← Chapters

လောင်းကြေးကို တိုးမြှင့်ခြင်း

Vol. 19 Ch. 253

လောင်းကြေးကို တိုးမြှင့်ခြင်း

Vol. 19 Ch. 253

“ငါတို့ လက်ခံတယ်...”

ထွက်ပေါ်လာသော အသံကြောင့် ကျောက်ဖျာအောက်ရှိ တပည့်အုပ်စု သုံးခုမှာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။

သူတို့အားလုံးမှာ အသက်သုံးရာမပြည့်သေးသည့် ပါရမီရှင် လူငယ်များ ဖြစ်ကြသည်။ အနည်းဆုံး ကြယ်တာရာ အမြုတေ အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ ဂိုဏ်းအတွင်း၌ အ‌ရေးပါ အရာရောက်သည့်  နေရာတစ်ခုချင်းစီကို ရယူထားနိုင်သူများ ဖြစ်သည်။ သို့တိုင်အောင် မဟာ အင်ပါယာ သူတော်စင်များ၏ ဆွေးနွေးဝိုင်းကို နားထောင်ရန် သူတို့တွင် အခွင့်အရေး မရှိခဲ့ချေ။

ယခုတွင်မူ တစ်စုံတစ်ယောက်မှာ ထိုဆွေး‌နွေးဝိုင်းကို ခွင့်ပင်မတောင်းပဲ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က သူ၏ အဆင့်အတန်းမှာ မဟာ အင်ပါယာ သူတော်စင်များအောက် များစွာ မနိမ့်လောက်ချေ။ သူက မည်သူနည်း။

မကြာခင်မှာပင် ဖြည်းညင်းစွာပင် ပျံသန်းလာသည့် အနက်ရောင်ဝတ် ပုံရိပ်တစ်ခုကို သူတို့ တွေ့မြင် လိုက်ကြရ၏။

“ဝေ့ဝူယင်...”

မြစိမ်းရောင် မျက်လုံး၊ မြစိမ်းရောင် ဆံပင်နှင့် ချောမွေ့ကြည်လင်သော အသားအရေကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ယောက်က ရေရွတ်လိုက်၏။

သူမကား ချင်ချူးမူပင် ဖြစ်သည်။ ဘိုး‌ဘေး ဖြစ်သူနှင့် အတူ တံခါးပိတ် ကျင့်ကြံပြီးနောက်၌ သူမ၏ ကျင့်ကြံခြင်းက ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ သူမသည် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်သို့ မရောက်သည့်တိုင် အထင်ကြီးဖွယ်ရာ သေမျိုး အဆင့်ရှစ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ချင်ချူးသည် ကြယ်တာရာ အမြုတေ အဆင့်တစ်တွင် ရှိ၏။ ထိုအရာက ကောင်းကင်ဧကရာဇ်၊ ကောင်းကင်နိုဘယ်များနှင့် ယှဥ်ပါက အလွန် နိမ့်ကျသည့်တိုင် အနန္တဝိညာဥ် စမ်းသပ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန် အတွက်တော့ အရည်အချင်း ပြည့်မှီပေသည်။ အနန္တ ဝိညာဥ်စမ်းသပ်ပွဲမှာ တစ်ယောက်နှင့် တစ်ယောက် အသေအကြေတိုက်ခိုက်ရသည့် ပြိုင်ပွဲမျိုး မဟုတ်ပဲ ခြားနားသော စည်းမျဥ်းများ ရှိလေရာ ကြယ်တာရာ အမြုတေ အဆင့် အားလုံးအတွက် အခွင့်အရေး ရှိပေသည်။

ချင်ချူးမူ၏ ဘေးတွင်မူ အနီရောင် ဝတ်စုံကို ဆင်မြန်းထားသည့် လူငယ် တစ်ယောက် ရှိနေ၏။ သူသည် အနက်ရောင် ဓားတစ်စင်းကို ကျောထက်၌ လွယ်ထားကာ လက်ခလည်တွင် အနက်ရောင် လက်စွပ်ကို စွပ်ထားသည်။

အခြားလူများ ကဲ့သို့ပင် လုံချန်သည်လည်း ကောင်းကင်သို့ မော့ကြည့်နေ၏။ အကယ်၍ သတိထား၍ ကြည့်မည် ဆိုပါက သူ၏ မျက်ဝန်းတွင် သတ်ဖြတ်ခြင်း အရိပ်အယောင် အချို့ ကိန်းဝပ်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

