← Chapters

အမှောင်ဧကရာဇ်၏ စံအိမ်

Vol. 84 Ch. 1168

အမှောင်ဧကရာဇ်၏ စံအိမ်

Vol. 84 Ch. 1168

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ဘေးပတ်ပတ်လည်ရှိ အမှောင်ဂိုဏ်းသားအားလုံးမှာ မျက်နှာအမူအရာများ အထူးအဆန်း ဖြစ်သွားကြ၏။ တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များမှာဆိုလျှင် မျက်လုံးများ ပြူးသွားကြပြီး နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခု သူတို့၏ ရှေ့တွင် မြင်နေရသည့် ဝမ်ပေါင်လဲ့မှာ ယခင်တုန်းနှင့် မတူတော့သောကြောင့်ပင်။ မကြာသေးမီတုန်းကပင်လျှင် သူသည် အေးတိအေးစက်နှင့် မောက်မာဝင့်ကြွားမှုအပြည့် ရှိနေခဲ့ပြီး စကားတစ်ခွန်းမှမပြောဘဲ နှုတ်ဆိတ်နေခဲ့သည် မဟုတ်ပါလော။

သို့သော် ယခုတွင်မူ သူ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့်အမူအရာဖြင့် ထိုစကားများကို ပြောလိုက်သည်နှင့် သူ၏ အငွေ့အသက်များမှာ စကားလုံးများဖြင့် အတိအကျ ဖော်ပြ၍မရနိုင်လောက်အောင် ပြောင်းလဲသွားတော့သည်။

ထိုအချက်မှာ အရေးကြီးဆုံးမဟုတ်သေးပေ။ အမှောင်ဂိုဏ်းသားများအား ပို၍ အံ့အားသင့်သွားစေသည့်အချက်မှာ မိုးကောင်းကင်တာအိုစွမ်းအားများ လုံးဝပျောက်ကွယ်သွားခြင်းပင်။ သူတို့မှာ ထိုစွမ်းအားများ ထွက်ပေါ်လာသည်ကို အာရုံခံမိခဲ့ပါသော်လည်း တစ်အောင့်ခန့်အကြာတွင် ၎င်းတို့မှာ ဝါးမျိုစုပ်ယူခံလိုက်ရသည့်အလား အစအနရှာမရလောက်အောင် ပျောက်ကွယ်သွားသည် မဟုတ်ပါလော။

ထိုမြင်ကွင်းကြောင့် သူတို့အားလုံးမှာ ဆွံ့အသွားကြ၏။

ဝမ်ပေါင်လဲ့မှာမူ အလွန်အင်မတန်မှ အရှက်ရနေပြီဖြစ်သည်။

သူသည် အတွေးများထဲ၌ နစ်မျောနေခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေး မိုးကောင်းကင်တာအို၏ စွမ်းအားများအား အကဲခတ်စောင့်ကြည့်နေခဲ့သည့်အချက်ကို မေ့လျော့သွားခဲ့၏။ ယခုတွင် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ထုတ်ပေးခဲ့သည့် မိုးကောင်းကင်တာအို စွမ်းအားများထဲမှ အချို့အဝက်အား မတော်တဆ ဝါးမျိုမိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် အမှောင်မြစ်ထဲရှိ လက်ဖဝါးပုံစံ လိုဏ်ခေါင်းကြီးအား ဆက်ဖောက်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့်လည်း ယခုတွင် သူသည် အခြားရွေးချယ်စရာမရှိတော့သဖြင့် အောင့်အည်းသည်းခံကာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား စကားလှမ်းပြောလိုက်ရခြင်းဖြစ်သည်။

