← Chapters

အာဏာရှင် နောက်တစ်ယောက်

Vol. 19 Ch. 256

အာဏာရှင် နောက်တစ်ယောက်

Vol. 19 Ch. 256

“ငါသိတယ်...”

ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ဝေ့ဝူယင် မေးချင်သည့် အဓိပ္ပာယ်ကို သူ ကောင်းစွာ နားလည်ပေသည်။ လေထုသည် တိတ်ဆိတ်နေရာမှာ ကြောက်မက်ဖွယ် အုံ့မှိုင်းမှု အသွင် ပြောင်းလဲသွားသည်။

လုံချန်သည် မဟာ ဧကရာဇ် မျိုးဆက် ဖြစ်သည့် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံထားသည်။ အပြည့်အဝ အရွယ်ရောက်လာသော တစ်နေ့၌ သူသည် ကျိန်းသေပင် အနန္တဧကရာဇ်ဂိုဏ်း၏ မဟာ အင်ပါယာ ဧကရာဇ် ဖြစ်လာပေလိမ့်မည်။

ထို့အပြင် သူသည် အလွန် ပါရမီရှိသည်။ သူသည် ဓားနှင့် သတ်ဖြတ်ခြင်း တည်းဟူသော ရည်ရွယ်ချက် နှစ်ခုကို အောင်မြင်ထားသည်။ ထို့အပြင် အသက်လေးဆယ် မပြည့်ခင်မှာပင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်နှင့် အတူ ဇာတိဝိညာဥ် နှစ်ခုကို ပေါင်းစပ်ကာ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ထို့ပိဟန် အမြင်အရ ဆိုလျှင် လုံချန်၏ ပါရမီက ဝေ့ဝူယင်ထက် နည်းနည်းမျှ လျော့နည်းလိမ့်မည် မဟုတ်ချေ။

ယခုအချိန်၌ မဟာ အင်ပါယာ သူတော်စင်များသည် လုံချန်ကို လျစ်လျူထားသည် ဆိုသော်လည်း အမြဲ မပြတ် စောင့်ကြည့် နေကြပေသည်။ သူတို့သည် သူ့ကို လွတ်လပ်စွာ ကြီးထွားခွင့် ပြုထားသည့်တိုင် သူ သေဆုံးမည်ကိုတော့ ဘယ်တော့မှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

အင်ပါယာ ကောင်းကင်ချီ နည်းလမ်းနှင့် ပတ်သက်သမျှကို အတည်ပြုနိုင်ပြီး နောက်ပိုင်း၌ ထို့ပိဟန်သည် လုံချန်၏ နောက်ကြောင်းကို ပြန်လည် လေ့လာခဲ့သည်။ အမျိုးမျိုးသော အနန္တရာယ်များကို ကိုယ့်အစွမ်း အစနှင့် အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပုံက အတော်လေး အထင်ကြီးစရာ ကောင်းသည်။ ရှန်းလင်၏ အစီရင်ခံစာ အရဆိုလျှင် လုံချန်သည် ဘဝတွင် တစ်ခါသာ ရှုံးနိမ့်ခဲ့ဖူးသည်။ ဆန်းကြယ်သည်က သူ့အား အနိုင်ယူခဲ့သူမှာ အခြားလူ မဟုတ်ပဲ ဝေ့ဝူယင်သာ ဖြစ်သည်။

ထို့ပိဟန် ဝေ့ဝူယင်ကို ကြည့်လိုက်မိ၏။ သူနှင့် လုံချန် နှစ်ယောက်စလုံးမှာ အနန္တကုန်းမြေတိုက်ကြီးမှ လာကြသူများ ဖြစ်သည်။ တစ်ချိန်တစ်ခါက ဒဏ္ဍာရီများ ဖြစ်သည့် ဆန်းကြယ် ဧကရာဇ်နှင့် ထာဝရ ဧကရာဇ်တို့မှာလည်း ထိုနေရာမှပင် ဖြစ်သည်။ ကြည့်ရသည်က အနန္တကုန်းမြေတိုက်ကြီးမှာ သာမန် နေရာ တစ်ခု မဟုတ်လောက်ချေ။

