← Chapters

ရီဖူရှင်း၏နေရာမဟုတ်

Vol. 006 Ch. 548

ရီဖူရှင်း၏နေရာမဟုတ်

Vol. 006 Ch. 548

တော်ဝင်ကျဲနန်းတော်မှ လူရွေးသည့် စည်းမျဉ်းများကား ရှင်းလင်းသည်။ ရှေ့ကို ထွက်လာသူ မည်သူမဆို သူတို့၏ ထူးခြား ထက်မြက်သော အရည်အချင်းများကို ပြသရန်လိုသည်။ သူက နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူ့စွမ်းဆောင်ရည် ကောင်းနေသရွေ့ အရွေးခံရရန် အခွင့်အရေး ရှိပေသည်။

အကယ်၍ စိန်ခေါ်သူက ရှုံးနိမ့်ခဲ့လျှင်ပင် ထူးခြားသော စွမ်းဆောင်ရည်ကို ပြဿနိုင်ပါက တော်ဝင်ကျဲနန်းတော်မှ ရှီတန်ခိုးရှင်များ၏ တပည့်အဖြစ် လက်ခံခြင်းကို ရနိုင်ပေသည်။ အကယ်၍ စိန်ခေါ်သူက အနိုင်ရခဲ့လျှင် တော်ဝင်ကျဲ နန်းတော်မှ ရှီတန်ခိုးရှင်များ၏ တပည့်အဖြစ် ရွေးချယ်မှုကို ငြင်းပယ်၍ ဆက်လက် စိန်ခေါ် တိုက်ခိုက်နိုင်သည်။ ဤနည်းဖြင့် ပိုမို စွမ်းအားမြင့်သော ရှီတန်ခိုးရှင်များ လက်အောက်တွင် လေ့ကျင့်ခွင့် ရနိုင်၏။

ကျူးကော့ပင်ကား ဦးဆုံး တိုက်ခိုက်ရသူ ဖြစ်သည်။ တစ်ဖက်လူအား အထင်သေးမိ သောကြောင့် သူ ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် တော်ဝင်ကျဲ နန်းတော်က သူ့အား ဒုတိယ အခွင့်အရေးပင် မပေး။ သူကား မည်သို့ဆိုစေ ကျူးကော့မိသားစု၏ လူငယ်မျိုးဆက် တစ်ယောက်ဖြစ်ကာ ဤနေရာသို့အထိ ရောက်လာရန် မလွယ်ကူပေ။ ကျူးကော့မိသားစုမှ ဤအဆင့်အထိ ရောက်လာသူ သုံးယောက်သာ ရှိသည်။

“ဒုတိယတိုက်ပွဲကို ဘယ်သူ တိုက်ခိုက်မလဲ…” တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။ တိုက်ပွဲကွင်းပြင်က ပိုမို တင်းမာလာသည်။ ကျူးကောပင်၏ ရှုံးနိမ့်မှုကို သင်ခန်းစာယူကာ မည်သူမှ ပြိုင်ဘက်ကို အထင်မသေးရဲကြတော့။ ယခု သူတို့က တောင်ဝင်ကျဲ နန်းတော်ကို ရောက်ရန် ခြေတစ်လှမ်း အလိုတွင်သာ ရှိတော့သည်။

“ကျုပ် စိန်ခေါ်မယ်…” တစ်ယောက်က တိုးညင်းစွာ ပြောသည်။ ထို့နောက် လူတစ်ယောက်က ရှေ့ကို ထွက်လာသည်။

အဘယ်ကြောင့် သူက စောစီးစွာ ထွက်လာသနည်း။

သူကား တော်ဝင် မီးတောက်ဂိုဏ်းမှ စီကျိဖြစ်သည်။

စီကျိကား သူ၏ ကလန်လူငယ် မျိုးဆက်တွင် အတော်ဆုံး ဖြစ်သည်။ သူကား ဒူဟောင်ထက် ပိုမို အားကောင်းကာ သတ္တမ အတန်းအစား နိုဘယ်ဖြစ်သည်။ မည်သို့ဆိုစေ ကွင်းထဲတွင် လူအများအပြား ကျန်သေးသည်။ စီကျိက လူအုပ်ဘက်ကို ကြည့်သည်။ ထို့နောက် သူက ရီဖူရှင်းကို လက်ညှိုးထိုး၏။