ချန်ရှင်းမှာမူ နှုတ်ဆိတ်နေ၏။ သူသည် ခံစားချက်မပါသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေပါသော်လည်း စိတ်ထဲတွင်မူ ကြံရာမရ ဖြစ်နေသည့်အလား ခံစားလိုက်ရသည်။ တစ်အောင့်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် သူ၏ ပတ်ပတ်လည်ရှိ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြသည့် အမှောင်ဂိုဏ်းသားများ၏ ရှေ့တွင် ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ လက်ညှိုးထိုးလိုက်ပြန်သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာလည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းထုတ်လွှတ်ကာ အစွမ်းကုန်ထုတ်၍ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးအား ဖိနှိပ်ချုပ်တည်းလိုက်၏။ ထို့အပြင် သူသည် စိတ်ထဲ၌ လှမ်း၍ ခြိမ်းခြောက်လိုက်သေးသည်။

" ထပ်ပြီးတော့မစုပ်ယူနဲ့တော့။ ငါ မင်းကို သတိပေးထားတယ်နော် "

သူ၏ ခြိမ်းခြောက်မှု အလုပ်ဖြစ်သွားသောကြောင့်လား သို့မဟုတ် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ၏ ဖိနှိပ်ချုပ်တည်းမှု အလုပ်ဖြစ်သွားသောကြောင့်လားတော့ မသိပေ။ မိုးကောင်းကင်တာအို စွမ်းအားများ ဆင်းသက်လာချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာ ၎င်း၏ စိတ်ဆန္ဒများကိုချုပ်တည်းကာ ထို စွမ်းအားများအား မစုပ်ယူမိစေရန် အကောင်းဆုံးကြိုးစားလိုက်၏။ ထို့ကြောင့် မိုးကောင်းကင်တာအို စွမ်းအားများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပြည့်နှက်သွားသည်။ ထို စွမ်းအားများမှာ သူ၏ အမှောင်မီးတောက်အား အားဖြည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် တစ်အောင့်ခန့်အကြာတွင် ၎င်းမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထို အမှောင်မီးတောင်မှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ချက်ချင်းထိုးထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ မျက်စိတစ်မှိတ် အတွင်းတွင် ၎င်းမှာ မီတာတစ်ရာ၊ မီတာထောင်၊ မီတာတစ်သောင်းအထိ မြင့်မားသွား၏။

ထို အမှောင်မီးတောက် ပေါက်ကွဲထွက်ပေါ်လာသည်နှင့် ဘေးပတ်ပတ်လည်ရှိ အမှောင်ဂိုဏ်းသားများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး နောက်သို့ဆုတ်ခွာသွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား မည်မျှပင် မနှစ်မြို့စေကာမူ မိုးထိုလုမတတ် မြင့်မားနေသည့် သူ၏ အမှောင်မီးတောက်အား မြင်လိုက်ရချိန်တွင် နှလုံးသားထဲ၌ တုန်လှုပ်ချောက်ချားသွားကြရသည်သာ ဖြစ်သည်။

တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များပင်လျှင် ထိုကဲ့သို့ဖြစ်သွားကြ၏။ သူမ၏ စွမ်းအားအစစ်အမှန်အား ဖုံးကွယ်ထားသော အမျိုးသမီးကျင့်ကြံသူမှာမူ မျက်လုံးများ မှေးသွားသည်။ မျက်နှာဖုံး တပ်ထားသည့် နံပါတ်တစ်ဂိုဏ်းတူအစ်ကိုကြီးမှာမူ မျက်ဝန်းများ စူးရှစွာတောက်ပသွား၏။

လူအုပ်ကြီးတစ်ခုလုံး အံ့သြတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် တဟုန်းဟုန်း တောက်လောင်နေသည့် အမှောင်မီးတောက်ကြီးတစ်ခု ဝန်းရံထားပြီဖြစ်သည်။ ထို့ကြောင့် သူသည် တန်ခိုးရှင်တစ်ယောက်နှင့်ပင် ဆင်တူနေ၏။ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေပြီး သူ၏ အငွေ့အသက်ကြောင့် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ တုန်ရီနေရသည်။ အောက်တွင်ရှိနေသည့် အမှောင်မြစ်ကြီးမှာလည်း လက်ဖဝါးကြီးအား ဗဟိုပြုကာ လှိုင်းများထလာတော့သည်။

