ရှက်ကိုးရှက်ကန်း ဖြစ်သွားရပါသော
Vol. 84 Ch. 1167
ဒုတိယ တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်မှာ အနည်းငယ်ပို၍ အားနည်းသောကြောင့် လိုဏ်ခေါင်းကြီးအား မီတာတစ်သောင်းကျော်မျှသာ အောက်သို့ ထပ်ချဲ့နိုင်ခဲ့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း သူ့ဆီမှ အကူအညီတောင်းခဲ့ရသည့် အကြောင်းရင်းကို နားလည်သွားတော့သည်။
သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ ပြောစကားများအရဆိုလျှင် အမှောင်မြစ်မှာ မီတာတစ်သန်းအထိ နက်ရှိုင်း၏။ ထို ပမာဏမှာ အများကြီးဟု ထင်ရပါသော်လည်း ကြယ်စင်စုတစ်ခုနှင့် ယှဉ်လိုက်မည်ဆိုပါက မပြောပလောက်ပေ။
သို့သော် ၎င်းမှာ အမှောင်မြစ် ဖြစ်နေသောကြောင့် မီတာတစ်သန်းအထိ နက်ရှိုင်းသော လိုဏ်ခေါင်းတစ်ခုအား ဖောက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းသည်။ ချန်ရှင်း၏ မိုးကောင်းကင်တာအိုပင်လျှင် မီးတာငါးသိန်းအထိသာ ဖောက်နိုင်ခဲ့၏။
သို့ဖြစ်ရာ ကျန်ရှိနေသေးသည့် မီတာငါးသိန်းအား အမှောင်ဂိုဏ်းသားများက ဖောက်ပေးရမည်ဖြစ်သည်။ ထို့အပြင် အမှောင်ဂိုဏ်းသားတိုင်း ထိုကဲ့သို့ ဖောက်ပေးနိုင်မည်မဟုတ်ပေ။ အမှောင်ကလေးငယ်များ ဖြစ်နေရန် လိုအပ်ပေသည်။
အနည်းဆုံး အမှောင်ဂိုဏ်းက အသိအမှတ်ပြုထားသည့် အမှောင်ကလေးငယ်များ ဖြစ်နေရမည်ဖြစ်သည်။
" အမှောင်ကလေးငယ်တွေက အမှောင်ဂိုဏ်းရဲ့ အသိအမှတ်ပြုထောက်ခံချက်ကို ရထားတာ။ အဲတာမလို့ အမှောင်ကလေးငယ်တွေကပဲ မိုးကောင်းကင်တာအိုကို ကိုယ်စားပြုပြီးတော့ ဒီလိုဏ်ခေါင်းကြီးကို ဆက်ဖောက်နိုင်တာ " ဝမ်ပေါင်လဲ့ ထိုသို့ နားလည်သွားသည့်အချိန်တွင် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ် လေးယောက်မှာ သူတို့၏ တာဝန်များကို ပြီးစီးအောင် လုပ်ပြီးသွားကြပြီဖြစ်သည်။
သူတို့ထဲမှ အစွမ်းအထက်ဆုံးတစ်ယောက်မှာ မီတာသုံးသောင်းအထိသာ ထပ်၍ ဖောက်နိုင်ခဲ့၏။ အကယ်၍ နှိုင်းယှဉ်စရာ မရှိပါက ထိုပမာဏမှာ အလွန်မြင့်မားသည်ဟု ထင်ရပေသည်။ ထို့ကြောင့်လည်း တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ် အများစုမှာ ထွက်ခွာသွားကြပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်ခဲ့ကြ၏။
သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် လိုဏ်ခေါင်းကြီးအား မည်မျှအထိ ဆက်ဖောက်နိုင်မည်နည်းဟု သိချင်နေကြသည်။
ဝမ်ပေါင်လဲ့မှာမူ လက်ရှိ အခြေအနေအား နားလည်သွားသည်နှင့် ထို တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များအား လျစ်လျူရှုထားလိုက်၏။ သူသည် အမှောင်မြစ်ကိုသာ ဆက်ကြည့်နေသည်။ ထိုအချိန်တွင် ပဉ္စမ တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ် ရှေ့သို့ထွက်လာ၏။
ထို ကျင့်ကြံသူမှာ.... တစ်ဦးတည်းသော အမျိုးသမီး တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ် ဖြစ်သည်။ သူမသည် သာမန် ရုပ်ရည်ကိုသာ ပိုင်ဆိုင်ထားပြီး တမူထူးခြားနေခြင်းမရှိပေ။ သို့သော် သူမသည် ဝမ်ပေါင်လဲ့အား ရန်လိုသည့်မျက်ဝန်းများဖြင့် မကြည့်ခဲ့သည့် တစ်ဦးတည်းသော တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်လည်း ဖြစ်ပေသည်။ သူမ၏ အလှည့်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။
မီတာခြောက်သောင်း...
