← Chapters

အာရုဏ်ဦး စစ်သည်

Vol. 60 Ch. 829

အာရုဏ်ဦး စစ်သည်

Vol. 60 Ch. 829

လျှို့ဝှက် အာဏာရှင် အဆင့် အားလုံးမှာ မျက်တောင် တစ်ချက်ပင် မခပ်ပဲ တဖြည်းဖြည်း ပေါ်လွင်လာသည့် ပုံရိပ်ကို စိုက်ကြည့် နေခဲ့ကြ၏။

သူက အသက်လတ် အရွယ် ယောက်ျား တစ်ယောက် ဖြစ်သည်။ အရပ်အမောင်း ရှည်မားကာထ ထူးထူးခြားခြား ပေါ်လွင်နေသည့် မေးရိုးများအား ပိုင်ဆိုင်ထား၏။ သူ၏ မျက်ခုံးမွေးများက ဓားများ အလား ဖြောင့်စင်းနေကာ ၎င်းတို့ အောက်ရှိ တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများကတော့ မွေးရာပါ လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်းကို သယ်‌ဆောင်ထားပုံ ရသည်။

တစ်ချိန်တည်း၌... သူ၏ ဆံနွယ်များက ကျန်းမာ သန်စွမ်းကာ နက်မှောင်နေ၏။ ဘေးနှစ်ဖက် နားထင်နား၌ မီးခိုးရောင် လှိုင်း တစ်ခု ဖြစ်ပေါ် နေသည့်တိုင် ထိုအရာကပင် အသိဉာဏ် ပညာနှင့် အတွေ့အကြုံတို့၏ ဝိသေသ လက္ခဏာကို ပေါ်လွင် စေသည်။ သူက မုတ်ဆိတ်များကို သေသပ်စွာ ရိတ်သင်ထား၏။ မတိုမရှည် ရှိနေသည့် နှုတ်ခမ်းမွေးများကတော့ သူ၏ ယောက်ျား ပီသမှုကို မြှင့်တင်ပေးကာ ထူးခြားသော ဆွဲဆောင်မှု တစ်ခုကို ပေးစွမ်းနေသည်။

သူက ရောင်စုံ ကြယ်တာရာများ ပြည့်နှက်နေသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ ၎င်းက စစ်အမတေများဖြင့် ဖန်တီးထားသည့် ဝတ်စုံ တစ်ခု ဖြစ်လေရာ အတွင်းပိုင်း ဝင်္ကပါများ မပါသည့်တိုင် အလွန် အရည်အသွေး မြင့်မားသည်။ ထို့အပြင် ၎င်းက လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် ဖြစ်သည်။ သို့သော်လည်း... လတ်တလောတွင်မှ နိုးထလာသည့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် ချိတ်ဆက်ပြီး နောက်တွင်တော့ ၎င်းမှာ အဆင့်နိမ့် လျှို့ဝှက်လောက အဆင့်ကိုပင် ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။

ခန့်ညားခြင်း..

အလွန်အမင်း ခန့်ညားခြင်း...

ထိုအရာက အသက်လတ်လူကို အဓိပ္ပာယ် ဖွင့်ပေးနိုင်သည့် တစ်ခုတည်းသော စကားလုံးပင် ဖြစ်သည်။ ဝူယုက အခြားလူများ၏ အကြည့်များကို လျစ်လျူကာ မျက်လုံးများကို မှိတ်လျှက် ခန္ဓာကိုယ်နှင့် လျှို့ဝှက် ဝိညာဥ် အတွင်းရှိ အပြောင်းအလဲများကို ခံစားလိုက်၏။

ဝှစ်...

သူက လက်ကို မြှောက်လိုက်၏။ ချက်ချင်းပင် နေရာအနှံ့အပြားတွင် ရှိနေသည့် လျှို့ဝှက် ရည်ရွယ်ချက်များမှာ စတင် တုန့်ပြန်လာကြသည်။ ၎င်းတို့က မန်နာကဲ့သို့ အမိန့်နာခံမှု မရှိသည့်တိုင် နေရာ အနှံ့ တည်ရှိနေသည်ကတော့ အမှန်တရား ဖြစ်သည်။ ယခင်က သူ ထိုအရာများကို မခံစားနိုင်ခဲ့သော်လည်း မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာပြီး နောက်တွင်တော့ ပြုလုပ်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။

“တကယ် မိုက်တယ်...”

