ဟုန်ချွင်းဟွာ
Vol. 19 Ch. 258
ဟူး... ဟူး...
မဟာ အင်ပါယာ သူတော်စင်များနှင့် ဝေ့ဝူယင်တို့မှာ ကျောက်ဖြာထက်မှ မြေပြင်သို့ ဆင်းလာခဲ့ကြ၏။ ဝေ့ဝူယင်သည် လူအုပ်ကို တစ်ချက် ဝှေ့ကြည့်ရင်း ချင်ချူးမူနှင့် မျက်လုံးချင်း ဆုံသွားသည်။ သူတို့ နှစ်ယောက် မဆုံခဲ့သည်မှာ နှစ်နှစ်နီးပါး ကြာခဲ့ပြီ ဖြစ်သည်။ သူမသည် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းပြီးနောက် ယခင်ကထက် အဆပေါင်းများစွာ ပိုမို လှလာခဲ့၏။
သူမ၏ အသွင်အပြင်ကို ကြည့်ရင်း ဝေ့ဝူယင် အသက်ရှူပင် မှားသွားခဲ့သည်။ စောစောက ချင်းရိုင်နှင့် ချင်ချူးမူတို့ အကြား သူ၏ နှိုင်းယှဥ်မှုကပင် မမျှတသလို သူ ခံစားလိုက်ရ၏။ ယခု ချင်ချူးမူသည် ယခင် ချင်ချူးမူထက်ရော ချင်းရိုင်ထက်ပါ မိုင်ပေါင်းထောင်ချီအောင် ပိုမို လှပသည်။ အကယ်၍ လှပမှုသာ ခွန်အားတစ်ခု ဆိုလျှင် ချင်ချူးမူသည် အနန္တဧကရာဇ်ဂိုဏ်းကို ချွင်းချက်မရှိ ပိုင်စိုးပေလိမ့်မည်။
ဝေ့ဝူယင်၏ မျက်လုံးများက ချင်ချူးမူဘေးနားရှိ အေးစက်စက် မျက်ဝန်းများနှင့် လုံချန်ထံ ဆက်လက် ရွေ့လျားသွား၏။ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသည့်တိုင် သူ ဘာမှ မဖြစ်သလို လျစ်လျူ လိုက်၏။
ထို့နောက် သူက အားလုံးကို ခြုံငုံ့ကြည့်ရင်း ကြေညာလိုက်သည်။
“ကျုပ်နာမည်ကို ဝေ့ဝူယင်လို့ ခေါ်တယ်... ဖန်တီးခြင်းတောင်ထွတ်ရဲ့ ကောင်းကင် ဧကရာဇ် တစ်ပါးပေါ့... အာဏာရှင်များ အဖွဲ့ရဲ့ တည်ထောင်သူ ဆိုလည်း မှန်ပါတယ်”
“ ... “
များစွာသော လူငယ် ပါရမီရှင်များမှာ ကောင်းကင်သို့ မော့ကာ ကြည့်လိုက်ကြ၏။ သူတို့သည် ဝေ့ဝူယင်နှင့် မဆုံဖူးလျှင်ပင် ထာဝရ မင်းသားလေး ဆိုသော ဘွဲ့နာမည်ကို ကြိမ်ဖန်များစွာ ကြားဖူးခဲ့ပြီး ဖြစ်သည်။ သူတို့ ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်း ပင်လျှင် ထိုလူငယ် ဖန်တီးထားသည့် ဆေးလုံးတစ်လုံးကြောင့် ဖြစ်ပေသည်။
ထာဝရ မင်းသားလေးသည် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မရှိသည့် လူတစ်ယောက် အဖြစ် ကျော်ကြားသည်။ ဆိုလိုသည်က အခြား အဂ္ဂိရတ် သမားများနှင့် ခြားနားစွာပင် သူ့တွင် တိုက်ခိုက်ရေး စွမ်းအားများ ရှိသည်။ ကောလဟလများက ထာဝရမင်းသားလေးမှာ ကြယ်တာရာ အမြုတေ အဆင့်တစ်ဖြင့်ပင် ဝိညာဥ်ဆင်းတုများကို ယှဥ်နိုင်သည်ဟု ဆိုကြသည်။ ယခုတွင်မူ သူသည် ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို ခြေချခဲ့ပြီး ဖြစ်သည်။ သူ၏ အသက်က ငါးဆယ်ပင် မပြည့်သေးချေ။
