မေးခွန်း
Vol. 60 Ch. 835
“သောက်ချီးပဲ…”
စန်းလော့ယန်က ကြောက်ရွံ့မှု၊ ဒေါသတို့နှင့် အတူ အော်ဟစ်လိုက်၏။ သူက လျှင်မြန်စွာပင် ဟင်းလင်းပြင် သင်္ဘော၏ အစီအရင်နှင့် ဝင်္ကပါများကို ထိလိုက်သည်။ ထိုအခါ သင်္ဘောမှာ ပိုမို မြန်ဆန်စွာ ပျံသန်းသွား၏။ လျှို့ဝှက် ကျောက်တုံးများ ခမ်းခြောက်မှုက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း စန်းလော့ယန်ကတော့ ဂရုမစိုက်ပါချေ။ သင်္ဘော၏ ယာယီ အမြန်နှုန်းမှာ သာမန် မြေကြီး ရှန့်ထို တစ်ယောက်နှင့် ယှဥ်နိုင်သည် အထိ မြင့်တက်သွား၏။
ကံဆိုးတာတစ်ခုက... ဝူယုမှာ သာမန် မြေကြီးရှန့်ထို တစ်ယောက် မဟုတ်ခြင်းပင်။
ထာဝရ သူရဲကောင်း နှစ်ယောက်မှာ ဝူယု၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သဘောပေါက် သွား၏။ သူတို့က ချက်ချင်းပင် ကာကွယ်ရန် အားထုတ်မှုများကို ရပ်တန့်လိုက်ကာ ဝူယုနောက်သို့ လိုက်ရန် ကြိုးစားလိုက်ကြသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အန္တရာယ် မဖြစ်စေရန် အတွက် သူတို့ ဝူယုကို တားဆီး ရလိမ့်မည် ဖြစ်သည်။
အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းမှာ လက်စားချေသည့် အနေဖြင့် ဝူယုက အားလုံးကို သတ်ပစ်လိမ့်မည်ဟု ခံစားနေရ၏။ ထို့ကြောင့်ပင် သူက ပိုမို၍ လောနေကာ အရှိန်ကို နှစ်ဆမျှ အထိ မြှင့်တင် လိုက်သည်။ ထာဝရ သူရဲကောင်း နှစ်ယောက်မှာ အမှောင် ဟင်းလင်းပြင်ကို ကြယ်တာရာများလို ဖြတ်ကျော် သွား၏။ အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းက ထိုပြေးလမ်းကို ဦးဆောင်ထားပေသည်။
စန်းလော့ယန်က ရွှေရောင် ဆေးသုံးလုံးကို ဆွဲထုတ်လိုက်၏။ ၎င်းတို့က လျှို့ဝှက် သင်္ကေတများကို ထိန်းသိမ်း ထားကာ အလွန် ပေါက်ကွဲမှု ပြင်းထန်ပုံ ရသည်။ စန်းလော့ယန် ဝူယုကို လေးပင်စွာ တစ်ချက် လှမ်းကြည့် လိုက်ကာ သူတွင် ရှိသမျှ အလုံးစုံကို သုံးလျှက် သင်္ဘောကို ပိုမို မြန်ဆန်အောင် ကြိုးပမ်းလိုက်တော့၏။
ဝှစ်... ဝှစ်...
အပြင်ဘက်မှ မြေကြီး ရှန့်ထို အချို့မှာ အခြေအနေကို ချက်ချင်းပင် သဘောပေါက် လိုက်ကြရာ နယ်စပ်မျဥ်းများကို မတုန့်မဆိုင်းပင် ဖြတ်ကျော်၍ သေမျိုး အဂ္ဂိရတ် အာဏာရှင်များထံ ပျံသန်းလာကြ၏။ ထာဝရ နယ်မြေက ထိုကျူးကျော်မှု အတွက် သံသယ မရှိစွာပင် သူတို့ကို ခွင့်လွှတ်ပေးလိမ့်မည် ဖြစ်ကာ ဆုလာဒ်များပင် ချီးမြှင့်ကောင်း ချီးမြှင့်လိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေကို သူတို့ မည်ကဲ့သို့ အခွင့်အရေး မယူပဲ နေနိုင်ပါမည်နည်း။
ဝှစ်... ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မြေကြီး ရှန့်ထို လေးယောက်မှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ နီးကပ်လာခဲ့ပြီ ဖြစ်လေသည်။ သူတို့၏ ပစ်မှတ်ကတော့ ဝူယုပင်။
ဝူယု၏ အမူအရာ သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ပြောင်းလဲ သွား၏။ သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ သို့တိုင်အောင်... သူ့ အရှိန်က လျော့ကျသွားခြင်း မရှိပဲ ပိုမို မြင့်မားသည့် နှုန်းထားဖြင့် တိုးဝင်လာသည့် ထာဝရ သူရဲကောင်းများထံ မျက်နှာချင်းဆိုင် ပျံသန်း သွားတော့သည်။
“...”