စကားလုံး တစ်လုံးတည်း... သို့သော်လည်း ထိုအရာက သူ ခံစားနေရသည့် အတွေ့အကြုံ အားလုံးကို ခြုံငုံမိစေရန် လုံလောက်ပေသည်။ သူ့ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည့် လျှို့ဝှက် စွမ်းအင်များမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ လျှို့ဝှက်တစ်ပိုင်း အဆင့်ကို ဖော်ထုတ်ထားသလို ခံစားနေရ၏။

“မဟာ... မဟာ ဧကရာဇ် ဝူယု...”

စန်း‌လော့ယန်၏ မျက်လုံးများက ဝိုင်းစက် နေခဲ့၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကျွန်ငယ်လေး တစ်ယောက် ဖြစ်ခဲ့စဥ်က အမှတ်တရများက သူ့စိတ်အတွင်း နက်ရှိုင်းစွာ ပြန်လည် ဝင်ရောက်လာခဲ့သည်။ အကြည့်ချင်း ဆုံရုံဖြင့်ပင် ကြောက်လန့် တုန်ရီခဲ့ရသည့် ထိုရုပ်သွင်ကို သူ မည်ကဲ့သို့ မမှတ်မိပဲ နေပါမည်နည်း။

“ဝူယု...”

ဘေးနားရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင်များနှင့် ထာဝရ သူရဲကောင်းများမှာ စန်းလော့ယန်ကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်လိုက်မိကြ၏။ စန်းလော့ယန်က ထိုမြေကြီးရှန့်ထိုကို သိသည်လား။

ထိုအခိုက်၌ မြေကြီး ဧကရာဇ် ဟိန်းဟောက်သံ၏ အကျိုးသက်ရောက်မှုများ ပြေလျော့ သွားခဲ့ပြီ ဖြစ်လေရာ ထျန်းမူချူးမှာ ပြန်လည် မတ်တပ်ရပ် နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများက မခန့်မှန်းနိုင်လောက်အောင် ဒေါသအမုန်းတရားများဖြင့် လောင်ကြွမ်းနေ၏။ ပြင်ပ ကျင့်ကြံသူ တစ်ယောက်ထံတွင် ဒူးထောက်ရခြင်း... ထိုအရာက အရှက်ခွဲ ခံရခြင်းမျိုးပင် ဖြစ်သည်။ အင်ပါယာ ထျန်းကလန်ဝင် တစ်ယောက် အနေဖြင့် ထိုကဲ့သို့ အရှက်ရမှုမျိုးကို သူ မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။

စန်းလော့ယန်မှာ ခေါင်းကို တွင်တွင်ခါကာ နောက်သို့ ခြေလှမ်းများ ဆုတ်လိုက်မိ၏။

“မဖြစ်နိုင်တာ... မဖြစ်နိုင်တာ...”

ဝူယုက သေသွားခဲ့ပြီ ဖြစ်သည်။ သူက တတိယ ခြေချမှုတွင် ကျရှုံးကာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက လောကကြီးထဲမှ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

မည်ကဲ့သို့နည်း။ မည်ကဲ့သို့နည်း။

ဝူယုမှာ ပရမ်းပတာ ဖြစ်နေသည့် အော်ရာများကို ခံစားမိ၏။ သူက မျက်လုံးကို ဖွင့်လိုက်ကာ အနီးဆုံး၌ ရှိနေသည့် ဟင်းလင်းပြင် သင်္ဘောကို ကြည့်လိုက်သည်။ သူ၏ အမြင်အာရုံက ဝိညာဥ် အလင်းများ ကဲ့သို့ သင်္ဘော၏ အကာအရံများကို အလွယ်တကူ ထွင်းဖောက်သွားကာ စန်းလော့ယန်ထံ ရောက်ရှိသွားသည်။

ဝူယုက အနည်းငယ် အံ့သြသွားဟန်ဖြင့် မျက်ခုံးကို ပင့်လိုက်၏။ သူက မျက်နှာကို ပြန်လည် ထိကြည့် လိုက်ရာ အကာအကွယ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။

“မင်း ငါ့ကို မှတ်မိ သွားပြီပေါ့...”

မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှားရန် အတွက် မာ့ဆုကျင်း၊ ကျွင့်ပေ့ယင်တို့နှင့် တွေ့ဆုံစဥ် အခါက ဝူယုမှာ မျက်နှာကို ဖုံးကွယ်ရန် အစီအရင်များကို အသုံးပြုခဲ့သည်။ ရွှေရောင် အသက်နန်းတော်၏ ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်စဥ် အခါကလည်း အလားတူပင် ဖြစ်သည်။ ယခု ကျင့်ကြံခြင်း အဆင့် မြင့်တက်လာခြင်းနှင့် အတူ ထိုအစီအရင်များမှာ မှေးမှိန် ပျောက်ကွယ် သွားခဲ့ပုံ ရသည်။ သို့သော်လည်း... သူ့အတွက် ဆက်လက် ပုန်းကွယ်နေစရာ မလိုအပ်တော့ချေ။

စန်းလော့ယန်၏ မျက်နှာမှာ ဖြူရော်နေ၏။ သူက ဝိုင်နှင့် သစ်သီးဝလံများ သယ်ဆောင်ပေးရသည့် သေမျိုး အစေခံလေး နောက်တစ်ဖန် ပြန်ဖြစ်သွားသလို ခံစားနေရသည်။ မည်မျှပင် အဆင့်အတန်း၊ ခွန်အားတို့ မြင့်မားလာစေကာမူ... ထိုစိတ်ဒဏ်ရာက ယနေ့တိုင် သူ့ထံတွင် စွဲထင်နေဆဲ ဖြစ်သည်။

ဝူယုမှာ စန်းလော့ယန်ကို ချက်ချင်းပင် မှတ်မိလိုက်၏။ အော်ရာက အနည်းငယ် ပြောင်းလဲ သွားသည့်တိုင် ထိုကြွက်ကလေးမှာ နှာခေါင်းတိုတို၊ မျက်လုံးပြူးပြူးနှင့် ရုပ်ရည်ကို ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

ထျန်းမူချူးမှာ အကြောက်အလန့် ကင်းမဲ့နေ၏။ သူက ဝူယုကို လက်ညိုးထိုးကာ သူခိုး အဖြစ် စွပ်စွဲရန် ဟန်ပြင်လိုက်သည်။ မည်သို့ပင် ဆိုစေ... လက်ရှိ၌ သူတို့ဘက်တွင် မြေကြီး ရှန့်ထို နှစ်ယောက် ရှိနေပေသည်။ ထိုအရာက... သူ အပြစ်ကင်းကြောင်း သက်သေပြနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်ပေသည်။

သို့သော်လည်း... သူ ပါးစပ်ဟလိုက်ချိန်မှာပင် အသံတစ်ခုမှာ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို သိမ်းပိုက်ကာ ထွက်ပေါ်လာခဲ့လေ၏။

“သင်က ဘယ်သူလဲ... မြေကြီး ဧကရာဇ်...”

အသံက နူးညံ့ သိမ်မွေ့သည့် မိန်းကလေးသံ ဖြစ်သည်။ သို့သော်လည်း... ၎င်းက အဆုံးမဲ့သော အာဏာနှင့် လွှမ်းမိုးနိုင်စွမ်းတို့ကို သယ်ဆောင်ထား၏။

ဝှစ်...

ထာဝရ သူရဲကောင်း တစ်ယောက်မှာ ဝူယုနှင့် မီတာ ရာဂဏန်းခန့် အကွာတွင် ပေါ်လာခဲ့သည်။ လှပသော လိမ္မော်ရောင် မျက်လုံးများမှာ သံခေါင်းစွပ်နောက်တွင် တဖျပ်ဖျပ် တောက်ပနေ၏။ သူ၏ လေသံက ဖော်ရွေမှု မရှိသလို၊ ရန်လိုမှုလည်း မရှိချေ။ သည်အတိုင်း ထူးမခြားနားသာ ဖြစ်ပေသည်။

ဝူယုက စန်းလော့ယန်ထံမှ အကြည့်ကို ခွာကာ ထာဝရ သူရဲကောင်းကို စိတ်ဝင်တစား ကြည့်လိုက်၏။ အကြည့်တစ်ချက်ဖြင့်ပင် ထိုပုဂ္ဂိုလ်မှာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကြောင်း သူသိလိုက်သည်။ ထို့အပြင်... အခြား မြေကြီး ရှန့်ထို တစ်ယောက်လည်း စောင့်ကြည့်နေကြောင်းသူသိပေသည်။ သူတို့ နှစ်ယောက်၏ အော်ရာများက ချွပ်စွပ်နီးပါး ဆင်တူကြပေသည်။

မြေကြီးရှန့်ထို နှစ်ယောက်...

