သက်တံ့ကောင်းကင်၏ ကံကြမ္မာ
Vol. 60 Ch. 832
သက်တံ့ကောင်းကင်...
သက်တံ့ကောင်းကင်မှာ လူဦးရေ ဆယ့်နှစ် ဘီလျံကျော် မှီတင်း နေထိုင်သည့် အလယ်အလတ် အရွယ် ဂြိုဟ်တစ်စင်း ဖြစ်သည်။ ထိုကိန်းဂဏန်းမှာ သေမျိုးများနှင့် ကျင့်ကြံသူများကိုသာ ရေတွက်ထားခြင်းဖြစ်သည်။ ငှက်၊ ငါး၊ အင်းဆက်... အစရှိသဖြင့် အခြား သက်ရှိများကို ထည့်သွင်း ရေတွက်ထားခြင်း မရှိသေးချေ။ ၎င်းတို့ကိုပါ ထည့်တွက်ရမည် ဆိုပါက သက်တံ့ကောင်းကင်မှာ သက်ရှိ ဖြစ်တည်မှုပေါင်း ထရီလျံချီ မှီတင်း နေထိုင်နေသည့် နေရာဒေသ တစ်ခုဟု ဆိုရပေလိမ့်မည် ဖြစ်သည်။
သက်တံ့ကောင်းကင်မှာ မရေမတွက်နိုင်သည့် အင်အားစုများ၏ အိမ် ဖြစ်သည်။ ပါရမီရှင်နှင့် မိန်းမလှများ ပေါ်ထွန်းရာ နေရာဖြစ်သည်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည့် လယ်သမားတို့၏ ကွင်းပြင် ဖြစ်သည်။ ထိုနေရာရှိ လူတိုင်းတွင် အနာဂတ် အတွက် အိပ်မက်များ၊ မျှော်လင့်ချက်များ၊ အစီအစဥ်များ ရှိပေသည်။
ယနေ့... တိမ်ကင်းစင်ကာ နေသာသောနေ့...
ဂြိုဟ်တစ်ဖက်ခြမ်းရှိ လူတိုင်းလိုလိုမှာ အရိပ် တစ်ခုခု ဂြိုဟ်ကြီးဆီ ချဥ်းကပ်လာသည်ကို တွေ့မြင်ရသည်။ ၎င်းက အလွန် ကြီးမားလှကာ ပြင်းထန်သော အပူရှိန်များက အရှိန်တငြီးငြီး တောက်လောင်နေသည်။ ချက်ချင်း ဆိုသလိုပင် မြေကြီးများမှာ အက်ကွဲလာကာကာ ငလျင်လှုပ်သကဲ့သို့ တဟုန်းဟုန်း တုန်ရီလာသည်။
အဘယ်ကြောင့်မှန်း မသိသည့်တိုင် သေခြင်းတရားက တဖြည်းဖြည်း နီးကပ်လာသလို သူတို့ အပြင်းအထန် ခံစားနေရသည်။
ဆိုးရွားလှသည့် ကံကြမ္မာနှင့် ပထမဆုံး ရင်ဆိုင်ခဲ့ရသည်ကတော့ သေမျိုးများပင်။ အရိပ်မဲကြီး ဂြိုဟ်ပေါ် မကျသေးခင်မှာပင် သူတို့၏ အသားအရေများက ချက်ချင်းပင် မီးလောင်ကြွမ်း သလို ဖုကြီးများ ဖြစ်ပေါ်လာကာ တဖြည်းဖြည်း အရည်ပျော်ကျ လာခဲ့၏။
အရိပ်မည်းကြီး ပိုမို နီးကပ်လာသည်နှင့် အမျှ အပူချိန်က တရိပ်ရိပ်ပင် ပိုမို၍ မြင့်တက် လာနေခဲ့သည်။ ထို့နောက်...
အခြေခံ တည်ဆောက်ခြင်း အဆင့်များ...
ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ...
ကြယ်တာရာ အမြုတေ အဆင့်များ...