သို့သော်လည်း ထိုအရာက အရေးမကြီးချေ။ အရေးကြီးသည်က ဝေ့ဝူယင်နှင့် လုံချန်တို့ အကြားမှ နက်ရှိုင်းလှသော ရန်ငြိုးရန်စ ဖြစ်သည်။ မိန်းမလှ တစ်ယောက်နှင့် ပတ်သက်ပြီး လုံချန်က ဝေ့ဝူယင်ကို သတ်ဖြတ်ရန်ပင် ကျိန်ဆိုခဲ့ဖူးသည်ဟု ဆိုသည်။

အနန္တဧကရာဇ်ဂိုဏ်းသည် ကံကောင်းထောက်မစွာပင် ထာဝရ ဧကရာဇ် ‌နောက်တစ်ယောက်နှင့် မဟာ ဧကရာဇ် ဝူယု နောက်တစ်ယောက်ကို ရရှိခဲ့သည်။ သူတို့ နှစ်ယောက်စလုံးမှာ မိုးကောင်းကင်ကိုပင် ထစ်ခြုန်းအောင် ပြုလုပ်နိုင်ကြသူများ ဖြစ်သည်။ သို့သော်လည်း ခြင်္သေ့နှစ်ကောင် ဂူတစ်ဂူထဲ အတူမအောင်း ဆိုသော စကားက မှန်နေဟန် ရသည်။ ထို့ပိဟန် သက်ပြင်းတစ်ချက် ချလိုက်၏။

“မင်း ဘာလို့ သူ့ကို ကိုယ်တိုင် မသတ်တာလဲ...”

သူ၏ စကားလုံးများက အသက်ကင်းမဲ့ နေ၏။ အကယ်၍ ဝေ့ဝူယင်သာ လုံချန်ကို သတ်ဖြတ်ချင်ပါက အလွယ်လေး ဖြစ်သည်။ သူ့လက်များဖြင့်ပင် သတ်စရာ မလိုချေ။

“ဘိုးဘေး ဝူယုက သူနဲ့ အတူ ရှိနေတယ်...”

ဝေ့ဝူယင်က မတုန့်ဆိုင်းတော့ပဲ ပြောလိုက်၏။ ဝူယုမှာ ထိုအရာကို လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ထိန်းသိမ်း ထားစေလိုသည့်တိုင် ကတိကို စောင့်ထိန်းရန် ဝေ့ဝူယင်၌ လုံလောက်သော အကြောင်းပြချက် မရှိချေ။

“ဟား... ဟား...”

ထို့ပိဟန်က ပျက်လုံးတစ်ခုကို ကြားလိုက်ရသည့် အလား အော်ကြီးဟစ်ကျယ် ရယ်မောလိုက်၏။ သူ၏ မျက်နှာထက်ရှိ အရေးအကြောင်းများက လှုပ်ယမ်းနေရာ သူ၏ ရင်ဘတ်ပင်လျှင် တသိမ့်သိမ့် တုန်နေသည်။ ထာဝရဧကရာဇ်၏ ခေတ်က မနေ့တစ်နေ့က မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ခန့် ကတည်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ အမြုတေ အဆင့်တစ်ယောက်မှာ ပျမ်းမျှအားဖြင့် နှစ်ပေါင်း ထောင့်ငါးရာခန့်သာ အသက်ရှင်နိုင်သည်။ ပတ်ဝန်းကျင် အထောက်အပံ့များ သုံးလျှင်ပင် မည်မျှ ကြာကြာ ဆက်နေနိုင်လိမ့်မည်နည်း။ မဟာ ဧကရာဇ် ဝူယု အသက်ဆက်လက် ရှင်သန်ရန်မှာ လုံးဝ ဖြစ်နိုင်ချေ မရှိပေ။

“အဘိုးကြီး... ရယ်မနေနဲ့... သူ တကယ် အသက်ရှင်နေတုန်းပဲ... သူက လုံချန်လက်စွပ်ထဲမှာ နေပြီး အနန္တကုန်းမြေတိုက်ကြီးမှာလည်းက လမ်းညွှန်ပေးနေတာ... သူတို့နှစ်ယောက် အတူ ရှိတာ ဆယ်စုနှစ် နှစ်ကျော်လောက် ရှိနေပြီ... ကျုပ် သူနဲ့ စကားပြောဖူးတယ်”

