← Chapters

အာရုဏ်ဦး စစ်သည်

Vol. 60 Ch. 830

အာရုဏ်ဦး စစ်သည်

Vol. 60 Ch. 830

စန်းလော့ယန်က တည်ငြိမ်သည့် အသံဖြင့် စတင်ကာ နှုတ်ဆက်လိုက်၏။

“မဟာ ဧကရာဇ် ဝူယု... ခင်ဗျား...”

“အာရုဏ်ဦး စစ်သည်ပါ...”

ဝူယုက ကြားဖြတ်ကာ အမှန်ကို ပြန်ပြင်ပေးလိုက်သည်။ သူက မဟာ ဧကရာဇ် မဟုတ်တော့ချေ။ ထိုဂုဏ်ပုဒ်ကို အခြား တစ်ယောက်က ပိုင်ဆိုင် နေခဲ့ပြီ ဖြစ်သည်။

စန်းလော့ယန်မှာ တစ်ခဏမျှ ငြိမ်သက်သွား၏။ သူ၏ မျက်လုံးများက အန္တရာယ် ကြီးမားစွာဖြင့် ကျဥ်းမြောင်း သွားသည်။ သူ စကားပြောနေစဥ် ကြားဖြတ် နှောက်ယှက် မခံရသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ရုတ်ချည်းပင်... လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်း၏ ခန္ဓာကိုယ်က ရန်လိုသည့် အော်ရာများ ထွက်ပေါ်လာ၏။ အမှောင် ဟင်းလင်းပြင်ထဲ၌ လေထု မရှိသည့်တိုင် ဝူယု၏ ဝတ်ရုံက တဖျပ်ဖျပ် လွင့်ခါသွားသည်။

ဝူယုက မျက်မှောင်ကြုတ်လိုက်၏။ လျှို့ဝှက် စွမ်းအင်များက သူ့ ထျန်းတျန်ထဲမှ ထွက်ပေါ်လာကာ ခန္ဓာကိုယ်ကို စက်ဝိုင်း တစ်ခုသဖွယ် ဝန်းရံလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်၏ ပရမ်းပတာ အခြေအနေမှာ ငြိမ်ကျသွား၏။

ထာဝရ သူရဲကောင်းမှာ လက်ရှိ အခြေအနေကို နားလည်စေရန် ဝူယုအား သတိပေးလိုက်ခြင်းသာ ဖြစ်သည်။ စန်းလော့ယန်က ကျေနပ်စွာဖြင့် ပြုံးကာ ဝူယုကို ကြည့်လိုက်၏။

“ဝူယု... ထာဝရ နယ်မြေထဲမှာ မြေကြီး ခြေချခြင်းကို ဆင့်ခေါ်ခဲ့တဲ့ အကြောင်းပြချက်ကို ခင်ဗျား ရှင်းပြနိုင်မလား... ကျုပ်တို့ ထာဝရ အစည်းအရုံးရဲ့ ခွင့်ပြုချက် မရှိပဲနဲ့ပေါ့... ဪ... ဟုတ်သား... ခင်ဗျား အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့တဲ့ အတွက် ကျုပ် ဂုဏ်ပြုရဦးမှာပဲ... ဂုဏ်ယူပါတယ်... ဝူယု”

ဝူယု၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာ၏။ ထိုကြွက်စုတ်ကလေး၏ လေသံက လေးစားမှု ကင်းမဲ့ကြောင်း သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။

သို့သော်လည်း... စန်းလော့ယန် အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူနေကြောင်း သူမလည်နိုင်ချေ။ အဆုံးမဲ့ ကောင်းကင်ကို ရောက်ရှိပြီးနောက် သူ ထာဝရ အစည်းအရုံးကို ဘာမှ ကျူးလွန် မထားချေ။ ထို့အပြင်... လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကလည်း သူ စန်းလော့ယန်ကို တစ်ခါမှ အပြစ် မလုပ်ဖူးချေ။

သူက ထာဝရ ဧကရာဇ်၏ ပစားပေးခြင်း ခံရသည့် အစေခံလေး ဖြစ်သည်။ သူတို့ အကြိမ်ကြိမ် ဆုံဖူးသည့်တိုင် ဝူယု သူ့ကို လှည့်မကြည့်ခဲ့တာ များပေသည်။

နေဦး...

သဘောပေါက်သွားဟန်နှင့် ဝူယု၏ မျက်လုံးများက တောက်ပသွား၏။

‘ဆိုတော့ သူက အာဏာပါဝါကို ထုတ်ကြွားချင်တာပေါ့လေ...’

