← Chapters

နင်အဆင်သင့်ပဲလား

Vol. 19 Ch. 259

နင်အဆင်သင့်ပဲလား

Vol. 19 Ch. 259

“မင်း...”

လုံချန်ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူက အံကို တင်းတင်းကြိတ် လိုက်ရာ မေးရိုးများမှာ ပိုမို ထင်ရှားလာ၏။

“ဝေ့ဝူယင်... မင်းက ချင်ချူးမူကို ဖိအားပေးပြီး သိမ်းပိုက်ချင်နေတာလား”

သူ၏ စကားက ဝေ့ဝူယင်နှင့် ချင်ချူးမူ နှစ်ယောက်စလုံးကို မျက်မှောင်များ ကြုတ်သွားစေသည်။ ပြောရလျှင် ယင်းက အတော်လေး ဘောင်ကျော်နေသည်။

“အတွေးလွန် မနေနဲ့... ငါက မင်းကို ထွက်သွားစေချင်ရုံတင်...”

ဝေ့ဝူယင် ခေါင်းကို ခါရင်း ပြောလိုက်သည်။

“လုံချန်... ငါဘာမှ မဖြစ်ပါဘူး... နင် ငါ့ကို ယုံတယ်မလား”

ချင်ချူးမူကလည်း ဖျောင်းဖျလိုက်၏။ လုံချန်က သူမကို ကြည့်ရင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ သူ၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွား၏။

တစ်ခဏမျှ ချင်ချူးမူ၏ လှပသော မျက်နှာကလေးကို ငေးကြည့်ပြီးနောက် လုံချန် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်တွင် ဝေ့ဝူယင်ကို သတိပေးသည့် အနေဖြင့် တစ်ချက်မျှ ကြည့်ပြီးနောက် အခြားလူများနှင့် အတူ ဂိတ်တံခါးထဲ ဝင်ရောက်သွားတော့သည်။

မကြာခင်မှာပင် သူတို့အားလုံး ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ချင်ချူးမူနှင့် ဝေ့ဝူယင်တို့ နှစ်ယောက်သာလျှင် ကျွင်းနာဂြိုဟ်ပေါ်၌ ကျန်ရစ်ခဲ့လေ၏။

“ဝေ့ဝူယင်...”

ချင်ချူးမူမှာ ချီတုံချတုံ ဖြစ်နေဟန် ရသည်။ သူမနှင့် လုံချန်တို့ အကြားရှိ ဆက်ဆံရေးက ရှည်လျားလှပြီး အမှတ်တရများနှင့် ပြည့်နှက်နေသည်။ အနန္တကုန်းမြေတိုက်ကြီးတွင် ရှိစဥ်ကဆိုလျှင် သေရေးရှင်ရေး တိုက်ပွဲများကိုပင် အတူ လက်တွဲကာ ဖြတ်ကျော်ဖူးသည်။ ဝေ့ဝူယင်နှင့် စကားပြောသည်ကို လုံချန် မကြိုက်မှန်း သူမ သိပါသည်။ သို့သော်... အသက်သခင် ကျေးဇူးရှင် တစ်ယောက်ကို မည်ကဲ့သို့ သူမ ငြင်းဆန်နိုင်ပါမည်နည်း။

ဝေ့ဝူယင်က အကြောတစ်ချက် ဆန့်လိုက်၏။

“ငါတို့ စကားမပြောဖြစ်တာ ကြာပြီနော်... အဲဒီအတော အတွင်း ငါ့မှာ ဇာတ်လမ်းတွေ အများကြီး ရထားတယ်... နင် နားထောင်ချင်လား”

ဝေ့ဝူယင်၏ အသံကြောင့် ချင်ချူးမူ၏ အတွေးစများက ပြတ်တောက်သွားကာ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။