အမှောင် ဟင်းလင်းပြင် အတွင်း၌... လူတိုင်းမှာ ထိုမြင်ကွင်းကို ငြိမ်သက်စွာပင် ငေးမော နေကြ၏။ လျှို့ဝှက် အာဏာရှင် အဆင့်များမျာ ကုန်းမြေတိုက်ကြီးများ၊ ဂြိုဟ်များ၊ ကြယ်တာရာ နယ်မြေများကိုပင် ဖျက်ဆီးပစ်နိုင်သည်ဟု သူတို့ ကြားခဲ့ဖူးသည်။ သို့သော်လည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ခဲ့ဖူးသူကတော့ အလွန် ရှားလှပေသည်။
ဝူယုမှာ ထိုမြင်ကွင်းကို ငေးမောရင်း နှလုံးသား တစ်ခုလုံး ရပ်တန့် သွားသလို ခံစားနေရ၏။ ဂြိုဟ်၏ နောက်ဆုံး အခိုက်အတန့်ကို ငေးမောရင်း ပြင်းထန်သော ခံစားချက်လှိုင်းများက သူ့ရင်အတွင်း တိုးဝှေ့နေသည်။
ချော်ရည် လက်သီးကြီးမှာ ဂြိုဟ်ပေါ် ကျရောက်သွား၏။ ဂြိုဟ်က ပေါက်ကွဲခြင်း မရှိချေ။ ထောင်သောင်းချီသည့် အပိုင်းအစများ အဖြစ်လည်း ပြောင်းလဲ သွားခြင်း မရှိချေ။ ထို့အစား အလွန် ပြင်းထန်သည့် အပူရှိန်ဖြင့် အရည်ပျော်လာကာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။
“မဟုတ်ဘူး… မဟုတ်ဘူး... မင်း ဘာလို့ အဲဒီလို လုပ်လိုက်တာလဲ”
အလွန် ပြင်းထန်သည့် အသံ တစ်ခုမှာ ဝိညာဥ်လှိုင်းများ အဖြစ် အမှောင် ဟင်းလင်းပြင် အတွင်း ပေါက်ကွဲ ထွက်ပေါ်လာသည်။ ၎င်းက ဒေါသ၊ ဝမ်းနည်းမှု၊ မယုံကြည်နိုင်မှု စသည့် အစွန်းရောက် ခံစားချက်များနှင့် ပြည့်နှက်နေ၏။
အဝေးမှ ကြည့်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သူ့စကားလုံးများထဲမှ ခံစားချက်ကို နားလည်ကြပေသည်။ သို့သော်လည်း... သူတို့ နားမလည်နိုင်သည့် အချက်ကား စန်းလော့ယန်မှာ ဝူယုကို အော်ဟစ် နေခဲ့ခြင်းပင် ဖြစ်လေတော့၏။
ဝူယုက ဒုတိယ မဟာအသွင်ပြောင်းခြင်းကို ပြန်လည် ရုတ်သိမ်းကာ အင်ပါယာ ကောင်းကင် အော်ရာကို သိမ်းဆည်းလိုက်၏။ ထို့နောက် စန်းလော့ယန်ကို လှမ်းကြည့်လိုက်သည်။
“ဦးနှောက်ပါရင် စဥ်းစား...”
