ထျန်းမူချူး
Vol. 60 Ch. 827
ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပုံရိပ်မှာ ငြိမ်းသေသွားသည့် မီးတောက်တစ်ခုကဲ့သို့ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
“ပြန်လာစမ်း...”
ရုတ်တရက်... အလွန်အမင်း တည်ငြိမ်ကာ ခွန်အား ကြီးမားသည့် အသံတစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ် အာကာသလှိုင်းလုံးများမှာ ပတ်ဝန်းကျင် မိုင်သောင်းချီကို ဖြန့်ကျက် သွားသည်။
“အား...”
စက္ကန့်မခြားပင် အလွန်အမင်း နာကျင်သည့် အော်ဟစ်သံ တစ်ခု ပျံ့လွင့်လာ၏။ စောစောက ပုံရိပ်က သူ ပျောက်ကွယ်သွားသည့် နေရာတွင်ပင် ပြန်လည် ထွက်ပေါ်လာသည်။
ထို့အပြင်... ဖုံးကွယ်မှု အစီအရင် အားလုံးက ပျက်စီးသွားခဲ့လေရာ သူ၏ အသွင် သဏ္ဌာန်က ယခင်ကလို ရေးတေးတေး မဟုတ်တော့ချေ။ လယ်ပြင် ဆင်သွားသည့် အလား ထင်ထင်ရှားရှား ပေါ်လွင်လာခဲ့ပြီ ဖြစ်လေသည်။ သူက လူငယ် တစ်ယောက်၏ ရုပ်ရည်ကို ပိုင်ဆိုင်ထားကာ အသက် အစိတ်ခန့် ရှိပေလိမ့်မည်။ ရုပ်ရည်က ချောမောခန့်ညားကာ ပိန်သွယ်သွယ်နှင့် ဖြစ်၏။
ဝှစ်...
မြရောင် သံချပ်ကာ ဝတ်စုံနှင့် သူရဲကောင်း တစ်ယောက်မှာ လူငယ်၏ ရှေ့ကို တိုက်ရိုက် ရောက်ရှိလာခဲ့၏။ သူ၏ အမြန်နှုန်းက မယုံကြည်နိုင်လောက်အောင် မြင့်မားလှကာ လောကအတွင်းရှိ အရာအားလုံးကို လွှမ်းမိုး ချုပ်ကိုင်နိုင်သည့် အော်ရာ တစ်ခုကို ပိုင်ဆိုင်ထားသည်။
လူငယ်က မတုန့်မဆိုင်းပင် သင်္ကေတ တစ်ခုကို ဆွဲထုတ်ကာ ထာဝရ သူရဲကောင်းကို ပြလိုက်၏။
“ကျုပ်က အင်ပါယာ ထျန်းမျိုးနွယ်က ထျန်းမူချူးပါ... ကျုပ် အဘိုးက ထျန်း...”
ထာဝရ သူရဲကောင်းထံမှ ထွက်ပေါ်လာသည့် အေးစက်စက် အငွေ့အသက်များကြောင့် ထျန်းမူချူ၏ စကားမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွား၏။ ပြင်းထန်သော ဖိအားများက သူ့တစ်ကိုယ်လုံးကို ထုံလွှမ်းနေကာ အချိန်မရွေး ဖိချေပစ်တော့မည့်ပုံ ရသည်။ လျှို့ဝှက် ကျိန်စာများ ရှိသည့်တိုင် လက်ရှိ သူ၏ လုပ်ရပ်က ခွင့်မတောင်းပဲ ထာဝရ နယ်မြေထဲကို ကျူးကျော်မိခြင်း ဖြစ်သည်။ ထိုအရာက မမေးမစမ်းပဲ သေဒဏ်ပေးနိုင်သည့် စည်းကမ်း ချိုးဖောက်မှု တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ထျန်းမူချူးမှာ အလွန် ကြောက်ရွံ့ နေမိခဲ့ခြင်း ဖြစ်သည်။
ထာဝရ သူရဲကောင်းက ဘယ်ဘက်လက်ကို ဆုပ်လိုက်၏။ ချက်ချင်းပင် ထျန်းမူချူး၏ ပတ်လည်ရှိ အမှောင် ဟင်းလင်းပြင်မှာ စတင် တင်းမာလာကာ အစိုင်အခဲ တစ်ခု အသွင် ပြောင်းလဲ သွားသည်။ ထျန်းမူချူး၏ အမူအရာက သာ၍ ဖြူရော် သွား၏။ ထိုမြေကြီး ရှန့်ထိုက သူ ထွက်မပြေးနိုင်အောင် ချိပ်ပိတ်နေကာ ရှင်းလင်း ပေသည်။ အကယ်၍ သူ့တွင်သာ မြေကြီးရှန့်ထို၏ စွမ်းအားဖြင့် ထုဆစ်ထားသည့် ဟင်းလင်းပြင် အဆောင် တစ်ခု မရှိပါက ထိုနေရာမှ လွတ်မြောက်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။
“နေ... နေပါဦးဗျာ... ကျုပ် ရှင်းပြပါ့မယ်”
ထျန်းမူချူးက တောင်းတောင်းပန်ပန်ပင် ပြောလိုက်၏။ ပုံမှန်ဆိုလျှင်... မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် ထျန်းမျိုးနွယ်သား တစ်ယောက် အနေဖြင့် သူ၏ အဆင့်အတန်းက ထိုမျှ နှိမ့်ချနေစရာ မလိုပါချေ။ သို့သော်လည်း... လက်ရှိ သူ ရင်ဆိုင်နေရသည့် ရန်သူက မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သည်။ ထို့အပြင်... ဤသည်က သူ့ဘက်က အမှား ဖြစ်သည်။
“ဒါဆိုလည်း လာပြီး ရှင်းပြစမ်း...”
