မူလ မိုးကုပ်စက်ဝိုင်း
Vol. 18 Ch. 250
ထိုအချိန်တွင်ပင် အိုရီက သူ့ကို ဆက်သွယ်လာ၏။ သူ့အနေဖြင့် အတွေးတစ်ချက်ဖြင့်ပင် ဤနေရာသို့ ဝင်လာနိုင်သလို အတွေးတစ်ချက်ဖြင့်ပင် ထွက်ခွာသွားနိုင်ပေလိမ့်မည်။ ဘုရင်မှာလည်း ထပ်တူညီစွာပင် အတည်ပြု၏။
သို့သော်လည်း ဧဒင်နှင့် ခရာတိုတို့မှာမူ သူ့အား ဆက်သွယ်ခြင်း မပြုကြချေ။ ဝေ့ဝူယင် ထိုအတွက် ဝမ်းသာမိ၏။ အမှန်အတိုင်း ဝန်ခံရပါက သူ ခရာတို၏ ကမ္ဘာအတွင်း မဝင်ချင်ပေ။ ရှည်လျားကာ အကွေ့အကောက်များလှသည့် အတိတ်နေ့ရက်များသို့ ပြန်လည် ခံစားရန်ထက် မီးပုံအတွင်းကိုသာ သူ ခုန်ဆင်းလိုက်ချင်သည်။
ဝေ့ဝူယင် ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်၏။ သူသည် ကောက်ကြောင်းတစ်ခု အသွင်ဖြင့်သာ တည်ရှိနေသည်။ သို့သော်လည်း သူသည် အဆုံးမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသလို ခံစားနေရ၏။ ဤလောကရှိ အရာအားလုံးကို သူ ထိန်းချုပ်နိုင်ပေသည်။
ဝှစ်...
အတွေးတစ်ချက်ဖြင့်ပင် ဆန်းကြယ် ဆေဘာ ကြယ်တာရာ အမြုတေထဲသို့ သူ ပြန်လည် ရောက်ရှိသွား၏။ ထပ်တူညီသော ခံစားချက်က ပြောင်းလဲခြင်း မရှိချေ။ ကြည့်ရသည်က သူ ခွဲထုတ်လိုက်သည့် ဝိညာဥ်လေးခုမှာ ကြယ်တာရာ အမြုတေများထဲတွင် အခွံများ သဖွယ် ဖြစ်နေဟန် ရသည်။ သူ၏ စိတ်မှာ ထိုအခွံများမှ တစ်ဆင့် လောကများကို လွတ်လွတ်လပ်လပ် ကူးလူး ဝင်ရောက်နိုင်သည်။
ထိုအရာ မည်ကဲ့သို့ ဖြစ်ပျက်သွားကြောင်း ဝေ့ဝူယင် အတိအကျ မသိပါချေ။ သို့သော်လည်း ခရာတိုနှင့် ဧဒင်တို့၏ ငြိမ်သက်နေပုံကို ထောက်ရှုရပါက ဘုရင်နှင့် အိုရီတို့သာလျှင် ထိုစွမ်းရည်ကို ပိုင်ဆိုင်ထားပုံ ရသည်။ ယင်းက “ဆန်းကြယ်” ဆိုသော စကားလုံးကြောင့် ပေါ်ပေါ်လာသည့် တစ်စုံတစ်ရာ ဖြစ်နိုင်ပေသည်။ မည်သို့ပင် ဆိုစေ... သူသည် အိုရီနှင့် ဘုရင်တို့၏ ကမ္ဘာကို ဆန္ဒရှိသလို ဝင်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။
မကြာခင်မှာပင် ဝေ့ဝူယင်သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ပြန်လည် ချိတ်ဆက်လာနိုင်ခဲ့၏။ သူသည် လတ်တလောတွင် လုံးဝ အသိစိတ် လွတ်နေသော ပုံစံဖြင့် ရပ်နေကာ သူ၏ စိတ်တစ်စိတ်တစ်ပိုင်းကမူ ထျန်းတျန်အတွင်းတွင် တည်ရှိနေကာ အတွေးများ ကင်းမဲ့သည့်ပုံ ရသည်။
ထိုအရာကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွား၏။ ယင်းကား စိတ်ပြန်လည် ဝင်စားခြင်း ဖြစ်သည်။ သူသည် ထိုစွမ်းရည်ကို အသိစိတ် ပင်လယ်ထဲတွင် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ယခုတွင်မူ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များမှာ မည်သည့် နေရာ၊ မည်သည့် ပုံသဏ္ဌာန်တွင် မဆို တည်ရှိနိုင်ကြောင်း သဘောပေါက် လာခဲ့ပြီ ဖြစ်သည်။ ယင်းမှာ သူ အသိစိတ် လွတ်နေသည့် အချိန်မျိုး၌ ဒုတိယမြောက် စိတ်အနေဖြင့် လှုပ်ရှားနိုင်ပေလိမ့်မည်။
သူ မျက်လုံးများကို မှိတ်ကာ ထိုဒုတိယမြောက် စိတ်နှင့် ဆက်သွယ်လိုက်၏။ ရုတ်ချည်းပင် သူ၏ ဒုတိယစိတ်က မီးတောင်ပေါက်ကွဲသည့် အလား နိုးထလာသည်။ ယခု ဝေ့ဝူယင်တွင် အမြင်အာရုံ နှစ်ခု ရှိနေခဲ့ပြီ ဖြစ်၏။ တစ်ခုက ထျန်းထျန်အတွင်း မြင်ကွင်း ဖြစ်ကာ တစ်ခုကမူ အပြင်ကမ္ဘာ မြင်ကွင်း ဖြစ်သည်။ စမ်းသပ်မှု အနည်းငယ် အတွင်းမှာပင် သူ ဒုတိယစိတ်ကို လွယ်ကူစွာ ထိန်းချုပ်လာနိုင်လာခဲ့၏။ တစ်ခဏကြာပြီးနောက် သူ ဒုတိယမြောက်စိတ်ကို ချိပ်ပိတ်ကာ အသိစိတ် ပင်လယ် အတွင်း ပြန်လာခဲ့သည်။
အပြည့်အဝ ပြန်လည် နိုးထလာသော အခိုက်၌ သူ ကြီးမားသည့် ကွာခြားချက်များကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်သည် အလင်းစ တစ်ခုလို ပေါ့ပါးနေကာ ကြောက်မက်ဖွယ် ကောင်းအောင် များပြားသော မန်နာများမှာ သူ့ကို ဝန်းရံနေကြ၏။ သူ ခန္ဓာကိုယ်အား တစ်ချက် ဆန့်တန်းလိုက်သည်။ ထိုအခါ အတွေးတစ်ချက်ပင် မပါပါပဲ လောက၏ မန်နာများမှာ သူ့နံဘေးမှ လိုက်လံ ရွေ့လျားလာကြ၏။
ဝေ့ဝူယင်မှာ ထိုတွေ့ရှိမှု အသစ်ကြောင့် စိတ်လှုပ်ရှားလာခဲ့၏။ သူ ကောင်းကင်ဖိအားနှင့် အတူ မန်နာများကို လက်တွင် စုစည်းကာ ရှေ့သို့ အနည်းငယ် တွန်းထုတ်လိုက်၏။
ဝှစ်... ဘုန်း...
မထင်မှတ်စွာပင် သူ၏ လှုပ်ရှားမှုက အတော်လေး ပြင်းထန်သွားခဲ့သည်။ သူ့ဆီမှ စီးဆင်းသွားသည့် မန်နာများသည် အလွန်ပင် အင်အားကြီးမားပြီး ကောင်းကင်နန်းတော် တစ်ခုလုံးကို အုပ်မိုးသွားသည်။ အကာအကွယ် အစီအရင်များ၊ ဝင်္ကပါများမှာ ချက်ချင်းပင် နိုးထလာခဲ့ကြသော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်နန်းတော် တစ်ခုလုံး ပြိုကျသွားလေတော့သည်။
ဝေ့ဝူယင်၏ မျက်လုံးများက ထိတ်လန့်တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားလေ၏။ လျှင်မြန်စွာပင် မယုံကြည်နိုင်ခြင်းက ထိုနေရာများ၌ အစားထိုးသွားသည်။ သူ၏ ကောင်းကင်နန်းတော်ကို ကြယ်တာရာ အမြုတေ အဆင့်သုံး တစ်ယောက်ပင် ဖျက်ဆီးရန် အတော်လေး အားထုတ်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ...