သူသည် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကောင်းကင် အုပ်စိုးသူ မဟုတ်သည့်တိုင် ထိုကိန်းဂဏန်းနှင့် အတော်လေး နီးကပ်ပေသည်။ သူ၏ ပါရမီ၊ ရုပ်ရည်သွင်ပြင်နှင့် အရည်အချင်းတို့မှာ မည်သည့် ခေတ်တွင် မဆို ထိပ်တန်း၌ ရပ်တည်နိုင်ကြသည်ချည်း ဖြစ်သည်။
တစ်ခဏမျှ ရပ်တန့်ပြီးနောက် ဝေ့ဝူယင်က ဆက်ပြောလိုက်၏။
“မင်းတို့ထဲက အများစုဟာ သေမျိုးဘုံ အဆင့်၊ ကမ္ဘာ့ရွေးချယ်ခံ အဆင့်... နောက်ပြီး ကောင်းကင်နိုဘယ်တွေနဲ့ ကျုပ်လို ကောင်းကင် ဧကရာဇ်တွေတောင် ဖြစ်ပါလိမ့်မယ်... နောက်ပြီး မင်းတို့တွေဟာ အဖွဲ့တစ်ခုကို ဝင်ပြီးသား ဒါမှမဟုတ် ကိုယ်ပိုင် အဖွဲ့တစ်ခုကို တည်ဆောက်ပြီးသားတောင် ဖြစ်နိုင်ချေ ရှိပါတယ်... မင်းတို့ တစ်ယောက်ချင်းစီက မာနကြီးပြီး ကိုယ့်လမ်းစဥ်အပေါ် ချွင်းချက် မရှိ ယုံကြည်တာလည်း ကျုပ်သိပါတယ်... ဒီတော့ သွယ်ဝိုက် မနေပဲ တိုက်ရိုက်ပဲ ပြောတော့မယ်...”
“ကျုပ် တည်ထောင်ထားတဲ့ အာဏာရှင်များ အဖွဲ့ဟာ အဖွဲ့ဝင်သစ်တွေ လက်ခံနေပါတယ်... တကယ်လို့ ခင်ဗျားတို့ စိတ်ဝင်စားမယ် ဆိုရင် ကျုပ်ဘက်က လက်ခံဖို့ ဆန္ဒရှိပါတယ်”
“ ... “
အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။ မသေချာ မရေရာမှု လှိုင်းတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို အက်စစ်များ ကဲ့သို့ တိုက်စားကာ စိမ့်ဝင် ပျံ့နှံ့နေသည်။ ထို့ပိဟန် ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူ့စိတ်ထဲတွင်မူ “မဟာဝိညာဥ် စမ်းသပ်ပွဲကို အာဏာရှင် အဖွဲ့ဝင်တွေ အတွက် လေးကျင့်ရေးကွင်း တစ်ခု ဖြစ်ဖို့ ရည်ရွယ်ထားတယ်” ဆိုသည့် ဝေ့ဝူယင်၏ စကားကို အထပ်ထပ် အခါခါ ပြန်လည် ကြားယောင် နေခဲ့မိလေသည်။
ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ ပြတ်သားသော အသံက ဆက်လက် ထွက်ပေါ်လာလေ၏။
“ကျုပ် ခင်ဗျားတို့ကို တွန်းအား မပေးဘူး... ခင်ဗျားတို့ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်နိုင်တယ်... ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... ကျုပ်ရဲ့ ဒီတစ်ကြိမ် ကမ်းလှမ်းမှုက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ... ဒုတိယမြောက် ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး”
“ဟမ့်...”