ဝူယု စိတ်ထဲမှ ရယ်မောလိုက်မိ၏။ သို့သော်လည်း... အပြင်ပန်းတွင်တော့ သူက နားမလည်နိုင်သည့် အမူအရာ တစ်ခုကိုသာ ဆင်မြန်းလိုက်သည်။

“ဒါနဲ့... မင်းက ဘယ်သူလဲ...”

“...”

စန်းလော့ယန်၏ နှုတ်ခမ်းထက်ရှိ အပြုံးက ပျောက်ကွယ်သွားကာ မျက်လုံးများမှာ ‌ဒေါင်လိုက် အနေအထာဖြင့် ကျဥ်းမြောင်း သွားခဲ့သည်။

သို့သော်လည်း... တစ်ခဏ အတွင်းမှာပင် သူက မူလ တည်ငြိမ်မှုကို ပြန်လည် ရရှိသွားကာ ပြုံးလိုက်သည်။

“ကြည့်ရတာ ကျုပ်ကိုကျုပ် မိတ်မဆက်ရသေးဘူးပဲ... ကောင်းပြီလေ... ကျုပ်က ထာဝရ အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး... အနက်ဘက်ကိုင်းခွဲရဲ့ သခင်... မူလ အဆင့် သုံးလွှာ အဂ္ဂိရတ် အာဏာရှင် စန်းလော့ယန်ပဲ...”

သူ၏ လေသံနှင့် မျက်လုံးများက ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေ၏။ ဝူယုက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

“မဆိုးဘူး... မဆိုးဘူး...”

စန်းလော့ယန်၏ အမူအရာက ဆိုးရွားသွားခဲ့၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကသာ ဝူယုထံမှ ထိုကဲ့သို့ ချီးကျူးစကား ရခဲ့ပါက သူ အလွန် ပျော်ရွှင်ခဲ့မိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... လက်ရှိ အခြေအနေတွင်တော့ ထိုအရာက သူ့မာနကို ထိပါးနေသည့် စကားလုံးများပင်။

မဆိုးဘူး... ဟုတ်စ။

သူက အဂ္ဂိရတ် အစည်းအရုံး၏ အာဏာ အရှိဆုံး လူသုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူ့ထက် ပိုမို အဆင့်အတန်း မြင့်မားသူ ဟူ၍ ထာဝရ ဧကရာဇ်နှင့် ထာဝရ ဆေးနတ်ဘုရားတို့သာ ရှိပေသည်။ မဆိုးဘူး ဆိုသည့် စကားလုံးက သူ့အဆင့်အတန်းနှင့် လားလားမျှ မဆိုင်ချေ။

ဝူယုမှာ ငြိမ်သက်စွာပင် ထိုပြဿနာအား မည်ကဲ့သို့ ကျော်လွန်ရမည်ကို တွေးတော နေခဲ့၏။ လက်ရှိ အခြေအနေက အတော်လေး ရှုပ်ယှက်ခတ် နေသည်။ စန်းလော့ယန်မှာ သူ့အား ဆန့်ကျင်လိုနေသည့်ပုံ ရကာ ထိုအရာကပင် ဆက်ဆံရေးကို ပိုမို၍ တင်းမာစေခြင်း ဖြစ်သည်။

ဝူယုက စန်းလော့ယန် နောက်တွင် ရပ်နေသည့် မြေကြီး ရှန့်ထိုကို လှမ်းကြည့်လိုက်၏။ သူက မြေကြီး ရှန့်ထို အဆင့်ကို ရောက်ခါစ ဖြစ်သည်။ သူ့တွင် ထိုအဆင့်နှင့် ပတ်သက်သည့် မည်သည့် အသေးစိတ် အချက်အလက်မှ မရှိသေးချေ။ လက်ရှိ သူ သတိထားမိသည့် အရာ ဟူ၍ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် မြင့်မားလာသည့် ဝိညာဥ်အာရုံတို့သာ ဖြစ်ပေသည်။

ထိုဝိညာဥ်အာရုံနှင့် အတူ ယခင်က သူ မမြင်နိုင်သည့် အရာများကို မြင်နိုင်လာခဲ့သည်။ ဥပမာ အားဖြင့်... စန်းလော့ယန်၏ ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည့် မတူကွဲပြားသော လျှို့ဝှက် သင်္ကေတ အရိပ် ငါးခုကို သူ မြင်နိုင်ပေသည်။ ထို့အပြင် သောင်းဂဏန်း မဟုတ်လျှင်ပင် ထောင်နှင့်ချီသည့် သေးငယ်သော သင်္ကေတလေးများမှာ သူ့ကို ပတ်၍ အဆက်မပြတ် လှည့်ပတ် နေကြသည်။ အရေအတွက်အားဖြင့် မည်မျှပင် များပြားသည် ဖြစ်စေ... ၎င်းတို့က အသွင် သဏ္ဌာန် ငါးမျိုး အတွင်းတွင်သာ တည်ရှိနေ၏။