အမှောင်သားများမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် အမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့ထဲမှ အချို့မှာဆိုလျှင် အချင်းချင်း တီးတိုးပြောနေကြသည်။
" များလိုက်တာ "
" အကြီးအကဲတွေ နံပါတ်နှစ် ဂိုဏ်းတူအစ်မကြီးကို နံပါတ်တစ်ဂိုဏ်းတူအစ်ကိုကြီးရဲ့ တာအိုလက်တွဲဖော်အဖြစ် သတ်မှတ်ပေးခဲ့တာ မထူးဆန်းပါဘူး "
" နံပါတ်နှစ်ဂိုဏ်းတူအစ်မကြီးက တော်ရုံတန်ရုံဆို ရုပ်လုံးထွက်ပြတာမဟုတ်ဘူး။ သူ့ဆီမှာ ဒီလောက်အားကောင်းတဲ့ အငွေ့အသက်တွေ ရှိနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး "
သူမတစ်ယောက်တည်း၏ စွမ်းအားမှာ အခြား တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ် သုံးယောက်၏ စွမ်းအားများနှင့် ညီမျှနေ၏။ ထို့အပြင် သူမ၏ အမှောင်မီးတောက်မှာ အလွန်အင်မတန်မှ သန့်စင်ပြီး လျှို့ဝှက်ဆန်းကြယ်နေသေးသည်။ သူမနှင့် အမှောင်ဂိုဏ်း၏ ကြားရှိ အချိတ်အဆက်မှာလည်း အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် အားကောင်း၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့်နှင့် အမှောင်မီးတောက်တို့ထက် မျက်လုံးဖြင့် မမြင်နိုင်သည့် ထို အချိတ်အဆက်ဆိုသောအရာမှာ ပို၍အရေးကြီးကြောင်း နားလည်သွားသည်။
အမှောင်ဂိုဏ်းနှင့် မိမိ၏ ကြားရှိ အချိတ်အဆက် ပို၍အားကောင်းလေလေ လိုဏ်ခေါင်းကြီးမှာ ပို၍ နက်ရှိုင်းသွားလေလေ ဖြစ်နေမည်ဖြစ်သည်။
ယခုတွင် ပထမဆုံးငါးယောက်မှာ သူတို့၏ တာဝန်များကို ပြီးစီးအောင် ဆောင်ရွက်ပြီးသွားကြပြီဖြစ်ရာ လိုဏ်ခေါင်းကြီး၏ အနက်မှာ မီတာငါးသိန်းမှ မီတာ ခြောက်သိန်းငါးသောင်းအထိ ရောက်သွားပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့အပါအဝင် ကျန်ရှိနေသေးသည့် လေးယောက်မှာ မီတာ သုံးသိန်းငါးသောင်းအထိ ထပ်၍ ဖောက်၍ရမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အားအင်ချည့်နဲ့နေသည့်ပုံ ပေါက်နေသော မိန်းမငယ်လေးအား လှမ်းကြည့်လိုက်၏။ သူမသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ချန်ရှင်းအား ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထိုအခါ ချန်ရှင်းပင်လျှင် အခြား တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များ ကြိုးစားခဲ့စဉ်တုန်းကနှင့် မတူတော့ဘဲ အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။ ထို့နောက် သူသည် ထိုမိန်းမငယ်လေးအား ခေါင်းညိတ်ပြလိုက်သည်။
ထိုမိန်းမငယ်လေးမှာမူ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ အကြည့်အား သတိထားမိလိုက်သဖြင့် နောက်သို့လှည့်လာပြီး သူ့အား ပြန်ကြည့်လိုက်၏။ ထို့နောက် သူမသည် သူမ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းကာ အမှောင်ဂိုဏ်းသားများရှိရာ လူအုပ်ထဲသို့ ပြန်ဝင်သွားသည်။