ဝေ့ဝူယင်မှာ ငိုချင်နေသော်လည်း မျက်ရည်က ထွက်မလာခဲ့ချေ။ သူ၏ နေအိမ်ကား ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။ ကြိုတင် သတိမပေးခဲ့ခြင်း အတွက် ကြယ်တာရာ ဝိညာဥ်များအား အပြစ်တင်ရန် သူ ဆက်သွယ်လိုက်၏။ သို့သော်လည်း ၎င်းတို့မှာ အသွင်ပြောင်းလဲမှု ဖြစ်စဥ်များကို ဖြတ်ကျော်နေရဆဲ ဖြစ်ပုံပေါ်သည်။
“မူလ အမတေ... မိုးကုပ်စက်ဝိုင်း မူလအဆင့်...”
သူ ညင်သာစွာ သက်ပြင်းချလိုက်စဥ်မှာပင် အသံတစ်ခုကို ကြားလိုက်ရ၏။ ပြောလိုက်သူကား ဧဒင်ပင် ဖြစ်သည်။
"မူလ မိုးကုပ်စက်ဝိုင်း အဆင့်..."
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ ထိုအရာက အဘယ်နည်း။ ကြယ်တာရာ ဝိညာဉ်များ၏ အသွင်ပြောင်းခြင်း ဖြစ်စဉ်က ထို မူလ မိုးကုပ်စက်ဝိုင်း ဆိုသည့် အဆင့်ကို ဦးတည် နေသည်လား။
ထိုအတွေးနှင့် အတူ အဆုံးမဲ့ စိတ်လှုပ်ရှားမှု တစ်ခုမှာ သူ၏ စိတ်၊ နှလုံးသား၊ ဝိညာဉ်တို့တွင် ပေါက်ကွဲ ထွက်ပေါ်လာလေ၏။ ထိုအရာအား ရှာဖွေရန် သူ စိတ်အား ထက်သန် နေခဲ့ပြီ ဖြစ်သည်။
…
ကောင်းကင်နန်းတော်၏ ပြိုကျ ပျက်စီးမှုက ဝေ့ဝူယင်ကို အတော်လေး စိတ်ထိခိုက်စေခဲ့၏။ အဂ္ဂိရတ် ခန်းမမှ အစ အိပ်ခန်းအထိ အရာအားလုံး ပြိုကျသွားခဲ့ခြင်း ဖြစ်သည်။ အနှမြောဆုံးကား သူ စုဆောင်းထားသည့် ပုရပိုက်များ၊ စာအုပ်များနှင့် အတွေးအခေါ်၊ အတွေ့အကြုံနှင့် ကိုယ်ပိုင် ကျင့်စဉ်များကို ချရေးထားသည့် မှတ်စု စာအုပ်များစွာ ရှိပေသည်။
ဝှစ်... ဝှစ်...
ဝေ့ဝူယင် လျှင်မြန်စွာပင် အပျက်အစီးများကို ဖြဲခွဲကာ ရှာဖွေလိုက်၏။ တော်သေးသည်။ သူ၏ မှတ်တမ်း အများစုမှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိပဲ ကျန်ရစ်နေဆဲ ဖြစ်သည်။ ၎င်းတို့က ဖုန်များ အမှိုက်များ ပေကျံသွားရုံသာ ရှိ၏။
သိပ်မကြာခင်မှာပင် ဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံသူ အချို့မှာ သူ့ထံသို့ ရောက်ရှိလာကြသည်။ သူတို့သည် မူလ အင်ပါယာ သူတော်စင်များနှင့် ကောင်းကင်ဗိုလ်ချုပ်များပင် ဖြစ်ကြပြီး မဟာ အင်ပါယာ သူတော်စင်၏ အမိန့်ပေးမှုကြောင့် ပေါက်ကွဲသံကို လာရောက်စုံစမ်းကြခြင်း ဖြစ်သည်။
အပျက်အစီးပုံဖြစ်နေသည့် ကောင်းကင်နန်းတော်နှင့် မတ်တပ်ရပ်နေသည့် ဝေ့ဝူယင်တို့ကို ကြည့်ရင်း သူတို့ ဘာပြောရမှန်း မသိ ဆွံ့အ သွားကြ၏။ အတန်ကြာပြီးနောက်မှ...