ဝေ့ဝူယင်က စိတ်မရှည်ဟန်နှင့် ပြောလိုက်၏။

“ ... “

ထို့ပိဟန်မှာ ရယ်နေရာမှ ရပ်တန့်သွား၏။ သူ၏ မျက်လုံးများကမူ ယုံတစ်ဝက်၊ မယုံတစ်ဝက် အနေအထားတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ တစ်ခါတုန်းက ဝေ့ဝူယင်သည် သေဒဏ်ကျနေခဲ့သည့် ချင်ချူးမူကို ကယ်တင်ပေးခဲ့ကာ အလဲအလှယ်အနေဖြင့် လုံချန်ထံမှ အနက်ရောင် လက်စွပ်လေးကို တောင်းခံခဲ့သည်။ သို့သော်လည်း မကြာခင်မှာပင် ထိုလက်စွပ်က လုံချန်ထံ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ထိုဖြစ်စဥ်က ယခု ဝေ့ဝူယင် ပြောနေသည့် အကြောင်းအရာနှင့် ပတ်သက်နေသည်လော။

ဝေ့ဝူယင်က စိတ်ရှုပ်ထွေးသည့် ပုံစံဖြင့် ခေါင်းတစ်ချက် ခါရင်း ဆက်ပြောလိုက်သည်။

“သူက ထူးဆန်းတဲ့ ဝိညာဥ် ပုံစံတစ်မျိုးနဲ့ ရှိနေတာ... သေချာ မပြောတတ်ပေမဲ့ အဲဒါက ကြယ်တာရာ ဝိညာဥ်ကနေ အသွင်ပြောင်းထားတဲ့ ပုံနဲ့ တူတယ်... ခန္ဓာကိုယ်က လွဲလို့ သူ့ဆီမှာ အသိစိတ် ပင်လယ်၊ ဝိညာဥ် စွမ်းအင်တို့လို အရေးကြီးတဲ့ စွမ်းအားတွေ အကုန်လုံး ရှိတယ်”

“ ... “

ထို့ပိဟန်မှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများကမူ လုံချန်ကို စူးစမ်းသည့် အလား အောက်တည့်တည့်ကိုသာ စူးစိုက် ကြည့်နေခဲ့၏။ ဂိုဏ်းတည်ထောင်သူ ဝူယုမှာ အမှန်တကယ် ထိုလူငယ်နှင့် ရှိနေသည်လား။

“ဝူယုက ကြယ်တာရာ အမြုတေ အဆင့်ထက် ကျော်လွန်တဲ့ လျှို့ဝှက်အာဏာရှင် ဆိုတဲ့ အဆင့်ကို ရောက်ခဲ့တယ်... အဲဒီ အဆင့် ကျင့်ကြံသူတွေရဲ့ သက်တမ်းက ကြယ်တာရာ အမြုတေ အဆင့်တွေထက် အများကြီး သာလွန်နေမယ် ဆိုတာ သံသယ ဖြစ်စရာ မလိုဘူး... ကျုပ်ရဲ့ ယူဆချက်သာ မှန်မယ်ဆိုရင် ကြယ်တာရာ အမြုတေ အဆင့်က သေမျိုး ကန့်သတ်ချက်တွေ ရှိတဲ့ နောက်ဆုံး အလွှာပဲ”

ထိုအဆင့်အား မသေမျိုးတို့၏ ကျင့်ကြံခြင်း အဆင့်ဟု မပြောနိုင်သည့်တိုင် သေဆုံးခြင်း စည်းမျဥ်းများကို ကျော်လွန်နေကြောင်းတော့ ဝေ့ဝူယင် ကျိန်းသေ ပြောနိုင်ပေသည်။

“သူ့မှာ ခန္ဓာကိုယ် မရှိဘူးလား..”