ထာဝရ သူရဲကောင်း နှစ်ယောက်မှာ ရှေ့တိုးရမှန်း မသိ၊ နောက်ဆုတ်ရမှန်း မသိ ဖြစ်သွားခဲ့၏။ သူတို့ ကြည့်နေစဥ်မှာပင် ဝူယုက တစ်စုံတစ်ရာအား ဆွဲထုတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။ ၎င်းက လျှင်မြန်စွာပင် လှံတစ်စင်း အသွင် ပြောင်းလဲ သွား၏။
ထိုလှံကို ည၏ မဟူရာ ကောင်းကင်ဖြင့် ထွင်းထုထားဟန် ရကာ မရေမတွက်နိုင်သည့် ရောင်စုံ ကြယ်တာရာများမှာ အသွားနှင့် အရိုးတစ်လျှောက် ဟိုဟိုဒီဒီ ပြေးလွှား နေကြ၏။
အနန္တ ဧကရာဇ် ပုရပိုက်...
ဝူယုက တစ်ချက် ဟိန်းဟောက်လိုက်ရင်း လှံအသွင် ပြောင်းလဲထားသည့် အနန္တ ဧကရာဇ် ပုရပိုက်ကို အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းထံ ပစ်လွှတ်လိုက်တော့သည်။
ဘုန်း...
လောကကြီးက အေးခဲသွားဟန် ရကာ လှံအသွားမှာ ထာဝရ သူရဲကောင်း၏ ရင်ဘတ် တည့်တည့်ဆီ တိုးဝင် သွားလေ၏။
“အဆုံးမဲ့ ကောင်းကင် ကျမ်းစာ...”
အနန္တ ဧကရာဇ် ပုရပိုက်၏ မူလ အသွင်ကို မှတ်မိသွားသည်နှင့် ထျန်းမူချူး၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ် သွားခဲ့တော့၏။
“ငါ...”
အညိုရောင် ထာဝရ သူရဲကောင်းမှာ နှလုံးသားဆီမှ အေးစက်စက် ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ သေခြင်းတရား၏ အငွေ့အသက်များ ပျံ့လွင့်လာသည်နှင့် အမျှ နောင်တတရားက သူ့စိတ်အတွင်း စိုးမိုး လာသည်။ သူ ခေါင်းကို ငုံ့ကာ ရင်ဘတ် တည့်တည့် ထုတ်ချင်း ပေါက်ထွက်နေသည့် လှံကို ကြည့်လိုက်၏။ သူ၏ သံချပ်ကာများက အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့နေကာ မူလ တောက်ပြောင်မှုကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။
သူက လက်ကျန် ခွန်အား အလုံးစုံကို သုံးကာ လှံအရိုးကို ဆုပ်ကိုင်လိုက်သည်။ သောင်းပေါင်းများစွာသော အနီရင့်ရောင် သင်္ကေတများမှာ မီးတောင်ရှင် တစ်ခုလိုမျိုး သူ့ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲ ထွက်ပေါ်လာကာ လက်ထံ၌ လာရောက် စုဝေးလာသည်။
“အား...”
သူ ကျယ်လောင်စွာ အော်ဟစ်ရင်း ဘဝ၏ နောက်ဆုံး တာဝန် တစ်ခုကို ထမ်းဆောင်နေသလို လှံကို ဆွဲနှုတ်လိုက်၏။ ကံမကောင်းစွာပင် ထိုအရာက အလုပ် မဖြစ်ချေ။ လှံက နှစ်ပေါင်းများစွာအမြစ်တွယ် နေသည့် သစ်ပင်တစ်ပင်လို သူ့ခန္ဓာကိုယ် အတွင်း စိုက်ဝင်နေဆဲ ဖြစ်ပေသည်။
ဝှစ်... ဝှစ်... ဝှစ်...
