ထာဝရ ဆေးနတ်ဘုရား
Vol. 60 Ch. 833
စန်းလော့ယန် ထိတ်လန့်တကြား မအော်ဟစ်ခင်... သက်တံ့ကောင်းကင်ဂြိုဟ် မပျက်စီးသေးခင်... ဝူယုနှင့် ထာဝရ သူရဲကောင်းတို့ တိုက်ပွဲ မစသေးခင်... ဝူယုက သူ့ကိုယ်သူ အာရုဏ်ဦး စစ်သည် အဖြစ် မကြေညာရသေးခင် အချိန်တစ်ခု၌...
ထာဝရ အစည်းအရုံးပိုင် ထာဝရ နတ်ဘုရားဘုံတွင် အလွန် ခမ်းနား ထည်ဝါလှသည့် နန်းတော်ကြီး တစ်ခု တည်ရှိနေလေ၏။ ၎င်းက အဂ္ဂိရတ် တာအို၏ ခုနစ်ရောင်ခြယ် အလင်းတန်းများကို ဝန်းရံရင်း အသေးစား အရွယ် နေကြယ်တစ်ခု၏ အထက်၌ မြောလွင့်နေခဲ့လေ၏။
ထိုနေကြယ်တွင် ကိုယ်ပိုင် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် တစ်ခု ရှိပေသည်။ သို့သော်လည်း ၎င်းက အခြား လျှို့ဝှက် ခါးပတ်များနှင့် မတူပဲ အဂ္ဂိရတ် တာအို၏ ခုနစ်ရောင်ခြယ် အလင်းများနှင့် ဖန်ဆင်းထားသည်။ ၎င်းက အလွန် လှပကာ ပြိုင်စံရှား မြင်ကွင်း တစ်ခုကို ဖန်ဆင်းထား၏။
နတ်ဘုရား အကြွင်းမဲ့ နန်းတော် အဖြစ် ကျော်ကြားသည့် ထိုနန်းတော်ကြီး အတွင်းတွင်တော့ ရွှေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး ယောက်ျား တစ်ယောက်မှာ ဘဲဥပုံသဏ္ဌာန် မှန်ကြီးကို လေ့လာနေခဲ့၏။ ၎င်းက ဝိညာဥ်လှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်နေကာ သက်တံ့ကောင်းကင်ကို နောက်ခံထား၍ ဝူယု၏ ပုံရိပ်ကို ထုတ်ဖော် ပြသ နေခဲ့လေ၏။
အကယ်၍ ထိုမြင်ကွင်းကို သေချာ ကြည့်ပါက... အညိုရောင် မျက်လုံး ပိုင်ရှင် ထာဝရ သူရဲကောင်း မြင်နေရသည့် ရှုထောင့်နှင့် ချွပ်စွပ်ပင် တူနေကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။ မှန်မှာ တစ်နည်းနည်းဖြင့် ထာဝရ သူရဲကောင်း၏ အမြင်အာရုံနှင့် ချိတ်ဆက်နေပုံ ရသည်။
“မဟာ ဧကရာဇ် ဝူယု...”
အသံ တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက အနည်းငယ် လိုဏ်သံပါနေကာ သြဇာအာဏာ၊ ဉာဏ်ပညာနှင့် အသက်အရွယ် အပိုင်းအခြား၏ လေးနက်မှုတို့နှင့် ပြည့်နှက်နေသည်။ သို့စေကာမူ သူ လက်များနှင့် လည်ပင်းရှိ အသားအရည်ကတော့ ငယ်ရွယ်နုပျို ချောမွေ့နေကာ အိုမင်းခြင်း၏ အငွေ့အသက်နှင့် လက္ခဏာတို့ ကင်းမဲ့နေသည်။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြေးမုံထက်ရှိ ဝူယု၏ ပုံရိပ်က ပိုမို၍ ကြီးမားလာခဲ့သည်။ ဝူယု၏ မျက်နှာက ပိုမို၍ ရှင်းလင်းလာကာ အမူအရာ အပြောင်းအလဲက အစ ထင်ရှားစွာ ပေါ်လွင် လာခဲ့သည်။
“ဆိုတော့ကာ သူ့ရဲ့ အရုပ်တွေထဲက တစ်ခုပေါ့လေ...”
