← Chapters

မဟာဝိညာဥ် စမ်းသပ်ပွဲ

Vol. 19 Ch. 254

မဟာဝိညာဥ် စမ်းသပ်ပွဲ

Vol. 19 Ch. 254

“ ... “

ချင်ကူးယွင်၏ နှုတ်ခမ်းထက်ရှိ ယုံကြည်ချက်ရှိသော အပြုံးကား အေးခဲကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းနှင့် ဘယ်ဘက်မျက်ခုံးတို့မှာမူ မသိမသာ တုန်လှုပ်နေ၏။

“ကြယ်တာရာ ပင်လယ် ဆေးပြား တစ်ရာ... အနည်းဆုံး အရည်အသွေးဖြင့်... မင်းမေကြီးတော်ကြီးကို အနည်းဆုံး အရည်အသွေးမြင့်ရမှာလား...”

ချင်ကူးယွင် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ ကြယ်တာရာ ပင်လယ်ဆေးပြားများမှာ အဆင့်ခုနစ် ထိပ်ဆုံး အဆင့်၌ ရှိနေသည့် ဆေးများ ဖြစ်သည်။ ၎င်းတို့မှာ ဖော်စပ်ရန် အလွန် ခက်ခဲလှပြီး အဂ္ဂိရတ် ဧကရာဇ်များတွင်ပင် အလွန့်အလွန် နည်းပါးသော ပမာဏသာ ကြယ်တာရာ ပင်လယ်ဆေးပြားများကို ဖော်စပ်နိုင်ကြသည်။ သို့တိုင်အောင် ဆေးပြားတစ်ခု အောင်မြင်ရန် အတွက် အနည်းဆုံး ရာစုနှစ် တစ်ခုခန့် အချိန် ယူကြရသည်။

အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာများမှာ အချိန်နှင့် ရင်းမြစ် လျော့နည်းစွာဖြင့် ဖော်စပ်နိုင်ကြသည့်တိုင်အောင် တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် အချိန်ယူရသည်။ ချင်ကူးယွင် ကဲ့သို့သော လူပင်လျှင် အနည်းဆုံး ခြောက်လ လိုအပ်ဆဲ ဖြစ်သည်။

ယခုတွင်မူ ဝေ့ဝူယင်က ကြယ်တာရာ ပင်လယ် ဆေးပြား တစ်ရာဟု ဆိုလာသည်။ ထို့အပြင် အနည်းဆုံး အရည်အသွေး မြင့်ရဦးမည်။ ထိုအရာက သာမန်ဂိုဏ်းများ၏ ချမ်းသာကြွယ်ဝမှုထက်ပင် အဆပေါင်း များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

သို့တိုင်အောင် ကောင်းကင်လောဆေးပြား တစ်ရာနှင့် ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးပြား တစ်သောင်းကို ထပ်ပေါင်း မထည့်ရသေးချေ။

ကောင်းကင်လောက ဆေးပြား...

ကောင်းကင်လောက ဆေးပြားများမှာ အဆင့်ခုနစ် အဆင့်မြင့် အဆင့်တွင်သာ ရှိသည့်တိုင် ကောင်းကင် အုပ်စိုးသူ တစ်ယောက်ကို မွေးထုတ်ပေးနိုင်စွမ်း ရှိသည်။ အနန္တကုန်းမြေတိုက်ကြီးရှိ ဝူတိုင်းပြည်မှ ဧကရာဇ် ဝူကျိုးသည် ကြယ်တာရာ အမြုတေ အဆင့်တစ်တွင် ပိတ်ဆို့နေကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေခဲ့ဖူးသည်။ ထိုကဲ့သို့သော အခြေအနေတွင် အနန္တ ဧကရာဇ်ဂိုဏ်းသည် သူ့ကို အရည်အသွေးနိမ့် ‌ကောင်းကင်လောကဆေးပြား တစ်ခု ပေးအပ်ခဲ့သည်။ ဝူကျိုးသည် ထိုဆေးပြား၏ အကူအညီဖြင့် ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို တက်လှမ်းကာ အနန္တကုန်းမြေတိုက်ကြီးကို ဦးဆောင် နိုင်ခဲ့လေသည်။