ဝူယုက လက်ဟန် ချိပ်စည်း သုံးခုကို ဆက်တိုက် ဖော်ထုတ်လိုက်၏။ သူ့ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအားက လျှင်မြန်စွာ မှေးမှိန်လာကာ လျှို့ဝှက် အော်ရာမှာ နှိုင်းယှဥ်၍ မရနိုင်အောင် အားနည်းသွားသည်။
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ လှံမှာ ကြယ်တာရာ အလင်းများကို အဆက်မပြတ် ထုတ်လွှတ်လာ၏။ ၎င်းတို့က ဆယ်မိုင် ဧရိယာကို ဖြန့်ကျက်ကာ ထာဝရ သူရဲကောင်း၏ ခန္ဓာကိုယ်ကို လှပစွာ ဖုံးအုပ် သွားသည်။ အင်ပါယာ ကောင်းကင် အော်ရာက ကြီးမားသော ဖိအားနှင့် အတူ သူ၏ ခန္ဓာကိုယ် အတွင်း စိမ့်ဝင်သွားသည်။
မည်သည် ပေါက်ကွဲသံမှ ထွက်ပေါ်လာသလို ထူးဆန်းသည့် စွမ်းအင်လှိုင်းများလည်း ပျံ့လွင့်လာခြင်း မရှိချေ။ သို့သော်လည်း ထာဝရ သူရဲကောင်း၏ ခန္ဓာကိုယ် အတွင်းပိုင်းကို ကြည့်ပါက အရိုးများ၊ အသားများ၊ ကိုယ်တွင်း အင်္ဂါများမှာ ရစရာ မရှိအောင် ပျက်စီးနေကာ လျှို့ဝှက် ဝိညာဥ်ပင်လျှင် ကွဲကြေသွားသည်ကို တွေ့မြင် ရလိမ့်မည် ဖြစ်၏။
ထိုအရာက သေဆုံးခြင်း၏ လက္ခဏာပင်။
ဝူယု၏ အမူအရာမှာ ဖြူရော် သွားခဲ့၏။ အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းကို အင်ပါယာ ကောင်းကင် အော်ရာဖြင့် သတ်ဖြတ်ရန် သူ လျှို့ဝှက် စွမ်းအင် များစွာကို အသုံးပြုခဲ့ရသည်။ မြေကြီး ရှန့်ထို တစ်ယောက်ကို သတ်ဖြတ်ရသည့် ကုန်ကျစရတ်က များလွန်းလှသည်။
“မဟုတ်ဘူး...”
လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းက အလွန်အမင်း ထိတ်လန့် တုန်ရီစွာ အော်ဟစ်လိုက်၏။ ကမ္ဘာပျက် မတတ် ခံစားချက်လှိုင်းများက ထိုအသံအတွင်း စီးဝင်နေသည်။ သူက မတုန့်မဆိုင်းပင် အပြင်းထန်ဆုံးသော ခွန်အားကို သုံးကာ ဝူယုထံ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည့် မျက်လုံးများနှင့် တိုးဝင် သွားခဲ့တော့သည်။
ဒေါသတကြီး တိုးဝင်လာသည့် ထာဝရ သူရဲကောင်းကို ကြည့်ရင်း ဝူယုမှာ ခန္ဓာကိုယ်ပေါ် ဖိအားများ ပိကျလာသလို ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းကို စိုက်ဝင်နေသည့် လှံမှာ ပြင်းထန်စွာသော အဟုန်နှင့် အတူ သူ့လက်အတွင်း ပြန်လည် ပျံသန်းလာခဲ့လေ၏။
ထို့နောက် သူက ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအင်များကို လှည့်ပတ်ရင်း ထိပ်တိုက် ရင်ဆိုင်ရန် ပြင်လိုက်သည်။ ထာဝရ သူရဲကောင်းမှာ တိုက်ခိုက်ဟန် ပြင်ပြီးမှ ရုတ်တရက် တုန့်နှေးသွား၏။ သူ့ မျက်လုံး အတွင်းရှိ ဒေါသများက ချက်ချင်း မှေးမှိန်သွားကာ စိုးရိမ်မှုများက အစားထိုး နေရာယူလာသည်။ သူက ချက်ချင်းပင် နောက်ပြန်ခေါက်ကာ သွေးသံ တရဲရဲဖြင့် ငြိမ်သက်နေသည့် ထာဝရ သူရဲကောင်းထံ ပျံသန်း သွားတော့၏။