" သူက... အစွမ်းကုန်ထုတ်ခဲ့တာတောင် မဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာလည်း ထိုအချက်အား သတိထားမိခဲ့မည်သာဖြစ်ကြောင်း ယုံကြည်နေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောနေစဉ် ဆဋ္ဌမနှင့် သတ္တမ တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များမှာလည်း သူတို့၏ တာဝန်များကို တစ်ယောက်ပြီးတစ်ယောက် ပြီးစီးအောင် ဆောင်ရွက်လိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်မှာ လိုဏ်ခေါင်းကြီးအား မီတာသုံးသောင်းအထိ ထပ်ဖောက်နိုင်ခဲ့ပြီး အခြားတစ်ယောက်မှာ နှစ်သောင်းအထိ ထပ်ဖောက်နိုင်ခဲ့သည်။ ထို့ကြောင့် ယခုတွင် လက်ဖဝါးပုံစံ ဝဲကြီးတစ်ခုကဲ့သို့ ဖြစ်နေသည့် လိုဏ်ခေါင်းကြီး၏ အနက်မှာ မီတာခုနစ်သိန်းအထိ ရောက်သွားပြီဖြစ်သည်။
သို့ဖြစ်ရာ... မီတာသုံးသိန်း ကျန်သေးသည်။
ထို့ကြောင့် အမှောင်ဂိုဏ်းသား အများစုမှာ စိုးရိမ်စိတ်များ စတင်ကြီးထွားလာကြ၏။ သူတို့မှာ မျက်နှာဖုံးတပ်ထားသည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်အား မျှော်လင့်တကြီးနှင့် လှမ်းကြည့်နေကြသည်။ သူသည် အမှောင်ဂိုဏ်း၏ မျှော်လင့်ချက်ဖြစ်နေသည် မဟုတ်ပါလော။
ထို မျက်နှာဖုံးနှင့် ကျင့်ကြံသူမှာ နှုတ်ဆိတ်နေပြီး အသက်ရှုကြိမ် အနည်းငယ်ခန့် မလှုပ်မယှက်ရပ်နေ၏။ ထို့နောက် သူသည် ရှေ့သို့ လှမ်းသွားလိုက်ပြီး ချန်ရှင်းအား ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထိုအခါ မိုးကောင်းကင်တာအို၏ စွမ်းအားများဆင်းသက်လာသဖြင့် သူ၏ ခန္ဓာကိုယ်မှာ စတင်တုန်ရီလာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာလည်း အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက် တစ်မျိုးနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည့် စွမ်းအားများမှာ မကြာသေးမီတုန်းက မိန်းမငယ်လေး ထုတ်လွှတ်ခဲ့သည့် စွမ်းအားများထက် ပို၍သာလွန်နေ၏။ ထိုစွမ်းအားများမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသောကြောင့် သူသည် လေပြင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထိုနေရာတွင် ရှိနေကြသည့် အမှောင်ဂိုဏ်းသားအားလုံးမှာလည်း အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ အချို့မှာဆိုလျှင် အော်ဟစ်အားပေးနေကြပြီဖြစ်သည်။
" နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီးကွ "
ထို အော်ဟစ်အားပေးသံများ ပေါ်ထွက်လာချိန်တွင် လေပြင်းမုန်တိုင်းကြီးထဲရှိ မှုန်ဝါးဝါးလူရိပ်ကြီးမှာ သူ၏ ညာဘက်လက်အား ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ သူသည် လိုဏ်ခေါင်းကြီးအား ဖောက်နိုင်ရန် ချက်ချင်း ကြိုးစားခဲ့ခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား လှည့်ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ ထိုအခါ ထိူ လူရိပ်ကြီးမှာ သူ၏ အကြည့်အား ချက်ချင်း ပြန်လည်ရုပ်သိမ်းသွား၏။ ထို့နောက် သူသည် အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်နေလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား အောက်တွင်ရှိနေသည့် လက်ဖဝါးပုံစံ ဝဲကြီးဆီသို့ ဆန့်ထုတ်လိုက်တော့သည်။