“ကောင်းကင်ဧကရာဇ်ဝေ့... ဒါက... ဘယ်လိုဖြစ်သွားတာလဲ”
စိမ်းပြာရောင်တောက်နေသော ပါးဟက်များနှင့် အကြေးခွံတို့ရှိသော လူလတ်ပိုင်း ရှို့ရန်မျိုးနွယ် တစ်ယောက်က မေးလိုက်၏။ သူ၏ နာမည်မှာ ဘီလူး ဖြစ်ပြီး ဖန်တီးခြင်း တောင်ထွတ်၏ ကောင်းကင်ဗိုလ်ချုပ် တစ်ယောက် ဖြစ်သည်။ သူသည် ဗိသုကာ ပညာရပ်ကို အလွန် ကျွမ်းကျင်ကာ ရေစွမ်းအင်ဖြင့် ဝင်္ကပါများ၊ အစီအရင်များ တည်ဆောက်ရာ၌ နာမည်ကြီးသည်။
သို့သော်လည်း ဝေ့ဝူယင်အား ကြည့်သည့် သူ၏ မျက်လုံးများက လေးစားမှုများဖြင့် ပြည့်နှက်နေ၏။ ထိုကောင်းကင်ဧကရာဇ်ငယ် ထာဝရ မင်းသားလေးသည် အလွန် ထူးချွန်ကာ ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်စေသည့် အံ့သြဘနန်း ကိစ္စများကိုသာ ဆောင်ရွက်လေ့သည်။ ယခုတွင်လည်း သူသည် ကောင်းကင်နန်းတော်ကို ဖြိုချခဲ့ပြန်ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ အဆင်မပြေသော မျက်နှာနှင့် ဘီလူးကို ကြည့်လိုက်၏။ လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် ထိုကောင်းကင်နန်းတော်မှာ ပြိုကျသွားသည်ဟု အမှန်အတိုင်း ပြောလျှင် သူတို့ ယုံပါမည်လော။ အဆုံးသတ်၌ သူက ခေါင်းခါရင်း ဖုံးကွယ်ရန်သာ ဆုံးဖြတ်လိုက်သည်။
“ကျုပ် ဒီကောင်းကင်နန်းတော်ကို မကြိုက်တော့လို့ ဖြိုချလိုက်တာ... ပိုပြီး ကောင်းတဲ့၊ ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ ကောင်းကင်နန်းတော်မျိုးကို ကျုပ် လိုချင်တယ်”
ဘီလူးနှင့် အခြား ကျင့်ကြံသူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ဤကောင်းကင် နန်းတော်ကို ဖန်တီးရန် အတွက်ပင် သူတို့ ဆယ်စုနှစ် သုံးခုစာ ကြာခဲ့သည်။ မရေမတွက်နိုင်သော အရင်းအမြစ်များကို သုံးခဲ့ရသည်။
သို့သော်လည်း ဝေ့ဝူယင်သည် ပိုမို ကြီးကျယ်ခမ်းနားသည့် ကောင်းကင်နန်းတော်ကို လိုချင်ရုံဖြင့် ဂိုဏ်း၏ ဆယ်စုနှစ် သုံးခုစာ လုပ်အားများကို ဖြိုချ ဖျက်ဆီး ပစ်ခဲ့သည်။ သို့သော်လည်း ဘာတတ်နိုင်မည်နည်း။ သူကား ဝေ့ဝူယင် ဖြစ်သည်။ ထာဝရ မင်းသားလေး ဖြစ်သည်။ မဟာ အင်ပါယာ သူတော်စင်များ၏ အချစ်တော် ဖြစ်သည်။
