မြေကြီး ဧကရာဇ် ဟိန်းဟောက်သံ
Vol. 60 Ch. 828
ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ သက်တံ့ကောင်းကင်၏ မျက်နှာပြင်ထက်သို့ ပြန်ရောက် နေခဲ့ပြီ ဖြစ်သည်။ ပိုင်လင်ကိုတော့ မည်သည့် နေရာတွင်မှာမှ မတွေ့ရတော့ပါချေ။ သူမက အမြင့်မားဆုံးသော စွမ်းရည်ကို သုံးကာ ပုန်းအောင်း နေခဲ့ချေပြီ ဖြစ်သည်။ ထိုအခြေအနေက လျှို့ဝှက် အာဏာရှင် အဆင့်တိုင်းကို ဆွဲဆောင်နိုင်လေရာ မြေကြီး ရှန့်ထိုများပင် ရောက်ရှိလာနိုင်ချေ ရှိသည်။ အကယ်၍ သူတို့သာ သူမကို တွေ့သွားပါက အခြေအနေများက ပိုမို၍ ရှုပ်ထွေး သွားလိမ့်မည် ဖြစ်သည်။
ဝမ်မင်ယာမှာ ဝေ့ဝူယင်ကို အစွမ်းထက် ကျင့်ကြံသူများ တွေ့မြင်သွားပါက ဖြစ်ပေါ်လာမည့် အန္တရာယ်များကို သိရှိပေသည်။ သူမက ချက်ချင်းပင် လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီး၍ မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက်... စက္ကန့် အနည်းငယ် အတွင်းမှာပင် သူမ၏ မျက်လုံးများက ရွှေရောင် အလင်းတန်းများနှင့် ပြည့်နှက်လျှက် ပြန်လည် ပေါ်လာခဲ့သည်။
“ဒီအနားမှာ မြေကြီးရှန့်ထို အဆင့် တစ်ယောက်မက ရောက်နေတဲ့ပုံပဲ...”
သူမက သတိပေးလိုက်၏။ ဝေ့ဝူယင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ လက်ရှိ အချိန်က ထာဝရ အစည်းအရုံးနှင့် ဆုံတွေ့ရန် အချိန်ကောင်း မဟုတ်ဟု သူ ယူဆထားသည်။ ထာဝရ အစည်းအရုံးက သူ့အပေါ် ကောင်းမွန်သည့် သဘောထား ရှိပါမည်ဟု မည်သူက အာမခံပေးမည်နည်း။
ထင်မှတ်မထားသည့် ပြဿနာများ ဖြစ်ပေါ်လာပါက သူ ကြံစည်ထားသည့် အစီအစဥ် အားလုံး သဲထဲ ရေသွန် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဝူယုမှာ ကျရှုံးမည်လား အောင်မြင်မည်လားလည်း မသေချာသေးချေ။ ကျရှုံးသည် ဖြစ်စေ.. အောင်မြင်သည် ဖြစ်စေ... ထိုရလဒ် နှစ်ခုစလုံး အတွက် သူ အစီအစဥ်များ ကြိုတင် ချမှတ်ရမည် ဖြစ်သည်။ စိတ်ထဲမှ လျှင်မြန်စွာ တွက်ချက်ရင်း သူ၏ မျက်မှောင်က ပိုမို နက်ရှိုင်းလာ၏။
ရုတ်တရက် နူးညံ့သော လက်ကလေး တစ်ဖက်က ဝေ့ဝူယင်၏ ပခုံးပေါ် ကျရောက်လာသည်။ သူက လှည့်ကြည့်လိုက်ရာ ဝမ်မင်ယာကို မြင်လိုက်ရ၏။ မိန်းကလေး၏ အမူအရာက ပုံမှန် မဟုတ်စွာပင် အနည်းငယ် ဖြူရော်နေသည်။
“ဘာလို့လဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ မိန်းကလေးက ချက်ချင်း ပြန်မဖြေချေ။ သူမ၏ သမင် မျက်လုံးကလေးများက လောက၏ လျှို့ဝှက်ချက်များကို ဖောက်ထွင်း မြင်နိုင်သည့် အလား ရွှေရောင် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေ၏။ သူမ၏ ခေါင်းကို မော့ကာ ကောင်းကင်ကို ဖြည်းညင်းစွာပင် မော့ကြည့်လိုက်၏။
“ကျွန်မ ဘေးဒုက္ခတစ်ခုကို မြင်ရတယ်...”