တည်ငြိမ်သည့် အသံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာခဲ့၏။ ထျန်းမူချူး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားကာ အဝေးရှိ ဟင်းလင်းပြင် သင်္ဘောကြီးကို လှမ်းကြည့်လိုက်သည်။ ထိုအသံပိုင်ရှင်က မည်သူ ဖြစ်ကြောင်း သူ လွယ်ကူစွာ ရိပ်မိပေသည်။
စန်းလော့ယန်...
ထာဝရ အစည်းအရုံး၏ အကျော်ကြားဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင်...
အဂ္ဂိရတ် ရှန့်ထို ဖြစ်ရန် အလားအလာ ကောင်းသည် တစ်ဦး...
ထျန်းမူချူးက ထာဝရ သူရဲကောင်းဘက်ကို ပြန်လည်လှည့်လိုက်၏။ သူ အသက်ကို ပြင်းပြင်းရှူရင်း စိတ်တည်ငြိမ်စေရန် ပြန်လည် ထိန်းသိမ်းလိုက်သည်။ ဖြူရော်နေသည့် သူ့မျက်နှာက ပြန်လည် သွေးရောင်လွှမ်း လာခဲ့၏။
ထို့နောက်... သူက ခေါင်းတစ်ချက်လိုက်ကာ ဟင်းလင်းပြင် သင်္ဘောဆီသို့ ဦးတည် ပျံသန်းလိုက်၏။ ထာဝရ သူရဲကောင်းမှာ ငြိမ်သက်စွာပင် တဖြည်းဖြည်း ဝေးကွာသွားသည့် ပုံရိပ်ကို ကြည့်နေခဲ့သည်။ ထို့နောက်... သူ၏ ခန္ဓာကိုယ်သည်လည်း မြရောင် တစ်ချက် တောက်ပကာ ပျောက်ကွယ်သွားခဲ့တော့၏။
ထျန်းမူချူးမှာ သင်္ဘော၏ အတုအယောင် လေထုလွှာ အပေါ်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူက လေးစားသည့် အမူအရာဖြင့် ဦးတစ်ချက်ညွှတ် နှုတ်ဆက်လိုက်၏။ အင်ပါယာ ကလန်သားများမှာ အခြားလူများကို ဦးမညွှတ်ကြသော်လည်း ထိုအရာက သူ စန်းလော့ယန် အပေါ် ထားသည့် လေးစားမှုလည်း ဖြစ်ပေသည်။
သင်္ဘောကုန်းပတ် ထက်တွင်တော့ စန်းလော့ယန်မှာ ပုံရိပ် နှစ်ခုကို ဝန်းရံကာ ရပ်နေခဲ့၏။ သူတို့က မူယုယနှင့် ဆံပင်တိုတို၊ ဝတုတ်တုတ် ယောက်ျား တစ်ယောက်တို့ပင်။
ဒုတိယ တစ်ယောက်၏ နာမည်က ရှောင်ကျင်း ဖြစ်သည်။ သူက ပဲ့တင်ထပ် ပေါက်ကွဲခြင်း အဂ္ဂိရတ် အာဏာရှင် အဖြစ် ကျော်ကြားသည့် တရားဝင် အဂ္ဂိရတ် အာဏာရှင် တစ်ယောက်လည်း ဖြစ်သည်။ ထို့အပြင်... အဂ္ဂိရတ် လမ်းစဥ် အထောက်အကူပြု ပဲ့တင်ထပ် ပေါက်ကွဲခြင်း အစီအရင်၏ မူယင်း ဖန်တီးသူလည်း ဖြစ်သည်။
ဝှစ်...