လုံချန်က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။ ဝေ့ဝူယင်၏ စကားက ယဥ်ကျေးဟန် ရသည့်တိုင် အဆုံးမဲ့ မောက်မာမှုများ စိမ့်ဝင်နေသည်။ သူ့အဖွဲ့အတွင်း ယခုတစ်ကြိမ် မဝင်လျှင် လူတိုင်း နောင်တရရမည့် အတိုင်းပင်။
အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။ သေမျိုးဘုံ တပည့်များနှင့် ကမ္ဘာ့ရွေးချယ်ခံ တပည့်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဘယ်လိုလဲ ဆိုသော အမေးဖြင့် မေးငေါ့နေကြသည်။ ကောင်းကင်နိုဘယ် အချို့ပင်လျှင် စိတ်ထွေပြားစွာဖြင့် အနည်းငယ် ဝေခွဲမရ ဖြစ်နေဟန် ရ၏။
သို့သော်လည်း ကောင်းကင်ဧကရာဇ်များမှာမူ အလျင်း စိတ်ဝင်စားဟန် မရကြချေ။ သူတို့မှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ အဆင့်အတန်း အမြင့်ဆုံး တပည့်များ ဖြစ်ကြကာ ကိုယ်ပိုင် အဖွဲ့များကို ဦးစီးနေသူများ ဖြစ်ကြသည်။ အဘယ်ကြောင့် အခြားလူတစ်ယောက်၏ အဖွဲ့ထဲကို ဝင်ရောက်ရမည်နည်း။
အတန်ကြာပြီးနောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
“ကျွန်မနဲ့ ကျွန်မ အဖွဲ့ဝင်မယ်...”
မိန်းမငယ်လေး တစ်ယောက်မှာ ရှေ့သို့ ထွက်လာသည်။ သူမသည် သေးသိမ်သော ခါး၊ မြင်းမြီး ပုံစံ ဆံပင်၊ ခွန်အား ပြည့်ဝသော မျက်လုံးများနှင့် လှပသူကလေး ဖြစ်သည်။ သူမသည် စစ်တောင်ထွတ်၏ သွေးရောင် ဝတ်စုံကို ဆင်မြန်းထား၏။
“ဟုန်ချွင်းဟွာ... ဒါက ဘာသဘောလဲ... နင့်သဘောနဲ့ နင် ဆုံးဖြတ်လို့ မရဘူး”
ဟုန်ချွင်းဟွာကဲ့သို့ ကောင်းကင် နိုဘယ် ဝတ်စုံ ဝတ်ဆင်ထားသည့် အယ်ဗန် မှင်စာမျိုးနွယ် မိန်းမငယ်လေး တစ်ယောက်က ပြောလိုက်သည်။ များစွာသော လူငယ်များမှာ ထိုစကားဝိုင်းကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြ၏။
ဟုန်ချွင်းအာ၏ အမူအရာက အေးစက်သွားကာ အယ်ဗန်မှင်စာ မိန်းမငယ်လေးကို စိုက်ကာ ကြည့်လိုက်၏။
“ဝါယု... ငါဆုံးဖြတ်ပြီးပြီ...”
သူမ၏ အသံတွင် ဆွေးနွေးလိုမှု အရိပ်အငွေ့ တစ်ခုမျှ မပါဝင်ချေ။ ထို့အစား တိကျပြတ်သားမှုသာလျှင် စိုးမိုး သိမ်းပိုက်ထား၏။ ဝေ့ဝူယင် သူမ၏ ခန္ဓာကိုယ်မှ ဓားရည်ရွယ်ချက် အငွေ့အသက် အချို့ကို ခံစားလိုက်ရသည်။
“ဓားသုံးလက် ပန်းသုံးပွင့်...”