ဝူယုမှာ အံ့သြသွားခဲ့၏။ သူ ကြည့်နေစဥ်မှာပင် လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းမှာ အပေါင်းအပါ ဖြစ်သူ၏ အလောင်းကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် ကွဲကြေနေသည့် လျှို့ဝှက် ဝိညာဥ်ကို ဆွဲထုတ်လိုက်ပုံ ရသည်။ ၎င်းက အနီရင့်ရောင် အဆင်းရှိကာ စိမ်းပြာရောင် အရိပ်မည်း တစ်ခုနှင့် တွဲချည်ထားသည်။ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီးသည့် လူတစ်ယောက် အနေဖြင့် သူ၏ လျှို့ဝှက် ဝိညာဥ်မှာ ဝိညာဥ်နှင့် တွဲချည်ထားခဲ့ပြီး ဖြစ်သည်။
ဝူယုမှာ သူ လှည့်စားခံလိုက်ရခြင်း ဖြစ်ကြောင်း သဘောပေါက်သွား၏။ လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းမှာ အဖော်ဖြစ်သူ၏ အသက်ကို ကယ်တင်ရန် သူ့ကို တိုက်ခိုက်ဟန် ပြလိုက်ခြင်းသာ ဖြစ်သည်။ သူကြည့်နေစဥ်မှာပင် ထာဝရ သူရဲကောင်းမှာ ထူးဆန်းသည့် အစီအရင် တစ်ခုကို သုံးကာ လျှို့ဝှက် ဝိညာဥ်ကို သူ့ထျန်းတျန် အတွင်း ထည့်သွင်းလိုက်သည်။ ထို့နောက်... သူက ဝူယုကို ထိတ်လန့်သည့် မျက်လုံးများနှင့် လှမ်းကြည့်လိုက်၏။
ဝူယုက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။
“လျှို့ဝှက် အာဏာရှင် အဆင့်တွေကို သတ်ရတာ ငါ ထင်ထားတာထက် ပိုခက်တာပဲ...”
သူ့ဘဝ တစ်လျှောက်လုံးတွင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကိုမှ သူ မသတ်ဖူးချေ။ မည်သို့ပင် ဆိုစေ... သူတို့က သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် ပုဂ္ဂိုလ်များ ဖြစ်နေသည် မဟုတ်ပါလော။ ဤသည်က သူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ တစ်ခုပင်။
ဝူယုက ပင့်သက်တစ်ချက် ရှိုက်ကာ ရည်ရွယ်ချက်ကို ပြောင်းလဲလိုက်သည်။ အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းကို သတ်ဖြတ်ဖို့ အတွက် သူ စွမ်းအင် ပမာဏ မြောက်များစွာကို အသုံးပြုခဲ့ရသည်။ ဝူယု မြေကြီး ရှန့်ထိုများနှင့် ဆက်လက် မတိုက်ခိုက်ချင်တော့ပေ။ ထို့အပြင်... စန်းလော့ယန်တို့ ဟင်းလင်းပြင် သင်္ဘောကိုလည်း မြေကြီးရှန့်ထို အဆင့် လေးယောက်က ကာကွယ်ထားသည်။
မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခါစ လူတစ်ယောက် အနေဖြင့် သူ့ခွန်အားက အကန့်အသတ် ရှိပေသည်။ သူ အတော်လေး မောပန်းနေပြီ ဖြစ်သည်။ အကယ်၍ လျှို့ဝှက် သင်္ကေတ ရှစ်ခုကြောင့်သာ မဟုတ်ပါက... သူ ဤမျှလောက်ပင် ကြာရှည်ခံလိမ့်မည် မဟုတ်ပါချေ။
“ကိစ္စတွေက တကယ် မြန်မြန် ဖြစ်သွားခဲ့တာပဲ...”