ဝမ်မင်ယာ ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းပင် အင်ပါယာ တစ်ဦး၏ ခေါ်သံလိုမျိုး မိုးကြိုးထစ်ချုန်းသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘုန်း... ဘုန်း... ဘုန်း...
၎င်းက မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အဆုံးမဲ့ လှိုင်းလုံးများလို ထာဝရ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံကာ ပတ်ဝန်းကျင် နယ်မြေများကိုပင် ပျံ့နှံ သွားခဲ့သည်။
အသံမှာ အလွန်ပင် လွှမ်းမိုးနိုင်စွမ်း ရှိကာ တည်ငြိမ် ပြတ်သား၍ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ၎င်းကို ကြားသည်နှင့် မရေမတွက်နိုင်သော သေမျိုးများမှာ အလိုလို အားနည်းလာကြကာ ဒူးများ ပျော့ခွေကျသွားကြတော့၏။
ဟင်းလင်းပြင် သင်္ဘောထက်၌...စန်းလော့ယန်နှင့် ထျန်းမူချူးတို့၏ အမူအရာများမှာ ပြောင်းလဲ သွားခဲ့ကြ၏။ ထျန်းမူချူး၏ တုန့်ပြန်မှုက ပိုမို၍ ပြင်းထန်ကာ သူ၏ မျက်လုံးများမှာ လပြည့်ဝန်းလို ဝိုင်းစက် ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။
“မြေကြီး ဧကရာဇ် ဟိန်းဟောက်သံ...”
သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိ၏။ တစ်ချိန်တည်းတွင်ပင်...သူ၏ ထျန်းတျန် အတွင်းရှိ လျှို့ဝှက် ဝိညာဥ်က စတင်ကာ လှုပ်ရှားလာကာ ထူးဆန်းသည့် ဝိညာဥ် ဟိန်းဟောက်သံများကို ဆက်တိုက် ဆိုသလို ထုတ်လွှတ်လာသည်။ သူတို့က မြေကြီး ခြေချခြင်း ဖြစ်စဥ်နှင့် အနီးကပ်ဆုံး နေရာ၌ ရှိနေလေရာ အများဆုံး သက်ရောက်ခံလိုက်ရလေသည်။
ဘုန်း...
ထျန်းမူချူးမှာ ကြမ်းပြင်ပေါ် ဒူးထောက် ပြုတ်ကျသွား၏။ သူ၏ ခေါင်းက အမိန့်နာခံလိုဟန်ဖြင့် ငုံ့ထားကာ မြေကြီး ခြေချခြင်း ဖြစ်စဥ် အသက်ဝင်နေသည့် အရပ်ကို လှမ်းကြည့်နေခဲ့သည်။ သူ၏ အမူအရာက ဧကရာဇ် တစ်ယောက်ကို ရိုသေစွာ နှုတ်ဆက်နေသည့် အလားပင်။
“ဘာလဲ...”
စက္ကန့်မခြားပင် ထျန်းမူချူးမှာ သူ ဘာလုပ်မိကြောင်း သတိထားမိသွား၏။ ချက်ချင်းပင် သူက ခေါင်းကို မော့ကာ ပြန်ထဖို့ ကြိုးပမ်းလိုက်သည်။ ကံကောင်းမစွာပင်...သူ၏ လျှို့ဝှက် ဝိညာဥ်က ထိုဆန္ဒကို ပြင်းထန်စွာပင် ဖီဆန်နေကာ ဒူးထောက်ရန်သာ ရုန်းကန်နေ၏။
“သူ အောင်မြင်သွားတာလား...”
