ကျွင်းနာဂြိုဟ်
Vol. 18 Ch. 252
ကျွင်းနာဂြိုဟ်...
ကျွင်းနာဂြိုဟ်သည် စိမ်းလန်းစိုပြေသော လွင်ပြင်များ၊ သစ်တောများနှင့် မြက်ခင်းပြင် တောင်တန်းများ ဖုံးအုပ်ထားသည့် ဂြိုဟ်တစ်ခု ဖြစ်သည်။ ၎င်း၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ မြေထုထည်ဖြစ်ပြီး ရေထုမှာ နှစ်ဆယ်ရာခိုင်နှုန်းသာ ရှိသည်။ ထိုရေထုမှာ သစ်သားအမတေများ၏ စိမ့်ဝင်မှုကို ခံထားရရာ အကြည်ရောင် မဟုတ်ပဲ အစိမ်းရောင် အဖြစ်သာ တည်ရှိနေသည်။ ဂြိုဟ်ပေါ်၌ ရွာသော မိုးရေသည်ပင် အစိမ်းရောင် ဖြစ်၏။ အချုပ်အားဖြင့် ဆိုရလျှင် ကျွင်းနာဂြိုဟ်မှာ သစ်သား ကျင့်ကြံသူများ အတွက် အလွန် အဖိုး ထိုက်တန်သော တော်ဝင်မြေ တစ်ခု ဖြစ်ပေသည်။
ကျွင်းနာဂြိုဟ်သည် အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေအတွင်း တည်ရှိနေသည့် ဂြိုဟ်သုံးလုံးတွင် အရွယ်အစား အသေးဆုံး ဂြိုဟ် ဖြစ်သလို လူနေ အနည်းဆုံး ဂြိုဟ်လည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေများကြောင့် ကုန်းနေ သားရဲမျိုးစိတ် များစွာကိုသာ အများဆုံး တွေ့မြင်နိုင်ပေသည်။ ကျွင်းနာဂြိုဟ်ကို သားရဲတို့၏ မိခင်ဟုပင် တင်စား ခေါ်ဝေါ်ကြသည်။
ပုံမှန်အားဖြင့် ကျွင်းနာဂြိုဟ်သည် အနန္တဧကရာဇ်ဂိုဏ်းမှ တပည့်များ လေ့ကျင့်ရာ နေရာတစ်ခု ဖြစ်သည်။ သေမျိုးဘုံ တပည့်နှင့် ကမ္ဘာရွေးချယ်ခံ တပည့်များသည် များသော အားဖြင့် ဤနေရာ၌ အခြေခံ စခန်းများ ပြုလုပ်ကာ သားရဲများကို အမဲလိုက် ကြလေ့ရှိသည်။ တစ်ခါတစ်ရံ ကြယ်အဆင့် သားရဲများ၏ တန်ပြန် တိုက်ခိုက်မှုကြောင့် သေဆုံးမှု အချို့ပင် ရှိပေသည်။
အနန္တဝိညာဥ် စမ်းသပ်ပွဲကို အမဲလိုက်နယ်မြေများထဲမှ တစ်ခု၌ ကျင်းပရန် ဆုံးဖြတ်ထားသည်။ ဂိုစဂ်သည် ကြယ်အဆင့် သားရိုင်း အချို့ကို ဖမ်းဆီးကာ တားမြစ်နေရာ တစ်ခု၌ စုစည်းထားသည်။ သို့သော်လည်း ထိုတားမြစ်နေရာ၏ အကျယ်အဝန်းမှာ အနန္တကုန်းမြေတိုက်ကြီး တစ်ခုလုံးထက်ပင် ပိုမို ကျယ်ပြန့်သည်။ ၎င်းကား ကောင်းကင် အုပ်စိုးသူများနှင့် ဝိညာဥ်ဆင်းတု အဆင့်များ ခွန်အား အပြည့်အဝဖြင့် တိုက်ခိုက်နိုင်သည် အထိ လုံလုံလောက်လောက် ကျယ်ပြန့်ပေသည်။
ကျွင်းနာဂြိုဟ်သည် အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေတွင် အသေးဆုံးဂြိုဟ် တစ်ခု ဖြစ်သည့်တိုင် ကုန်းမြေတိုက်ကြီး တစ်ခုထက်တော့ အဆပေါင်း ရာထောင်ချီ ပိုမို ကျယ်ဝန်းဆဲ ဖြစ်သည်။ ထို့အပြင် ၎င်း၏ မာကျောမှုမှာလည်း ခန့်မှန်း၍ မရနိုင်သည့် အဆင့်တစ်ခုတွင် ရှိသည်။