အနန္တဝိညာဥ် စမ်းသပ်ပွဲ စတင် ကြေညာသည့် အချိန်မှ စ၍ လုံချန်သည် ဝေ့ဝူယင် ပါဝင်စေရန် မျှော်လင့်ထားခဲ့သည်။ ထိုလူငယ်သည် ဂိုဏ်းသို့ စတင် ရောက်ရှိသည့် နေ့မှ စ၍ ကောင်းကင်အလွှာထက်တွင် နေထိုင်ကာ ဂိုဏ်းမှ အထောက်အပံ့နှင့် ရင်းမြစ်များကို တံခါးမရှိ၊ ဓားမရှိ ရယူနိုင်ခဲ့သည်။

သို့သော်လည်း သူကမူ သေးနုပ်လှသော ရင်းမြစ်လေးများ အတွက်ပင် အသက်နှင့် ရင်းကာ တိုက်ခိုက်နေခဲ့ရသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့် ကာလအတွင်း ကောင်းကောင်း အိပ်ပျော်သော ညများပင် မရှိခဲ့။ သူချစ်ရသည့် ချင်ချူးမူပင်လျှင် သူ့အတွက်နှင့် သေဒဏ်ပေးခံရလု နီးနီး အထိ ဖြစ်ခဲ့ရသည်။

အခွင့်အရေးရသည်နှင့် ထိုဝေ့ဝူယင်မှာ အဂ္ဂိရတ် ပညာရပ်ကိုသာ အားကိုးသည့် လူပေါ်ကြော့ တစ်ယောက် ဖြစ်ကြောင်း သူ ပြသမည် ဖြစ်သည်။ အစစ်အမှန် စစ်သည်တော် တစ်ယောက်၏ ရှေ့၌ အဂ္ဂိရတ် သမားတိုင်း ဦးခိုက်ရပေလိမ့်မည်။ အတွေးနှင့် အတူ တိုက်ခိုက်လိုစိတ်က တိုးမြင့်လာရာ လုံချန်၏ ပတ်လည်မှာ အမျိုးအမည် မသိသော လှိုင်းတို့ဖြင့် ပြည့်နှက်သွားလေ၏။

ချင်ချူးမူမှာ မွမ်းကြပ်ကြပ် ခံစားမှုကြောင့် လုံချန်ကို လှည့်ကြည့်လိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှု တစ်ခုကို ခံစားလိုက်ရ၏။ လုံချန်မှာ အလွန် ထူးချွန်သူ တစ်ယောက် ဖြစ်သော်လည်း ဒေါသနှင့် အငြိုးတရားကို မည်သို့မှ မဖြေချနိုင်သည့် လူတစ်ယောက် ဖြစ်ကြောင်း သူမသိသည်။ ထိုအရာက တစ်နေ့တွင် သူ့ကို ဒုက္ခ‌ရောက်စေနိုင်စွမ်း ရှိသည်။

“အဲဒါက ထာဝရ မင်းသားလေး ဝေ့ဝူယင်လား...”

ဒြပ်စင် ကောင်းကင်နန်းတော်မှ တပည့် အချို့မှာ ကောင်းကင်မှ ပုံရိပ်ကို မော့ကြည့်ရင်း ရေရွတ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက လေးစားမှု၊ အထင်ကြီးမှု အချို့တို့ဖြင့် တောက်ပနေသည်။

"သူက လေအင်အားကို မသုံးပဲ ပျံနေတယ်...”

အဂ္ဂိရတ် အစည်းအရုံးမှ မိန်းမငယ်လေး တစ်ယောက်က အံ့သြစွာ ရေရွတ်လိုက်၏။ အခြားလူများမှာလည်း ထိုအရာကို သတိထားမိပေသည်။

“သူက ကောင်းကင် အုပ်စိုးသူ တစ်ယောက် ဖြစ်သွားပြီလား...”

အားလုံး၏ မျက်လုံးများက မသိမသာ တောက်ပသွားကြ၏။ အဂ္ဂိရတ် ပညာရပ်တွင် အလွန် ထူးချွန်ရုံသာ မက အသက်ငါးဆယ် မပြည့်ခင် ကောင်းကင် အုပ်စိုးသူ တစ်ယောက် ဖြစ်လာခြင်း... ထိုကဲ့သို့သော ပါရမီက သာမန်ထက် ပိုလွန်နေပြီ ဖြစ်သည်။

ဟူး... ဟူး...