မိနစ်ပိုင်းအတွင်းမှာပင် သူတို့သည် ကြီးမားကျယ်ပြန့်သော ကျွင်းနာဂြိုဟ်၏ သစ်တောများ လမ်းလျှောက်နေကြပြီ ဖြစ်၏။ ဝေ့ဝူယင်နှင့် စကားပြောရင်း ချင်ချူးမူ၏ ရှုပ်ထွေး အုံ့မှိုင်းနေသော စိတ်များက တဖြည်းဖြည်း ပြေလျော့စ ပြုလာ၏။ မကြာခင်မှာပင် သစ်ပင် ပန်းမန်နှင့် ရေကန်ရှုခင်းများနှင့် အတူ ရယ်မောသံလွင်လွင်တို့ ပျံ့လွင့်လာခဲ့တော့ည်။

မိုးသောက်မှ ရေဝင် ရီ‌တရောအထိ အချိန်သည် မျက်စိ တစ်မှိတ်အတွင်းမှာပင် ကုန်ဆုံး သွားခဲ့လေ၏။

...

ဖန်တီးခြင်း တောင်ထွတ် အဋ္ဌမ အလွှာရှိ ထို့ပိဟန်၏ ကောင်းကင် နန်းတော်၌...

ကိုယ်ပိုင် ကောင်းကင်နန်းတော်ကို အမှတ်မထင် ဖြိုဖျက်ချိမိချိန်မှ စ၍ ဝေ့ဝူယင်သည် ထို့ပိဟန်၏ ကောင်းကင် နန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုလူအိုကြီးသည် သူ့အား လွတ်လပ်ခွင့် အပြည့်အဝ ပေးထားကာ လက်အောက်ငယ်သားများကိုပင် ဝင်ထွက်ခွင့် ပြုထားသည်။ ဘီလူး တာဝန်ယူ တည်ဆောက်နေသည့် သူ၏ ကောင်းကင် နန်းတော်ကမူ ပြီးမြောက်ရန် အချိန် အတော်ကြာဦးမည် ဖြစ်သည်။

အလွန် ကြီးမားသော ခန်းမ တစ်ခုအတွင်း၌...

ဝေ့ဝူယင်၊ စုမေ့၊ ကျူးဟိုင်နှင့် ဟုန်ချွင်းဟွာတို့မှာ ရပ်နေကြ၏။ စုမေ့နှင့် ကျူးဟိုင်တို့မှာ မကြာ‌‌သေးမီ ရက်ပိုင်းကပင် ဝေ့ဝူယင်၏ အမိန့်နှင့် အနန္တဧကရာဇ်ဂြိုဟ်ကို ပြန်လည် ရောက်ရှိလာခဲ့ကြခြင်း သည်။ ဝေ့ဝူယင် သူတို့ သုံးယောက်စလုံးကို မဟာဝိညာဥ်စမ်းသပ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်စေရန် ရည်မှန်းထားသည်။

“ဟုန်ချွင်းဟွာ... နောက် ခြောက်လအတွင်း နင်ဒီကောင်းကင်နန်းတော်မှာ လေ့ကျင့်လို့ရတယ်... နင့်အတွက် လိုအပ်တဲ့ ရင်းမြစ်အားလုံး ငါထောက်ပံ့ပေးမယ်... “

ဟုန်ချွင်းဟွာက ခေါင်းညိတ်လိုက်၏။ သူမ၏ အနီရောင် နှုတ်ခမ်းပါးများမှာ တစ်စုံတစ်ရာကို ပြောလိုဟန်ဖြင့် အနည်းငယ် လှုပ်ရှားသွားသော်လည်း အဆုံးသတ်တွင် တိတ်ဆိတ်သာနေ၏။ ဝေ့ဝူယင်က ထိုအရာကို သတိထားမိရာ ဆက်လက် ပြောလိုက်သည်။

“နင့်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အဖွဲ့သား ခုနစ်ဆယ့် သုံးယောက် ရှိတယ်... သူတို့ အတွက် မပူနဲ့ ငါ သေချာ ဂရုစိုက်ထားပါတယ်”

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင် လက်စွပ် တစ်ကွင်း ထွက်ပေါ်လာကာ သူမထံ ရွေ့လျားသွားသည်။

“အဲဒီထဲမှာ စာရင်းတစ်ခု ရှိတယ်...  နင့်ရဲ့ ကျင့်ကြံခြင်း အတွက် အသုံးတည့်မယ် ထင်တဲ့ အဆင့်ရှစ် ဆေးတွေ ရှာထားလိုက်...”