ဝူယု၏ မျက်လုံးများ မသိမသာ ကျဥ်းမြောင်း သွားခဲ့၏။ သူ ချက်ချင်းပင် ဝိညာဥ် အာရုံကို သက်တံ့ ကောင်းကင်ဆီ ဆန့်ထုတ်လိုက်သည်။ ဝေ့ဝူယင်ထံမှ မည်သည့် ဝိညာဥ် ဆက်သွယ်မှုကိုမှ မရသလို သူ၏ အော်ရာကိုလည်း မခံစားရပါချေ။ သူက ထွက်ခွာသွားခဲ့ပြီး ဖြစ်ပုံ ပေါ်သည်။ ဝူယု စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ဖြေစမ်း...”

ဒုတိယမြောက် ထာဝရ သူရဲကောင်း၏ အသံက ရန်လိုနေကာ ပြင်းထန်စွာ အော်ဟစ်လိုက်၏။ သူ၏ အသံအောက်တွင် အနီးအနားရှိ ဂြိုဟ်များ ပင်လျှင် တုန်ရီသွားခဲ့သည်။

ဝူယုက ပြုံးလိုက်၏။ သူက ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ရှိနေကာ ထာဝရ သူရဲကောင်း နှစ်ယောက်ကို မကြောက်သည့်ပုံ ပေါ်သည်။

“ကျုပ်လား...”

သူ၏ လေသံက ကစားလိုသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။

“ကျုပ်က ဝူယု... အာရုဏ်ဦး စစ်သည် ဆိုပါတော့လေ...”

“ဝူယု...”

ဝူယု ဆိုသည့် နာမည်ကို ကြားသည်နှင့် စန်းလော့ယန်၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ရီသွား၏။ သူ၏ မျက်နှာက ချက်ချင်းပင် နှင်းကဲ့သို့ ဖြူရော်သွားကာ အော်ရာပင်လျှင် လျော့ကျသွားသည်။

ထျန်းမူချူး၊ မူယုယနှင့် ရှောင်ကျင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ စန်းလော့ယန်ကို လှည့်ကြည့်လိုက်ကြသည်။ စန်းလော့ယန်မှာ ထိုပုဂ္ဂိုလ်ကို သိရုံသာ မကပဲ သူနှင့် ပတ်သက်၍ စိတ်ဒဏ်ရာ တစ်ခုလည်း ရှိကြောင်းသူတို့ သဘောပေါက် သွားကြ၏။ ဇာတ်ကြောင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။

အခြား တစ်ဖက်၌... ဝူယုမှာ ထီမထင် အပြုံး တစ်ခုကို ဆက်လက် ဆင်မြန်းထား၏။ သို့သော်လည်း.. မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရောက်ချင်း အဆင့်တူ နှစ်ယောက်နှင့် ရင်ဆိုင်ခြင်းက မိုက်ရူးရဲ ဆန်သော လုပ်ရပ် တစ်ခု ဖြစ်ကြောင်း သူ သိပေသည်။ သူတို့ မတိုက်ခိုက် မချင်း သူ စ၍ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ လောလောဆယ်၌ ကိစ္စများ ပြေပြေလည်လည် ပြီးသွားလျှင် အကောင်းဆုံး ဖြစ်သည်။

“အာရုဏ်ဦး စစ်သည်...”

