မေးခွန်းနှစ်ခု
Vol. 19 Ch. 255
“ရှင်တို့ နှစ်ယောက် သေချာရဲ့လား...”
ချင်းရိုင်က မျက်မှောင်ကြုတ်ကာ ထို့ပိဟန်နှင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမတွင် မေးစရာ မေးခွန်းများစွာ ရှိနေခဲ့ပြီး အခြားလူများ ရှေ့တွင် ရှိနေသောကြောင့်သာ နှုတ်ဆိတ်နေခဲ့ရခြင်း ဖြစ်သည်။ ယခု၌ အားလုံး ရှင်းလင်းသွားပြီ ဖြစ်ရာ သူမ ဆက်လက် မအောင့်အီးနိုင်တော့ချေ။
“ငါ့ကို လာမမေးနဲ့... ငါက ဒီကောင်စုတ်လေး ဦးဆောင်တဲ့နောက် လိုက်ပြောခဲ့ရုံပဲ”
ထို့ပိဟန်က ပခုံးကို တွ့န်ကာ ခပ်မြန်မြန်ပင် ဝေ့ဝူယင်ကို ခေါင်းပုံချလိုက်၏။ သို့သော်လည်း စိတ်ထဲတွင်မူ ထိုလောင်းကြေး ပမာဏက ဝေ့ဝူယင် အတွင် ဘာမှ မဟုတ်ကြောင်း သူ သိရှိထားသည်။ ၎င်းက ထာဝရ ခြေချခြင်း ဆေးလုံး၏ ဆယ်ပုံတစ်ပုံပင် မတန်ချေ။
“ကျုပ်တို့ နိုင်မှာပါ...”
ဝေ့ဝူယင် အနည်းငယ် ပြုံးရင်း ပြောလိုက်၏။ အမှန်အတိုင်း ဝန်ခံရလျှင် သူ အနန္တဧကရာဇ်ဂိုဏ်းကို သဘောကျသည်။ သာမန်ထက် ပို၍ စည်းကမ်း တင်းကြပ်ကာ ကန့်သတ်ချက် များသည့်တိုင် သွေးထွက်သံယို လုပ်ကြံ သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသည့် နေသွေးနီနီဂိုဏ်းထက် များစွာ သာလွန်သည်။
ဝေ့ဝူယင်သည် မဟာ အင်ပါယာ သူတော်စင်များထဲမှ တစ်ယောက် နှစ်ယောက်ကို ရွေးထုတ်ကာ လောကသခင် အဆင့် ရောက်ရှိအောင် ပျိုးထောင် ပေးဖို့ပင် စဥ်းစားဖူးသည်။ ဤသို့ဆိုလျှင် အနန္တဧကရာဇ်ဂိုဏ်းမှာ နှစ်အနည်းငယ် အတွင်း သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ခေါင်းဆောင် နေရာကို ပြန်ယူနိုင်မှာ သေချာသည်။
သို့သော်လည်း ဝူယုနှင့် လုံချန်တို့ အကြောင်း တွေးမိသော အခိုက်၌ သူ ထိုစိတ်ကူးများကို ပြန်လည် ရုတ်သိမ်းခဲ့သည်။ လုံချန်သည် မဟာ ဧကရာဇ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရာ တစ်နေ့တစ်ချိန်တွင် ဂိုဏ်း၏ ဦးဆောင်သူ မလွဲမသွေ ဖြစ်လာမည့်သူ ဖြစ်သည်။ ထို သူ ကြိုးစားပြီး ပြုစုပျိုးထောင် ထားသမျှကို လုံချန်က အဆင့်သင့်ပင် ခူးခပ်စားသွာပေလိမ့်မည်။
ဝေ့ဝူယင် ထို့ပိဟန်ကို ကြည့်လိုက်မိ၏။ ထိုလူအိုကြီးမှာ အနန္တဧကရာဇ်ဂိုဏ်း၏ အဓိက ထောက်တိုင် ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်ခြောက်တွင် ပြိုင်ဘက်ကင်း လူသား ကျင့်ကြံသူ ဖြစ်သည်။ ချင်းရိုင်နှင့် ယောင်ကျန်းတို့ကို မဟာ အင်ပါယာ သူတော်စင်များ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးခဲ့သူလည်း ဖြစ်သည်။ စစ်ကြီးအပြီး၌ စုတ်ပြတ်မွဲတေနေသည့် အနန္တဧကရာဇ်ဂိုဏ်းမှာ သူ့ကြောင့်သာလျှင် လျှင်မြန်စွာ ပြန်လည် ခေါင်းမော့လာနိုင်ခြင်း ဖြစ်သည်။
“ဒီလူအိုကြီကို အာဏာရှင်များ အဖွဲ့အတွက် ငါ သိမ်းသွင်းသင့်တယ်...”