“မင်း.. ”

အာ… လူအများအပြား အံ့အားသင့် သွားကြသည်။ တော်ဝင် မီးတောက်ဂိုဏ်းမှ သတ္တမ အတန်းအစား နိုဘယ် ပါရမီရှင်က အကာနာအဆင့်ကို စိန်ခေါ်နေသည်။ ဤသည်က အနိုင်ကျင့်ခြင်း မဟုတ်ပါလား။

စီကျိက ဒူဟောင်အတွက် လက်စားချေလိုသည်မှာ ထင်ရှားသည်။ သူက ရီဖူရှင်းကို စိန်ခေါ်ခြင်းက သူ၏စွမ်းရည်ကို ပြသရန် မဟုတ်ပေ။

“ဟင်… ဒီလို လုပ်လို့ ရလား…” ယိရှောင်ရှီက ခေါင်းမော့ကာ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများ ဘက်ကို ပြောသည်… “ကျုပ်က သူ့အစား တိုက်ခိုက်လို့ မရဘူးလား…”

“မရဘူး…” တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲက ပြောသည်… “ဒီစိန်ခေါ်ပွဲရဲ့ စည်းကမ်းက ဒီလိုပဲ… ဘယ်သူမဆို ကြိုက်တဲ့ တစ်ယောက်ကို စိန်ခေါ်ပြီး ကိုယ့်အရည်အချင်းကို ပြသနိုင်တယ်… စိန်ခေါ်ခံရတဲ့လူကလည်း အချိန်မရွေး အရှုံးပေးလိုက်လို့ရတယ်… စိန်ခေါ်ပွဲမှာ စိန်ခေါ်ခံရတဲ့လူရဲ့ စွမ်းဆောင်ရည်ကို ထည့်မတွက်ဘူး…”

ရီဖူရှင်းက စိန်ခေါ်ခံရသူဖြစ်ကာ သူ၏စွမ်းဆောင်ရည်က မည်သို့ ဖြစ်နေပါစေ အရေးမကြီးပေ။ တကယ်တမ်းက စိန်ခေါ်သူ အပေါ်ကိုသာ အကဲဖြတ်ခြင်း ဖြစ်သည်။

သို့တိုင်အောင် စီကျိက ရီဖူရှင်းကို အနိုင်ကျင့်လိုဟန် ရနေသည်။ ဒူဟောင်က အသတ်ခံထားရရာ သူ၏လုပ်ရပ်ကလည်း ဖြစ်သင့်ပေသည်။

“မသွားနဲ့…” ဟွာဂျီယူက ရီဖူရှင်းကို စိုးရိမ်စွာ ပြောသည်။ ယိရှောင်ရှီနှင့် တခြားလူများကလည်း ရီဖူရှင်းကို ခေါင်းယမ်း ပြကြသည်။

“သူ ဘယ်လောက် အားကောင်းလဲဆိုတာ သွားကြည့်တာ ဘာမှ မဖြစ်ပါဘူး…” ရီဖူရှင်းက ပြုံးလျက်ပြောကာ ကွင်းထဲကို လျှောက်သွား လိုက်သည်။

စီကျိကား ကွင်းထဲတွင် စွမ်းအား အမြင့်ဆုံးထဲမှ တစ်ယောက် ဖြစ်သည်။ ရီဖူရှင်းကလည်း သူကိုယ်တိုင် မည်မျှ အားကောင်းသည်ကို သိလိုသည်။ သည်မတိုင်မီက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် သတ္တမ အတန်းအစား နိုဘယ်များကိုပင် အနိုင်ယူနိုင်ခဲ့သည်။ ယခု နှင်တံ မပါဘဲ ဘယ်လောက်ခရီး သူရောက်နိုင်မည်ကို တိုင်းတာ၍ ရသည်။ စီကျိဖြင့် တိုက်ခိုက်ခြင်းဖြင့် သူက အတွေ့အကြုံ ရပေသည်။