ဝူယု စိတ်ထဲမှ သဘောကျစွာ ထပ်မံ ရေရွတ်လိုက်မိ၏။ ထိုအရာက သူ့စိတ်အတွင်း ရုတ်ချည်း ပေါ်လာခဲ့သည့် စကားလုံးလည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း ဝူယုမှာ သူ့ကိုယ်သူ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် အဖြစ် အပြည့်အဝ ခံယူခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့်.. မြေကြီး ရှန့်ထို အဆင့်ကို တက်ရောက်နိုင်ပြီး နောက်တွင် သူ့ဆုံးဖြတ်ချက်က ပိုမို ခိုင်မာလာခဲ့သည်။ သူ့ထံတွင် ထိုလူငယ် အပေါ် သံသယ မြူတစ်မှုန်စာမျှပင် မရှိတော့ချေ။

စန်းလော့ယန်မှာ အခြားလူများ၏ အကြည့်များကို ချက်ချင်းပင် သတိပြုမိသွား၏။ သူက အသက်ကို ခပ်ပြင်းပြင်း ရှူကာ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ လက်ရှိ၌ သူက အစေခံငယ်လေး မဟုတ်တော့ချေ။ ထာဝရ အစည်းအရုံး၏ ဂုဏ်ထူးဆောင် နာမည်ကျော် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ကျင့်ကြံခြင်းက အဆုံးမဲ့တယ်... အလှမ်း မမှီတဲ့ပန်း ဆိုတာ မရှိဘူး”

ဖြည်းညင်းစွာပင် သူ၏ အော်ရာက ပြန်လည် မြင့်တက်လာခဲ့ကာ မျက်နှာမှာ ကျန်းမာသော အရောင်အဆင်းဖြင့် ပြန်လည် တောက်ပလာခဲ့၏။ သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ ဂုဏ်ဝါက သူ့ မျက်လုံးများထဲတွင် ပြန်လည် ပေါ်လာခဲ့သည်။ သူက ခေါင်းကို ဖြည်းညင်းစွာ မော့ကာ ဝူယုကို ကြည့်လိုက်၏။

ဟူး... ဟူး...

သူက ကောင်းကင်ကို ပျံတက်ကာ အမှောင် ဟင်းလင်းပြင် အတွင်း ဝင်ရောက်လိုက်သည်။ လှပသော အဂ္ဂိရတ် အော်ရာများနှင့် အတူ သူ့ဝတ်ရုံက တဖျပ်ဖျပ် လွင့်ပါနေ၏။

ဟင်းလင်းပြင် သင်္ဘော၏ လေထု အလွှာထက်ရှိ ထာဝရ သူရဲကောင်းမှာ စန်းလော့ယန်ကို လှမ်းကြည့်လိုက်သည်။ သူ၏ အညိုရောင် မျက်လုံးများက တောက်ပစွာ လင်းလက်နေ၏။ သို့သော်လည်း... သူက မူလနေရာတွင်ပင် ရပ်ကာ တိတ်တဆိတ် လေ့လာနေခဲ့သည်။

စန်းလော့ယန်မှာ ဆက်လက် ပျံသန်းလာကာ လိမ္မော်ရောင် မျက်ဝန်းနှင့် ထာဝရ သူရဲကောင်း နံဘေးသို့ ရောက်ရှိ လာခဲ့၏။ ထာဝရ သူရဲကောင်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ အဆင့်အတန်း ကွာခြားမှုကို လှစ်ဟာ ပြသလိုက်သည်။ အဂ္ဂိရတ် အစည်းအရုံး၏ မြေတောင်မြှောက်ပေးခြင်း ခံထားရသည့် မြေကြီးရှန့်ထိုများဖြစ်သည့်တိုင် သူတို့၏ အဆင့်အတန်းက ကာကွယ်သူများသာ ဖြစ်သေည်။ စန်းလော့ယန်မှာ ထာဝရ အစည်းအရုံး၏ အဆင့်အတန်း အမြင့်ဆုံး လူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်ပေသည်။

ဝူယုက ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် လေ့လာနေခဲ့၏။ ၎င်းက စန်းလော့ယန်၏ အဆင့်အတန်းကို ထင်ရှား ပေါ်လွင်စေသည့် ဗျူဟာ တစ်ခုပင် ဖြစ်ကြောင်း သူ့အတွက် ရှင်းလင်းလှသည်။ ထိုနေ့ရက်များဆီမှ ကြွက်စုတ်ကလေးမှာ ကောင်းစွာ ဖွံ့ဖြိုးကြီးထွား၍ အရွယ်ရောက်လာသည့် ပုံပင်။

***

All Chapters