ထိုအရာက သူမတို့၏ အဖွဲ့နာမည် ဖြစ်ပြီး ကောင်းကင်နိုဘယ် သုံးဦး ပေါင်းစပ်ကာ တည်ဆောက်ထားသည့် အဖွဲ့ ဖြစ်သည်။ ထို့ကြောင့်ပင် ဓားသုံးလက် ပန်းသုံးပွင့် အဖွဲ့တွင် ခေါင်းဆောင် သုံးဦးရှိသည်ဟု ဆိုရပေလိမ့်မည်။
ဝေ့ဝူယင် သိရှိထားသလောက် ဆိုလျှင် ဟုန်ချွင်းဟွာသည် အဖွဲ့အတွင်း သြဇာအာဏာ အနိမ့်ဆုံး ဖြစ်ပြီး ဝါယုကမှ အဓိက ဆုံးဖြတ်ချက်များကို ချမှတ်နေသည့် ခေါင်းဆောင် ဖြစ်သည်။ သူမသည် စစ်တောင်ထွတ်၏ ထိပ်တန်း ကောင်းကင်နိုဘယ်များထဲမှ တစ်ယောက်လည်း ဖြစ်၏။
ဟုန်ချွင်းဟွာက ဝါယုကို ကျောခိုင်းလိုက်ကာ ဝေ့ဝူယင် အနားသို့ လျှောက်လာခဲ့၏။ ပေအနည်းငယ် အကွာအဝေးသို့ အရောက်၌ သူမက ဒူးထောက်လိုက်ကာ ကျောထက်မှ ဓားကို ဖြုတ်ယူလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဝေ့ဝူယင်ထံ ကမ်းလိုက်၏။
“ကျွန်မ ဟုန်ချွင်းဟွာ... ဓားကို အရှင့်ထံ ဆက်သပါတယ်... ဒီနေ့ကစ ကျွန်မနဲ့ ဒီဓားဟာ အရှင့်ရဲ့ အစေအပါးတွေပါပဲ”
အခြားတစ်ဖက်၌ ဝါယု၏ မျက်နှာက ဒေါသဖြင့် နီရဲလာသည်။
“ကောင်းပြီလေ ဟုန်ချွင်းဟွာ... ဒီနေ့ကစပြီး ဓားသုံးလက် ပန်းသုံးပွင့်မှာ တစ်ပွင့်ပြုတ်သွားပြီလို့ မှတ်လိုက်မယ်... ဒါပေမဲ့ ထွက်ချင်ရင် နင့်ဘာသာထွက်... ငါ့အဖွဲ့ထဲက လူတွေတော့ ထည့်မပေးနိုင်ဘူး”
ဝါယုမှာ အတော်လေး မခံချိ မခံသာ ဖြစ်နေ၏။ ကိုယ်ပိုင် အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ပြီးမှ အခြားလူတစ်ယောက် ရှေ့တွင် ဒူးထောက်နေခြင်းက အတော်လေး စက်ဆုပ် ရွံရှာဖို့ ကောင်းသည်။
ဝေ့ဝူယင်က ဝါယုကို တစ်ချက် ကြည့်သည် ဆိုရုံမျှသာ ကြည့်၏။ ထို့နောက်တွင် သူက ဟုန်ချွင်းဟွာဘက်သာ ပြန်လှည့် လိုက်သည်။
“ဟုန်ချွင်းဟွာ... ငါနင့်ကို လက်ခံတယ်... နင့်အဖွဲ့ထဲက နင့်နောက် လိုက်ချင်တဲ့ ဘယ်သူ့ကို မဆိုလည်း ငါလက်ခံမယ်”
ဟုန်ချွင်းဟွာက ခေါင်းတစ်ချက် ညိတ်ကာ ဝေ့ဝူယင်နောက်သို့ လာရောက်၍ ရပ်၏။ ထို့နောက်တွင် ကမ္ဘာရွေးချယ်ခံ တပည့် အချို့နှင့် သေမျိုးဘုံ တပည့်များမှာလည်း ဝေ့ဝူယင်ဆီသို့ လျှောက်လာကာ ဝေ့ဝူယင်နောက်သို့ လိုက်လိုကြောင်း ပြောဆိုကြသည်။
သို့သော်လည်း ဟုန်ချွင်းဟွာမှ လွဲ၍ အခြား ကောင်းကင်နိုဘယ် တစ်ယောက် တစ်လေမှ လာရောက် ပူးပေါင်းခြင်း မရှိတော့ချေ။ ကောင်းကင်ဧကရာဇ်များဆိုလျှင် သာ၍ပင် ဝေးသေးသည်.