“တော်ဝင် မီးတောက်ဂိုဏ်း၊ သတ္တမအတန်းအစား နိုဘယ်၊ စီကျိ…” စီကျိက မိတ်ဆက်သည်။

“စရအောင်…” သည်မတိုင်မီ စိန်ခေါ်ပွဲတွင် ရီဖူရှင်းက သူ၏နာမည်နှင့် အဆင့်ကို မိတ်ဆက်ပြီး ဖြစ်သည်။ ယခု သူက ပြန်မရွတ်ပြတော့ပေ။

သူက ထိုသို့ ပြောပြီးသည်နှင့် စီကျိ၏နဖူး၌ အနက်ရောင် မီးတောက် အမှတ်အသားတစ်ခု ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော နိုဘယ်အသိက ရီဖူရှင်း၏စိတ်ထဲကို တိုက်ရိုက် တိုးဝင်လာသည်တွင် သူ၏ စိတ်နယ်ပယ်ထဲ၌ ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မီးကြာပွင့်တစ်ပွင့် ပေါ်လာသည်ကို ရီဖူရှင်း ခံစားရသည်။ ကြာပန်းက ပိုမိုကြီးမားလာကာ ကြီးမားသော လောင်မီးများက သူ၏စိတ်အင်အား တစ်ခုလုံးကို လောင်မြိုက်ရန် ကြိုးစားကြသည်။

စီကျိ၏တန်ခိုးအဆင့်က သူ့ထက် လွန်စွာ မြင့်မားလွန်းရကား ရီဖူရှင်းထက် ပိုမို အားကောင်းသည်မှာ သေချာသည်။ ရီဖူရှင်း၏ စိတ်ထဲတွင် ထူးဆန်းသော ရောင်ဝါများ စတင် ဖြစ်ပေါ်လာသည်။ ထိုအလွန် သန့်စင်သော ရောင်ဝါက သူ၏စိတ်အသိအား လောင်ကျွမ်းခြင်းကို ကာကွယ်ပေးသည်။

စီကျိကား စိတ်ဝိညာဉ်အခြေပြု မှော်ထိန်းချုပ်သူ ဖြစ်သည်။ မီးတောက်ကား သူ၏ စွမ်းရည်တစ်ခုသာ ဖြစ်၏။ စိတ်ဝိညာဉ် တန်ခိုးရှင်များက ပြိုင်ဘက်အား နိုဘယ်အသိဖြင့် ဖိအားပေးရုံမျှ မဟုတ်ဘဲ တစ်ဖက်လူ၏စိတ်ကို တိုက်ရိုက် တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။

အနက်ရောင် မီးတောက်များက ရီဖူရှင်း၏ စိတ်နယ်ပယ်ကို အဆက်မပြတ် တိုက်ခိုက်သည့်တိုင် ရီဖူရှင်း၏ စိတ်နယ်ပယ်ကား တုန်လှုပ်ခြင်း ကင်း၏။ စီကျိက ရီဖူရှင်းကို စိတ်ဝိညာဉ်နည်းဖြင့် တိုက်ခိုက်ကာ သတ်ဖြတ်လိုသည်။