သူမသည် ဝိညာဥ်ကွင်းသုံးကွင်းကိုသာ ပိုင်ဆိုင်ထားကာ သေမျိုးအဆင့်ကလည်း ခုနစ်မျှသာ ဖြစ်သည်။ သို့ဖြစ်ရာ အစွမ်းအထက်ဆုံး ကောင်းကင်ဧကရာဇ်များနှင့် ယှဥ်ပြိုင်ဖို့အတွက် သူမ၏ ကျင့်ကြံခြင်း အခြေခံကို ပြောင်းလဲပစ်ဖို့ လိုအပ်သည်။

“အဆင့်ရှစ်ဆေးတွေလား...”

ဟုန်ချွင်းဟွာ၏ အသံက အနည်းငယ် တုန်ရီနေ၏။ သို့သော်လည်း သူမ ထိုထက် ပို၍ မမေးနိုင်ခင်မှာပင် ဝေ့ဝူယင်က သူမအတွက် သတ်မှတ်ထားသည့် အခန်းကို သွားရန် အချက်ပြလိုက်သည်။ သူမ၏ နောက်ဆက်တွဲ ရူးကြောင်ကြောင် မေးခွန်းများကို ဖြေရန် သူ့တွင် အချိန် မရှိချ။

ကျူးဟိုင်နှင့် စုမေ့တို့မှာ တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ ဝေ့ဝူယင်ထံမှ အဆင့်ရှစ် ဆေးလုံး များစွာကို ရှေးယခင်ကပင် ရရှိခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်က အဆင့်ကိုး ဆေးလုံးများကို ထောက်ပံ့ပေးမည် ဆိုလျှင်ပင် သူတို့ အံ့အားသင့်လိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင် သူ၏ အားအကိုးရဆုံး လက်ထောက် နှစ်ယောက်ကို ကြင်နာစွာ ကြည့်လိုက်၏။ စုမေ့မှာ ချီပျစ်ခဲခြင်း အဆင့်ကိုးတွင် ရှိသေးသည့်တိုင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ထိ ရောက်ရှိပြီး ဖြစ်သည်။ ထို့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း အမှောင်အလင်း ရည်ရွယ်ချက်နှင့် ဆေဘာ ရည်ရွယ်ချက်တို့ကို အကန့်အသတ်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။ သူမ၏ ဇာတိဝိညာဥ် မှာလည်း အခိုင်မာဆုံးသော အခြေခံကို အောင်မြင်ထားပြီး ဖြစ်၏။

သူမနည်းတူပင် ကျူးဟိုင်မှာလည်း များစွာသော တိုးတက် ပြောင်းလဲမှုများ ရရှိထားသည်။ ဝေ့ဝူယင် ထောက်ပံ့သော ဆေးဝါးများနှင့် အတူ သူသည် ကြယ်တာရာ အမြုတေ အရွယ်အစားကို နှစ်မီလီတာခန့်မျှ အထိ တိုးချဲ့နိုင်ခဲ့သည်။ သူသည် ကောင်းကင် အုပ်စိုးသူ တစ်ယောက်မျှသာ ဖြစ်သည့်တိုင် ဝိညာဥ်ဆင်းတု အဆင့်ကို တက်လှမ်းရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။  အကယ်၍ ဝေ့ဝူယင်၏ တားဆီးထားမှုကြောင့်သာ မဟုတ်ပါက လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းကပင် အဆင့်တက်ပြီး နေလေက်ပြီ ဖြစ်သည်။