ထို့ကြောင့်ပင် ကောင်းကင်လောက ဆေးပြားများမှာ အထင်သေး၍ မရသည့် အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်သည်။ ဝေ့ဝူယင်ပြောသည့် ကောင်းကင်လောက ဆေးပြားတစ်ရာ ဆိုလျှင် ကောင်းကင်အုပ်စိုးသူ တစ်ရာ ပါဝင်သည့် စစ်တပ်ငယ် တစ်ခုကိုပင် ဖန်တီးနိုင်သည့် ပမာဏမျိုး ဖြစ်သည်။

ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးပြား...

ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးပြားများမှာ အဆင့်နိမ့် ဆေးပြားများဖြစ်သော်လည်း ချီအမတေများ မွေးဖွားခြင်း အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ကျင့်ကြံခြင်း၌ အသုံးပြုနိုင်သည်။ ၎င်းတို့မှာ အလွန် စျေးမကြီးသည့်တိုင် ဆေးပြား တစ်ခုလျှင် အနိမ့်ဆုံး ကြယ်တာရာ ကျောက်တုံး တစ်တုံးတော့ တန်နေဆဲ ဖြစ်သည်။ ကြယ်တာရာ ကျောက်တုံး တစ်တုံးမှာ အမတေ ကျောက်တုံး ဆယ်သန်းနှင့် ညီမျှသည်။

ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးပြား တစ်သောင်းကို အဖိုးဖြတ်ရမည် ဆိုလျှင် အမတေ ကျောက်တုံး တစ်ရာ ဘီလျံ သို့မဟုတ် ကြယ်တာရာ ကျောက်တုံး တစ်သောင်းနှင့် အထိပင် ရှိသည်။ ထိုကြွယ်ဝမှုဖြင့် ဆိုလျှင် အင်အားစု တစ်ခုကိုပင် အသာလေး ဖြိုဖျက်ပစ်နိုင်စွမ်း ရှိသည်။

တိတ်ဆိတ်နေသည့် ချင်ကူးယွင်ကို ကြည့်ကာ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်၏။

“ဒီလောင်းကြေးက ခင်ဗျားအတွက် များနေလို့လား အစည်းအရုံး သခင်ချင်... ကျုပ် ကြားဖူးသလောက်ဆို အဂ္ဂိရတ် အစည်းအရုံးက လက်ညိုးညွှန်ရာ ရေဖြစ်အောင် ချမ်းသာတယ် တဲ့... အဲဒါတွေ အားလုံးက အလိမ်အညာတွေလို့တော့ လာမပြောနဲ့နော်”

ဝေ့ဝူယင်၏ ခပ်ထေ့ထေ့ စကားက ချင်ကူးယွင်အား အနည်းငယ် မျက်မှောင်ကြုတ် သွားစေ၏။

“အဂ္ဂိရတ် အစည်းအရုံးကို အထင်သေးနေပုံ ထောက်ရရင် မင်းရဲ့ အကြီးအကဲတွေက မင်းကို ဘာမှ သင်ပြ ပေးမထားဘူးပဲ... ထားပါလေ... မင်းဘက်က လောင်းကြေး ထပ်ဖို့တောင် သတ္တိရှိနေမှတော့ ဝိညာဥ် ကျိန်ဆိုမှုလည်း လုပ်ရဲရမှာပေါ့”

“ဝိညာဥ် ကျိန်ဆိုမှု...”

ထိုစကားမှ တစ်ဆင့် ဝေ့ဝူယင်မှာ ချင်ကူးယွင်တို့၏ အဓိက ရည်ရွယ်ချက်ကို ရိပ်မိလာသလို ခံစားလိုက်ရသည်။ ဝိညာဥ်ကျိန်ဆိုမှုများမှာ လွယ်လွယ်နှင့် ပယ်ဖျက်၍ မရသည့် ကတိစကားများ ဖြစ်ပြီး လောကသခင်များပင်လျှင် သက်ရောက် ခံရသည်။ အချိန်သခင်များမှာလျှင် အချိန် စီးဆင်းမှုကို ပြောင်းလဲကာ ကျိန်စာ ချက်ချင်း မသက်ရောက်အောင် ပြောင်းလဲနိုင်သည်ဟု ဆိုကြသည်။

ဝေ့ဝူယင်သာလျှင် မက ထို့ပိဟန်၊ ကျိချန်းကောင်း၊ ချင်းရိုင်တို့မှာလည်း ထိုအရာကို ခံစားမိကြသည်။ ချင်ကူးယွင်၏ အဓိက ရည်ရွယ်ချက်က ဝေ့ဝူယင် ပါဝင်သည့် ဝိညာဥ် ကျိန်ဆိုမှု တစ်ခုခု ပြုလုပ်ရန် ပြုလုပ်ရန် ဖြစ်သည်။

“ကောင်းပြီလေ...”

ဝေ့ဝူယင်က လက်ခံလိုက်သည်။ ချင်ကူးယွင်က ခေါင်းညိတ်လိုက်၏။

“ဒါဆို သဘောတူညီမှု ရပြီပေါ့... အဲဒီ ပမာဏအတိုင်း ငါတို့ လောင်းကြမယ်... ဒါပေမဲ့ လောင်းကြေးကို တစ်နှစ်အတွင်း မပေးနိုင်ဘူး ဆိုရင် အခြား တောင်းဆိုတစ်မှုကို အစားထိုးပြီး တောင်းဆိုနိုင်တယ်”

“တောင်းဆိုမှု...”

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက မသိမသာ တောက်ပသွား၏။ ထိုအရာက သူတို့ ဆင်ထားသည့် ထောင်ချောက်လော။

သို့သော်လည်း သူ နည်းနည်းမျှ မကြောက်ချေ။ မည်သို့ စိန်ခေါ်မှုကို မဆို ကျော်လွှားနိုင်ရန် သူ့တွင် ယုံကြည်ချက် အပြည့်အဝ ရှိသည်။ သူ၏ မျက်ခုံးက အနည်းငယ် အပေါ်သို့ မြင့်တက်သွား၏။ သူတို့က စရဲမှတော့ သူ့ဘက်ကလည်း နည်းနည်း ထပ်ကစားပေးရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။

“အစည်းအရုံးသခင်ချင်တို့တော့ မသိဘူး... ကျုပ်တော့ အတော့်ကို စိတ်လှုပ်ရှားနေပြီ... လောင်းကြေးကို ထပ်မြှင့်လိုက်ကြရအောင်ဗျာ... ကျုပ်ဘက်က အဆင့်ရှစ် အာကာသ ဝိညာဥ်ဆေးပြား ဆယ်ပြားရယ်၊ မူလဝိညာဥ်ဆေးပြား ဆယ်ပြားရယ်နဲ့ ကြယ်တာရာ သမုဒ္ဒရာဆေးပြား တစ်ပြားရယ်ထပ်ပေါင်းထည့်မယ်...”

ကြယ်တာရာ သမုဒ္ဒရာ ဆေးပြားမှာ အဆင့်ရှစ် ထိပ်ဆုံး တွင် ရှိပြီး ကြယ်တာရာ ပင်လယ် ဆေးပြားကို အဆင့်မြှင့်တင်ထားသည့် အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုး ဖြစ်သည်။ အနည်းဆုံး ဝိညာဥ်ဆင်းတု ကျင့်ကြံခြင်း အဆင့်သို့ ရောက်မှသာ ထိုဆေးပြားကို အန္တရာယ် ကင်းကင်း စုပ်ယူနိုင်သည်ဟု ဆိုကြသည်။

ကြယ်တာရာ သမုဒ္ဒရာဆေးပြားများမှာ ဂြိုဟ်တစ်လုံးနှင့် ထပ်တူ အဖိုးတန်ပြီး တွေ့ရှိရန် အလွန် ခက်ခဲလွန်းသည်။ နှစ်ခဲ့သည့် နှစ်ပေါင်း သုံးရာအတွင်း၌ ချင်ကူးယွင် တစ်ယောက်သာလျှင် ကြယ်တာရာ သမုဒ္ဒရာဆေးပြား တစ်ပြားကို ဖော်စပ်နိုင်ခဲ့သည်။ ထိုအောင်မြင်မှုကြောင့်ပင် သူသည် အလွန် ကျော်ကြားလာခဲ့ပြီး ကြယ်တာရာ ပင်လယ်၏ ထိပ်ဆုံး သုံးယောက် အဂ္ဂိရတ် ပညာရှင် စာရင်းကို တက်လှမ်းနိုင်ခဲ့သည်။

“အဆင့်ရှစ် အာကာသ ဝိညာဥ်ဆေးပြား ဆယ်ပြား... မူလဝိညာဥ်ဆေးပြား ဆယ်ပြားနဲ့ ကြယ်တာရာ သမုဒ္ဒရာဆေးပြား တစ်ပြား...”

ထိုပမာဏက သူမ တတ်နိုင်သည်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်ကြောင်း လင်းယုရန် သဘောပေါက် လိုက်၏။ ထိုအရာက အဆင့်ရှစ် ဆေးပြား နှစ်ဆယ့် တစ်ပြား ဖြစ်သည်။ အဂ္ဂိရတ် အစည်းအရုံးပင်လျှင် အများဆုံး သုံးပြားလောက်သာ တတ်နိုင်သည်။

“ ... “

အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်း၏ နှလုံးသားများက ထိန်းမချုပ် မရနိုင်အောင် တုန်ရီနေသည်။ မဟာဂိုဏ်းကြီး ငါးဂိုဏ်းနှင့် အဂ္ဂိရတ် အစည်းအရုံး ပေါင်းလျှင်ပင် ထိုမျှလောက် ချမ်းသာလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဝေ့ဝူယင်မှာ အရိပ်အကဲ နားလည်ဟန် မရချေ။ သူက တည်ငြိမ်စွာပင် ဆက်၍ ပြောလိုက်၏။

“ကျုပ်တို့ အဖွဲ့နှစ်ဖွဲ့ဘက်က ခေါင်းဆောင်တွေ အားလုံး ဝိညာဥ်ကျိန်ဆိုမှု ပြုလုပ်လိုက်ကြတာပေါ့... မဟုတ်ရင် လောင်းကြေးက ကပေါ့ကဆ ဖြစ်သွားလိမ့်မယ်”

“ ... “

ချင်ကူးယွင်ထံမှ မည်သည့် တုန်ပြန်မှုက ထွက်ပေါ်မလာချေ။ သူ၏ မျက်လုံးများကမူ ဝေ့ဝူယင်ကို သံသယ အပြည့်ဖြင့် စူးစိုက်ကြည့်နေ၏။ ထိုလူငယ်မှာ အဘယ်ကြောင့် ဤမျှလောက် ယုံကြည်ချက် ရှိနေရသနည်း။ သူ့တွင် မည်သို့သော ဝှက်ဖဲများ ရှိနေသနည်း။

ဝေ့ဝူယင်၏ ချောမောသော မျက်နှာထက်၌ ဖြူစင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“အစည်းအရုံးသခင်ချင်တို့ဘက်က စဥ်စားချင်သေးလို့လား... ဒါဆိုလည်း ကျုပ်တို့ နှစ်ဖက်လုံး လပိုင်းလောက် အချိန်ယူလိုက်ကြတာပေါ့လေ... လောင်းကြေးအတွက် ပြင်ဆင်ဖို့ အချိန်ရသလို လူငယ် ပါရမီရှင်လေးတွေ လေ့ကျင့်ဖို့လည်း အချိန်ပိုရသွားတာပေါ့... ဟုတ်တယ်မလား”

“လပိုင်းလောက်...”

ချင်ကူးယွင်၏ မျက်လုံးများက အရောင်ပြောင်း သွားသည်။ အနည်းငယ် ထပ်မံ စဥ်းစားလိုက်ပြီးနောက် သူက ခေါင်းတစ်ချက် ညိတ်လိုက်၏။

“မင်းပြောတာ အမှန်ပဲ... ဒီလောက် လောင်းကြေး အများကြီး အတွက် ပြင်ဆင်ဖို့ အချိန်ယူသင့်တာပေါ့... ခြောက်လလောက်လို ဘယ်လိုလဲ”

စိန်ခေါ်မှုကို လက်ခံလိုက်သည့် အငွေ့အသက်များ ပါဝင်နေသော ချင်ကူးယွင်၏ စကားကြောင့် အဂ္ဂိရတ် အစည်းအရုံး၏ အကြီးအကဲများမှာ အနည်းငယ် စိုးထိတ်သွားကြ၏။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် ချင်ကူးယွင်၏ ရည်ရွယ်ချက်ကို သူတို့ သဘောပေါက်သွားကြသည်။

ခြောက်လ...

ခြောက်လ ဆိုသော အချိန်မှာ တိုးတောင်းသည့်တိုင် အဂ္ဂိရတ် အစည်းအရုံး အတွက် အသက်သုံးရာ မပြည့်သေးသည့် ကြယ်တာရာ အမြုတေ အဆင့်လေး တစ်ယောက်ကို မွေးထုတ်ပေးရန် လုံလောက်သည့် အချိန် ဖြစ်သည်။ အဂ္ဂိရတ် အစည်းအရုံး အနေဖြင့် ပြိုင်ပွဲ၌ အနိုင်ရမည်မှာ မလွဲမသွေပင်။

ထိုအတွေးနှင့် အတူ အကြီးအကဲများ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားကြ၏။ သို့သော်လည်း သူတို့ ချက်ချင်းပင် ပြန်လည် ဣန္ဒြေဆည်ကာ ခေါင်းများကို ငုံ့ထားလိုက်ကြသည်။ လူမိုက်များ ထောင်ချောက်ထဲ ကျဆင်းရန် အတွက် သရုပ်ဆောင်ပီပြင်ဖို့ လိုအပ်သည် မဟုတ်ပါလား။

မဟာ အင်ပါယာ သူတော်စင်များမှာ ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်ကြ၏။ သူတို့သည် အဂ္ဂိရတ် အစည်းအရုံး၏ ရည်ရွယ်ချက်ကို ရိပ်မိကြရာ အချိန်အား လျော့ချရန် လိုလားနေကြသည်။ သို့သော်လည်း ဝေ့ဝူယင်က စိုးရိမ်စရာ မရှိသည့်နှယ် သက်တောင့်သက်သာ ပြုံးပြလိုက်သည်။

ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ကောင်းပြီလေ... ငါတို့ဘက်က သဘောတူတယ်... နောက်ခြောက်အတွင်း မဟာ ဝိညာဥ် စမ်းသပ်ပွဲကို ကျင်းပမယ်... ခု ဝိညာဥ် ကျိန်ဆိုမှု လုပ်လိုက်ကြရအောင်”

မကြာခင်မှာပင် အသေးစိတ် အချက်အလက်များနှင့် အတူ ဝိညာဥ် ကျိန်ဆိုမှု ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ အဂ္ဂိရတ် အစည်းအရုံးဝင်များမှာ ခိုးကြောင်ခိုးဝှက် ပြုံးနေကြပြီး တစ်ချိန်တည်း၌ အနန္တဧကရာဇ်ဂိုဏ်း အကြီးအကဲများမှာလည်း ယုံကြည်ချက်များ ရှိနေကြသည်။

ဒြပ်စင်ကောင်းကင်နန်းတော်မှာမူ ယာယီ နောက်ဆုတ်နေရန် ဆုံးဖြတ်ထားသည်။ သူတို့တွင် ဝေ့ဝူယင်နှင့် ယှဥ်ပြိုင်၍ လောင်းကြေးထပ်ရန် ဘဏ္ဍာရေး အင်အား မရှိသလို ခြောက်လအတွင်း ဗိုလ်ဆွဲနိုင်မည့် ပါရမီရှင် တစ်ယောက်ကို မွေးထုတ်ရန်လည်း မသေချာချေ။ ထို့အပြင် ချင်ကူးယွင်၏ အကြံအတိုင်းဆိုလျှင် ထိုပြိုင်ပွဲ၌ အဂ္ဂိရတ် အစည်းအရုံးသာ ကျိန်းသေ ဗိုလ်ဆွဲပေလိမ့်မည်။

ဝိညာဥ်ကျိန်ဆိုမှု ပြုလုပ် အပြီး၌ လင်းယုရန်နှင့် ထို့ပိဟန်တို့မှာ ဂိတ်တံခါးအတွင်း ဝင်ရောက်ရန် ကိစ္စကို ဆက်လက် ဆွေးနွေးကြသည်။

လေ့လာတွေ့ရှိရသလောက် ဆိုလျှင် ဂိတ်တံခါးအတွင်း ဝင်ရောက်နိုင်သည့် စုစုပေါင်း အ‌ရေအတွက်က တစ်ထောင် တိတိ ဖြစ်သည်။ ထို့အပြင် အားလုံးမှာ အသက်သုံးရာအောက် ငယ်သည့် လူငယ် မျိုးဆက်များ ဖြစ်ရမည်။ သို့ဖြစ်ရာ ဂိတ်တံခါး အတွင်းဝင်ရောက်ရန် လိုအပ်သော သတ်မှတ်ချက်များက မဟာဝိညာဥ် စမ်းသပ်ပွဲနှင့် အတော်လေး ဆင်တူသည်။

အကြိတ်အနယ် ဆွေးနွေးပြီးနောက်တွင် ဂိတ်တံခါး ဝင်ခွင့်နှင့် မဟာဝိညာဥ် စမ်းသပ်ပွဲကို တစ်ပါတည်း ပေါင်း၍ ကျင်းပရန် သူတို့ အကြား၌ သဘောတူညီမှု ရရှိခဲ့သည်။ သူတို့သည် ပြိုင်ပွဲတွင် သတ်မှတ်ချက် နှစ်ခုထားမည်။ ပထမ သတ်မှတ်ချက်တွင် ဂိုဏ်းသုံးခုလုံး ပါဝင်မည် ဖြစ်ပြီး ဒုတိယ သတ်မှတ်ချက်တွင်မူ အနန္တဧကရာဇ်ဂိုဏ်းနှင့် ဆန်းကြယ်ဒြပ်စင်ဂိုဏ်းမှ လူငယ်များ ပါဝင်မည် ဖြစ်သည်။

ဒုတိယ သတ်မှတ်ချက် ထိပ်ဆုံး တစ်ထောင် စာရင်း ဝင်သူများမှာ ဂိတ်တံခါးအတွင်း ဝင်ရောက်ခွင့် ရရှိပေလိမ့်မည်။ ပြိုင်ပွဲတွင် ဆန်းကြယ်ဒြပ်စင် နန်းတော်မှ တစ်စုံတစ်ယောက် အနိုင်ရရှိသွားပါကရော မည်သို့ ဖြစ်မည်နည်း။ အနန္တ ဧကရာဇ်ဂိုဏ်းနှင့် အဂ္ဂိရတ် အစည်းအရုံးကြားမှ ဝိညာဥ် ကျိန်ဆိုမှုမှာ အလိုအလျောက် ပျက်ပျယ်သွားလိမ့်မည် ဖြစ်သည်။

သဘောတူညီမှု အလုံးစုံ ရရှိပြီးနောက်တွင် အင်အားစု နှစ်ခုမှာ ကျွင်းနာဂြိုဟ်မှ ပြန်လည် ထွက်ခွာ သွားကြသည်။ မကြာခင်တွင် အနန္တဧကရာဇ်ဂိုဏ်းသားများသာလျှင် ထိုနေရာ၌ ကျန်ရှိပေတော့၏။

***

All Chapters