ထိုကဲ့သို့ လှိုင်းများထလာသည်နှင့် အမှောင်မြစ်ထဲ၌ စီးမျောနေကြသည့် ဝိညာဉ်များမှာလည်း ပြန်လည်ပေါ်ပေါက်လာကြသည်။ ၎င်းတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ အော်ဟစ်မြည်တမ်းလိုက်ကြ၏။ သို့သော် သူတို့၏ မျက်ဝန်းများထဲတွင်မူ ကြောက်စိတ်များကို အတိုင်းသားမြင်နေရသည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဖိနှိပ်အားတစ်မျိုး ထွက်ပေါ်လာနေသည့်အလားပင်။ သူသည် သူ တစ်ယောက်တည်း မြစ်ကြီးတစ်စင်းလုံးအား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေတော့သည်။

ထို အခြင်းအရာမှာ လုံးဝမဖြစ်နိုင်ပါသော်လည်း ယခုတွင်မူ လူတိုင်းမှာ ထိုသို့လး အမှန်တကယ် ဖြစ်လာနေပြီဟု ခံစားနေရ၏။

" မဖြစ်နိုင်တာ "

" သူက အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေရင်တောင် သူ့ရဲ့ အမှောင်မီးတောက်ကို ဒီလောက်အထိ အစွမ်းထက်လာအောင် လုပ်နိုင်စရာအကြောင်း မရှိဘူးလေ "

" သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်အရဆိုရင် သူ အခုလို လုံးဝလုပ်နိုင်မှာမဟုတ်ဘူး။ မဟုတ်မှလွဲရော... သူနဲ့ အမှောင်ဂိုဏ်းရဲ့ကြားမှာ အားကောင်းတဲ့ အချိတ်အဆက်တွေ ရှိနေတာလား "

အမှောင်ဂိုဏ်းသားများ အုန်အော်သောင်းနင်း ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့သည် တစ်စုံတစ်ခုမှာ ယခင်တုန်းကနှင့် မတူတော့သည်ကို အာရုံခံမိလိုက်၏။ မိုးကောင်းကင်တာအို၏ စွမ်းအားမှာ အားဖြည့်ပစ္စည်းများနှင့် ကောင်းချီးပေးမှုများနှင့်လည်း တူ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ အတားအဆီးမရှိ ထွက်ပေါ်လာတော့သည်။ ထို့အပြင် သူသည် သူ၏အောက်ရှိ အမှောင်မြစ်ထဲမှ ဆင့်ခေါ်သံတစ်သံ ထွက်ပေါ်လာနေသည်ကိုပင် မသဲမကွဲ ကြားနေရပြီဖြစ်သည်။

ထို ဆင့်ခေါ်သံမှာ သူ၏ ဝိညာဉ်နှင့် အမှောင်မီးတောက်တို့အပေါ် အကျိုးသက်ရောက်မှုရှိနေပြီး ၎င်းတို့နှင့် ထပ်တူကျသွားသည့်အလားပင်။ ထို့ကြောင့်လည်း သူ၏ အမှောင်မီးတောက်မှာ ယခုလောက်အထိ ပေါက်ကွဲထွက်ပေါ်လာရခြင်းဖြစ်သည်။

စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လူတိုင်း၏ ရှေ့၌ ခေါင်းငုံ့ကာ သူ့အား ဆင့်ခေါ်နေသည့် အမှောင်မြစ်ကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ အမှောင်မြစ်ထဲရှိ လက်ဖဝါးကြီးဆီသို့ ဆန့်ထုတ်လိုက်တော့သည်။