ကုန်းမြေတိုက်ကြီးများနှင့် ဂြိုဟ်များ အကြားတွင် ကြီးစွာသော ကွာခြားချက်များ ရှိ၏။ ကုန်းမြေတိုက်ကြီးများမှာ ဝိညာဥ်ဆင်းတု တစ်ယောက်၏ တိုက်ခိုက်မှုတွင်ပင် အက်ကွဲသွားနိုင်သည့်တိုင် ဂြိုဟ်များမှာမူ ဝိညာဥ်ဆင်းတု အယောက် ရာချီတိုက်ခိုက်လျှင်ပင် ဘာမှ ဖြစ်လိမ့်မည် မဟုတ်ချေ။ နယ်မြေသခင် အဆင့်နှင့် ထိုထက် ပိုမြင့်သည့် ကျင့်ကြံသူများသာလျှင် ဂြိုဟ်များကို ထိခိုက်အောင် လုပ်နိုင်သည့် အစွမ်း ရှိသည်။
ကျွင်းနာဂြိုဟ်၏ ကောင်းကင် ပထမ အလွှာထက်တွင် ကီလိုမီတာ တစ်ရာခန့် ကျယ်ဝန်းသည့် ကျောက်ဖြာကြီး တစ်ခု ရှိနေ၏။ ထိုကျောက်ဖျာကြီးကို အလွန် ကြည်လင်သည့် ကျောက်တစ်မျိုးဖြင့် တည်ဆောက်ထားကာ အလင်းရောင်များမှာ အရိပ်အယောင်ပင် မပေါ်ပဲ ဖောက်ထွင်းနေသည်။ ထိုကျောက်ဖျာထက်၌ ချင်းရိုင်၊ ထို့ပိကျန်း၊ ကျိချန်းကောင်းတို့ အပါအဝင် အင်ပါယာ သူတော်စင်များ၊ မူလ အင်ပါယာ သူတော်စင်များ၊ ကမ္ဘာဗိုလ်ချုပ်များ၊ ကောင်းကင်ဗိုလ်ချုပ်များ ရှိနေခဲ့သည်။
သူတို့သည် အနန္တဝိညာဥ် စမ်းသပ်ပွဲကို အကဲဖြတ်ပေးရန် အတွက် ရောက်ရှိနေကြခြင်း ဖြစ်သည်။ စမ်းသပ်ပွဲတွင် အနိုင်ရရှိသူသည် အဆင့်ရှစ် အာကာ ဝိညာဥ်ဆေးပြားကို ရရှိမည် ဖြစ်ပြီး မဟာ အင်ပါယာ သူတော်စင် တစ်ပါး ဖြစ်လာနိုင်မည့် လမ်းစကို ဖောက်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူတို့ စမ်းသပ်ပွဲကို မစသေးပါ။ ကျောက်ဖြာ၏ အောက်တွင်မူ လူငယ် အုပ်စု နှစ်ခုမှာ စုစည်း ရောက်ရှိနေသည်။ ပထမအုပ်စုရှိ လူငယ်များမှာ အနန္တဧကရာဇ်ဂိုဏ်း ဝတ်စုံကို တစ်ညီတစ်ညာတည်း ဝတ်ဆင်ထားကြသော်လည်း ဒုတိယ အုပ်စုကိုမူ နှစ်ပိုင်း ခွဲ၍ ပြောရလိမ့်မည် ဖြစ်သည်။
ပထမ တစ်ပိုင်းတွင် အဖြူရောင် အင်္ကျီ နောက်ခံတွင် ပခုံး၊ ကျောနှင့် ရင်ဘတ်တို့၌ ကိုးရောင်ခြယ်သော ဝတ်စုံကို ဝတ်ဆင်ထားကြသည့် လူငယ်များ ပါဝင်နေသည်။ သူတို့သည် ရင်ဘတ်များကို ကော့ကာ ဂိုဏ်းတံဆိပ်ကို ဂုဏ်ယူ ဝင့်ကြွားစွာ ဖော်ပြထား၏။ သူတို့ကား ကောင်းကင်ဒြပ်စင်ဂိုဏ်းမှ တပည့်များပင် ဖြစ်သည်။
အရေအတွက်အားဖြင့် ထိုလူငယ်များသည် အနန္တဧကရာဇ်ဂိုဏ်း တပည့်များထက် အဆများစွာ နည်းပါးလှသည့်တိုင် တစ်ယောက်ချင်းစီက အန္တရာယ် အငွေ့အသက်များ ဖြာထွက်နေကာ လျှော့ပေါ့တွက်၍ မရသူများ ဖြစ်သည်။
အခြား အဖွဲ့တစ်ခုမှာမူ သုံးချောင်းထောက် ဆေးအိုးတွင် ကြယ်များ ဝန်းရံနေသည့် တံဆိပ်ပါ အင်္ကျီများကို ဝတ်ဆင်ထားကြသည်။ သူတို့ကား သံသယ ဖြစ်စရာ မလိုအောင်ပင် အဂ္ဂိရတ် အစည်းအရုံးဝင် တပည့်များပင် ဖြစ်ကြသည်။
ကျောက်ဖြာကြီးထက်တွင်မူ အနန္တဧကရာဇ်ဂိုဏ်း ခေါင်းဆောင်များနှင့် အခြား အုပ်စုတစ်ခုမှာ မျက်နှာချင်းဆိုင်ကာ ဆွေးနွေးနေကြ၏။ ထိုအုပ်စုကား ဒြပ်စင်ကောင်းကင်ဂိုဏ်းနှင့် အဂ္ဂိရတ် အစည်းအရုံးမှ အဆင့်မြင့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။ သူတို့ ခန္ဓာယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်နှင့် အရောင်အဝါတို့က အနန္တဧကရာဇ်ဂိုဏ်းမှ လူများထက် အနည်းငယ်ပင် အားနည်းခြင်း မရှိကြချေ။
ချင်းရိုင်၏ မျက်လုံးများက အေးစက်ကာ လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေ၏။ အကယ်၍ ဒြပ်စင်ကောင်းကင် နန်းတော် သီးသန့်သာ ဆိုပါက သူမ စိတ်မထိန်းနိုင်ပဲ တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။ အဂ္ဂိရတ် အစည်းအရုံး ပါဝင်နေမှုကြောင့်သာ သူမစိတ်ကို ချုပ်တီးထားခြင်း ဖြစ်၏။
ကျိချန်းကောင်းက စတင်ကာ စကားပြောလိုက်၏။
”ချင်ကူးယွင်... မင်း အမှိုက်ထုပ်တွေ သယ်ပြီး ရောက်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”
သူ၏ စကားလုံးများက တည့်တိုးဆန်ကာ ပြတ်သားသည်။ ရှင်းလင်းသည်။ သို့သော်လည်း ဒြပ်စင် ကောင်းကင် နန်းတော်မှ လူများမှာမူ ဘာမှ မခံစားရသည့် အလား မတုန်မလှုပ်ပင် ရှိနေကြဆဲ ဖြစ်သည်။ ကျိချန်ကောင်းမှာ ဓားနှင့် ဆေဘာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး အမြဲလိုလို စိတ်ထဲရှိသည့် အတိုင်း တဲ့တိုး ပြောတတ်ကြောင်း သူတို့ သိရှိပြီး ဖြစ်သည်။
“ကျိချန်းကောင်း... မင်း ဒီလောက်ကြီး ရန်လိုစရာ မလိုပါဘူး... မင်းနဲ့ သူတို့ကြားက ပြဿနာကို ပြေလည်အောင် ညှိနှိုင်းပေးဖို့ ငါ သူတို့ကို ခေါ်လာတာ”
ချင်ကူးယွင်က တည်ငြိမ်သော လေသံဖြင့် တုန့်ပြန်လိုက်၏။ သူသည် အယ်ဗန် မှင်စာတစ်ယောက် ဖြစ်ပြီး တောက်ပသော အစိမ်းရင့်ရောင် မျက်လုံးများနှင့် ရွှေရောင် ဆံပင်တို့ကို ပိုင်ဆိုင်ထားသည်။ သူသည် အလွန် ချောမောကာ နတ်ဘုရား တစ်ပါး ကဲ့သို့ ခန့်ညားသူ ဖြစ်သည်။
ချင်ကူးယွင်ကား အဂ္ဂိရတ် အစည်းအရုံး၏ မဟာ အစည်းအရုံးသခင်ပင် ဖြစ်သည်။ သူသည် အဂ္ဂိရတ် အင်ပါယာ တစ်ပါး ဖြစ်သည့် အပြင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် ကျင့်ကြံသူလည်း ဖြစ်သည်။
ကျိချန်းကောင်းက မျက်မှောင်ကြုတ်လိုက်၏။
“ဘာပြဿနာလဲ...”
ချင်ကူးယွင်က ပြုံးလိုက်သည်။
“ဂိတ်တံခါး...”
ချင်ကူးယွင်ထံမှ အဖြေကို ကြားလိုက်ရသည့် လူတိုင်း၏ မျက်လုံးများက အရောင်ပြောင်းလဲ သွားသည်။ ဂိတ်တံခါး ကိစ္စမှာ အလွန် အရေးကြီးကာ ဂိုဏ်းနှစ်ခုကြား စစ်ပွဲတစ်ခု ဖြစ်ပေါ်စေနိုင်သည့် ပြဿနာကြီး ဖြစ်သည်။
ထို့ပိဟန်က ချင်ကူးယွင်ကို ကြည့်လိုက်၏။
“ချင်ကူးယွင်... မင်းက ငါတို့ ပြဿနာကို ပြေလည်စေချင်တာလား...”
ချင်ကူးယွင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဒြပ်စင်ကောင်းကင် နန်းတော်မှ မိန်းမ တစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်၏။
သူမသည် မေးစေ့ချွန်ချွန်၊ အရည်လဲ့နေသော မျက်လုံးများနှင့် ရင်သပ်ရှုမောဖွယ် အလှတရားကို ပိုင်ဆိုင်ထားသည့် မိန်းမလှ တစ်ယောက်ပင် ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် အဖြူရောင် ဆံပင်တိုများနှင့် အပြာရောင် မျက်ဝန်းများက တစ်မျိုးတစ်ဖုံ ကွဲပြားကာ ဆွဲဆောင်မှု ရှိနေ၏။ သူမကား ဒြပ်စင် ကောင်းကင် နန်းတော်သခင် လင်းယုရန်ပင် ဖြစ်လေသည်။
ထို့ပိဟန်၏ မျက်လုံးများက ချင်ကူးယွင်နှင့် လင်းယုရန်တို့ အကြား ကူးပြောင်းသွားသည်။ သူ စိတ်ထဲမှ နေ၍ ချင်ကူးယွင်ကို “ငတုံးမ” ဟု ဆဲလိုက်မိ၏။ သူတို့ ဂိုဏ်းနှစ်ခု အကြားမှ ပြဿနာကို အပြင်လူ ဝင်ရောက် မစွက်ဖက်ခြင်းမှာ အကောင်းဆုံး ဖြစ်သည်။
အဂ္ဂိရတ် အစည်းအရုံးသည် ရိုးရှင်းသော အင်အားစု တစ်ခု မဟုတ်ချေ။ သူတို့ ဘယ်တော့မှ အကျိုးအမြတ် မရှိပဲ မလှုပ်ရှားချေ။ သို့သော်လည်း အနန္တဧကရာဇ်ဂိုဏ်းဘက်မှ ရပ်တည်ချက်ကတော့ ရှင်းသည်။ သူတို့သည် အဂ္ဂိရတ် အစည်းအရုံးကို ဘယ်တော့မှ ဝင်ခွင့် နေရာအချို့ ခွဲပေးလိမ့်မည် မဟုတ်ချေ။
ထို့ပိဟန်မှာ လင်းယုရန်ကို ကြည့်လိုက်မိ၏။ ထိုအမျိုးသမီးကို အလွန် ဉာဏ်ကောင်းသူ တစ်ယောက် အဖြစ် သူ သိထားခဲ့သည်။ သူမက အဘယ်ကြောင့် ယခုလို အန္တရာယ်များသည့် လှုပ်ရှားမှု တစ်ခုကို လုပ်ရသနည်း။
လင်းယုရန်က အပြုံးဖြင့် ပြောလိုက်သည်။
“ခုလို ငြင်းခုန်မှုတွေက ဂိတ်တံခါးထဲကို ဝင်ဖို့ အတွက် မလိုအပ်တဲ့ နှောင့်နှေးမှုတွေကို ဖြစ်ပေါ်စေနိုင်တယ် လို့ ကျွန်မ ထင်တယ်... ရှင်တို့ဂိုဏ်းက လူငယ် မျိုးဆက်တွေ အတွက် စမ်းသပ်ပွဲ တစ်ခု ပြင်ဆင်ထားတယ် လို့ ကျွန်မ သတင်းရထားတယ်... ဒါကြောင့် တစ်ခါတည်း ဖြေရှင်းဖို့ မဖြစ်စလောက် လူငယ် အချို့ကို ကျွန်မဂိုဏ်းကနေ ခေါ်လာခဲ့ပါတယ်”
ချင်ကူးယွင်ကလည်း ခေါင်းတစ်ချက် ညိတ်လိုက်၏။
“လင်းယုရန် ပြောတာကို ကျုပ် သဘောတူတယ်... ကျုပ်ရဲ့ သေးငယ်တဲ့ အဂ္ဂိရတ် အစည်းအရုံးလေးကနေ လူငယ် အချို့ကို ကျုပ် ခေါ်ဆောင်လာခဲ့ပါတယ်... တကယ်လို့ စိတ်မရှိဘူး ဆိုရင် ကျုပ်တို့လည်း ပါဝင် ယှဥ်ပြိုင်ချင်ပါတယ်”
လင်းယုရန်နှင့် ချင်ကူးယွင် နှစ်ယောက်စလုံး၏ စကားလုံးများက တိုက်ရိုက်ဆန်လွန်းလှသည်။ ထိုအရာက အတော်လေး လွန်လွန်းကာ ဘောင်ပင် ကျော်နေခဲ့သည်။
“ဟား... ဟား... ဟား...”
ကျိချန်းကောင်းက ဒေါသတကြီး ထကာ ရယ်မောလိုက်၏။ သူ၏ အသံကြောင့် အောက်ရှိ ကျောက်ဖြာပင်လျှင် တဒုန်းဒုန်း တုန်ခါသွားခဲ့၏။ တစ်ချိန်တည်း၌ ချင်းရိုင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်များ ထွက်ပေါ်လာသည်။ သူမကား တိုက်ခိုက်မည်ဆိုလျှင် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... ထို့ပိဟန်က သူတို့ကို လက်ပြကာ တားလိုက်၏။
“အနန္တဧကရာဇ် ဝိညာဥ် စမ်းသပ်ပွဲက ကောင်းကင်ဧကရာဇ်ဝေ့ရဲ့ အာကာသ ဝိညာဥ် ဆေးပြား အတွက် ထိုက်တန်တဲ့လူကို ရွေးချယ်တဲ့ ပွဲပါ... ဘယ်လိုအကြောင်းပြချက်နဲ့မှ ဝင်နှောက်ယှက်တာကိုမှ ကျုပ်တို့ ခွင့်မပြုနိုင်ဘူး”
ထို့ပိဟန် ‘ကောင်းကင်ဧကရာဇ်ဝေ့’ ဆိုသော အသုံးအနှုန်းကို သုံးနှုန်းလိုက်ချိန်၌ ချင်ကူးယွင်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားသည်။ သို့သော်လည်း သူက အလျှင်အမြန်ပင် ထိုအရာကို ဖုံးကွယ်ကာ ပြောလိုက်၏၊
“ခင်ဗျား မှန်ပါတယ်... ဒီတိုင်း သက်သက်ဝင်ပြိုင်မယ် ဆိုရင် နှောက်ယှက်သလို ဖြစ်နေမှာပေါ့... ဘယ်မျှတပါ့မလဲ... ပထမဆု အတွက် ကျုပ်တို့ဘက်က တစ်ခုခု တည့်မယ် ဆိုရင် ဘယ်လိုလဲ... အနိုင်ရတဲ့ လူက ဆုတွေ အားလုံးကို ယူနိုင်တယ်... အဲဒါဆိုရင်ရော ဘယ်လိုလဲ... မျှတသွားပြီမလား”
“ဆုတွေ အားလုံး...”