ထိုအခါ ထိုနေရာတစ်ဝိုက်တွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး ဧရာမ လက်ဖဝါးကြီးတစ်ခုမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ ၎င်းမှာ အမှောင်မြစ်ထဲတွင် ရှိနေသည့် လက်ဖဝါးကြီးဆီသို့ ဦးတည်သွားပြီး ၎င်းအား ရိုက်ခတ်လိုက်သဖြင့် လေထဲ၌ တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်သွားတော့သည်။
ထို မျက်နှာဖုံးနှင့် ကျင့်ကြံသူမှာ လက်ရှိအမှောင်ဂိုဏ်း၏ ပါရမီရှင်ဖြစ်နေပြီး အမှောင်ဂိုဏ်းသားများအားလုံး၏ ယုံကြည်အားကိုးမှုအား ပိုင်ဆိုင်ထားသည့်အပြင် ချန်ရှင်းပင်လျှင် ယခင်တုန်းက သူ့အား အသိအမှတ်ပြုခဲ့ရသည်ဖြစ်ရာ အခြားသူများထက် ပို၍ သာလွန်ရပေမည်။ ထို့ကြောင့် ယခုတွင် သူသည် တမူထူးခြားသည့် စွမ်းအားများကို ထုတ်ပြနိုင်ခဲ့၏။
အမှောင်မြစ်ထဲရှိ လက်ဖဝါးကြီးမှာ အောက်သို့ မီတာငါးသောင်းအထိ ဆက်၍ ကျဆင်းသွား၏။ သို့သော် ၎င်းမှာ ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်းမရှိပေ။ နောက်ထပ် ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာသည်နှင့် ထိုလက်ဖဝါးကြီးမှာ မီတာ ခုနစ်သောင်းအထိ ဖောက်ထွက်သွားသည်။ ထို့နောက် ၎င်းမှာ တဖြည်းဖြည်းနှင့် အောက်သို့ ဆက်၍ကျဆင်းသွားပြီး မီတာကိုးသောင်းခုနစ်ထောင်အထိ ရောက်ရှိသွား၏။ ထိုအခါမှသာ သူသည် စွမ်းအားများကုန်ခန်းသွားသည်။ သို့သော် သူသည် လက်မလျှော့ချင်သေးသည့်ပုံပင်။ ထို့ကြောင့် သူသည် လေပြင်းမုန်တိုင်းကြီးထဲမှ နေ၍ အသံကုန်အော်ဟစ်လိုက်၏။
ထိုအခါ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာပြီး သူ၏ အမှောင်မီးတောက်မှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုမီးတောက်မှာ သူ၏ ပတ်ပတ်လည်ရှိ လေပြင်းမုန်တိုင်းကြီးအား ဝါးမျိုလိုက်ပြီးနောက် အောက်တွင်ရှိနေသည့် လက်ဖဝါးကြီးထဲသို့ ပေါင်းစည်းဝင်ရောက်သွား၏။ ထို့ကြောင့် ၎င်းမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တုန်ရီသွားပြီး မီတာတစ်သိန်းကျော်အထိ ဖောက်ထွက်သွားပြန်သည်။ ၎င်းမှာ မီတာတစ်သိန်းလေးသောင်းအထိ ရောက်ရှိသွားသောအခါမှ စွမ်းအင်များ လုံးဝကုန်ခန်းသွား၏။ မျက်နှာဖုံးနှင့် ကျင့်ကြံသူမှာမူ အငွေ့အသက်များ မတည်မငြိမ်ဖြစ်နေပြီး ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း လေထဲ၌ ဒယိမ်းဒယိုင်ဖြစ်နေ၏။
အမှောင်ဂိုဏ်းထဲမှ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာ သူ့အား အလွန်အင်မတန်မှ အလေးထားကြပေသည်။ ထို့ကြောင့် သူ လေထဲ၌ ဒယိမ်းဒယိုင်ဖြစ်သွားသည်နှင့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီးလေးယောက်မှာ သူ၏ ဘေး၌ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာကြ၏။ ထို့နောက် သူတို့မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ပရမ်းပတာဖြစ်နေသည့် အငွေ့အသက်များအား တည်ငြိမ်သွားအောင် ထိန်းသိမ်းပေးရန် ကူညီပေးလိုက်ကြသည်။