စန်းလော့ယန်က လေထု အလွှာကို လူတစ်ကိုယ်စာ ဖွင့်လိုက်ကာ ထျန်းမူချူးကို ဝင်ခွင့် ပြုလိုက်သည်။ လူငယ်က ငြိမ်သက်စွာပင် အထဲကို ဝင်လာခဲ့၏။ သူက အင်ပါယာ ကလန်သား တစ်ယောက်၏ တည်ငြိမ်မှုကို ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်သည်။
“ကဲ... ဆိုစမ်းပါဦး...”
စန်းလော့ယန်က ဆိုလိုက်၏။ ထျန်းမူချူးက ခေါင်းတစ်ချက် ညိတ်ကာ လေးနက်သော အမူအရာဖြင့် စတင် ရှင်းပြလိုက်လေသည်။
“တတိယ ခြေချခြင်းကို ကြိုးပမ်းနေတဲ့ ကျင့်ကြံသူက ကျုပ်တို့ အင်ပါယာ ကလန်က မဟုတ်ဘူး... ကျုပ် သူ့ကို ခြေရာခံလိုက်ရင်း ထာဝရ နယ်မြေထဲကို ခြေကျွံ ဝင်လာမိတာပါ”
စန်းလော့ယန်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ မူယုယနှင့် ရှောင်ကျင်းတို့ကတော့ ထိုရှင်းပြချက်ကြောင့် အံ့သြသွားကြသည်။
အင်ပါယာ အော်ရာကို ပိုင်ဆိုင်ထားသည့် ထိုကျင့်ကြံသူက အင်ပါယာ ကလန်မှ မဟုတ်သည်လော။ ထို့အပြင်...သူက မြေကြီး ခြေချခြင်းကို စိန်ခေါ်ရန် အရည်အချင်း ရှိနေပေသေးသည်။ မည်သူက ထိုအရာကို ယုံမည်နည်း။
ထျန်းမူချူး၏ ရှင်းပြချက်က တိုတောင်းသည့် အပြင် ဟာကွက်များစွာလည်း ရှိနေပေသေးသည်။ အင်ပါယာ မျိုးနွယ်၏ အထွတ်အမြတ် ပြရုဂ် ဖြစ်သည့် ကျင့်စဥ်ကို မည်သည့် သူစိမ်းက ထိုအဆင့် ရောက်အောင် ကျင့်ကြံ နိုင်မည်နည်း။
မူယုယက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“ဆိုတော့ကာ... နင်တို့ရဲ့ အင်ပါယာ ကျင့်စဥ်ကို သူစိမ်း တစ်ယောက်က ခိုးသွားပြီး ကျင့်နေတယ်ပေါ့... ပြီးတော့ ဒီအဆင့်ထိတောင် ရောက်သွားတယ်ပေါ့လေ... နင်ပြောသမျှကို လွယ်လွယ်နဲ့ ယုံရအောင် ထာဝရ အစည်းအရုံးကို အရူး အစည်းအရုံး ထင်နေလား”
ထျန်းမူချူး၏ အမူအရာက ချက်ချင်းပင် မည်းမှောင်သွား၏။
“ခင်ဗျား စကားပြောတာ ဆင်ခြင်ပြောပါ... ဆည်းဆာ အဂ္ဂိရတ် အာဏာရှင်...”