သူ၏ တုန့်ပြန်မှုက ထိုမျှသာ ဖြစ်၏။ ထို့နောက် သူက စန်းလော့ယန် ဘေးရှိ ထာဝရ သူရဲကောင်းကို လှမ်းကြည့် လိုက်သည်။ ခေါင်းဆောင်းနောက်ကွယ်မှ သူ၏ လိမ္မော်ရောင် မျက်လုံးများမှာ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင်... လွန်ခဲ့သည့် စက္ကန့်ပိုင်း အတွင်း ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာ အားလုံးကို လိုက်မမှီနိုင်တာ ရှင်းလင်းလှသည်။
ဝူယု၏ စိတ်အတွင်းရှိ သက်တောင့်သက်သာ မရှိမှုမှာ ပျောက်ကွယ် သွား၏။ ထို့အစား.. သံသယလှိုင်းများက အလုံးလိုက် အရင်းလိုက် နေရာယူလာခဲ့သည်။ ဝူယု မျက်မှောင်ကြုတ်ကာ သူ့အား တိုက်ခိုက်ရန် ကြိုးစားသည့် ထာဝရ သူရဲကောင်းကို လှမ်းကြည့်လိုက်၏။
ထိုအခိုက်၌... ၎င်းပုဂ္ဂိုလ်မှာ ဒဏ်ရာများကို ပြန်လည် ကုသရန် အတွက် အချိန် ပြောင်းပြန် စီးဆင်းခြင်း နည်းလမ်းကို အသုံးပြုရန် ကြိုးပမ်းနေပုံ ရသည်။ ကံမကောင်းစွာပင်... အချိန် စွမ်းအင် ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေလေရာ ထိုအရာက ကျရှုံးမှု၏ ရလဒ် တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။
သူ ဝတ်ဆင်ထားသည့် သံချပ်ကာ၏ တစ်စိတ်တစ်ပိုင်းမှာ သွေးများဖြင့် ရွှဲရွှဲစိုနေ၏။ အင်ပါယာ ကောင်းကင် အော်ရာမှာ အချိန်နှင့် အာကာသ အပါအဝင် ကုသရန် ကြိုးပမ်းမှုများကို နှောက်ယှက်နိုင်သည့် အစွမ်း ရှိ၏။ ထို့အပြင် ၎င်းကို နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်က ပံ့ပိုး ထားလေရာ ထာဝရ သူရဲကောင်းမှာ ထိုသက်ရောက်မှုကို မည်သို့မှ ဖယ်ရှားနိုင်စွမ်း မရှိခဲ့ပါချေ။
ထာဝရ သူရဲကောင်းမှာ သက်တံ့ကောင်းကင်ကို ကြည့်မနေသလို ထိုမတော်တဆ ဖြစ်ရပ် အပေါ် အံ့အားသင့်နေပုံလည်း မရချေ။ သူက ဝူယုကိုသာ လှမ်းကြည့်နေခဲ့၏။ ရုတ်တရက်... တစ်ဆင့် တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားသလို ဝူယု ခံစားလိုက်ရသည်။
သက်တောင့်သက်သာ မရှိသည့် ခံစားချက်များက မည်သည့် နေရာမှ လာသည်ကို သူ ချက်ချင်းပင် သဘောပေါက် သွား၏။ ၎င်းက သက်တံ့ကောင်းကင်ဂြိုဟ်၏ ကံကြမ္မာဆိုးကြီး အတွက် ရှေ့ပြေး နိမိတ် လက္ခဏာ တစ်ခုပင်။
ထာဝရ သူရဲကောင်းကို ကြည့်ရင်း ဝူယု၏ မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် မီးတဝင်းဝင်း တောက်ပလာ၏။ သူက မတုန့်မဆိုင်းပင် အမှောင်ဟင်းလင်းပြင်ကို ကန်ကျောက်လိုက်ကာ ထာဝရ သူရဲကောင်းထံ ဥက္ကာပျံ တစ်ခုလို ပျံသန်း သွားခဲ့တော့သည်။
လိမ္မော်ရောင် မျက်လုံးများနှင့် ထာဝရ သူရဲကောင်းမှာ အခြေအနေကို ချက်ချင်းပင် နားလည်သွား၏။ သူက တုန့်ဆိုင်းခြင်း မရှိပဲ စန်းလော့ယန်၏ ခန္ဓာကိုယ်ကို လျှို့ဝှက် စွမ်းအင် တစ်ခုနှင့် ဝန်းရံကာ အဝေးရှိ ဟင်းလင်းပြင် သင်္ဘောထဲ ပြန်ပို့လိုက်သည်။ ထို့နောက် ဝူယုနှင့် သူ့ မိတ်ဆွေတို့ အကြားရှိ ဟင်းလင်းပြင်ကို တဟုန်ထိုး ပျံသန်း သွားတော့၏။
ဝှစ်...
အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းက တိုးဝင်လာနေသည့် ဝူယုကို ကြည့်ကာ ဖြူရော်စွာ ပြုံးလိုက်သည်။ သူက မတုန့်မဆိုင်းပင် ပုလဲ ကဲ့သို့ ငွေရောင် အလုံးလေးကို ထုတ်ယူလိုက်သည်။ ထို့နောက် ပင့်သက် တစ်ချက် ရှိုက်ကာ ဝိညာဥ်လှိုင်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။
လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်း၏ အမူအရာက နားမလည်မှု၊ အံ့သြမှု၊ ထိတ်လန့်မှုတိုနှင့် ပြည့်နှက် သွားလေ၏။ သူ ရပ်တန့်လိုက်စဥ်မှာပင် ထာဝရ သူရဲကောင်းမှာ လောကပုလဲ အခွံကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ဆက်တိုက် ဆိုသလိုပင် လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီးလိုက်သည်။
ထို့နောက်တွင်ကား... ဝူယု အပါအဝင် မြေကြီး ရှန့်ထို သုံးယောက်လုံးမှာ ငွေရောင် အလင်းတန်းများနှင့် အတူ ပျောက်ကွယ် သွားကြတော့၏။
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေခဲ့ကြ၏။ တစ်ချိန်တည်း၌ သက်တံ့ကောင်းကင်မှာလည်း ပျက်သုဥ်းခြင်းသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ ထရီလျံနှင့် ချီသည့် သက်ရှိများကို လောင်ကြွမ်းနေသည့် ညှော်နံ့များမှာ မသတီ စရာပင် အမှောင် ဟင်းလင်းပြင် အထိ ရိုက်ခတ်လာ၏။ အချို့ဆိုလျှင် ချက်ချင်းပင် ထိုးအန်ကြတော့သည်။
နောက်ဆုံး၌... ကြယ်တာရာ နယ်မြေများတွင် မြေကြီးရှန့်ထိုများအား အဘယ်ကြောင့် မတိုက်ခိုက်ရန် ကန့်သတ်ထားသည်ကို သူတို့ နားလည် သွားကြပြီ ဖြစ်သည်။ သူတို့မှာ ခေါင်းများကို လေးပင်စွာ ခါယမ်း လိုက်မိကြလေ၏။ ယနေ့၌ ဆုံးရှုံးမှုက ပြောစမှတ် တွင်လောက်အောင် ကြီးမားလွန်းလှပေသည်။
စန်းလော့ယန်မှာ ရီဝေဝေ မျက်လုံးများနှင့် သက်တံ့ကောင်းကင်၏ အဆုံးသတ်ကို ငေးကြည့် နေခဲ့၏။ နာကျင် ကြေကွဲဖွယ် ခံစားချက်များက သူ့နှလုံးသား တစ်ခုလုံးကို သိမ်းပိုက် နေရာယူထားသည်။ ထာဝရ သူရဲကောင်းက အဘယ်ကြောင့် ရုတ်တရက် ထ၍ တိုက်ခိုက်ခဲ့ကြောင်း ယခုအချိန်အထိ သူ နားမလည်နိုင်သေးချေ။ သို့သော်လည်း... ထိုသူရဲကောင်း သုံးဖော်လုံးမှာ ထာဝရ ဧကရာဇ်၊ ထာဝရ ဆေးနတ်ဘုရားနှင့် သူ့အမိန့် သုံးကိုသာ နာခံကြောင်း စန်းလော့ယန် သေချာ သိပေသည်။
ထာဝရ ဆေးနတ်ဘုရားက ဝူယုကို ဖမ်းဆီးရန် တိုက်ရိုက် အမိန့်ပို့ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း... ထိုကဲ့သို့ ဖြစ်ရပ်မျိုးကိုတော့ သူ မျှော်လင့်မထားခဲ့တာ အမှန်ပင် ဖြစ်သည်။ စန်းလော့ယန် ဘာမှ မတတ်နိုင်လေရာ ဝူယုကိုသာ အပြစ် ပုံချမိနေ၏။ သို့သော်လည်း... သူ၏ စိတ်အတွင်းပိုင်းတွင်တော့ ထိုအရာက ဝူယု တစ်ယောက်တည်း၏ အပြစ် မဟုတ်ကြောင်း သိပေသည်။
...