ဝေ့ဝူယင် ထိုအတွေးကို ချက်ချင်း အကောင်အထည် ဖော်ရန် ဆုံးဖြတ်လိုက်သည်။ သူ ကျောက်ဖြာအထက်သို့ ပျံသန်းလိုက်ရင်း ထို့ပိဟန်ကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
ထို့ပိဟန်က အကျောတစ်ချက်ဆန့်ကာ သူ့နောက်မှ လိုက်ပါလာသည်။ အခြားလူများမှာ ထိုအရာကို မြင်ကြရာ သီးသန့် စကားပြောစရာ ရှိ၍ ဖြစ်ကြောင်း တန်းကာ သိရှိလိုက်ကြသည်။ ထို့ကြောင့် မနှောက်ယှက်တော့ပဲ အနန္တဧကရာဇ်ဂြိုဟ်ကို ပြန်ဖို့ ပြင်ဆင်ရန်သာ ဆုံးဖြတ်လိုက်ကြတော့သည်။
ဟူး... ဟူး...
ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့မှာ ပျံသန်းထွက်ခွာလာကာ ဒုတိယမြောက် ကောင်းကင်အလွှာသို့ ရောက်ရှိလာကြသည်။ ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ်အကာအကွယ် တစ်ခုမှာ သူတို့ နှစ်ယောက်စလုံးကို ဝန်းရံ ဖြစ်ပေါ်လာ၏။
ထို့ပိဟန်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်း၏။ ထိုဝိညာဥ် အကာအကွယ်မှာ ကောင်းကင် အုပ်စိုးသူ တစ်ယောက်၏ စွမ်းအားများဖြင့်သာ ဖွဲ့စည်းထားသည့်တိုင် အလွန် ထူထပ် သိပ်သည်းလှသည်။ ကြည့်ရသည်က ကြယ်တာရာ အမြုတေ အဆင့်သုံး ဝိညာဥ်ဆင်းတု တစ်ယောက်ပင်လျှင် ဝေ့ဝူယင်၏ ဝိညာဥ်အင်အားကို ယှဥ်နိုင်တော့မည် မဟုတ်ချေ။
“မင်းသာ မဟာဝိညာဥ် စမ်းသပ်ပွဲ ဝင်ပြိုင်မယ် ဆိုရင် ငါတို့ဂိုဏ်း အနိုင်ရဖို့ ကျိန်းသေသလောက်ပဲ”
ထို့ပိဟန်က မှတ်ချက်ချလိုက်၏။ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံက အမြဲတမ်း အံ့အားသင့်စရာ ကောင်းလွန်းသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော် လောကပင်လယ် အဆင့်တွင် ရှိစဥ်ကတည်းက ဝေ့ဝူယင်မှာ ဝိညာဥ်ဆင်းတု အဆင့် ချီလန်းထက် ပိုမို အစွမ်းထက်နေခဲ့သည်။ ထိုအရာက သာမန် ဖြစ်ရိုးဖြစ်စဥ် မဟုတ်ပဲ သူ၏ ပါရမီ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ဖော်ပြနေသည်။
သို့သော်လည်း ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“အဲဒီအတွက် ကျွန်တော့မှာ အချိန်မရှိဘူး”
ထို့ပိဟန်က နားလည်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ဝေ့ဝူယင်ကား အဆင့်ကိုး ဆေးလုံးများကိုပင် ဖော်စပ်နေနိုင်သူ တစ်ယောက် ဖြစ်သည်။ သူ၏ အချိန်တိုင်း၊ စက္ကန့်တိုင်းက ရွှေနှင့်စက်၍ မရအောင် အဖိုးတန်သည်။ ထိုကဲ့သို့သော လူက မည်ကဲ့သို့ လူငယ်မျိုးဆက်များ၏ အသေးအမွှား ပြိုင်ပွဲကို ဝင်ပြိုင်ကာ အချိန်ဖြုန်း လိမ့်မည်နည်း။
“ဒါဆို မင်း ငါ့ကို ခေါ်တာ ဘာကိစ္စလဲ...”