သူ၏စိတ်ဝိညာဉ် တိုက်ခိုက်မှုက အလုပ်မဖြစ်သည်ကို သိလိုက်သည်တွင် စီကျိက သူ၏ပတ်ဝန်းကျင်မှ မီးဓာတ်သဘာဝ စွမ်းအင်များကို စတင်၍ ထိန်းချုပ်တော့သည်။ ချက်ချင်းပင် ရီဖူရှင်း၏ပတ်ပတ်လည်၌ အနက်ရောင် မီးတောက်ကြာပန်းများ ဖြစ်လာကာ သူ့ကို လောင်ကျွမ်းရန် ကြိုးစားသည်။ ကြာပန်းတစ်ပွင့်စီက ကြောက်မက်ဖွယ် အပူလှိုင်းများကို ထုတ်လွှတ်ကာ မရေမတွက်နိုင်သော ကြာပန်းများ ဖြစ်ပေါ်လာနေသည်။

သို့သော် ရီဖူရှင်း၏ ပတ်လည်၌ ရေခဲအသိများ လွှမ်းခြုံလာကာ ရေခဲ အရံအတားများ အထပ်ထပ် ဖြစ်ပေါ်လာသည်။ သို့တိုင်အောင် ပူပြင်းသော မီးတောက်များကြောင့် ရေခဲများက မြန်ဆန်စွာ အရည် ပျော်လာနေသည်။

“သူက ဘာလို့ ဆက်တိုက်နေရတာလဲ…” ကွင်းပြပမှ လီချန်းရီ၊ ချင်ရန်နှင့် လို့လန်ရွှီတို့က စိုးရိမ်စွာ ကြည့်နေကြသည်။

ရုတ်တရက် ရီဖူရှင်း၏ ပတ်လည်၌ အားကောင်းသော ဥက္ကာခဲမုန်တိုင်း တစ်ခု ဖြစ်လာသည်။ သူတို့က ကြောက်မက်ဖွယ် ကောင်းအောင် လှည့်ပတ်ကာ မီးကြာပန်းများကို ဖျက်ဆီးသည်။ တစ်ဖက်မှလည်း ဥက္ကာခဲများက လောင်ကျွမ်း ပျက်စီးရသည်။

“လောင်ကျွမ်းစမ်း…” စီကျိက အေးစက်စွာ အော်လိုက်သည်။ ထိုအခိုက်တွင် အနက်ရောင် စီးကြောင်း တစ်ခုက ကြာပန်းများကို ရစ်သိုင်းသွားကာ မီးကြာပန်းများ တဝုန်းဝုန်း ပေါက်ကွဲကြပြီး ရီဖူရှင်း၏ ပတ်ဝန်းကျင် တစ်ခုလုံး မီးတောက် မီးလျှံများ ဖုံးလွှမ်း လောင်ကျွမ်း သွားသည်။

သို့သော် ရီဖူရှင်း၏ ခြေထောက်၌ လျှပ်စီးတစ်ချက် လက်သွားကာ သူ့အား မူလနေရာတွင် မတွေ့ရတော့။ အဝေးတစ်နေရာတွင် ရီဖူရှင်း ပေါ်လာကာ သူ၏ခန္ဓာကိုယ်တွင် ကြယ်တာရာ အရံအတား တစ်ခုနှင့်အတူ မီးတောက်များက တဖြည်းဖြည်း ပျောက်ကွယ် သွားကြသည်။

“သူက တကယ်ပဲ ဘာမှ မဖြစ်သွားဘူး…” လူအများအပြားက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူ၏ခုခံမှုများက အမှန်ပင် ထူးခြား ကောင်းမွန်သည်။

စီကျိက ရီဖူရှင်းကို ကြည့်ကာ ထပ်မံ တိုက်ခိုက်ရန် ဟန်ပြင်သည်။ သို့သော် ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကျုပ် အရှုံးပေးတယ်…” ထို့နောက် သူက နောက်ဆုတ်ကာ သူ၏မူလနေရာသို့ ပြန်လာသည်။

စီကျိက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ တိုက်ခိုက်မှုက တိုတောင်းသော်လည်း ရီဖူရှင်းက အလွန်အမင်း အားကောင်းသည်ကို ခံစားရသည်။ သူ၏ မီးတောက်များ အောက်တွင် အဋ္ဌမ အတန်းအစား နိုဘယ်ပင်လျှင် လောင်ကျွမ်း ပြာကျ သွားနိုင်ပေသည်။