အလွန် ဝေးကွာလှသည့် နေရာ တစ်ခု၌...
ရှေးဟောင်း ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်းမှာ တိတ်တဆိတ်ပင် မျောလွင့် နေခဲ့လေသည်။ ၎င်း၏ ကုန်းပတ်ထိပ် အစွန်း တစ်နေရာတွင်တော့ ဝမ်မင်ယာမှာ ဖြူရော်နေသည့် မျက်နှာနှင့် အရပ် မျက်နှာ တစ်ခုကို တိတ်တဆိတ် ငေးမော နေခဲ့၏။ သူမ၏ မျက်လုံးများက တည်ငြိမ်နေသည့်တိုင် ပုံမဖော်နိုင်သည့် ခံစားချက် မျိုးစုံနှင့် ပြည့်ရွှမ်းနေပေသည်။
ရုတ်တရက် နွေးထွေးသည့် လက်တစ်ဖက်မှာ သူမ၏ ပခုံးကို လာရောက် ထိတွေ့လိုက်၏။ သူမ၏ ဖြည်းညင်းစွာပင် လှည့်ကြည့်လိုက်ရာ ဝေ့ဝူယင်ကို မြင်လိုက်ရသည်။ သူက မျက်လုံးများကို မှိတ်ထားသည့်တိုင် ယခင်အတိုင်း ချောမော နေဆဲပင် ဖြစ်လေသည်။
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချကာ သက်တံ့ကောင်းကင် ရှိသည့် အရပ်ကို လှမ်းကြည့်လိုက်၏။
“မင်း သိနေခဲ့တာလား...”
ဝမ်မင်ယာက တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်နှာက ပိုမို၍ ဖြူရော် လာနေသည့်ပုံ ရလေ၏။
“ရှင် ကျွန်မကို အပြစ်တင်မှာလား...”
ဝေ့ဝူယင်က ဖြည်းညင်းစွာပင် ခေါင်းကို ခါလိုက်၏။ တစ်နည်းဆိုရပါက ထိုအရာက သူ့အမှား ဖြစ်သည်။ အကယ်၍ သူသာ ဝူယုကို အဝေးကို ထွက်သွားဖို့ အမိန့်ပေးခဲ့ပါက ထိုဖြစ်ရပ်ဆိုးကြီးလည်း ဖြစ်ပေါ်လိမ့်မည် မထင်ချေ။
“ငါမင်းကို အပြစ်မတင်ပါဘူး... ငါ့အသက်ကို ကယ်တဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး...”
ဝေ့တူယင်က သူမ၏ ပခုံးလေးကို နွေးထွေးစွာ ဖျစ်ညှစ်လိုက်၏။ အကယ်၍ ဝမ်မင်ယာကြောင့်သာ မဟုတ်ပါက သူရော၊ ပိုင်လင်ပါ ထိုနေရာတွင် အရိုးထုပ် နေရလောက်ပြီ ဖြစ်သည်။
“ကျေးဇူးပါပဲ...”
ဝေ့ဝူယင်က ညင်သာစွာ ဆိုလိုက်ရင်း အမှောင် ဟင်းလင်းပြင်ကို ပြန်ငေးလိုက်သည်။ သူ၏ အမူအရာက တဖြည်းဖြည်း လေးနက်လာကာ ဖော်ပြရန် ခက်ခဲသည့် ခံစားချက်တို့နှင့် ပြည့်နှက် လာခဲ့လေသည်။
“ထာဝရ အစည်းအရုံး...”
သူက ခပ်တိုးတိုး ရေရွတ်လိုက်လေတောာ၏။
***