“ငါ မင်းတို့ နှစ်ယောက်ကို ပြန်ခေါ်လိုက်ရတာ မဟာဝိညာဥ် စမ်းသပ်ပွဲကြောင့်ပဲ”

ဝေ့ဝူယင်က လောင်းကြေးများ အပါအဝင် ပြိုင်ပွဲ အကြောင်း အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်သည်။

ဝေ့ဝူယင် စကားကို နားထောင်ရင်း ကျူးဟိုင်၏ သွေးရောင် မျက်လုံးများ သိသိသာသာ တောက်ပလာ၏။  သူသည် သတ်ဖြတ်ခြင်းနှင့် စစ်ပွဲ ရည်ရွယ်ချက်များကို မွေးဖွားထားနိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့် အပြင် ဒဏ္ဍာရီလာ ငွေရောင် ဝံပုလွေ မျိုးနွယ်မှ ဆင်းလက်လာသူ ဖြစ်သည်။ အမဲလိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့သည် သူ့သွေးထဲတွင် စီးဆင်းနေသည်။

“ကျူးဟိုင်... ဒီပြိုင်ပွဲကို မင်းအတွက် ငါစီစဥ်ခဲ့တာပဲ... ငါ့လက်သည်းနဲ့ အစွယ်တွေ ဖြစ်ဖို့ ထိုက်တန်ကြောင်း မင်း သက်သေပြရမယ်”

“စုမေ့... နင်ကတော့ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းဖို့ အချိန်သင့်ပြီလို့ ငါထင်တယ်... နင့်ရဲ့ မန်နာ အပေါ် နားလည်မှုက ကောင်းကင်လောက ကပ်ဘေးကို ဆင့်ခေါ်ဖို့တောင် လုံလောက်နေပြီ”

“ကောင်းပါပြီ အရှင်...”

ကျူးဟိုင်နှင့် စုမေ့ နှစ်ယောက်စလုံးမှာ မည်သည့် မေးခွန်းမျှ ပြန်မထုတ်ပဲ ဦးညွှတ် လိုက်ကြ၏။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကျူးဟိုင်... မဟာဝိညာဥ် စမ်းသပ်ပွဲ မစတင်ခင် မင်း ဝိညာဥ်ဆင်းတုကို ဖွဲ့စည်းထားသင့်တယ်... ကွင်းကိုးကွင်း ဖွဲ့စည်းဖို့ လိုအပ်သမျှ ရင်းမြစ်အကုန်လုံး ငါပေးမယ်... နောက်ပြီး မင်း သွေးပန်းပဲဖို လျှို့ဝှက် နည်းလမ်းကိုလည်း ကျင့်ကြံရမယ်... အဲဒါက မင်းရဲ့ ခန္ဓာကိုယ်ကို ပိုပြီး သန်မာလာအောင် ထောက်ပံ့ပေးနိုင်တဲ့ အပြင် မင်းရဲ့ သွေးမျိုးဆက်ကိုပါ ပိုအသက်ဝင်လာစေလိမ့်မယ်”

သွေးပန်းပဲဖို လျှို့ဝှက် နည်းလမ်းမှာ ယွမ်လုံရှီ၏ မှတ်ဉာဏ်များထဲမှ သူ ရရှိထားသည့် နည်းလမ်း တစ်ခု ဖြစ်သည်။ ထိုနည်းလမ်းကို ဝူယု၏ တွဲဖော်တွဲဖက် တစ်ယောက်ဖြစ်သည့် သွေးပန်းပဲဖို အင်ပါယာ ကိုယ်တိုင် တစ်ချိန်က ကျင့်ကြံခဲ့ဖူးသည်။ သူ ကိုယ်တိုင်သည်လည်း ဝူယုကဲ့သို့ပင် ကြယ်တာရာ အမြုတေ အဆင့် အလွန် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို ကိုယ်တိုင် တည်ဆောက်ကာ အမွေအနှစ်များကို ချန်ရစ်ထားခဲ့ပေသည်။