ထို့ပိဟန်က ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို ကြည့်ရင်း မေးလိုက်၏။
“ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကျွန်တော် ဘာတွေ လုပ်နေခဲ့လဲ ဆိုတာ အကြီးအကဲ သိမှာပါ”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
ထို့ပိဟန်က ခေါင်းညိတ်၏။ အာဏာရှင်များ ဆိုသော အဖွဲ့အတွက် ဝေ့ဝူယင် စည်းရုံးရေး ဆင်းနေသည်ကို သူ သတိထားမိပြီး ဖြစ်သည်။
“ငါသိတယ်... မင်းအတွက် မျိုးစေ့ကောင်း အချို့ကို ရွေးပေးစေချင်လို့လား”
မေးသာမေးလိုက်ရသော်လည်း ဝေ့ဝူယင်၏ အဓိက ရည်ရွယ်ချက်က ထိုအရာ မဟုတ်မှန်း သူ သိရှိပြီး ဖြစ်သည်။ ထိုကလေးမှာ အနန္တဧကရာဇ်ဂိုဏ်းကို စတင်ရောက်ရှိသည့် နေ့ကတည်းက ကိုယ့်သဘောနှင့်ကိုယ် ဆောင်ရွက်ခဲ့သည်။ သူ့အနေဖြင့် အာဏာရှင်များ အဖွဲ့အတွက် အဖွဲ့ဝင် တစ်ချို့ လိုချင်လျှင် အဂ္ဂိရတ် ဧကရာဇ်ဆိုသော အဆင့်အတန်းကို သုံး၍ လက်ယပ် ခေါ်လိုက်ရုံသာ ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“ကျွန်တော် မဟာဝိညာဥ် စမ်းသပ်ပွဲကို အာဏာရှင် အဖွဲ့ဝင်တွေ အတွက် လေးကျင့်ရေးကွင်း တစ်ခု ဖြစ်ဖို့ ရည်ရွယ်ထားတယ်... နောက်ပြီး...”
သူက တစ်ခဏမျှ ရပ်ကာ ပြောသင့်မပြောသင့် ချင့်ချိန်နေဟန် ရသည်။ မကြာခင်မှာပင် ဆုံးဖြတ်ပြီးဟန်ဖြင့် သူ၏ မျက်လုံးများက ကြည်လင်သွားကာ ဆက်ပြောလိုက်သည်။
“ကျွန်တော့်မှာ အကြီးအကဲကို မေးစရာ မေးခွန်းနှစ်ခု ရှိတယ်... ပထမ မေးခွန်းက လောကသခင် ဖြစ်လာဖို့ အကြီးအကဲမှာ ယုံကြည်ချက် ဘယ်လောက် ရှိလဲ”
“ ... “
ထို့ပိဟန် ဖြူရော်စွာ ပြုံးလိုက်သည်။ အဆင့်ခုနစ် ကြယ်တာရာ ကပ်ဘေးမှာ အောင်မြင်ခြင်းနှင့် သေဆုံးခြင်း နှစ်လမ်းကိုသာ ဖော်ဆောင်သည်။ ထိုနှစ်လမ်းမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။ သူကျင့်ကြံခဲ့သည့် နှစ်ပေါင်း ထောင်ချီ ကာလအတွင်း ကျင့်ကြံသူ ဘယ်လောက်များများက ထိုကပ်ဘေးကို ဆင့်ခေါ်ခဲ့ကြသနည်း။ မည်မျှ အောင်မြင်ခဲ့ကြသနည်း။
အတိအကျ ပြောရလျှင် နှစ်ယောက်သာ ရှိသည်။ ထိုနှစ်ယောက်စလုံးမှာ စန်းမျိုးနွယ်မှ ဖြစ်သည်။ ထို့အပြင် သူတို့ အောင်မြင်ခဲ့ကြသည်မှာ ကိုယ်ပိုင် ပါရမီ အရည်အချင်းများကြောင့် မဟုတ်ချေ။ ထာဝရ ဧကရာဇ် ထားရှိခဲ့သည့် အမွေအနှစ်များကြောင့်သာ ဖြစ်သည်။
အဆင့်ခုနစ် ကပ်ဘေးကို ကိုယ်ပိုင် အားထုတ်မှုဖြင့် ကျော်ဖြတ်ရန် ကြိုးစားခဲ့သူ အားလုံးမှာ ကျဆုံးခဲ့သည်။ သူသည် ကြယ်တာရာ အမြုတေ အဆင့်ခြောက်၌ ပြိုင်ဘက်ကင်း လူသား ကျင့်ကြံသူ ဖြစ်သည့်တိုင် သူ့ထက် ပိုမို အစွမ်းထက်သည့် ရှို့ရန်၊ နတ်ဆိုး၊ အယ်ဗန် မှင်စာမျိူးနွယ်များလည်း ရှိသေးသည်။ သူတို့ပင်လျှင် အဆင့်ခုနစ် ကပ်ဘေးကို ဖြတ်ကျော်ရန် ယုံကြည်ချက် ရှိလိမ့်မည် မထင်ချေ။
အတန်ကြာ တိတ်ဆိတ် ငြိမ်သက်ပြီးနောက်၌ သူက ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“ငါ့မှာ ကွင်းခြောက်ခုပါတဲ့ ဝိညာဥ်ဆင်းတု ရှိတယ်... အာကာသ ပဲ့တင်သံ လှိုင်းခြောက်ခု ရှိတယ်... အချို့တွေက ငါ့ကို ကြယ်တာရာ အမြုတေ အဆင့်ခြောက်ရဲ့ နံပါတ်တစ် ကျင့်ကြံသူလို့တောင် ရည်ညွှန်းကြတယ်...”