ထို့ပိဟန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများကမူ အမျိုးအမည် မသိသော အတွေးတစ်ချို့ဖြင့် လင်းလက်နေဟန် ရသည်။

"ဟုတ်တယ်... ကျုပ်အထင် သူ့ရဲ့ ခန္ဓာကိုယ်က လွပ်လပ်တဲ့ နယ်မြေတစ်ခုခုမှာ ရောက်ရှိနေတာ ဒါမှမဟုတ် ချိပ်ပိတ် ခံထားရတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်... သူက လပ်စွပ်ကို ဂိတ်တံခါး တစ်ခုအနေနဲ့ သုံးပြီး လုံချန်ကို ဆက်သွယ်နေတာ”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ ခန့်မှန်းလိုက်၏။ အကယ်၍ ဝူယုသာ သူ၏ စကားကို ကြားပါက ကျိန်းသေ အံ့သြ ထိတ်လန့်သွားလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန့်မှန်းချက်က ကွက်တိ မှန်ကန်နေသည် မဟုတ်ပါလား။

သိုလှောင်လက်စွပ်တို့ ကဲ့သို့သော ဂိတ်တံခါးများမှာ သက်ရှိနှင့် အသွေးအသား ဖြစ်တည်မှုများကို တားမြစ်ထားသည်။ အကယ်၍ ဝူယုအနေဖြင့် ထိုနေရာကို ဖြတ်၍ အန္တရာယ်ကင်းကင်း ဝင်ထွက်ချင်ပါက ဝိညာဥ် အနေဖြင့် ဖြစ်နိုင်ပေလိမ့်မည်။

“မင်း ပြောတာသေချာလား...”

ထို့ပိဟန်က အတည်ပြုဟန်ဖြင့် နောက်တစ်ကြိမ် မေးလိုက်သည်။ ဝေ့ဝူယင် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်တွင် သူတို့ နှစ်ယောက်စလုံး ဘာစကားမှ မဆိုနိုင်ပဲ ငြိမ်သက်သွားကြသည်။

အတန်ကြာပြီးနောက်မှ ထို့ပိဟန်က  အလေးနက်ဆုံးသော အမူအရာနှင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“ဒါဆို မင်းဂိုဏ်းက ထွက်သွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

“ ... “

ဝေ့ဝူယင် ဆွံ့အသွားသည်။ ထို့ပိဟန် ထိုစကားမျိုး ပြောလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမှ မျှော်လင့် မထားခဲ့ချေ။

“ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ”

ထို့ပိဟန်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

“အနန္တဧကရာဇ်ဂိုဏ်းမှာ အကြီးအကဲ အဆင့်ကို ရောက်တဲ့ လူတိုင်း ဝိညာဥ်ကျိန်ဆိုမှု ပြုကြရတယ်.. မဟာ အင်ပါယာ ဧကရာဇ်နဲ့ သူ့ရဲ့ ဆက်ခံသူတွေ အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိပါ့မယ် ဆိုပြီးတော့ပေါ့... ဒါပေမဲ့ မဟာ ဧကရာဇ် မျိုးဆက်က လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတည်းက ပြတ်တောက်နေတာ ဆိုတော့ အဲဒီ ကျိန်ဆိုမှုအပေါ် ဘယ်သူမှ သိပ်အလေးအနက် မထားခဲ့ကြဘူး”

“ဝိညာဥ် ကျိန်ဆိုထားရတယ်”

ဝေ့ဝူယင်၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ ဝူယု... ထိုအဘိုးကြီးမှာ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ကျော်ကတည်းက အစစ အရာရာ ကြိုတင်ပြင်ဆင်ခဲ့သည်လား။

ထို့ပိဟန်က အကူအညီကင်းမဲ့ဟန်ဖြင့် ဖြူရော်ရော် ပြုံးလိုက်သည်။

“ငါအပါအဝင် ဂိုဏ်းထဲမှာ ရှိတဲ့ အကြီးအကဲတိုင်း အဲဒီကျိန်စာနဲ့ လွတ်ကင်းတဲ့သူ တစ်ယောက်မှ မရှိဘူး..  လုံချန် သူ့အဆင့်အတန်းမှန်ကို ဖွင့်ချတဲ့ တစ်နေ့ ငါတို့အားလုံး သူ့ရဲ့ သစ္စာရှိ လူယုံတော်တွေ ဖြစ်သွားရလိမ့်မယ်... သူ ခိုင်းသမျှကို ဘာမှ ငြင်းဆန်ခွင့် မရှိဘူး...”

“ခင်ဗျား ကျွန်တော့်ကို သတ်မှာတော့ မဟုတ်ဘူးမလား”

ဝေ့ဝူယင် တိုက်ရိုက်ပင် မေးလိုက်သည်။

“ငါက မင်းကို ဘာလို့...”