တစ်ချိန်ထဲမှာပင် သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသည့် အမှောင်ဂိုဏ်းသားများမှာ ဆွံ့အမှင်တက်နေကြရာမှ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသဖြင့် ဆူညံပွက်လောရိုက်သွားကြတော့သည်။
" မီတာ တစ်သိန်းလေးသောင်းတောင် "
" ဒါမှ ငါတို့ရဲ့ နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီးကွ။ အမှောင်ဂိုဏ်းရဲ့ လက်ရှိအမှောင်ကလေးငယ်ကွ "
" သူ တစ်ယောက်တည်းရဲ့ စွမ်းအားတွေနဲ့တင် တခြား အမှောင်ကလေးငယ်တွေ အကုန်လုံးကိုယှဉ်နိုင်စွမ်းရှိနေပြီ။ နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီးကြောင့် ငါတို့ အမှောင်ဂိုဏ်းရဲ့ အနာဂတ်က ထွန်းလင်းတောက်ပနေမှာ သေချာတယ် "
အမှောင်ဂိုဏ်းသားများ အားလုံးမှာ စိတ်လှုပ်တရှားနှင့် အော်ဟစ်အားပေးနေကြ၏။ သို့သော် ခဏအကြာတွင် သူတို့မှာ စိုးရိမ်စိတ်များ ပြန်လည်ကြီးထွားလာကြပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော်... သူတို့၏ နံပါတ်တစ်ဂိုဏ်းတူအစ်ကိုကြီးမှာ ကြောက်ခမန်းလိလိ စွမ်းအားများကို ထုတ်ပြနိုင်ခဲ့သည့်တိုင်အောင် သူတို့မှာ မီတာ တစ်သိန်းခြောက်သောင်းအထိ ထပ်လိုနေသေးသောကြောင့်ပင်။
ထို့ကြောင့် အမှောင်ဂိုဏ်းသားများမှာ ဝမ်ပေါင်လဲ့အား ချက်ချင်းလှမ်းကြည့်လိုက်ကြ၏။ မျက်နှာဖုံးနှင့် ကျင့်ကြံသူမှာလည်း ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေသည်။ သူသည် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမှမပြောပေ။
ဝမ်ပေါင်လဲ့မှာမူ ထို မျက်နှာဖုံးနှင့် ကျင့်ကြံသူအား ကြည့်လိုက်ပြီးနောက် အမျိုးသမီး အမှောင်ကလေးငယ်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ခေါင်းယမ်းကာ ပြုံးလိုက်သည်။ ခဏအကြာတွင် သူသည် ရှေ့သို့ လှမ်းကာ အမှောင်မြစ်ထဲရှိ လက်ဖဝါးကြီး၏ အထက်တွင် ရပ်လိုက်၏။ ထို့နောက် သူသည် လေထဲ၌ ရစ်ဝဲနေသည့် ချန်ရှင်းအား မော့ကြည့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုသေပေးလိုက်သည်။
ချန်ရှင်းမှာလည်း ဝမ်ပေါင်လဲ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ မိုးကောင်းကင်တာအို စွမ်းအားများမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာ၏။ သို့သော် ထိုစွမ်းအားများ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသည့်နှင့် ဝမ်ပေါင်လဲ့တစ်ယောက် ၎င်းတို့အား မစုပ်ယူနိုင်ခင်မှာပင် သူ၏ ဓားအိမ်လေးမှာ ၎င်းတို့အား စုပ်ယူပစ်လိုက်တော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် နှင့် ရှက်ကိုးရှင်ကန်း ဖြစ်သွား၏။
ချန်ရှင်းမှာမူ နှုတ်ဆိတ်နေဆဲပင်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ချန်ရှင်းအား လှမ်းကြည့်၍ ရှုံ့မဲ့မဲ့ မျက်နှာအမူအရာဖြင့် ပြုံးကာ မေးလိုက်တော့သည် " အဲ... ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော့်ကို စွမ်းအားတွေ နည်းနည်းလောက် ထပ်ပေးလို့ ရမလားဗျ “