ရွှေရောင် ဝတ်စုံနှင့် လူကြီးက ကြေးမုံကို တစ်ချက် ထိလိုက်၏။ ပုံရိပ်က ပြန်လည် သေးသွားကာ ပုံမှန် အတိုင်း ပြန်ဖြစ်သွားသည်။
“အာရုဏ်ဦး စစ်သည်... ဟဟ... တစ်ခါ သေပြီးလို့ အသက်ပြန်ရှင်လာလာချင်း နောက်တစ်ယောက်ရဲ့ အရုပ် ထပ်လုပ်နေပြန်ပြီ... ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ”
တစ်ခဏမျှ ကြာပြီးနောက် လူကြီးက တိတ်ဆိတ်မှုကို ထပ်မံ ဖြိုခွင်းလိုက်ပြန်၏။
“ဒါပေမဲ့ သူက မြေကြီး ရှန့်ထို အဆင့်ကို ရောက်နေပြီ... အာရုဏ်ဦး အာဏာရှင် ဧကရာဇ်... အဲဒီကောင်လေးက...”
သူ၏ အသံက လေးနက်သွားကာ စိတ်ဝင်စားမှုများနှင့် ပြည့်နှက် လာခဲ့၏။
“တကယ်လို့ သူသာ တကယ်ပဲ အသက်တစ်ရာအောက် ဆိုရင် သူ့ရဲ့ အလားအလာက...”
ပုံရိပ်က စန်းလော့ယန် ဟင်းလင်းပြင် သင်္ဘောထက်မှ ထွက်ခွာသွားသည့် ပုံရိပ်ကို ပြသ နေခဲ့၏။ ပုံရိပ်က အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းထံ အမိန့်လှမ်းပို့လိုက်သည်။
“ဂြိုဟ်ကို ရှာကြည့်... အသန့်စင်ဆုံး မြူနှင်း ဖြစ်ဖြစ် အဆင့်မြင့် အဂ္ဂိရတ် စွမ်းအင် အကြွင်းအကျန် ဖြစ်ဖြစ် တစ်ခုခု တွေ့ရင် သတင်းပို့”
တစ်ခဏ ကြာပြီးနောက် ရွှေရောင် ဝတ်စုံနှင့် လူကြီး၏ အမူအရာက ပြောင်းလဲ သွားသည်။
“သိပ်မကြာသေးဘူးလား... ဒါဆို သူက ဂြိုဟ်ပေါ်က တစ်နေရာရာမှာ ပုန်းပြီး စောင့်ကြည့်နေတာ ဖြစ်ရမယ်...”
လူကြီးက ရွှင်မြူစွာပင် ပြုံးလိုက်၏။ ထိုအခိုက်၌... ဝူယုမှာ ဝေ့ဝူယင်ထံမှ အမိန့်ကို ကြေညာရန် အစပျိုးနေချိန် ဖြစ်သည်။ ထိုအခိုက်တန့်တွင်ပင် သူက ချိန်သားကိုက် အမိန့်ပေးလိုက်တော့၏။
“သက်တံ့ကောင်းကင်ကို ဖျက်ဆီးပြီး ဝူယုကို ဖမ်းလာခဲ့...”
ထာဝရ သူရဲကောင်းက တန်ပြန် မေးခွန်းထုတ်ခြင်း မပြုချေ။ သူ၏ တာဝန်က မည်သည့် အလုပ်ကို မဆို တုန့်ဆိုင်းခြင်း မရှိပဲ လိုက်နာရန် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူက ထာဝရ ဆေးနတ်ဘုရား၏ ထာဝရ သူရဲကောင်း တစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
တိုက်ခိုက်မှုများ စတင်လာသည်နှင့် အမျှ ရွှေရောင် ဝတ်စုံနှင့် လူကြီးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ မျက်လုံးများက အေးစက်လာကာ ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက်လာသည်။
“အဲဒီတုန်းကလို အဖြစ်အပျက်မျိုး နောက်တစ်ခါ မဖြစ်စေရဘူး... ဘယ်တော့မှ ထပ်မဖြစ်ရဘူး... ငါ ခွင့်မပြုနိုင်ဘူး”
ပုံရိပ်က ဖြည်းညင်းစွာပင် လမ်းလျှောက်ကာ ထွက်ခွာသွား၏။ သူ၏ ခုနစ်ရောင်ခြယ် မျက်လုံးများကတော့ အမုန်းတရား၊ ခံပြင်းမှု၊ ဒေါသတို့နှင့် တလက်လက် တောက်ပနေခဲ့တော့သည်။
...