အကယ်၍ ဝေ့ဝူယင်သာ အစစ်အမှန် ထာဝရ မင်းသားလေး ဖြစ်ပါက သူတို့ မာနများကို ပစ်ချကာ ဒူးထောက်ကောင်း ဒူးထောက်မိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ် မျိုးဆက်မှ ဆင်းသက်လာသူ တစ်ယောက် မဟုတ်သလို ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် တစ်စုံတစ်ရာ ပတ်သက်သူလည်း မဟုတ်ပါချေ။ သည်အတိုင်း အဂ္ဂိရတ်တာအိုတွင် ပါရမီ ထူးချွန်ရုံမျှသာ ဖြစ်သည်။ သမိုင်းတွင် သူ့ကဲ့သို့ လူမျိုး ဆယ်ယောက်ထက် မနည်း ပေါ်ထွက်ခဲ့ဖူးသည်။
တစ်ခဏကြာပြီးနောက် အားလုံးမှာ တိတ်ဆိတ် ငြိမ်သက်သွားကြ၏။ မည်သူမျှ ရှေ့သို့ တက်မလာတော့ချေ။ ကြည့်ရသည်က သူနှင့် ထပ်မံ ပူးပေါင်းလိုသူ ရှိတော့ဟန် မရချေ။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ဘယ်သူမှ မရှိတော့ဘူးပေါ့... ကောင်းပြီလေ... ဟုန်ချူးဟွာ နင်က အာဏာရှင်များ အဖွဲ့ရဲ့ ပထမ ဗိုလ်ချုပ်ပဲ... ခြောက်လအတွင်း ဒီမှာ ရှိနေတဲ့ ကောင်းကင်ဧကရာဇ်တွေ သာလွန်အောင် ငါနင့်ကို ထောက်ပံ့ပေးမယ်”
ဝေ့ဝူယင်က သက်တောင့်သက်သာပင် ပြောလိုက်သည်။ သို့သော်လည်း သူ၏ စကားလုံးများက လူငယ် ပါရမီရှင်များကို မဆိုထားနှင့် မဟာ အင်ပါယာ သူတော်စင်များကိုပင် ဆွံ့အ သွားစေခဲ့၏။
ဤနေရာတွင် ကောင်းကင်ဧကရာဇ် လေးယောက်သာ ရှိသည်။ နှစ်ယောက်မှာ စစ်တောင်ထွတ်မှ ဖြစ်ပြီး အခြား နှစ်ယောက်မှာ မူလတောင်ထွတ်မှ ဖြစ်သည်။ သူတို့အားလုံးမှာ အနည်းဆုံး ကွင်းငါးကွင်း ပိုင်ဆိုင်ထားသည့် ဝိညာဥ်ဆင်းတု အဆင့်များ ဖြစ်ကြသည်။ သူတို့ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံက လက်ရှိခေတ်တွင် ထိပ်ဆုံးနေရာများ၌ ရှိသည်။
ဟုန်ချွင်းဟွာ၏ မျက်လုံးများက တောက်ပသွား၏။ သူမသည် ဝေ့ဝူယင်၏ စကားကို မယုံကြည်ရဲသော်လည်း ခေါင်းသာ ညိတ်လိုက်သည်။ ပထမ ဗိုလ်ချုပ်... ထိုအရာကတော့ အထင်ကြီးစရာ ကောင်းသည့်ပုံပင်။ သူမ စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်မိ၏။
“ဘုန်း... ဘုန်း...”