ကျူးကော့ရှင်းက ထိုမြင်ကွင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သူက ရီဖူရှင်းကို သွားရောက် စိန်မခေါ်ခြင်းက သူ အရှုံးပေးမည်ကို သိ၍ ဖြစ်သည်။ ရီဖူရှင်းကို စိန်ခေါ်ခြင်းက အကျိုးမရှိပေ။

ယန်ချူ၊ ပိုင်ရီ၊ ချူရှမ်းနှင့် လူအများအပြားတို့ကလည်း တိုက်ပွဲကို ကြည့်နေကြသည်။

“သိဒ္ဓိဝင် လက်နက်မပါဘဲ သူက တကယ်ပဲ ဘာမှ မဟုတ်ဘူး…” ပိုင်ရီက ရီဖူရှင်းကို ကြည့်သည်။ ကြည့်ရသည်မှာ ရီဖူရှင်း၏လက်နက်က အမှန်ပင် အားကောင်းလွန်းပုံ ရ၏။

“စီကျိ… မင်းက ကျွန်းစုတစ်ထောင် တော်ဝင်မြေမှာ လေ့ကျင့်ချင်လား…” ကောင်းကင် လှေကားထစ်ပေါ်မှ တစ်ယောက်က မေးသည်။ စီကျိက ထိုနေရာကို ကြည့်ကာ ခေါင်းယမ်းသည်… “ဟင့်အင်း… ”

“ဒါဆို မင်း နောက်ဆုတ်တော့…” ထိုလူက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ စီကျိက ရီဖူရှင်းနှင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း တော်ဝင်မြေမှ တန်ခိုးရှင်အချို့က စီကျိကို တပည့်အဖြစ် လက်ခံလိုကြသည်။ သို့သော်လည်း စီကျိက ငြင်းပယ်ခဲ့သည်။

ပင်မနန်းတော်မူကား နောက်ဆုံးကျန်သော လူတစ်ရာထဲကမှ လက်ခံမည် ဖြစ်သည်။ အတော်ဆုံး လူများက တော်ဝင်မြေကို ရွေးချယ်မည် မဟုတ်သည်မှာ သေချာသည်။

“နောက်တစ်ယောက်…” တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်က ပြောသည်။

ထို့နောက်တွင် လူအများအပြားက ရှေ့ကို ထွက်လာကာ စိန်ခေါ်ကြသည်။ လူအချို့က တော်ဝင်မြေကို ဝင်ရောက်သွားကြပြီး အချို့က ငြင်းပယ်ကြသည်။ သို့သော် တော်ဝင်မြေမှပင် လက်မခံသူများလည်း ရှိပေသေးသည်။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျှင် ထူးခြား ထက်မြက်သော ပါရမီရှင်များလည်း ပါဝင် တိုက်ခိုက်ကြသည်။ ဥပမာ နတ်ဘုရား မျိုးနွယ်များဟု မိမိကိုယ်ကို ခံယူထားသော ဟောင်မိသားစုမှ​ ဟောင်ကျူဂီ၊ ထင်းရွယ်အိမ်တော်မှ ရွယ်ချွဲနှင့် ကျူးကော့ရှင်းတို့ကလည်း ဝင်ရောက် တိုက်ခိုက်ကာ ထူးခြား ထက်မြက်သော စွမ်းရည်များကို ပြသကြသည်။

တိမ်ဖြူမြို့ ဒုတိယသခင်လေး ပိုင်စီက တိုက်ခိုက်သော အခါတွင်ကား တစ်ကွက်မျှပင် မသုံလိုက်ရဘဲ ပြိုင်ဘက်က ချက်ချင်း အရှုံးပေး သွားရသည်။