ဝေ့ဝူယင်သည် ကျောက်ဖျာထက်သို့ ညင်သာစွာပင် ဆင်းသက်လာ၏။ အနက်ရောင် ကောင်းကင်ဧကရာဇ် ဝတ်စုံ၊ ဒဏ္ဍာရီများကို ကျော်လွန် ချောမောလှသည့် မျက်နှာနှင့် ထူးခြာသော ကိုယ်ရောင်ကိုယ်ဝါတို့၏ ပေါင်းစပ်မှု အလယ်၌ သူ၏ ပုံသဏ္ဌာန်က ကောင်းကင်မှ နတ်ဘုရားတစ်ပါး လို ခန့်ငြား ချောမောနေ၏။

ချင်းရိုင်နှင့် ကျိချန်းကောင်းတို့မှာ သူ၏ ရောက်ရှိလာမှုကြောင့် အနည်းငယ် အံ့သြသွားကြသော်လည်း ထို့ပိဟန်ကမူ အသာအယာပင် ပြုံးလိုက်သည်။ အဂ္ဂိရတ် အစည်းအရုံးနှင့် ကောင်းကင် ဒြပ်စင် နန်းတော်တို့ အနန္တဝိညာဥ် စမ်းသပ်ပွဲ အမှီ ရောက်ရှိလာကတည်းက တစ်စုံတစ်ရာ ဖြစ်ပွားတော့မည် ဖြစ်ကြောင်း သူ ကြိုတင်ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ ထိုပွဲကြီးပွဲကောင်းမျိုးကို ဝေ့ဝူယင် မလွတ်သင့်ချေ။ ထို့ကြောင့်ပင် သူ ဆက်သွယ်‌ရေး သလင်းကျောက်ဖြင့် စာပို့ကာ လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ကျောက်ဖျာထက်၌ ခြေချရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ချင်ကူးယွင်နှင့် လင်းယုရန်တို့ကို မြင်သော အခိုက်၌ သူ၏ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ ထိုနှစ်ယောက်မှာ ဒြပ်စင် ကောင်းကင်နန်းတော်နှင့် အဂ္ဂိရတ် အစည်းအရုံးတို့၏ အမြင့်ဆုံးသော ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့ ရောက်ရှိလာသည့် ရည်ရွယ်ချက်က မည်သည့်နည်းနှင့်မျှ မရိုးရှင်းနိုင်ချေ။

“သူပဲ...”

ချင်ကူးယွင်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွား၏။

“သူက ကောင်းကင်အုပ်စိုးသူတောင် ဖြစ်နေပြီလား...”

ကြည့်ရသည်က ဝေ့ဝူယင်မှာ နာမည်ကျော်ကြားသည့် အတိုင်း အဂ္ဂိရတ် ပါရမီရပ်တွင်သာ ပါရမီပါခြင်း ဖြစ်ဟန် မတူချေ။

လင်းယုရန်မှာလည်း ဝေ့ဝူယင်ကို တိတ်တဆိတ် လေ့လာနေ၏။ သူမ၏ အပြာရောင် မျက်လုံးများက တည်ငြိမ်နေသည့်တိုင် စိတ်ထဲတွင်မူ အနည်းငယ် လှုပ်ရှားနေခဲ့သည်။ ထိုကောင်လေးက ငယ်ရွယ်ကာ ချောမောသည့် အပြင် မြင့်မားလှသည့် အဂ္ဂိရတ်နှင့် ကျင့်ကြံခြင်း ပါရမီကို ပိုင်ဆိုင်ထားသေးသည်။ ထိုကဲ့သို့ ပြည့်စုံသော ယောက်ျားမျိုးကို သူမ တစ်သက်တွင် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

ဝေ့ဝူယင်က ထို့ပိဟန်နှင့် ချင်းရိုင်တို့ အနားသို့ လျှောက်သွားကာ ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ချင်ကူးယွင်နှင့် လင်းယုရန်တို့ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“အကြီးအကဲတို့ဘက်က ကမ်းလှမ်းတာကို လက်ခံပါတယ်”