ဘုန်း... ဘုန်း... ဘုန်း...
အဆက်မပြတ် ပေါက်ကွဲမှုများမှာ လောကပုလဲ အခွံ၏ အတွင်းပိုင်း ဟင်းလင်းပြင် နယ်မြေ အတွင်း၌ ဖြစ်ပွား နေခဲ့၏။
ဟင်းလင်းပြင် သင်္ဘောထက်၌... စန်းလော့ယန်နှင့် အပေါင်းအပါများမှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း နေခဲ့ကြ၏။ မူယုယနှင့် ရှောင်ကျင်းတို့မှာ စန်းလော့ယန်၏ နံဘေးနားတွင် ငြိမ်သက်စွာပင် ရပ်နေခဲ့ကြသည်။ စောစောပိုင်းက ဖြစ်ပျက်သွားခဲ့သည့် အကြောင်းတရားများမှာ သူတို့ အတွက် လိုက် မမှီနိုင်အောင် ပြင်းထန် လွန်းလှသည်။ အထူးသဖြင့်... လူပေါင်း ဘီလျံချီ လောင်ကြွမ်းခံနေရသည့် မြင်ကွင်းက သူတို့ အတွက် ထိုးနှက်ချက်ကြီး တစ်ခုလိုပင် ဖြစ်သည်။
စန်းလော့ယန်မှာ အားလုံးထဲ၌ အဆိုးဆုံး ဖြစ်၏။ သူ၏ မျက်လုံးများက ရဲရဲနီနေကာ သက်တံ့ကောင်းကင်ကို ငေးမော နေခဲ့သည်။ အကယ်၍ ကံကြမ္မာဆိုးများကိုသာ ကြိုတင် တွေ့မြင်နိုင်ခဲ့မည် ဆိုပါက သူ ဤနေရာသို့ပင် ထွက်လာခဲ့လိမ့်မည် မဟုတ်ပါချေ။
မူယုယက ဒေါသ မျက်လုံးများဖြင့် စန်လော့ယန်ကို ကြည့်လိုက်၏။
“ရှင် ဘာလို့ ထာဝရ သူရဲကောင်းကို တိုက်ခိုက်ဖို့ အမိန့်ပေးရတာလဲ...”
ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် စန်းလော့ယန်မှာ အတွေးအာရုံထဲမှ နိုးထလာခဲ့သည်။ သူက ဖြည်းညင်းစွာပင် မူယုယဘက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သွားကြားထဲမှ ထွက်သည့် လေသံမျိုးဖြင့် ပြောလိုက်၏။
“ငါ မပေးဘူး...”
“ဟမ်...”
မူယယမှာ အံ့အားသင့် သွားသည်။ ဘေးနားရှိ ရှောင်ကျင်း၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားကာ စန်းလော့ယန်ကို လှည့်ကြည့်လိုက်၏။
မူယုယက မျက်မှောင်ကြုတ်လိုက်သည်။
“ထာဝရ သူရဲကောင်း တစ်ယောက်က ဘယ်တော့မှ အမိန့်မရပဲ မလုပ်ဘူး.. ရှင် အမိန့်မပေးရင် ဘယ်သူက သူ့ကို အမိန့်ပေး...”
ရုတ်တရက်... တစ်စုံတစ်ယောက်ကို တွေးလိုက်မိသည်နှင့် သူမ၏ စကားလုံးများက လမ်းခုလတ်တွင်ပင် ရပ်တန့်သွားသည်။ မိန်းကလေး၏ အမူအရာက ချက်ချင်းပင် နက်မှောင်သွား၏။ ရှောင်ကျင်းမှာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကြည့်ရတာ မတော်တဆမှု တစ်ခု ဖြစ်မှာပါလေ”
ထိုအရာက ရှောင်ကျင်းသာ မက... လူတိုင်း၏ စိတ်ထဲ ဖြစ်ပေါ်နေသည့် အတွေး ဖြစ်သည်။ ထာဝရ သူရဲကောင်း တစ်ယောက်က သက်တံ့ကောင်းကင်ကို အဘယ်ကြောင့် ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးလိမ့်မည်နည်း။
ဘုန်း...