သို့သော်လည်း... ထာဝရ သူရဲကောင်းကို ကြည့်လိုက်သော အခိုက်၌ လှည့်ပတ်နေသာ သင်္ကေတများက သောင်းနှင့်ချီ နေသည်ကို တွေ့မြင်လိုက်ရသည်။ ထို့ကြောင့်ပင် ၎င်းတို့အထဲ၌ သင်္ကေတ အမျိုးအစား ဘယ်နှစ်ခု ရှိသည်ကို သူ ချက်ချင်း နားမလည်နိုင်ချေ။ သို့သော်လည်း... ထိုအရာက သူ အော်ရာကို မထုတ်လွှတ်ခင် အချိန် အထိသာ ဖြစ်ပေသည်။

လျှို့ဝှက် အော်ရာလှိုင်းများမှာ လျှို့ဝှက် သင်္ကေတများကို သယ်ဆောင်ထားပေသည်။ ၎င်းတို့မှ တစ်ဆင့် လျှို့ဝှက် သင်္ကေတ အမျိုးအစားကို ခွဲခြားရတာ ပိုလွယ်ကူ၏။ လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းမှာ လျှို့ဝှက် သင်္ကေတ သုံးခုကိုသာ ပိုင်ဆိုင်ထားပေသည်။

ထိုအခြင်းအရာမှ တစ်ဆင့်... ထာဝရ သူရဲကောင်းများမှာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ပျိုးထောင်ပေးခဲ့သူများ ဖြစ်သည် ဆိုသည့် ကောလဟလများက အမှားများသာ ဖြစ်ကြောင်း ဝူယု သိရှိလိုက်၏။ အစေခံငယ်လေး တစ်ယောက် ပင်လျှင် လျှို့ဝှက် သင်္ကေတ ငါးခုကို ပိုင်ဆိုင်ထားလျှင် ထာဝရ သူရဲကောင်းများက ထိုထက် များဖို့သာ ရှိသည်။ မည်သည့် နည်းလမ်းနှင့်မျှ သင်္ကေတ သုံးခု လျှို့ဝှက် အာဏာရှင် မဖြစ်နိုင်ချေ။

ဝူယုက ဟင်းလင်းပြင် သင်္ဘောထက်၌ ရပ်နေသည့် ထာဝရ သူရဲကောင်းကိုလည်း လှမ်းကြည့်လိုက်၏။ သူက အင်ပါယာ ဝိညာဥ် မျက်လုံး အမြင်အာရုံ အစီအရင်ကိုပါ အသုံးပြုလိုက်သည်။ သူ၏ မျက်လုံးများက ချက်ချင်းပင် ရောင်စုံ ကြယ်တာရာ အလင်းများနှင့် ဆက်သွယ်သွား၏။

“ဟမ့်...”

ထာဝရ သူရဲကောင်းမှာ ထိုအရာကို သတိထားမိရာ အေးစက်စက် နှာခေါင်းရှုံ့၍ လျှို့ဝှက် အော်ရာကို ထုတ်ဖော် ကာကွယ်လိုက်၏။ ဝူယု စိတ်ထဲမှ ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။ ထိုမြေကြီး ရှန့်ထိုက သူ့ လျှို့ဝှက် အော်ရာကို အလိုလို ထုတ်ဖော် ပြသလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ အခြား တစ်ယောက် ကဲ့သို့ပင် သူသည်လည်းပဲ သင်္ကေတ သုံးခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည်။

“ဝူယု... ဒါက ဘာအဓိပ္ပာယ်လဲ...”

စန်းလော့ယန်က ဝူယုကို ရန်လိုစွာပင် ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားက ထာဝရ နယ်မြေထဲကို ခွင့်ပြုချက် မရှိပဲ ဝင်တယ်... ပြီးတော့ မြေကြီး ခြေချခြင်း ဖြစ်စဥ်ကို ဆင့်ခေါ်ပြီး ထာဝရ နယ်မြေထဲက သက်ရှိတွေကို နှောက်ယှက်တယ်... ဝူယု... ကျုပ် ခင်ဗျားကို ထာဝရ အစည်းအရုံးဆီ ဆင့်ခေါ်ရလိမ့်မယ်... ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ပဲ ခင်ဗျား ဒီနေရာကနေ ထွက်သွားဖို့ မစဥ်းစားနဲ့”