ထိုအခါ လေထုထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး ငရဲကိုးထပ်မှာ အပြင်းအထန် တုန်ရီသွား၏။ သူ၏ ရှေ့တွင်မူ ဧရာမ လက်ဖဝါးကြီးတစ်ခု ပေါ်ပေါက်လာသည်။ မရေမတွက်နိုင်လောက်အောင် များပြားသည့် အမှောင်မီးတောက်များမှာလည်း အရပ်မျက်နှာအနှံ့မှနေ၍ ထိုးထွက်လာကြပြီး လက်ဖဝါးကြီးဆီသို့ စုဝေးလာကြ၏။ ထိုအဖြစ်အပျက်များအား ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း ၎င်းတို့မှာ လျှပ်တစ်ပြက်အတွင်း ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်... တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့နှင့် အခြားသူများ၏ ရှေ့၌ ပေါ်ပေါက်လာသည့် လက်ဖဝါးကြီး၏ ဗြက်မှာ မီတာတစ်သောင်းနီးပါး ရှိသွား၏။ ၎င်းထဲတွင်မူ သက်ရှိများအားလုံး၏ ဝိညာဉ်များကို မီးလောင်တိုက်သွင်းပစ်နိုင်စွမ်းရှိသော အမှောင်မီးတောက်များ ကိန်းအောင်းနေသည်။

" သွား " ဝမ်ပေါင်လဲ့ ထိုသို့အော်လိုက်သည်နှင့် ထို အမှောင်မီးတောက်လက်ဖဝါးကြီးမှာ အံ့သြတုန်လှုပ်ဖွယ်ရာ ထစ်ချုန်းသံများနှင့်အတူ အမှောင်မြစ်ဆီသို့ ဦးတည်သွား၏။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ အမှောင်မြစ်၏ ရေမျက်နှာပြင်ပေါ်၌ ရှိနေပြီးသားဖြစ်သော လက်ဖဝါးကြီးနှင့် တစ်ထပ်တည်း ဖြစ်သွားပြီး အောက်သို့ ဆက်လက်ကျဆင်းသွားတော့သည်။

ထို့ကြောင့် ခဏအကြာတွင် ထို လက်ဖဝါးကြီး၏ အနက်မှာ မီတာရှစ်သိန်းအထိ ရောက်သွား၏။ ထိုအခါ အမှောင်မြစ်ထဲမှ ဗလုံးဗထွေးဖြစ်နေသည့် ထစ်ချုန်းသံများထွက်ပေါ်လာပြီး ဝိညာဉ်ပေါင်းမြောက်မြားစွာမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားကြသည်။ တစ်ချိန်တည်းမှာပင် မိုးကောင်းကင်တာအို လက်ဖဝါးကြီးမှာ အောက်သို့ ဆက်လက်ကျဆင်းသွားပြန်သည်။

မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ မီတာကိုးသိန်းအထိ ရောက်သွား၏။ ထို့နောက် ၎င်းမှာ မီတာကိုးသိန်းခွဲအထိ ရောက်သွားသည်။ နောက်ဆုံးတွင် ၎င်းမှာ မီတာတစ်သန်းအထိ ရောက်သွားတော့သည်။

ထို လက်ကြီးမှာမူ အားအင်အပြည့် ရှိနေသေးသည့်ပုံပင်။ သို့သော် ၎င်းမှာ အောက်သို့ ဆက်၍ မဆင်းနိုင်တော့သဖြင့် အရပ်မျက်နှာအနှံ့သို့ ပြန့်ကားသွား၏။ ထို့ကြောင့် မီတာတစ်သောင်းခန့် ဗြက်ရှိသော လက်ဖဝါးကြီးမှာ စတင် တုန်ရီလာတော့သည်။ ၎င်း၏ ဗြက်မှာ မီတာတစ်သောင်းမှ မီတာသုံးသောင်းအထိ ပြန့်သွား၏။

သို့သော် ထိုမျှလောက်နှင့် ရပ်တန့်မသွားသေးပေ။ ၎င်းမှာ ဆက်လက်ပြန့်ကားနေဆဲ ဖြစ်သောကြောင့် နောက်ဆုံးတွင် မီတာခုနစ်သောင်းအထိ ရောက်ရှိသွား၏။ ထိုအခါမှသာ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ၎င်းမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