ဘီလူး ခေါင်းတစ်ချက် ညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်လေ... ဒီကောင်းကင်နန်းတော်က အတော်လေး အဆင့်နိမ့်ကျတယ်... ကောင်းကင်ဧကရာဇ်ဝေ့လိုလူ အတွက် ဘယ်သင့်တော်ပါ့မလဲ... ကျုပ် လူအင်အား များများ သုံးပြီး ပိုကောင်းတဲ့ နန်းတော်တစ်ခုကို ချက်ချင်း ပြန်ဆောက်ပေးပါ့မယ်”
ဝေ့ဝူယင် အားတောင့်အားနာ ဖြစ်သွား၏။ ကောင်းကင်နန်းတော် တစ်ခု တည်ဆောက်ရန် လိုအပ်သည့် ရင်းမြစ်နှင့် လုပ်အားကို သူ ကိုယ်တိုင်ပင်လျှင် အထင်သေးရဲခြင်း မရှိချေ။ သို့သော်လည်း သူ ကျူးလွန်လိုက်သည့် အမှားကတော့ အမှန်တကယ်ကို မတော်တဆသာ ဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုတာ မသော်လည်း ၎င်းက ပိုမို ကောင်းမွန်သည့် ရလဒ် တစ်ခုကို ဖြစ်ပေါ်စေခဲ့ပေသည်။
သူ ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်၏။ ရုတ်တရက် ထွက်ပေါ်လာသော အတွေးတစ်ခုကြောင့် သူ၏ စိတ်က တုန်လှုပ်သွားသည်။
“မဟုတ်မှလွဲရော ငါ ကောင်းကင်တာအိုရဲ့ လွှမ်းမိုးခံလိုက်ရတာလား...”
သူ ချက်ချင်းပင် ညာဘက်လက်ကို မြှောက်ကာ ကြည့်လိုက်သည်။ ကမ္မတန်ဖိုးက တစ်စုံတစ်ရာ ပြောင်းလဲခြင်း မရှိချေ။
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူ လွှမ်းမိုးခံလိုက်ရသည်တော့ သေချာသည်။ အကြောင်းအရာ တစ်ခုကို တိကျသေချာသော အကြောင်းပြချက် မရှိပဲ လုပ်လိုက်ခြင်းဖြင့် အကျိုးရလဒ် တစ်ခု ထွက်ပေါ်လာခြင်းမှာ ကောင်းကင်တာအို လွှမ်းမိုးခြင်း၏ အခြေခံ သဘောတရား တစ်ခု ဖြစ်သည်။
သူ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းတစ်ချက် ခါလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် မန်နာများမှာ သူ၏ ခန္ဓာကိုယ်ကို ရစ်သိုင်းကာ ကောင်းကင်သို့ ပင့်တင်သွား၏။ မကြာခင်မှာပင် သူ ထိုနေရာမှ ပျောက်ကွယ်သွားလေတော့၏။
“ကောင်းကင် အုပ်စိုးသူ...”
ဘီလူးမှာ ဝေ့ဝူယင်ကို ကြည့်ကာ တုန်လှုပ်မှုကို ခံစားလိုက်ရ၏။ အသက် ငါးဆယ် မပြည့်သေးသည့် ကောင်းကင်အုပ်စိုးသူ... ထို့အပြင် သူသည် အဂ္ဂိရတ် အင်ပါယာလောင်း တစ်ယောက်လည်း ဖြစ်ပေသေးသည်။
ချကချင်းပင် ဘီလူးသည် ဝေ့ဝူယင် အတွက် ကြီးကျယ်ခမ်းနားသော ကောင်းကင်နန်းတော် တစ်ခုကို ပြီးနိုင်သမျှ မြန်မြန်ပြီးအောင် တည်ဆောက်ပေးရန် ဆုံးဖြတ်လိုက်၏။ သို့မှသာ သူ့ထံမှ အထင်ကြီးမှုကို ရယူနိုင်လိမ့်မည် မဟုတ်ပါလား။
***