သူတို့ စောင့်ကြည့်နေစဥ်မှာပင် ကျယ်လောင်သည့် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။ အလွန် ဝေးကွာသည့် နေရာတစ်ခု၌ ငွေရောင် ရောင်ခြည်စက်ဝန်း တစ်ခု ဖြစ်ပေါ်လာကာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းက မိုင်ထောင်းပေါင်းများစွာကို ဖြန့်ကျက် သွားခဲ့သည်။
ထို့နောက်... ထိုရောင်ခြည်စက်ဝန်း၏ အလည် တည့်တည့်မှ ပုံရိပ် သုံးခု ထွက်ပေါ်လာခဲ့လေ၏။ တစ်ခဏ အတွင်းမှာပင် သူတို့၏ မြင်ကွင်းက ပိုမို ရှင်လင်း လာခဲ့လေသည်။
ထာဝရ သူရဲကောင်း နှစ်ယောက်မှာ စုတ်ပြတ်သတ်နေ၏။ သူတို့၏ မြရောင် သံချပ်ကာ ဝတ်ရုံများက နေရာအနှံ့တွင် ကျိုးပဲ့နေကာ သင်္ကေတများမှာ ပျောက်ကွယ်လု မတတ် မှေးမှိန် နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌... သူတို့၏ ခေါင်းဆောင်းများကလည်း ပေါက်ပြဲနေကာ သွေးများမှာ လည်ပင်းနှင့် ကျောရိုးများဆီ စီးကျ နေခဲ့၏။
အခြားတစ်ဖက်၌ ဝူယုကတော့ မထိမခိုက်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သူ၏ ဝတ်စုံမှာ မည်သည့် အကာအကွယ် ဝင်္ကပါကိုမှ ထည့်သွင်း မထားသည့်တိုင် စစ်အမတေဖြင့် ဖန်တီးထားသည့် လျှို့ဝှက်လောက အဆင့် ရတနာ တစ်ခု ဖြစ်လေရာ အလွန်အမင်း ခိုင်မာလှ၏။
ဝူယုမှာ အပြင်ပန်း တည်ငြိမ်နေသည့်တိုင် သူ့နှလုံးသားကတော့ စိတ်လှုပ်ရှားမှုများဖြင့် အဆက်မပြတ် လှုပ်ခါ နေခဲ့၏။ တိုက်ပွဲက သူ မျှော်လင့်ထားသလောက် ခက်ခဲခဲ့ခြင်း မရှိခဲ့ပါချေ။ ထိုအရာက သင်္ကေတ သုံးခုနှင့် ရှစ်ခု အဆင့်များ အကြားမှ ကွာခြားမှု ဖြစ်ပေလိမ့်မည်။ ထို့အပြင်... အင်ပါယာ ကောင်းကင်ချီ နည်းလမ်းနှင့် ထုဆစ်ထားသည့် သူ၏ အင်ပါယာ ရုပ်ခန္ဓာမှာ သူတို့ထက် အဆများစွာ သန်မာပေသည်။ ပထမ၌ ထာဝရ သူရဲကောင်းများမှာ သူ့ကို အထက်စီးမှ ဖိ၍ တိုက်ခိုက်ခဲ့ကြသော်လည်း သူ့ခံစစ်ကိုပင် ထိုးဖောက် နိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။
သူတို့ထံတွင် လျှို့ဝှက် အဆင့် သံချပ်ကာများ၊ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်များ၊ နှစ်ပေါင်း ထောင်ချီ အတွေ့အကြုံများ ရှိသည့်တိုင် ဝူယု၏ ပထမ အဆင့် မဟာ အသွင်ပြောင်းခြင်းကိုပင် ရင်ဆိုင် နိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။ ဝူယုမှာ မဟာ ဧကရာဇ် ပုရပိုက်ကို ထုတ်ယူကာ တိုက်ခိုက်ဖို့ စဥ်းစားလိုက်မိသေး သော်လည်း ထိုအဆင့်ကိုပင် ရောက်ချိန် မရှိလိုက်ချေ။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဤသည်က မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိပြီးနောက် ပထမဆုံး ရင်ဆိုင်ရသည့် တိုက်ပွဲ ဖြစ်ပေသည်။ ၎င်းက သူ့ဘဝ အတွက်တော့ တန်ဖိုးဖြတ်၍ မရနိင်သည့် အတွေ့အကြုံ တစ်ခုပင်။
***