တို့မြင်ကွင်းကြောင့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များနှင့် မျက်နှာဖုံးတပ်ထားသည့် နံပါတ်တစ်ဂိုဏ်းတူအစ်ကိုကြီးတို့သာမက အကြီးပိုင်းမျိုးဆက်ထဲမှ အစွမ်းထက်ကျင့်ကြံသူများ အပါအဝင် အမှောင်ဂိုဏ်းသားအားလုံးမှာ ရင်ခုန်နှုန်းများ ဗြောင်းဆန်သွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြသည်။

" ဒါ.... ဒါ... "

" ဟုတ်ရောဟုတ်ရဲ့လား "

" မဖြစ်နိုင်တာ "

သူတို့သည် ဝမ်ပေါင်လဲ့မှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း နားလည်သွားကြ၏။ သူနှင့် အမှောင်ဂိုဏ်း၏ ကြားရှိ အချိတ်အဆက်မှာ အခြား အမှောင်ကလေးငယ်များအားလုံးထက် အဆပေါင်းများစွာပို၍ သာလွန်နေသည်ကို သိနိုင်ပေသည်။

ချန်ရှင်းပင်လျှင် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်နေလိုက်၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ အမှောင်မီးတောက်လက်ဖဝါးကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ အမှောင်မြစ်မှာလည်း တဖြည်းဖြည်းနှင့် ပြန်၍ ငြိမ်သက်သွားသည်။ ထိုအခါ သူတို့အားလုံးမှာ မီတာခုနစ်သောင်း ဗြက်ရှိသော လက်ဖဝါးပုံစံ လိုဏ်ခေါင်းကြီး၏ အဆုံးတွင်ရှိနေသည့်အရာကို မြင်လိုက်ရတော့သည်။

၎င်းမှာ အမှောင်မြစ်၏ မြစ်ကြမ်းပြင်အစစ် မဟုတ်နိုင်ပေ။ ထိုနေရာတွင် အောက်ခြေအား မမြင်နိုင်သည့် တောင်ကြီးတစ်လုံးရှိနေ၏။ သူတို့အားလုံးမှာ ထိုတောင်ကြီး၏ တောင်ထိပ်အား လှမ်းကြည့်နေကြခြင်းဖြစ်သည်။ ထိုတောင်ထိပ်ပေါ်တွင်...

သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ ရုပ်တုတစ်ခုရှိနေ၏။ သူသည် အားအင်များကုန်ခန်းနေသည့် အမူအရာဖြင့် ထိုင်နေသည်။ ထို့အပြင် သူသည် ခေါင်းငုံ့ကာ အောက်သို့ ငေးကြည့်နေ၏။ သူ၏ မျက်နှာအမူအရာမှာ ခံစားချက်များ ကင်းမဲ့နေသည့်ပုံ ပေါ်ပါသော်လည်း သူ့ဆီမှ အလွန်အင်မတန်မှ အားကောင်းသည့် သေမင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ သို့ဖြစ်ရာ သူသည် အမှောင်မြစ် မြစ်ဖျားခံရာ နေရာတစ်ခု ဖြစ်နေသကဲ့သို့ပင်။

သူ၏ ခြေထောက်အောက်တွင် ဘုရားကျောင်း တစ်ကျောင်း ရှိနေ၏။ ၎င်း၏ ပုံစံမှာ တမူထူးခြားနေခြင်း မရှိပေ။

သို့သော် ထူးဆန်းသည့် အချက်တစ်ချက်တော့ ရှိပေသည်။ ထို ဘုရားကျောင်းတစ်ကျောင်းလုံးမှာ အနက်ရောင်ဖြစ်နေခြင်းပင်။

" ဒဏ္ဍာရီလာ... အမှောင်ဧကရာဇ် စံအိမ် " ထိုအချိန်တွင် အမှောင်ဂိုဏ်း၏ အကြီးပိုင်းမျိုးဆက်ထဲမှ ကျင့်ကြံသူကြီးတစ်ယောက်မှာ စိတ်လှုပ်ရှားလွန်းနေသောကြောင့် ကတုန်ကယင်ဖြစ်နေသည့် လေသံဖြင့် ရေရွတ်လိုက်၏။

All Chapters