ထိုအရာက လူငယ် ပါရမီရှင် တစ်ယောက် ဆိုသော ဘောင်ကို ကျော်လွန်နေသည့်တိုင် မည်သည့် မဟာ အင်ပါယာ သူတော်စင်မှ ဝေ့ဝူယင်ကို စကားဝိုင်း အတွင်း ဝင်မပါရန် တားမြစ်ခြင်း မပြုကြချေ။ ထိုလူငယ်မှာ လုံလောက်သည့် အကြောင်းပြချက် မရှိပဲ စကားပြောတတ်သူ တစ်ယောက် မဟုတ်ကြောင်း သူတို့ သိရှိထားသည်။

ထို့အပြင် စိန်ခေါ်မှုကို သူတို့ လက်မခံရသေးခြင်းမှာလည်း ကြောက်ရွံ့၍ မဟုတ်ချေ။ သူတို့ ဆင်ထားသည့် ထောင်ချောက်အတွင်း မသက်ဆင်းလိုသောကြောင့်သာလျှင် ဖြစ်ပေသည်။

ချင်ကူးယွင်မှာ ပြုံးနေဆဲ ဖြစ်သည့်တိုင် စိတ်ထဲတွင်တော့ အနည်းငယ် တုန်လှုပ်နေ၏။ ဝေ့ဝူယင်... ထိုကောင်လေးက အနန္တဧရာဇ်ဂိုဏ်းကိုပင် ကိုယ်စားပြုကာ စကားပြောဆိုနိုင်နေပြီလား။ ထိုအရာက ရိုးရှင်းသော ကိစ္စတစ်ခုတော့ မဟုတ်ချေ။

“နင့်ရဲ့ စကားကို ငါတို့ဘက်က အတည်ယူလို့ရပါ့ မလား...”

လင်းယုရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ မည်သို့ပင်ဆိုစေကာမူ... ဝေ့ဝူယင်မှာ လူငယ်မျိုးဆက် တစ်ယောက်သာ ဖြစ်သည်။ အကယ်၍ သူတို့ အနိုင်ရသည့် အချိန်သို့ ရောက်မှ အနန္တဧကရာဇ်ဂိုဏ်းက တရားမဝင်ပါဟု ငြင်းလျှင် မည်သို့ ဖြစ်မည်နည်း။

ဝေ့ဝူယင်က ဘာမှ ပြန်မဖြေပဲ တိတ်တဆိတ်သာ ပြုံးနေလိုက်၏။ သူ့အစား ထို့ပိဟန်ကသာ ဝင်‌ရောက် ဖြေကြားလိုက်သည်။

“ကောင်းကင်ဧကရာဇ်ဝေ့ရဲ့ စကားက ငါတို့ ဆုံးဖြတ်ချက်နဲ့ အတူတူ ပါပဲ”

ဝေ့ဝူယင် ထိုအဘိုးအို၏ အသုံးအနှုန်းကြောင့် အနည်းငယ် အံ့သြသွားသည်။ သူက ကောင်းကင်ဧကရာဇ်ဝေ့ ဟု ခေါ်လိုက်သည်လား...။

ခါတိုင်းဆိုလျှင် ထို့ပိဟန်မှာ သူ့ကို ကောင်စုတ်လေး၊ သောက်ကလေး... စသည်ဖြင့် အမျိုးမျိုး စနောက် ခေါ်ဆိုတတ်သည်။ ကြည့်ရသည်က ထိုလူအိုကြီးမှာ အခြေအနေ အချိန်အခါကို အတော်လေး နားလည်ဟန် ရသည်။

ဝေ့ဝူယင် အတွေးများကို ပြန်လည် ရုတ်သိမ်းရင်း လင်းယုရန်ကို ကြည့်လိုက်၏။

“ဒီအာကာသ ဝိညာဥ်ဆေးပြားက ကျုပ် ကိုယ်တိုင် ဖန်တီးထားတဲ့ ထုတ်ကုန် တစ်ခုပါ... ဒါကြောင့် ဧကရာဇ် ဝိညာဥ် စမ်းသပ်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ကျုပ်မှာ ရှိပါတယ်... နောက်ပြီးတော့...”

ဝေ့ဝူယင်၏ နှုတ်ခမ်းထောင့်၌ယုံကြည်ချက် ရှိသည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။

“ခင်ဗျားတို့က ကျုပ်တို့ရဲ့ ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ ကျုပ် မယုံဘူး”

“မင်း...”