ဝေ့ဝူယင်သည် ထိုနည်းလမ်းကို ပြင်ဆင်ရန် အတွက် တစ်နှစ် တိတိ အချိန်ယူခဲ့ရသည်။ သူသည် အဂ္ဂိရတ် ပညာရပ်၏ အကူအညီနှင့် အတူ အဆိပ်အတောက် ဖြစ်စေနိုင်သည့် အရာများကို ဖြတ်တောက်ပစ်ခဲ့ပြီး အစစ်အမှန် နဂါးအသွင်ပြောင်းခြင်း နည်းလမ်း အပေါ် နားလည်မှုများကို ထပ်ပေါင်း ထည့်ခဲ့သည်။ ကျူးဟိုင်သည် ရှို့ရန် မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ရာ ထိုနည်းလမ်းနှင့် အလွန် သင့်တော်သည်။

ဝှစ်...

ဝေ့ဝူယင်က လက်ညိုးကို ဆန့်ထုတ်လိုက်ရာ အဂ္ဂိရတ် ဧဒင် အင်အား တစ်ခုမှာ သွေးပန်းပဲဖို လျှို့ဝှက် နည်းလမ်း အသေးစိတ် အချက်အလက်များကို သယ်ဆောင်ကာ ကျူးဟိုင်၏ နဖူးအတွင်း ဝင်ရောက်သွား၏။ ကျူးဟိုင်မှာ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း ခံယူခြင်း မပြုပဲ အသာအယာပင် စုပ်ယူလိုက်သည်။ ထိုအရာက သူတို့ နှစ်ယောက် အကြားရှိ ယုံကြည်မှု မည်မျှ မြင့်မားကြောင်း ဖော်ပြနေ၏။

“ကောင်းကောင်း ကျင့်ကြံ...”

ဝေ့ဝူယင်က သိုလှောင် လက်စွပ်တစ်ကွင်းကို ကျူးဟိုင်အား ကမ်းပေးလိုက်သည်။ ထိုငွေရောင် ဝံပုလွေမှာ မဟာ ဝိညာဥ် စမ်းသပ်ပွဲ အတွက် သူ၏ ဝှက်ဖဲ ဖြစ်သည်။

ကျူးဟိုင် ထွက်ခွာသွားပြီးနောက် သူနှင့် စုမေ့ နှစ်ယောက်သာလျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့၏။ ဝေ့ဝူယင် သူမအား ကြည့်လိုက်သည်။ မိန်းကလေးသည် အနက်ရောင် ဆံပင်ရှည်များ၊ အနက်ရောင် မျက်ဝန်းများ အပြင် ရှိုက်ကြီးရှိုက်ငယ် အဖိုဖိုဖြင့် လှပနေ၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ သူတို့ ဆုံတွေ့ချိန်၌ သူမမှာ ‌နေသွေးနီနီတောင်၏ လမ်းကြားလေး တစ်ခု၌ အရိုက်ခံခဲ့ရသည့် ပိန်ပိန်လှီလှီနှင့် ကလေးမလေး တစ်ယောက်သာ ဖြစ်ခဲ့ပေသည်။

ထို့နောက်တွင် သူမ သူ့နောက်ကို လိုက်ခဲ့သည်။ အဆိုးအကောင်းများကို သူတို့ အတူ ကြုံတွေ့ ခံစားခဲ့ကြသည်။ အခက်ခဲဆုံး အချိန်များတွင်ပင် သူမ သူ့အနားမှ တစ်ဖဝါးမှ မခွဲခဲ့။ ဝေ့ဝူယင် သူမကို နူးညံ့စွာ ပြုံးပြလိုက်သည်။ နွေးထွေးမှုလှိုင်း တစ်ခုမှာ သူ၏ နှလုံးသားကို ရင်သိုင်းကာ ခြုံလွှမ်းသွား၏။

“နင် အဆင်သင့်ပဲလား...”

သူက မေးလိုက်သည်။

“အင်း...”

သူမက ခေါင်းညိတ်လိုက်လေ၏။

***

All Chapters