သူက တစ်ခဏမျှ ရပ်ကာ ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ငါးရာလောက်တုန်းက ကွင်းခုနစ်ကွင်း ဝိညာဥ် ဆင်းတုနဲ့ အာကာသ ပဲ့တင်သံလှိုင်း ခုနစ်ခု ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူ တစ်ယောက်ဟာ အဆင့်ခုနစ် ကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ဖူးတယ်... သူက ချွင်းချက် မရှိလောက်အောင် ကြယ်တာရာ အမြုတေ အဆင့်ခြောက်ရဲ့ နံပါတ်တစ် ကျင့်ကြံသူပဲ... ဒါပေမဲ့ အဆုံးသတ်မှာ သူ ကျရှုံးခဲ့တယ်”
ဝေ့ဝူယင် ထိုကျင့်ကြံသူ အကြောင်းကို ကြားခဲ့ဖူးသည်။ သူသည် အထွတ်အမြတ် အလင်း နန်းတော်၏ ထိပ်သီး ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သန့်စင်သော သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် မှင်စာမျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်။ မရေမတွက်နိုင်သော လူများသည် သူ ကျိန်းသေ လောကသခင် ဖြစ်လာလိမ့်မည်ဟု ထင်မြင် ယူဆခဲ့ကြသော်လည်း အဆုံးသတ်တွင် ပြာများ အဖြစ် လွင့်ပြယ်သွားသည်ကိုသာ မြင်ခဲ့ကြရသည်။ ထိုနေ့က ဝမ်းနည်းဖို့ ကောင်းလွန်းလှသည်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“ကျွန်တော် အသေအချာတော့ မပြောနိုင်ဘူး... ဒါပေမဲ့ အဲဒီကပ်ဘေးကို ဖြတ်ကျော်ဖို့ အတွက် အဆင့်ကိုး သေမျိုး အဆင့်ရယ်၊ ရည်ရွယ်ချက် တစ်ခုရယ်၊ ကွင်းခုနစ်ကွင်း ဝိညာဥ်ဆင်းတုရယ်၊ အာကာသ ပဲ့တင်သံလှိုင်း ခုနစ်ခုရယ် အခြေခံအားဖြင့် လိုအပ်တယ်... ဒါမှမဟုတ်လည်း အသက်အင်အားကို ယာယီ မြှင့်တင်ပေးနိုင်တဲ့ အဆင့်ကိုး ဆေးတစ်လုံးပေါ့”
ထို့ပိဟန်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သူ့တွင် အဆင့်ကိုး သေမျိုး အဆင့် ရှိသည်။ ရည်ရွယ်ချက်တော့ မရှိချေ။ ဝိညာဥ်ဆင်းတုကွင်းနှင့် အကာသ ပဲ့တင်သံလှိုင်းတို့မှာ ခြောက်ခုစီ အထိသာ ရှိသည်။ အကယ်၍ အခြားတစ်ယောက်ကသာ ထိုအခြေခံ လိုအပ်ချက်များကို ပြောပါက သူ အော်ဆဲကာ နှင်ထုတ်လိုက်ပြီ ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်မှာ အဆင့်ကိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ သူ့တွင် အခြားလူများနှင့် ခြားနားသည့် နားလည်နိုင်စွမ်းများ ရှိမည်မှာ ကျိန်းသေသည်။ ထို့အပြင် သူ့စကားထဲ၌ အခြား ရွေးချယ်စရာ တစ်ခုလည်း ရှိနေပေသေးသည်။
“ဆေးလုံး...”