ဆန်းကြယ်ဒြပ်စင် နန်းတော်နှင့် အဂ္ဂိရတ် အစည်းအရုံးမှ အကြီးအကဲများမှာ မျက်နှာများ မည်းမှောင် သွားကြသည်။ အနန္တဧကရာဇ်ဂိုဏ်းမှာ တစ်ချိန်က ရွှေထီးဆောင်းခဲ့သည် ဆိုသော်လည်း ယခုအချိန်တွင်မူ မဟာ ဂိုဏ်းကြီး ငါးဂိုဏ်းတွင် အနိမ့်ပါးဆုံးဂိုဏ်း ဖြစ်သည်။ သူတို့ အနေဖြင့် မည်သည့် အချိန်တွင် နှိမ့်ချရမည့်ကို နားလည်ထားဖို့ လိုအပ်သည်။

အခြားလူများနှင့် ဆန့်ကျင်ဘက်ပင် ချင်ကူးယွင်၏ မျက်လုံးများမှာမူ ဒေါသအစား စိတ်ဝင်စားမှုများဖြင့်သာ ပြည့်နှက်နေ၏။

“မင်းက အတော်လေး ယုံကြည်ချက် ရှိနေတာပဲ... အဂ္ဂိရတ် ပညာရှင်လေးဝေ့”

"အဲဒီလို ပြောလို့ရပါတယ်”

ဝေ့ဝူယင်က သက်တောင့်သက်သာပင် ခေါင်းညိတ်လိုက်၏။ ချင်ကူးယွင်က အနည်းငယ် ပြုံးရင်း လက်ခုပ် တီးလိုက်သည်။

“မင်းကိုတော့ သဘောကျသွားပြီ အဂ္ဂိရတ် ပညာရှင်လေးဝေ့... နည်းနည်းပိုပြီး ရင်ခုန်စရာကောင်းသွားအောင် လောင်းကြေးကို မြှင့်လိုက်ကြရရင် ဘယ်လိုလဲ”

“လောင်းကြေးမြှင့်မယ်”

ထိုစကားက ထို့ပိဟန် အပါအဝင် အနန္တဧကရာဇ်ဂိုဏ်းမှ အကြီးအကဲ အားလုံးကို မျက်မှောင်များ ကြုတ်သွားစေသည်။

အဂ္ဂိရတ် အစည်းအရုံးသည် စီးပွားရေး ဗဟိုပြု အဖွဲ့အစည်းကြီး ဖြစ်သည်။ ငွေကြေးအင်အား သက်သက်ဖြင့် ဆိုလျှင် သူတို့သည် မဟာဂိုဏ်းကြီးငါးဂိုဏ်းကိုပင် အသာလေး ဖြိုဖျက်ပစ်နိင်စွမ်း ရှိသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးနှင့် ယှဥ်ပြိုင်၍ လောင်းကြေး ထပ်ခြင်းက ကောင်းသော စွန့်စားခြင်းမျိုး မဟုတ်ချေ။ သို့သော်လည်း...

“ကျုပ် သဘောတူတယ်...”

ဝေ့ဝူယင်က တုန့်ဆိုင်းခြင်း မရှိပဲ ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးများက ယုံကြည်ချက် ရှိခြင်းများဖြင့် တဖိတ်ဖိတ်‌ တောက်ပနေသည်။

“လောင်းကြေးကို နည်းနည်းလောက် တိုးလိုက်ကြတာပေါ့လေ... အနည်းဆုံး အရည်အသွေးမြင့် အဆင့် ကြယ်တာရာ ပင်လယ်ဆေးပြား တစ်ရာ၊ ကောင်းကင်လောကဆေးပြား တစ်ရာနဲ့ ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးပြား တစ်‌သောင်းလောက် ဆိုရင်ရော ဘယ်လိုလဲ... များတော့ မများပါဘူး ဟုတ်တယ်မလား”

"..."

"..."

"..."

“ဘာကြီး...”

ထို့ပိဟန် အပါအဝင် အားလုံးမှာ စကားလုံးများ ပျောက်ဆုံးကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။ နောက်ထပ် မိနစ် အနည်းငယ် အထိ သူတို့ ဘာစကားမှ မဆိုနိုင်ခဲ့ကြချေ။

***

All Chapters