ပထမ၌ စန်းလော့ယန်သည် မြေကြီး ခြေချခြင်းအား ဆင့်ခေါ်သူမှာ အင်ပါယာ ကလန်သား တစ်ယောက်ဟု ထင်မှတ် ထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဝူယု ဖြစ်နေကြောင်း သိရှိပြီး နောက်တွင်တော့ ထိုထင်မြင်ချက်က မှားယွင်းနေကြောင်း သူ သဘောပေါက်လိုက်၏။ တစ်ချိန်တည်း၌... ဝူယု၏ ကျင့်စဥ်က အင်ပါယာ မျိုးနွယ်၏ ကျင့်စဥ်နှင့် ဆင်တူနေသလား သူ စိတ်ဝင်စားနေမိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုအကြောင်းအရာကို သူ ဝူယုထံမှ ဖြည်းညင်းစွာ စစ်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။

စန်းလော့ယန်မှာ ဝူယုကို ဖမ်းဆီးရန် အပြည့်အဝ ယုံကြည်ချက် ရှိနေခဲ့၏။ ဝူယုမှ ယခုမှ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခါစ ဖြစ်သည်။ သူ၏ ခွန်အားက အစစ်အမှန် ရှန့်ထိုများနှင့် နှိုင်းယှဥ်ရန် အလှမ်း ကွာဝေးနေလိမ့်ဦးမည် ဖြစ်သည်။ သူ့အမြင်အရဆိုလျှင်... ထာဝရ သူရဲကောင်းနှစ်‌ယောက် မဆိုထားနှင့် တစ်ယောက်တည်းပင် ဝူယုကို ကိုင်တွယ်ရန် လုံလောက်ပေသည်။

ဝူယုက ငြိမ်သက်စွာပင် သူ့လက်များကို ငုံ့ကြည့်ကာ ဝိညာဥ်အာရုံဖြင့် ကိုယ့်ကိုယ်ကို စစ်ဆေးလိုက်၏။ သူ့ ခန္ဓာကိုယ် အပြင်ဘက်တွင်ပင် လျှို့ဝှက် သင်္ကေတ သောင်းနှင့်ချီ ရှိနေကာ ခန္ဓာကိုယ် အတွင်းပိုင်းတွင် ပို၍ပင် များနေပေသေးသည်။ သူ ဖြည်းညင်းစွာပင် အမျိုးအစားကို ရေတွက်လိုက်၏။

“ရှစ်ခု...”

ဝူယု၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် တောက်ပသွား၏။ သူ့နှုတ်ခမ်းထက်ရှိ ယုံကြည်ချက် ရှိသည့် အပြုံးက ပိုမို၍ တောက်ပလာသည်။

“ဖြေရှင်းချက် ပေးဖို့များ... မင်းတို့ဆီ လိုက်စရာ မလိုပါဘူးကွာ... ဒီမှာပဲ ပေးလိုက်တော့မယ်... ငါ့ရဲ့ သခင်လေးက ဝေ့ဝူယင်က မင်းတို့ ထာဝရ အစည်းအရုံးကို သတင်းစကား တစ်ခု ပါးခိုင်းလို့ လာခဲ့တာ... ဪ... မေ့လို့... ထာဝရ အစည်းအရုံးတင် မဟုတ်ဘူး... မဟာစက်တန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို သတင်းပါးခိုင်းလိုက်တာကွ”

“အာရုဏ်ဦး အာဏာရှင် ဧကရာဇ်...”

ဝူယု၏ စကားလုံးများက အားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့၏။ စန်းလော့ယန်၏ အမူအရာပင်လျှင် ပြောင်းလဲ သွားသည်။

သို့တိုင်အောင် သူစိတ်ထဲမှ သီအိုရီ တစ်ခုကိုတော့ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ ဝူယုမှာ တတိယ အဆင့် ခြေချခြင်း၌ ကျရှုံးကာ ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့သည်။ ထို့နောက် သူက တစ်နည်းနည်းဖြင့် ပုန်းကွယ် နေခဲ့ဟန် ရကာ ဝေ့ဝူယင် ပေါ်လာသော အခါတွင်မှ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးဖြင့် ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဘာသတင်းစကားလဲ...”

စန်းလော့ယန်မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့လေရာ မေးလိုက်၏။ ဝူယုက မေးစေ့ကို ပွတ်သပ်ကာ ကိုယ်ပိုင် ဇာတ်ညွှန်း တစ်ခုရေးဖို့ စဥ်းစားလိုက်သည်။ သို့သော်လည်း...

ဘုန်း...

သူ အဖြေမပေးရသေးခင်မှာပင်... ဟင်းလင်းပြင် သင်္ဘော လေထု အပေါ်လွှာ၌ ရပ်နေသည့် ထာဝရ သူရဲကောင်းမှာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် အပြည့်နှင့် သူ့ထံ ပြေးဝင်လာခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters