← Chapters

မြေကြီးရှန့်ထိုများ

Vol. 60 Ch. 837

မြေကြီးရှန့်ထိုများ

Vol. 60 Ch. 837

“...”

စန်းလော့ယန်နှင့် အခြားလူများမှာ ထိုဝင်္ကပါကို အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။ ဟယ်ပို့ကျွင်း၏ မျက်လုံးများက လင်းလက်လာကာ ရန်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူက ထိုအကာအကွယ် ဝင်္ကပါ၏ တောင့်တင်း ခိုင်မာမှု အပေါ် စမ်းသပ် လိုနေဟန် ရသည်။ သို့သော်လည်း... သူ ထိုခံစားချက်များကို ခပ်မြန်မြန်ပင် ပြန်လည် သိမ်းဆည်းလိုက်၏။

ဝှစ်... ဝှစ်...

သုံးစက္ကန့်မျှ ကြာမြင့်ပြီးနောက် လိမ္မော်ရောင် မျက်လုံးများနှင့် မြေကြီး ရှန့်ထိုမှာ ပြန်လည် ရောက်ရှိလာခဲ့သည်။ မြေကြီး ရှန့်ထို လေးယောက်ကို တစ်ချက် ခြုံကြည့်ပြီးနောက် သူက ဟင်းလင်းပြင် သင်္ဘောထက်သို့ ဆင်းသက်လာ၏။

“ဘာတွေ ဖြစ်သွားတာလဲ...”

စန်းလော့ယန်က မေးလိုက်သည်။ ထာဝရ သူရဲကောင်းက မြေကြီး ရှန့်ထိုများထံမှ အကြည့်ကို စန်းလော့ယန်ထံ ပြန်လည် ပို့လွှတ်လိုက်သည်။

“အပြစ်သားက ထာဝရ ပိုင်နက်ထဲမှာ ရှိနေတုန်းပဲ... နောက်ပြီး သူ့ကို ဖမ်းမမိခင် အချိန် အတွင်း မြေကြီး-တိမ်သား-ကောင်းကင် အစီအရင်က ဘယ်လျှို့ဝှက် ရည်ရွယ်ချက်ကိုမှ အသုံးပြုဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”

“...”

မြေကြီး ရှန့်ထို လေးယောက်၏ အမူအရာများက အမျိုးမျိုး ကွဲပြားသွားသည်။ မြေကြီး ရှန့်ထို တစ်ယောက်က သူ့လျှို့ဝှက် သင်္ကေတများကို ဆင့်ခေါ်ကာ သင်္ကေတ အတွဲ နှစ်ခုကို ဖော်ထုတ်လိုက်၏။ သူက သင်္ကေတ နှစ်ခု လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း ပေါ်လွင်လာသည်။

ဘုန်း...

ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်း တစ်ခုမှာ သူ့နံဘေးတွင် မွေးဖွားလာ၏။ ချက်ချင်းပင် လျှို့ဝှက် သင်္ကေတများက ငလျင်လှုပ်သလို တုန်ရီလာကာ မရေမတွက်နိုင်သည့် လျှို့ဝှက် အလင်းတန်းများ အဖြစ် ပြိုကွဲကျသွားတော့သည်။

“အဟွတ်... အဟွတ်...”

မြေကြီး ရှန့်ထိုမှာ အဆက်မပြတ် ချောင်းများ ဆိုးလိုက်ရကာ မျက်သား ဖြူဖြူထက်၌ သွေးစင်းကြောင်းများပင် ပေါ်လာခဲ့၏။ သူကတော့ ချန်းမျိုးနွယ်၏ မြေကြီး ရှန့်ထို ချန်းရီပိုပင် ဖြစ်လေသည်။

ချန်းမျိုးနွယ်...

ချန်းမျိုးနွယ်မှာ ဂုဏ်သိက္ခာ ကြီးမားသည့် တော်ဝင်ကလန်ကြီး ရှစ်ခု အနက် တစ်ခု အပါအဝင် ဖြစ်၏။ သို့သော်လည်း... ပို၍ ထူးခြားတာ တစ်ခုက သူတို့မှဦ ဘိုးဘေးဘီဘင်များ လက်ထက်တည်းက အင်ပါယာ ကလန်နှင့် အတူ တိုက်ပွဲဝင်ခဲ့သူများ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ဖြစ်ပေါ်လာမှုတွင် သူတို့ခြေ၊ သူတို့လက်များ မကင်းပါချေ။

ချန်းမျိုးနွယ်ဝင်များမှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် အသုံးပြုရသည့် သိုင်းပညာ ကျင့်စဥ်များကို အသားပေး ကျင့်ကြံကြ၏။ သူတို့က ထိုနည်းလမ်းဖြင့် ခန္ဓာကိုယ်ကို ထိပ်တန်း အကာအကွယ် ရတနာများနှင့် ယှဥ်နိုင်စွမ်း ရှိသည် အထိ ထုဆစ်ကြသည်။

အခြား မြေကြီး ရှန့်ထို တစ်ယောက်က သူ့ကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက မတူကွဲပြားသော ခံစားချက်များနှင့် တဖျပ်ဖျပ် လင်းလက်နေသည်။ သို့သော်လည်း... တစ်ခဏ အတွင်းမှာပင် ထိုခံစားချက် အားလုံးက ပြန်လည် ပျောက်ကွယ်သွား၏။

ရုတ်တရက်...ယုရှီရှီက ဟယ်ပို့ကျွင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဒါနဲ့ သမုဒ္ဒရာ အရှင်... ပင်းမျိုးနွယ်ရဲ့ သေမျိုးတစ်ပိုင်း အရှင် ‌အေးခဲလေကို ဘယ်တော့ လွှတ်ပေးမှာလဲ...”

အေးခဲလေကို ပင်းထျန်း ဟုလည်း‌ ခေါ်၏။ သူမက နယ်မြေများစွာကို ဖြတ်သန်း၍ ဝူယုနောက်သို့ အမဲလိုက်ခဲ့သည့် ပင်းမျိုးနွယ်မှ သေမျိုး တစ်ပိုင်း အရှင်ပင် ဖြစ်လေသည်။

ထျန်းမူချူး၏ အမူအရာမှာ ထိုနာမည်ကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့၏။ သူက ဟယ်ပို့ကျွင်းကို လှမ်းကြည့်လိုက်သည်။

ဟယ်ပို့ကျွင်းက ယုရှီရှီကို ပြုံးပြလိုက်၏။

“သူက ခွင့်ပြုချက် မရပဲ ကျုပ်ပိုင်နက်ထဲ ကျူးကျော်လို့ အပြစ်နည်းနည်း ပေးထားတာပါ... ယုမျိုးနွယ်က ပင်းမျိုးနွယ်ရဲ့ ကိစ္စကို စိုးရိမ်ပေးလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး... စောစောကသာ သိရင် ခင်ဗျားဆီ ကျုပ် လှမ်း အကြောင်းကြားပါတယ်”

ယုရှီရှီက ဟယ်ပို့ကျွင်း၏ ခနဲ့တဲ့တဲ့ စကားကို အမှုထားပုံ မရချေ။ သူမက ထျန်းမူချူးကို တစ်ချက် လှမ်းကြည့် လိုက်သည်။ ထို့နောက် ဟယ်ပို့ကျွင်းဘက်သို့ ပြန်လှည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်၏။

“မသိပါဘူး... အစတုန်းက ရှင် အေးခဲလေကို ၁၁၇ ယောက်မြောက် ကိုယ်လုပ်တော် ဖြစ်လာဖို့ သိမ်းသွင်းနေသလား လို့... ခုလို သိရတော့လည်း သူ လုံလုံခြုံခြုံ ‌ဘေးကင်းကင်းနဲ့ လွတ်လာမယ့် သတင်းကိုပဲ စောင့်ရတော့တာပေါ့လေ”

ထျန်းမူချူးမှာ မျက်မှောင်ကြုတ်သွား၏။ မြေကြီး ရှန့်ထို အဆင့်များ အကြားရှိ စကားဝိုင်းက တိုတိုတုတ်တုတ်သာ ဖြစ်သည့်တိုင် နောက်ကွယ်၌ အဓိပ္ပာယ် များစွာ ပါဝင်နေပေသည်။

ပင်းထျန်းမှာ ပင်းမျိုးနွယ်၏ လက်ရှိ သေမျိုးတစ်ပိုင်း အရှင် ငါးယောက် အနက် တစ်ယောက် ဖြစ်သည်။ သူမ၏ သတင်းများ ပျောက်ဆုံး သွားခဲ့သည်မှာ လအနည်းငယ်ခန့် ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဆယ်စုနှစ်နှင့် ချီ၍ တံခါးပိတ် ကျင့်ကြံလေ့ ရှိကြလေရာ လအနည်းငယ်ခန့်လောက်က ပြောပလောက်သည့် ပမာဏ မဟုတ်ပါချေ။

ပင်းမျိုးနွယ်နှင့် အင်ပါယာ ကလန်၏ ဆက်ဆံရေးကို ထောက်ချင့်၍ သူ ထိုအရာကို အကြီးအကဲများထံ သတင်း ပို့ရလိမ့်မည် ဖြစ်သည်။

ယုရှီရှီ၏ စကားကြောင့် ဟယ်ပို့ကျွင်း၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပါချေ။ သူက အနည်းငယ် ပြုံးလိုက်ရင်း...

“ပင်းထျန်းနဲ့ သူ့နောက်လိုက်တွေရဲ့ ပြစ်ဒဏ်က အချိန်တစ်ချို့တော့ ကျန်သေးတယ်... ဒါပေမဲ့ ဧကရီယု ကိုယ်တိုင်က ပြောနေပြီ ဆိုတော့ ကျုပ် ကျေအေး ပေးလိုက်ပါမယ်လေ... ပြန်ရောက်တာနဲ့ သူတို့ကို လွှတ်ပေးလိုက်မယ်”

ယုရှီရှီက ခေါင်းညိတ်ကာ ‌ကျေးဇူးတင် စကား ပြောလိုက်သည်။ ချန်းရီပိုကတော့ တင်ပျဥ်ချိတ် ထိုင်ကာ ကုန်ဆုံး သွားခဲ့သည့် လျှို့ဝှက်စွမ်းအင်များကို ပြန်လည် ကုသရန် ကြိုးပမ်းနေခဲ့သည်။ သူ၏ စိတ်ကတော့ အနည်းငယ် တုန်ရီနေ၏။ ထိုအစီအရင်က မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။

...

ထိုအခိုက်၌... ဝူယုမှာ ထာဝရ နယ်မြေ အတွင်းရှိ လဂြိုဟ် တစ်ခုထဲတွင် ပုန်းအောင်းနေခဲ့သည်။ သူ၏ အသစ် မွေးဖွားလာသည့် လျှို့ဝှက် ရည်ရွယ်ချက် အစီအရင်၏ ပြင်းထန်စွာ ဖိနှိပ်မှုကို ခံထားရလေရာ ရင်ထဲမှ ထိတ်လန့် တုန်လှုပ် နေမိသည်။ မသိပါက ထိုအပေါ်ကို တန်ချိန် သိန်းပေါင်းများစွာ လေးသည့် ကျောက်တုံးကြီး တစ်ခု ဖိနှိပ်ထားသလိုပင်။ သူ၏ လျှို့ဝှက် သင်္ကေတများက တုန်ရီနေသည့်တိုင် ချန်းရီပို ကဲ့သို့ အလုံးစုံ ပြိုလဲ သွားခြင်းတော့ မရှိသေးပါချေ။ ၎င်းတို့က ဖြည်းညင်းစွာပင် လှည့်ပတ်နေကာ ဖုံးကွယ်မှု ကျင့်စဥ်ကို ပိုမို အစွမ်းထက်အောင် ပံ့ပိုးနေ၏။

ထိုအရာက သင်္ကေတ နှစ်ခုနှင့် ရှစ်ခု လျှို့ဝှက် အာဏာရှင် အဆင့်များ အကြားမှ ခြားနားမှုပင် ဖြစ်ပေလိမ့်မည်။

လွတ်မြောက်ရန် လမ်းကြောင်းကလည်း ပိတ်ဆို့ နေခဲ့ပြီ ဖြစ်လေရာ ဝူယုမှာ ပုန်းကွယ်ကာ သူ၏ စွမ်းရည် အသစ်များကို ရှာဖွေရန်သာ တတ်နိုင်တော့သည်။ အကယ်၍ သူသာ ပိုမို၍ အစွမ်းထက် လာပါက လွတ်မြောက်နိုင်ချေမှာလည်း ပိုမို၍ မြင့်မား လာပေလိမ့်မည်။

မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့ရာ၌ လောက မူလ ဆေးရည်၏ ၃၀ ရာခိုင်နှုန်းကိုသာ သူ သန့်စင်ရပေသေးသည်။ သူ့တွင် လက်ကျန် ၇၀ ရာခိုင်နှုန်း ကျန်ပေသေးသည်။ သူ သွေးမူလ နည်းလမ်း၏ ဒုတိယ အဆင့်ကို ဆက်လက် တက်လှမ်း ယုံကြည်ချက် ရှိနေပေသည်။ သို့သော်လည်း... ထို့ထက် အရင် လုပ်သင့်သည်က ကျင့်ကြံခြင်းကို အခြေခိုင်မာအောင် ပြုပြင်ဖို့ ဖြစ်သည်။

အလွန် ဝေးကွာသည့် နေရာ တစ်ခုတွင်တော့... ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့မှာ ထာဝရ နယ်မြေအား အလုံပိတ် ထားသည့် အလင်း မျက်နှာပြင်ကို လေ့လာ နေခဲ့ကြသည်။ ဝေ့ဝူယင်၏ အမူအရာက နက်မှောင်နေသည်။ ကြည့်ရသည်က ထာဝရ အစည်းရုံးမှာ ဝူယုကို လုံးဝ အလွတ် မပေးတော့မည့်ပုံ ရသည်။ ထိုကဲ့သို့ ဖြစ်လာလိမ့်မည် ဟု သူ လုံးဝ မတွေးမိခဲ့ချေ။

အခြားတစ်ဖက်၌... ဝမ်မင်ယာ၏ မျက်လုံးများက ရွှေ‌ရောင် အလင်းတန်းများဖြင့် တောက်ပနေ၏။ တစ်ခဏ ကြာပြီးနောက် ၎င်းတို့က တဖြည်းဖြည်း ပြန်လည် မှေးမှိန်ကာ ပျောက်ကွယ် သွားသည်။ ဝမ်မင်ယာက အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်၏။

“ဒီအစီအရင်ထဲမှာ နောက်ထပ် အစောင့် ဝင်္ကပါ တစ်ခု ထပ်ရှိသေးတယ်... ကျွန်မ သူ့ကို ရှာလို့ မတွေ့ဘူး...”

သူမ၏ အသံက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်မှုများနှင့် ပြည့်နှက်နေ၏။

“ကိစ္စ မရှိဘူး...”

ဝေ့ဝူယင်က အသာအယာ ပြုံးကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် နှစ်သိမ့်ဟန်ဖြင့် ဖျစ်ညှစ်လိုက်၏။

“ငါတို့ အရင်ဆုံး ဒီအစီအရင်ထဲက ထွက်သွားဖို့ လုပ်ရမယ်... တကယ်လို့ ငါတို့သာ ထွက်နိုင်မယ် ဆိုရင် ဝူယုကိုပါ ခေါ်ထုတ်နိုင်ဖို့ ရှစ်ဆယ် ရာခိုင်နှုန်း‌လောက် ယုံကြည်ချက် ရှိတယ်”

ဝမ်မင်ယာမှာ အံ့သြ သွားခဲ့၏။ အကယ်၍ အခြား သေမျိုး တစ်ယောက်ကသာ မြေကြီး-မိုးသား- ကောင်းကင် လျှို့ဝှက် အစီအရင်ကို ဖောက်ထွက်နိုင်သည် ဟု ပြောလျှင် သူမ ကျိန်းသေ လှောင်ပြောင်မိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ယခု ပြောနေသူက ဝေ့ဝူယင် ဖြစ်လေရာ ထိုအရာက ဖြစ်နိုင်သည်ဟု သူမ ခံစားရ၏။

“ရှင့် အတွက် ဘာလိုလဲ...”

ဝမ်မင်ယာက ဝေ့ဝူယင် ဘယ်လို ထွက်ခွာမည်ကို မမေးချေ။ ထို့အစား သူ့အတွက် ဘာလိုအပ်သလဲ ဆိုသည့် မေးခွန်းကိုသာ တိုက်ရိုက် မေးလိုက်၏။

ဝေ့ဝူယင်မှာ မိန်းကလေးထံမှ အကြွင်းမဲ့ ယုံကြည်မှုကို ခံစားလိုက်ရရာ အနည်းငယ် တုန်ရီသွားခဲ့၏။ သူက အလင်းမျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။

“မေးခွန်း တစ်ခုပါပဲ... ဒီအစီအရင်က ဟင်းလင်းပြင်ကိုရော ချိတ်ပိတ်နိုင်သလား ဆိုတဲ့ မေးခွန်း တစ်ခုတည်းပဲ”

“ရား...”

ရုတ်တရက်... ဝေ့ဝူယင်၏ နှလုံးသား အတွင်းရှိ ခရာတိုက အလွန် ကျယ်လောင်သည့် အသံဖြင့် ဟိန်းဟောက် လိုက်၏။ ထို့နောက် ၎င်းက ဝမ်မင်ယာ ကိုယ်စား အဖြေပေးလိုက်တော့၏။

“ဒီလောကမှာ ကျုပ် မရောက်နိုင်တဲ့ နေရာ မရှိဘူး... ကျုပ်ကို ပိတ်လှောင် ထားနိုင်တဲ့ လှောင်အိမ် မရှိဘူး”

***

All Chapters