ချင်းရိုင်၏ မျက်လုံးများက တောက်ပသွားသည်။ ထိုသို့ဆိုလျှင်တော့ ပြိုင်ပွဲက အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းသွားလိမ့်မည် ဖြစ်သည်။
လင်းယုရန်က အနည်းငယ် ပြုံးလိုက်၏။
“မဟာ အစည်းအရုံးသခင် ချင်ကူးယွင် ပြောတာကို သဘောတူတယ်... ကျွန်မတို့ ဒြပ်စင်ကောင်းကင် နန်းတော်ဘက်က ဝိညာဥ်မန်နာ တစ်စက် ထည့်မယ် ဆိုရင်တော့ ဘယ်လိုလဲ”
“ဝိညာဥ် မန်နာတစ်စက်...”
အနန္တဧကရာဇ်ဂိုဏ်း အကြီးအကဲများ၏ မျက်လုံးများမှာ အရောင်ပြောင်းလဲသွား၏။
ဝိညာဥ်မန်နာ...
ဝိညာဥ်မန်နာများသည် အလွန်ရှားပါးကာ ဝိညာဥ်ကွင်းများကို တိုးမြှင့်ပေးနိုင်သည့် ဂုဏ်သတ္တိတစ်မျိုးကို ပိုင်ဆိုင်ထားသည်။
ထို့ပိဟန် ကဲ့သို့သော ကျင့်ကြံသူ ပင်လျှင် ဝိညာဥ်မန်နာ တစ်စက်ကို ရရှိပါက သူ၏ ဝိညာဥ်ဆင်းတုကို ကွင်းခြောက်ကွင်းမှ ရှစ်ကွင်းအထိ အဆင့်မြှင့်တင်နိုင်လိမ့်မည် ဖြစ်သည်။ ၎င်း၏ တန်ဖိုးမှာ အဆင့်ရှစ် အာကာသ ဝိညာဥ်ဆေးပြားထက် နည်းနည်းမျှ လျော့နည်းလိမ့်မည် မဟုတ်ပါချေ။
ချင်ကူးယွင်က လင်းယုရန်နှင့် အတိုင်အဖောက် ညီညီပင် အသံကို မြှင့်လျှက် ဆိုလိုက်၏။
“ကျုပ်ဘက်ကလည်း မူလ ဝိညာဥ်ဆေးပြား တစ်ခု ထည့်မယ်”
“ ... “
မူလဝိညာဥ် ဆေးပြားသည် အဆင့်ရှစ် ဆေးပြားတစ်ခုနှင့် ဆင်တူပြီး ၎င်းက ကြယ်တာရာ ဝိညာဥ်ကို မြှင့်တင်နိုင်သည့် အစွမ်း ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည်။ ထိုဆေးပြားသည် အထူးသဖြင့် ကောင်းကင် အုပ်စိုးသူများ အတွက် အလွန် အသုံးဝင်၏။ ၎င်းက ဝိညာဥ်ဆင်းတု အဆင့်ကို အလွယ်တကူ ခြေချနိုင်အောင် ကူညီပေးနိုင်သည့် အပြင် ပျမ်းမျှ ဝိညာဥ်ဆင်းတု ကွင်းငါးကွင်းကိုပါ ရရှိစေနိုင်စွမ်း ရှိသည်။
ထို့ပိဟန် မျက်မှောင်ကြုတ် လိုက်၏။ သူ ကမ်းလှမ်းမှုများက သူ့ကိုပင် စိတ်ဝင်စားစေသည်။ သူ တစ်စုံတစ်ရာ မပြောရသေးခင်မှာပင် အသံတစ်ခုမှာ ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာ၏။
“ကျုပ်တို့ လက်ခံတယ်...”
လူတိုင်းက အသံလာရာသို့ လှည့်ကြည့်လိုက်ရာ လူတစ်ယောက် ပျံသန်းလာသည်ကို တွေ့လိုက်ရလေတော့သည်။
***