စန့်လော့ယန်၏ မျက်လုံးများက အကန့်အသတ် ရောက်သည် အထိ ကျဥ်းမြောင်း သွားခဲ့သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် ကျင့်ကြံခြင်း အခြေခံ၊ ထာဝရ သူရဲကောင်းနှစ်ယောက်၏ အကာအကွယ်တို့နှင့် အတူ သူက မားမားမတ်မတ် ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း... သူ့ ထျန်းတျန် အတွင်းရှိ လျှို့ဝှက် ဝိညာဥ်ကတော့ ပြင်းထန်စွာ တုန်ရီနေ၏။
သူ၏ မျက်နှာက အချိန်နှင့် အမျှ ပိုမို၍ လေးနက် လာနေခဲ့လေသည်။ မြေကြီး ဧကရာဇ် ဟိန်းဟောက်ခြင်းမှာ အင်ပါယာ နည်းလမ်းကို ကျင့်ကြံထားသည့် ပုဂ္ဂိုလ်များသာ ပိုင်ဆိုင်နိုင်သည့် ပြိုင်စံရှား လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။
အင်ပါယာ နည်းလမ်း...
အဆုံးမဲ့ ကောင်းကင်တွင် နေထိုင်သူတိုင်း ထိုနည်းလမ်းကို ကြားဖူးကြပေလိမ့်မည် ဖြစ်သည်။ ၎င်းက အင်ပါယာ မျိုးနွယ်၏ အစွမ်း အထက်ဆုံး ကျင့်စဥ်ပင် ဖြစ်ကာ အင်ပါယာ ကောင်းကင်ချီကို ကျင့်ကြံ၏။ တိကျ ခိုင်မာသည့် သတင်းများ အရဆိုလျှင်... အင်ပါယာ ကျင့်ကြံသူများမှာ ချီပျစ်ခဲခြင်း အဆင့်ခြောက်သို့ အရောက်၌ ချီနှလုံးသားကို အင်ပါယာ ကောင်းကင်ချီ နှလုံးသား အဖြစ် အသွင်ပြောင်းလဲ ရသည်ဟု ဆိုသည်။
ထိုနည်းဖြင့် သူတို့မှာ မယုံကြည်နိုင်လောက်သည့် စွမ်းအားကို ပိုင်ဆိုင် လာကြကာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အကြွင်းမဲ့ အုပ်စိုးသူများ ဖြစ်လာကြသည်။ သို့သော်လည်း... အင်ပါယာ မျိုးနွယ် အတွင်းတွင်ပင် ထိုနည်းလမ်းမှာ ကန့်သတ်ချက်များ ရှိကာ အနည်းငယ်သော ရွေးချယ်ခံများသာ ကျင့်ကြံ နိုင်ကြပေသည်။
မူယုယနှင့် ရှောင်ကျင်းတို့မှာ ထာဝရ သူရဲကောင်းများ၏ ကာကွယ်မှု အောက်၌ ရှိနေသည့်တိုင် တုန်ရီ နေကြသည်။ သူတို့၏ မျက်နှာများက ရဲရဲနီနေကာ ဟိန်းဟောက်မှု အောက်၌ ဒူးမထောက်မိစေရန် မနည်း ခုခံနေရ၏။
လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် သက်ရောက်နိုင်သည့် မြေကြီး ဧကရာဇ် ဟိန်းဟောက်သံမျိုး သူတို့ တစ်ခါမှ မကြားဖူးခဲ့ပါချေ။
အခြားတစ်ဖက်၌... ထာဝရ သူရဲကောင်း နှစ်ယောက်မှာ တစ်ယောက်ကို အံ့သြ မှင်သက်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထို့နောက် ချက်ချင်းပင် ဟိန်းဟောက်သံ ထွက်ပေါ်လာရာ နေရာကို စူးစိုက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်မှောင်များက ပိုမို၍ နက်ရှိုင်းလာခဲ့ကြလေ၏။ ထိုကျင့်ကြံသူက မည်သူနည်း။
