖြစ်သည်။  သူမနှင့် စကားပြောလေလေ သူမ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအမြင်များကို ပို၍ ဝေ့ဝူယင် ပို၍ သဘောကျလေလေဖြစ်သည်။ ထိုမိန်းကလေးအား ရရှိလိုက်ခြင်းက သူ့အတွက် ဘုရားပေးသည့် ဆုတစ်ခုလိုပင်။

ရွှယ်ရီဖေး ပို့သည့် စာကို ဖတ်ပြီးနောက် ဝေ့ဝူယင် ချက်ချင်းပင် ပြန်လည် ပို့လိုက်၏။ ကျင့်ကြံခြင်းကို တဖန်ပြန်လည် စတင်သည်မှာ တစ်လခွဲမျှသာ ကြာသေးသည့်တိုင် သူမသည် ချီပျစ်ခဲခြင်း အဆင့်သုံးသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်က ဒြပ်စင်ကိုးခုကို မွေးဖွားရန် ဖြစ်သည်။ ဝေ့ဝူယင်က သူမအား ကောင်းကင်ချီနှလုံးသား ကျင့်စဥ်ကိုပင် ကျင့်ကြံရန် အကြံပြုထားသည်။

***

All Chapters