ဒီမွန်းနတ်ဘုရား ကလန်မှ ချီမင်ကား အလွန် ရု့န်ရင်းကြမ်းတမ်းကာ သန်မာ ကြီးထွားသော ခန္ဓာကိုယ်ကြီးဖြင့် သူ၏ပြိုင်ဘက်ကို ဒီမွန်းနတ်ဘုရား တစ်ပါးလို အရှိန်အဝါကြီးစွာဖြင့် နင်းခြေနိုင်သည်။

တဖြည်းဖြည်းဖြင့် ကွင်းထဲတွင် ကျန်ရစ်သူများ ပိုမို နည်းပါးလာကာ ထိုလူများက အတော်ဆုံး အကောင်းဆုံးများဟု သတ်မှတ်၍ ရပေသည်။ ထို့ကြောင့်လည်း နောက်ပိုင်း တိုက်ပွဲများကို တော်ဝင်ကျဲ နန်းတော်မှ အရေးပါသော ပုဂ္ဂိုလ်များကပင် အလေးအနက် ကြည့်ရှုကြသည်။

“ဒီအဆင့်မှာတော့ သူ ဝင်တိုးဖို့ ခက်လိမ့်မယ်… အခု အခြေအနေအရ မင်းပြောတဲ့ မြင်ကွင်းမျိုး မြင်ရဖို့ ခက်လိမ့်မယ်…” ကျူးကော့ခမ်ယန်က ရီဖူရှင်းတို့အဖွဲ့ကို ကြည့်ကာ ပြောသည်။ ယခု ကျန်ရစ်သူများကား အလွန့်အလွန် ထူးချွန်သူများ ဖြစ်ကြသည်။ အမှန်က သူလည်း ကျူးကော့မင်းယွီ၏ အမြင်စူးရှမှုကို လက်ခံသည်။ အကယ်၍ ရီဖူရှင်းကသာ သတ္တမအတန်းအစား နိုဘယ်ဖြစ်ပါက သူက အတော်ဆုံးပင် ဖြစ်သွားနိုင်သည်။ သို့သော် သူ၏လက်ရှိ တန်ခိုးအဆင့်က အလွန် အားနည်း၏။

တကယ့်ထိပ်သီး ပါရမီရှင်များရှေ့တွင် သူကား ပြန်လည်၍ပင် တိုက်ခိုက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ သူတစ်ယောက်တည်း မဟုတ် တခြားလူများကလည်း ထိုသို့ ခံစားကြရသည်။ တိုက်ပွဲက ဆက်လက် ဖြစ်ပွားလျှင် လူအများက တဖြည်းဖြည်း ရီဖူရှင်းတို့ကို​ မေ့လျော့ လာခဲ့ကြသည်။

ရုတ်တရက် လူတစ်ယောက်က ကွင်းအလယ်ကို ထွက်လာသည်။ သူကား ဓားကျေးရွာမှ ယန်နန်ဖြစ်သည်။ သူ၏စွမ်းရည်များက ယန်ချူနှင့် သိပ်မကွာခြားပေ။

လူအများအပြားက ယန်နန်ကို ကြည့်ကြသည်။ ယခု ကျန်ရစ်သူများက အတော်ဆုံးများ ဖြစ်ကြသည်။

ယန်နန်က ကွင်းလယ်ကို လျှောက်လာပြီး ရီဖူရှင်း၏ဘေးမှ ရီဝူချင်းကို ကြည့်သည်။ ရီဝူချင်းက ဓားပျံမြို့မှ​ ရှေးဟောင်း နယ်မြေကို ဆက်ခံခဲ့သည်။ အမှန်တကယ်အားဖြင့် ထိုရှေးဟောင်း နယ်မြေက သူတို့ပိုင်ခဲ့သော နေရာဖြစ်ရာ သူက လုံးဝ ကျေနပ်ခြင်း မရှိပေ။

“မင်း ထွက်လာခဲ့…” ယန်နန်က ရီဝူချင်းကို စိန်ခေါ်သည်။ ရီဝူချင်းကလည်း ဓားသမား ဖြစ်သည်။

***

All Chapters