သက်တံ့ ကောင်းကင်ဂြိုဟ် ထက်တွင်တော့ ဝေ့ဝူယင်က အလွန်အမင်း မောပန်းကာ မျက်နှာတစ်ခုလုံး ဖြူရော် နေသည့် ဝမ်မင်ယာကို ဖေးမ ထားခဲ့သည်။ စောစောပိုင်းတုန်းက သူမမှာ အစွမ်းထက် အစီအရင် တစ်ခုကို သုံးကာ ပြောင်းလဲမှုကို ကြည့်ရှုရန် ကြိုးပမ်းခဲ့ပြီး အကျိုးဆက်ကို ထိခိုက် ခံစားခဲ့ရသည့်ပုံ ပေါ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်တို့ ဝန်းရံနေသည့် ပတ်ဝန်းကျင်တွင်... သေမျိုးအဆင့် ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက် အတွက် ထိုအရာက အလွန် ခက်ခဲသည့် အလုပ်တစ်ခုပင်။
သို့သော်လည်း... သူမက အောင်မြင်ခဲ့သည်။ ဘေးဒုက္ခ တစ်ခုကို သူမ တွေ့မြင်ခဲ့သည်။
ဝေ့ဝူယင်က အသက်အင်အားများကို သူမ၏ ခန္ဓာကိုယ် အတွင်း သွန်းလောင်း ပေးလိုက်၏။ တစ်ခဏ အတွင်းမှာပက် သူမမှာ သက်တမ်း နှစ်ရာခန့်ကို ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင် မြှင့်တင်ပေးထားသည့် ကျင့်ကြံခြင်း အခြေခံကြောင့်သာ မဟုတ်လျှင် သူမ၏ ဆုံးရှုံးမှုက ပိုမို၍ပင် ကြီးမား သွားနိုင်ပေသည်။
“ဒီလောက်တောင် ထိခိုက်ခံရတာ ထိုက်တန်လို့လား...”
ဝေ့ဝူယင်က ထိုအတွေးကို ထုတ်မပြောပဲ စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်၏။ အကယ်၍ သူသာ ဘေးနားတွင် ရှိမနေလျှင် သူမကို မည်သူက အသက်အင်အားများ ပြန်လည် ဖြည့်တင်းပေးမည်နည်း။ မိန်းကလေးအား ထိုလမ်းစဥ် လိုက်ခိုင်းမိတာ မှားသွားပြီလား ဟုပင် ဝေ့ဝူယင် တွေးလိုက်မိသည်။
ဝမ်မင်ယာက လက်ကလေးများဖြင့် ဝေ့ဝူယင်၏ ရင်ဘတ်ကို ဖိလိုက်၏။ ထို့နောက် သူမက တိုးရော်စွာပင် ပြောလိုက်လေသည်။
“ဒီနေရာကနေ ထွက်ရမယ်... သုံးမိနစ်ပဲ အချိန်ရတယ်... အခြား ရွေးစရာ မရှိဘူး”
ဝေ့ဝူယင် အနည်းငယ် ကြောင်စီစီဖြင့် သူမကို ကြည့်လိုက်မိ၏။ မိန်းကလေး၏ မျက်နှာက ဖြူရော်နေဆဲ ဖြစ်ကာ အသစ် ရရှိလာသည့် အသက်အင်အားများကို မချိန်ညှိ နိုင်သေးသည့်ပုံ ပေါ်သည်။ သူက မိန်းကလေး၏ ခါးကလေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ သူက လွယ်လွယ်နှင့် မယုံကြည် တတ်သည့်တိုင် ထိုမိန်းကလေးကိုတော့ ယုံပေသည်။
ဝေ့ဝူယင် အော်ရာကို ဖုံးကွယ်လိုက်ကာ ပိုင်လင် ပုန်းကွယ်နေသည့် နေရာသို့ ဦးတည် ရွေ့လျား လိုက်လေ၏။ ဝမ်မင်ယာ ပြောသည့် အတိုင်းသာ ဆိုပါက... သူ့တွင် ဤနေရာမှ ထွက်ခွာရန် တစ်ရာ ခုနစ်ဆယ့် ခုနစ် စက္ကန့်သာ ကျန်ရှိပေတော့သည်။ သူ ဂြိုဟ်ထက်ရှိ အခြားလူများကို သတိမပေးအား သလို ဝူယုကိုလည်း ဆက်သွယ်ရန် အချိန် မရှိပါချေ။ လက်ရှိ အချိန်တွင် သူ့အတွက် ပထမ ဦးစားပေးက ပိုင်လင်နှင့် အတူ ဤနေရာမှ ထွက်ခွာ သွားဖို့သာ ဖြစ်ပေသည်။
တစ်ရာ ခုနစ်ဆယ့် ခုနစ် စက္ကန့် ကြာမြင့်ပြီးနောက်...