ထို့ပိဟန်၏ မျက်လုံးများက တောက်ပလာ၏။ ဝေ့ဝူယင်မှာ ထာဝရ ခြေချခြင်းဆေးကိုပင် တစ်ပတ်အတွင်း ဖော်စပ်နိုင်သူ ဖြစ်သည်။ သို့ဖြစ်ရာ အခြား အဆင့်ကိုး ဆေးတစ်လုံး ဖော်စပ်ရန် သူ့အတွက် ခက်ခဲလိမ့်မည် မထင်ချေ။
သို့သော်လည်း ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“အဲဒီ လမ်းစဥ်ကို ရွေးမယ် ဆိုရင် ခင်ဗျားရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းက ပြီးဆုံးသွားလိမ့်မယ်... အားအနည်းဆုံး လောကသခင်တွေထဲက တစ်ယောက် ဖြစ်လာမယ် ဆိုပေမဲ့ နောက် ဘယ်တော့မှ အဆင့် ထပ်တက်နိုင်တော့မှာ မဟုတ်ဘူး... ခင်ဗျား တစ်သက်တာ ကျင့်ကြံခဲ့သမျှ၊ အားထုတ်ခဲ့သမျှက အဲဒီ အဆင့်မှာပဲ ပြီးဆုံးသွားလိမ့်မယ်”
ထို့ပိဟန်မှာ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်တွင် အခြား အတွေးများ ရှိနေကြောင်း သူ နားလည်လိုက်သည်။ ထိုလူငယ်သည် စန်းမျိုးနွယ် ပြုလုပ်ခဲ့သည့် လမ်းစဥ်အတိုင်း လောကသခင် တစ်ယောက်ကို မွေးထုတ်ချင်သည့်ပုံ မရချေ။
သို့သော် အားအနည်းဆုံး လောကသခင် ဖြစ်ရတော့ရော ဘာအရေးနည်း။ လောကသခင်က လောကသခင်သာ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်ခြောက်ထက် စာလျှင် အားအနည်းဆုံး လောကသခင် ဖြစ်ရသည်က အများကြီးသာသည်။ ထို့ပိဟန် စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်က လက်ကာကာ တားဆီးလိုက်၏။
“အဲဒီ သူရဲဘောကြောင်တဲ့ နည်းလမ်းကို ကျုပ် ဘယ်သူ့အတွက်မှ သုံးမှာ မဟုတ်ဘူး”
ထို့ပိဟန်မှာ မူလ စကားလုံးများကို ပြန်လည် မျိုချလိုက်ရ၏။ သို့သော်လည်း သူ စိတ်ပျက်သွားခြင်း မရှိချေ။ ဝေ့ဝူယင်၏ စကား အသွားအလာအရဆိုလျှင် သူ့တွင် အခြား ရွေးချယ်စရာများ ရှိနေပုံ ပေါ်သည်။ ထိုအရာက ကောက်ရိုးတစ်မျှင်စာ ဆိုလျှင်လည်း သူ ကျိန်းသေ ဖက်တွယ်ရပေလိမ့်မည်။
“ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်နိုင်မယ့် နည်းလမ်း မင်းမှာ ရှိလား...”
ထို့ပိဟန် မေးလိုက်၏။ ဝေ့ဝူယင် ပြန်မဖြေပဲ ထို့ပိဟန်ကိုသာ တစ်ခဏမျှ စူးစိုက် ကြည့်လိုက်သည်။ တိတ်ဆိတ်သော လေထုနှင့် အတူ လူအိုကြီးမှာ စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရ၏။ သူ အတွေးလွန်သွားခဲ့ပြီလော။
“ကျွန်တော့်ရဲ့ ဒုတိယ မေးခွန်းက လုံချန်ပဲ”
ဝေ့ဝူယင်က ထို့ပိဟန်၏ ပထမ မေးခွန်းကို ပြန်မဖြေပဲ နောက်ထပ် မေးခွန်း တစ်ခုကိုသာ ထပ်မေးလိုက်၏။ သို့သော်လည်း သူ၏ မေးခွန်းက “လုံချန်” ဆိုသော စကားလုံး နှစ်လုံးတည်းသာ ဖြစ်သည်။ သူ၏ ငွေရောင် မျက်လုံးများက ထို့ပိဟန်၏ အနည်းငယ် ရီဝေနေသည့် မျက်လုံးများကို တစ်ချက်ပင် အလွတ်မပေးပဲ စူးစိုက် ကြည့်နေခဲ့လေ၏။
***