ထို့ပိဟန်က လက်ခုပ်တီးလိုက်ရာ ငလျင်လှုပ် သကဲ့သို့ တော်လဲသံကြီး ထွက်ပေါ်လာသည်။ ချက်ချင်းပင် လူတိုင်း၏ အာရုံများက ဝေ့ဝူယင်ထံမှ ရွေ့လျားသွားကြ၏။
“ဂိုဏ်းကို ပြန်ကြမယ်ဟေ့... မင်းတို့မှာ ခြောက်လ လေ့ကျင့်ဖို့ အချိန်ရှိသေးတယ်... သေချာ ကြိုးစားကြ”
အားလုံးက ပင့်သက်များ ရှိုက်လိုက်ကြသည်။ ထို့နောက် သူတို့သည် အဆင်သင့် ပြင်ဆင်ပြီးသည့် ဂိတ်တံခါး ရှိရာသို့ ဦးတည်လိုက်ကြတော့၏။
ဝေ့ဝူယင် ဟုန်ချွင်းဟွာကို ဂိုဏ်းသို့ ပြန်လိုက်သွားရန် အချက်ပြလိုက်သည်။ သူကမူ ချင်ချူးမူရှိရာဆီသို့ လျှောက်သွားကာ ပြုံးပြလိုက်၏။
“ငါတို့ ဒီမှာ ကျန်ခဲ့ပြီး စကားနည်းနည်း ပြောကြရရင် ဘယ်လိုလဲ”
ချင်ချူးမူက သူ့ကို ပြန်ကြည့်လိုက်၏။ သူမ၏ မြစိမ်းရောင် မျက်လုံးများက အနည်းငယ် အံ့အားသင့်နေဟန် ရသည်။ သို့သော်လည်း အဆုံးသတ်၌ သူမက ခေါင်းညိတ် လက်ခံလိုက်၏။
ဘေးနားရှိ လုံချန်က မျက်မှောင်ကြုတ်ကာ ချင်ချူးမူကို လှည့်ကြည့်လိုက်သည်။
“ချင်အာ... သွားမယ်လေ ဘာလုပ်နေတာလဲ”
သူ၏ လေသံတွင် ရန်လိုသည့် အငွေ့အသက် အချို့ ပါဝင်နေ၏။
ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူ့စိတ်ထဲတွင် လုံချန်နှင့် ပထမဆုံး ဆုံတွေ့သည့် နေ့ကိုပင် ပြန်လည် အမှတ်ရလိုက်၏။ ထိုနေ့၌ သူနှင့် ချင်ချူးမူတို့ အတူ လျှောက်လည်ခဲ့ကြသည်။ နေ့တစ်ဝက်ခန့် အချိန်ဖြုန်းကာ စကားများ ပြောခဲ့ကြသည်။ ညနေစောင်း သူမ တည်းခိုရာ နေရာကို လိုက်ပို့သော အခိုက်၌ လုံချန်မှာ ထိုနေရာတွင် ရှိနေခဲ့သည်။
ချင်ချူးမူမှာ လုံချန်၏ အမူအရာကို မြင်လိုက်ရ၏။ နာ့ရှင်းရီနှင့် ပတ်သက်၍ လုံချန်နှင့် ဝေ့ဝူယင်တို့ အကြားရှိ ရန်ငြိုးများကို သူမ သိရှိထားပြီး ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ သူမ၏ အသက်သခင် ဖြစ်ပေသည်။ အကယ်၍ သူသာ မကယ်ခဲ့ပါက သူမ ယနေ့အထိပင် အသက်ရှင်လိမ့်မည် မထင်ချေ။
“သွားနှင့်... ကျွန်မ ပြီးမှ လိုက်လာခဲ့မယ်”
သို့သော်လည်း လုံချန်မှာ မသွားချေ။ သူ့အား ကြည့်ရသည်က ချင်ချူးမူကို ဝေ့ဝူယင်နှင့် နှစ်ကိုယ်တည်း ထားခဲ့ရန် စိတ်မချသည့်ပုံပင်။
ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်၏။ ထို့နောက် သူက လုံချန်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
“ကောင်းပြီလေ... မင်း နေချင်တယ် ဆိုလည်း ကြိုက်သလောက် နေနိုင်တယ်... ဒါပေမဲ့ စမ်းသပ်ပွဲကို မင်းဝင်ပြိုင်ဖို့ ခွင့်ရှိ မရှိ ငါက ဆုံးဖြတ်နိုင်တယ် ဆိုတာတော့ သိထားပေါ့လေ”
***