ဘုန်း...
မိုးကြိုးပေါင်း သောင်းချီ ကဲ့သို့ ပေါက်ကွဲမှု ကြီး တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဖြစ်ပေါ်လာ၏။ ၎င်းက အဆုံးမဲ့သော လှိုင်းများ အသွင်ဖြင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကိုပင် မျက်တောင် တစ်ခပ်စာ အတွင်း ကျော်လွန်သွားသည်။ ထိုပေါက်ကွဲမှု အောက်၌ မတုန်လှုပ်သည့် သက်ရှိ ဟူ၍ မရှိပါချေ။
သေမျိုး အကန့်အသတ်ကို ရောက်ရှိနေသည့် ကြယ်တာရာ သခင်များမှာ မျက်လုံးများ လျှို့ဝှက် ရည်ရွယ်ချက်များဖြင့် တဖျပ်ဖျပ် တောက်ပ သွားကြ၏။ ချက်ချင်း ဆိုသလိုပင်... သူတို့၏ စိတ်အစဥ်များက နက်ရှိုင်းသွားကာ ဉာဏ်အလင်း ရှာဖွေခြင်း ဖြစ်စဥ်ထဲကို ဝင်ရောက် သွားကြလေသည်။ ၎င်းက သူတို့ အတွက် လျှို့ဝှက် ဝိညာဥ် အဆင့်ကို တက်လှမ်းရန် အကောင်းဆုံးသော အခွင့်အရေးလည်း ဖြစ်ပေသည်။
“...”
စန်းလော့ယန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အသံထွက်ပေါ်လာရာ နေရာကို ဝိညာဥ်အာရုံ ပို့လွှတ်လိုက်၏။
ဝှစ်... ဝှစ်...
ထာဝရ သူရဲကောင်း နှစ်ယောက်မှာ မူလ နေရာမှ ပျောက်ကွယ်သွားကာ ဟင်းလင်းပြင် သင်္ဘော၏ လေထု အလွှာဘက်တွင် ပြန်လည် ပေါ်လာခဲ့ကြသည်။ သူတို့၏ မြရောင် သံချပ်ကာ ဝတ်စုံများက အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကြသည်။
ဝူယု ရပ်ခဲ့သော နေရာမှာ သေမျိုးများ မမြင်နိုင်သည့် ရောင်စုံ အလင်းများဖြင့် စတင်ကာ တောက်ပ လာခဲ့၏။ ၎င်းတို့က အစစ်အမှန် လျှို့ဝှက် အလင်းများပင် ဖြစ်သည်။ ၎င်းတို့က မျက်စိကျိန်းလောက်အောင် တောက်ပနေကာ နေအသေးတစ်စင်း အလား ထင်ရ၏။
မကြာခင်မှာပင် အလင်းတန်းများမှာ စတင် မှေးမှိန်လာကာ ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လွင်လာခဲ့တော့သည်။
***