ဝူယု တွေးလိုက်မိ၏။ ထာဝရ အစည်းအရုံးက အခွင့်အရေး ရရချင်း ဝေ့ဝူယင် အသက်ကို နှုတ်ပစ်ရန် ကြိုးပမ်းလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ ထိုအရာက ထင်မှတ် မထားသည့် အခြေအနေ တစ်ခု ဖြစ်သည်။
ဘယ်လို ရလဒ်ပင် ဖြစ်စေကာမူ... ဝေ့ဝူယင်နှင့် ထာဝရ အစည်းအရုံး ကြားရှိ ဆက်ဆံရေးကတော့ ရစရာ မရှိအောင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက စောလွန်းလှသည်။
ဝူယုမှာ ပထမ၌ အန္တရာယ် အငွေ့အကြောင့် ချက်ချင်း ထွက်သွားရန် ပြင်ခဲ့သေးသော်လည်း ထာဝရ အစည်းအရုံး၏ ဆိုးယုတ်လှသော ရည်ရွယ်ချက်ကြောင့် အနည်းဆုံး သူတို့၏ မြေကြီးရှန့်ထို တစ်ယောက်ကို သတ်ဖြတ်ချင်ခဲ့သည်။ သို့သော်လည်း မြေကြီး ရှန့်ထို တစ်ယောက်ကို သတ်ဖြတ်ရတာ သူ ထင်ထားတာထက် ခက်ခဲလွန်းလှ၏။ သူတို့က သာမန်လူများ ကဲ့သို့ ခေါင်းဖြတ်ရုံ၊ နှလုံးသား ပျက်စီးရုံလောက်ဖြင့် မသေပါချေ။ ဝူယု သက်ပြင်း တစ်ချက် ချလိုက်မိ၏။
သူက လိမ္မော်ရောင် မျက်လုံး ထာဝရ သူရဲကောင်းကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်... မြေကြီး ရှန့်ထို လေးယောက်၏ ဝန်းရံမှုဖြင့် လွင့်မြောနေသည့် ဟင်းလင်းပြင် သင်္ဘောကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် တည်ငြိမ်စွာပင် ကြေညာလိုက်လေသည်။
“ကျုပ်ရဲ့ သခင်လေးက သက်တံ့ကောင်းကင် အတွက် အဲဒီ မြေကြီး ရှန့်ထိုကို အပြစ်ပေးဖို့ အမိန့်ပေးခဲ့တယ်... ဒါပေမဲ့... သူ အသက်ရှင်နေသေးတာလည်း ကောင်းပါတယ်လေ... သက်တံ့ကောင်းကင်ရဲ့ သက်ရှိတွေ အတွက် အမှန်တရားကို ရှာဖွေလို့ ရတာပေါ့... အခု ကျုပ်ရဲ့ သခင်လေးက ခင်ဗျားတို့ အားလုံးကို မေးခွန်းတစ်ခု မေးခိုင်းလိုက်တယ်”
ဝူယုက စကားကို ခဏမျှ ရပ်လိုက်ကာ လိမ္မော်ရောင် မျက်လုံး ပိုင်ရှင် မြေကြီး ရှန့်ထိုနှင့် အဝေးရှိ ဟင်းလင်းပြင် သင်္ဘောကို လှမ်းကြည့်လိုက်သည်။ အားလုံး၏ အမူအရာများက ပြောင်းလဲသွားကာ ဝူယုထံမှ နောက်ထပ် ထွက်ပေါ်လာမည့် စကားလုံးများကို စောင့်ဆိုင်း နေလိုက်ကြ၏။
ဝူယုက ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူက မိုးကြိုးပေါင်း တစ်သောင်း တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သလို လေသံမျိုးဖြင့် ကြေညာလိုက်လေသည်။
“ဘာလို့ မတော်တဆမှု တစ်ခုလို ဖန်တီးပြီး လူဘီလျံချီကို သတ်လိုက်ရတာလဲ... ဘာလို့ သက်တံ့ကောင်းကင်ကို ဖျက်ဆီး ပစ်ရတာလဲ... အဲဒါက ကျုပ် သခင်လေး သိချင်နေတဲ့ မေးခွန်းပဲ”
***