ထို့ပိဟန်၏ စကားမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ အမှန်အတိုင်း ပြောရလျှင် သူ ဝေ့ဝူယင်ကို သဘောကျသည်။ ထိုကလေး၏ လုပ်ရည်ကိုင်ရည်၊ ပါရမီနှင့် စိတ်နေစိတ်ထားတို့မှာ လူငယ် တစ်ယောက်နှင့် မတူအောင်ပင် ထူးချွန်သည်။ လုံချန်နှင့် ဝေ့ဝူယင် တစ်ယောက်ကို ရွေးပါဆိုလျှင် သံသယ ရှိစရာမလိုအောင်ပင် သူ ဝေ့ဝူယင်ကို ‌ရွေးပေလိမ့်မည် ဖြစ်သည်။

သို့သော်လည်း အသက်ဝိညာဥ်နှင့် တိုင်တည်ကာ ကျိန်ဆိုထားသည့် ကျိန်စာအရ သူ လုံချန်၏ စကားကို ချွင်းချက် မရှိ နားထောင်ဖို့ လိုအပ်လိမ့်မည် ဖြစ်သည်။ အကယ်၍ လုံချန်က ဝေ့ဝူယင်ကို သတ်ခိုင်းလျှင်ရော... သူ မည်ကဲ့သို့ လုပ်ရမည်နည်း။

“ငါ့ရဲ့ အရိုးတွေကို ကြည့်ပါဦး... မင်းကို သတ်ဖို့အတွက် အိုမင်းလွန်းနေပါပြီလေ”

ထို့ပိဟန် ခေါင်းကို လေးပင်စွာ ခါယမ်းရင်း ပြောလိုက်သည်။ သို့သော်လည်း သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ထိုစကားကို မည်သူက ယုံပါမည်နည်း။ ဝေ့ဝူယင် ညင်သာစွာ ပြုံးလိုက်၏။

“ကျုပ်ဘဝမှာ အိမ်ရယ်လို့ သတ်သတ်မှတ်မှတ် နေရာတစ်ခု မရှိခဲ့ဘူး... အနန္တဧကရာဇ်ဂိုဏ်းကို မဝင်ခင်က နှစ်တွေမှာ ကျုပ် ဒီလိုပဲ လျှောက်လေလွင့်နေခဲ့ရတယ်...  အခု ကျုပ်ဒီမှာ အခြေချကျစ ပြုနေပြီ... ဒီဂိုဏ်းကို အိမ်လို့ ခံစားမိနေပြီ... ဘယ်သူ့ ပယောဂကြောင့်မှ ထွက်သွားဖို့ ကျုပ် စဥ်းစားမှာ မဟုတ်ဘူး”

ထို့ပိဟန် အနည်းငယ် လှုပ်ခါသွားသည်။ သူ၏ နှလုံးသားထဲတွင်မူ နွေးထွေးမှု တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီ အနန္တဧကရာဇ်ဂိုဏ်းကို စတင်ဝင်ရောက်ခဲ့သည့် နေ့ကို သူ ပြန်လည် မြင်ယောင် လိုက်မိသည်။ ထိုနေ့တွင် မျက်စိသူငယ် နားသူငယ်ဖြင့် သူ ယောင်ချာချာ လှည့်ပတ်ကြည့်ရသည့် နေရာက သူ၏ တစ်ခုတည်းသော အိမ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ့တွင် အနန္တဧကရာဇ်ဂိုဏ်းမှ တစ်ပါး အခြား သွားစရာ နေရာ မရှိတော့။ မျက်ရည်စ အချို့မှာ သူ့မျက်ဝန်းတွင် ကပ်ညိလာ၏။

“မင်း ဘာလုပ်ချင်လဲ...”

လူအိုကြီးက မေးသည်။

“ကျွန်တော် ပထမဆုံး ခင်ဗျားရဲ့ ဝိညာဥ်ကျိန်စာကို ပယ်ဖျက်ပေးချင်တယ်”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် အဖြေပေးလိုက်၏။

“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... ခင်ဗျား ကျွန်တော့်ရဲ့ မဟာမိတ် အဖွဲ့ကို ဝင်ရောက်ပြီး အာဏာရှင် တစ်ယောက် ဖြစ်လာရမယ်”

***

All Chapters