အကယ်၍ ကျူးကျော်မိတာက အမှားဆိုလျှင် ထိုအရာက သူ တစ်ယောက်တည်း အမှား ဖြစ်သည်။ သူမထံတွင် အင်ပါယာ ကလန်ကို လှောင်ပြောင်ရန် အခွင့်အရေး မရှိချေ။ အင်ပါယာ ကလန်ကို စော်ကား ပြောဆိုပါက သေမျိုးတစ်ပိုင်း အရှင် ဖြစ်စေကာမူ ခွေးများလို အမဲလိုက်ကာ သတ်ဖြတ်ခံရမည် ဖြစ်သည်။
မူယုယ၏ အပြုံးက အေးခဲသွားကာ အမူအရာမှာ အဆပေါင်းများစွာ ပိုမို သုန်မှုန် လာခဲ့သည်။ စန်းလော့ယန်က အေးစက်စက် မျက်လုံးများနှင့် ထျန်းမူချူးကို စိုက်ကြည့်လိုက်၏။
“တယ်လည်း သတ္တိရှိနေတယ်ပေါ့လေ... ဟမ့်... မင်းက ဒီနေရာကို ကျူးကျော်ဖို့ ကင်းထောက် ရောက်လာတာတောင် ဖြစ်ချင် ဖြစ်နေမှာ... ဘာလဲ မင်းတို့ အင်ပါယာ မျိုးနွယ်က ကတိသစ္စာကို ချိုးဖျက်ချင် နေတာလား”
ပြင်းထန်သည့် အေးစက်စက် အငွေ့အသက်များမှာ ထျန်းမူချူး အပေါ် ပိကျလာခဲ့၏။ လက်ရှိ သူ၏ အသက်က သူတို့ လက်ခုပ်ထဲမှ ရေ ဖြစ်နေကြောင်း သူ ပြန်လည် အမှတ်ရလိုက်မိသည်။ သို့သော်လည်း ထျန်းမူချူး မတောင်းပန်ပါချေ။ ထို့အစားက သူက ရင်ကိုသာ ကော့လိုက်၏။
“ခင်ဗျား အတွေးလွန်နေပြီ သုံးလွှာ အဂ္ဂိရတ် အာဏာရှင်... ကျုပ် ပြောပြီးပြီ... ဒီနေရာကို နောက်ယောင်ခံရင်း ရောက်လာတာလို့... အင်ပါယာ ကလန်က ဘယ်တော့မှ မလိမ်ဘူး... ခင်ဗျား စကားကို ကျုပ် အဘိုးသာ ကြားရင် ဒေါသူပုန် ထနေမှာ သေချာတယ်”
စန်းလော့ယန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ ထျန်းမူချူးကို စိုက်ကြည့်လိုက်၏။ ထိုကောင်စုတ်ကလေးက အဘိုးဖြစ်သူနှင့် ခြိမ်းခြောက် ချင်သည်လား။ သူက ထိုအရာကို လျစ်လျူကာ ဆက်လက် မေးခွန်းထုတ်လိုက်၏။
“ဒါဆို အဲဒီ ကျင့်ကြံသူက ဘယ်သူလဲ...”
ထျန်းမူချူးက ခေါင်းခါလိုက်သည်။
“ကျုပ် မသိဘူး... ပထမတုန်းက သူတို့ အနားကို ကျုပ် ကပ်နိုင်ခဲ့သေးတယ်... ဒါပေမဲ့ ကျုပ် ဘာမှ မစုံစမ်းနိုင်ခင် သူက မျက်ခြေဖြတ် သွားခဲ့တာ... အခု မြေကြီး ခြေချခြင်း ဖြစ်စဥ်ကြောင့်သာ ပြန်ပြီး ခြေရာခံနိုင်တာ... မဟုတ်ရင် ကျုပ် အိမ်ကို ပြန်သွားလောက်ပြီ”
“...”
စန်းလော့ယန်မှာ အချိန် မတန်ကြာ ပြန်လည် ငြိမ်သက် သွားခဲ့၏။ အဆုံးသတ်တွင်မှ သူက အနည်းငယ် ပြုံးကာ ထျန်းမူချူးကို ကြည့်လိုက်သည်။
“ဒါဆိုရင် မင်းအလုပ်ပြီးတဲ့ အထိ ငါတို့နဲ့ စောင့်နေဖို့ စိတ်မရှိဘူး မလား... ဒီကျင့်ကြံသူဆီက ကိစ္စ တစ်ချို့ကို ငါတို့ သိချင် သိလာနိုင်တာပဲလေ”
ထိုအရာက မေးခွန်း တစ်ခုသာ ဖြစ်သည့်တိုင် ထျန်းမူချူးမှာ သူ့တွင် ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်ပေသည်။ သူ ခေါင်းကိုသာ ညိတ်လိုက်ရ၏။
“ကောင်းတယ် ကောင်းတယ်... ကျုပ်တို့ အင်ပါယာ ကလန်ဆီ လူလွှတ်ပြီး အကြောင်းကြားလိုက်ပါ့မယ်... မင်း စိတ်ချလက်ချသာ နေပါ”
စန်းလော့ယန်က ပြောလိုက်ကာ သက်တံ့ ကောင်းကင်ဘက်သို့ ပြန်လှည့်လိုက်သည်။ အကယ်၍ ထိုပုဂ္ဂိုလ်က အင်ပါယာ ကလန်သား တစ်ယောက်သာ မဟုတ်ဘူး ဆိုလျှင် မည်သူနည်း။ သူက အမှန်တကယ် သူခိုး တစ်ယောက်လောလော။
***