← Chapters

မျက်လုံးများ

Vol. 60 Ch. 838

မျက်လုံးများ

Vol. 60 Ch. 838

ခရာတို၏ ယုံကြည်ချက်က ဝေ့ဝူယင်၏ ခန္ဓာကိုယ်၊ သွေးလွှတ်ကြောနှင့် နှလုံးသားတို့ကို ဖြတ်သန်း၍ ကူးစက် ပျံ့နှံ့ သွားသည်။ ရုတ်တရက်... သူ့စိတ်ထဲ၌ လွတ်လပ်သည့် ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာကာ အသိစိတ် ပင်လယ်ကိုပင် လွှမ်းမိုး သွားခဲ့သည်။ ထိုအရာက သူ့အတွက် ခရာတို၏ စကားလုံးများက အဓိပ္ပာယ် ရှိသည်ဟု ခံစားရသည့် ပထမဆုံး အကြိမ် ဖြစ်သည်။ ထိုခံစားချက်ကြောင့် ဝေ့ဝူယင်မှာ အံ့သြသွားကာ နှလုံးသားဆီသို့ လှမ်းကြည့်လိုက်သည်။

“မင်း တကယ် ပြောတာလား...”

အကယ်၍ သူ ဤနေရာမှသာ ထွက်ခွာနိုင်ပါက ဝူယုကိုပါ ခေါ်ထုတ်ရန် ရှစ်ဆယ် ရာခိုင်နှုန်း သေချာကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုအခြေအနေကြီး တစ်ခုလုံးက မြေကြီး-မိုးသား-ကောင်းကင် အစီအရင်ကို ဖောက်ထွင်းနိုင် မထွင်းနိုင် ဆိုသည့် အချက်တစ်ခုတည်း အပေါ် မူတည်နေပေသည်။

“ဒါပေါ့... ကျုပ်ကို ပိတ်လှောင်ထားနိုင်တာ ဘာမရှိဘူး... ဒီလောကမှာ ကျုပ် မဝင်နိုင်တဲ့ နေရာ မရှိဘူး... ကျုပ်က ဟင်းလင်းပြင်ပဲ”

ခရာတို၏ လေသံက အကြွင်းမဲ့ သေချာမှုများနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင် နောက်တစ်ကြိမ် မမေး‌တော့ပဲ ခရာတိုကို မျက်လုံးမှိတ် ယုံချလိုက်သည်။ အစစ်အမှန် ဟင်းလင်းပြင် နဂါးတစ်ကောင် အနေဖြင့် သူကိုယ်တိုင်က ဟင်းလင်းပြင် တာအိုပင် ဖြစ်သည်။ ဟင်းလင်းပြင်တွင် အာကာသ၊ အချိန်၊ နက္ခတ္တ အင်အားတို့ ပါဝင်နေပေသည်။ ဟင်းလင်းပြင် တစ်ခုတည်း ပင်လျှင် သူ့အတွက် ဆုပ်ကိုင်ရန် ရှုပ်ထွေးလှကာ တည်ငြိမ်မှု၊ ဖရိုဖရဲ ဖြစ်မှု၊ ဆန်းကြယ်မှုတို့ ပေါင်းစပ် ပါဝင်နေသည်။ အချိန်ဆိုလျှင် ပို၍ပင် ဆိုးသေးကာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ အထီးကျန်ခြင်း၊ ဝိရောဒိ ဖြစ်ခြင်းတို့နှင့် ဆက်စပ် နေပေသည်။

ဝမ်မင်ယာမှာ ခရာတို ကြားဖြတ်ဖြေသွားသည်ကို မသိလေရာ ဝေ့ဝူယင်၏ မေးခွန်းကို အကောင်းဆုံး ကြိုးစား ဖြေဆိုလိုက်၏။

“မြေကြီး-မိုးသား-ကောင်းကင် လျှို့ဝှက် အစီအရင်က မရိုးရှင်းဘူး... မိုးသားအခွံ ဝင်္ကပါက ဟင်းလင်းပြင် ဂိတ်တံခါးတွေ၊ အာကာသ နေရာ ရွှေ့ပြောင်းခြင်းတွေကို လုံးဝ ရပ်တန့်မပစ်နိုင်ရင်တောင် တင်းတင်းကြပ်ကြပ် တားဆီး ပေးနိုင်တယ် ပြောတယ်... အဲဒါက ဟင်းလင်းပြင်ကိုသာ ဟန့်တား နိုင်သလား ဆိုတာတော့ ကျွန်မ မသိဘူး”

ဝေ့ဝူယင်က ဝမ်မင်ယာကို လှည့်ကြည့်လိုက်၏။ သူ သုံးနှုန်းလိုက်သည့် “ဟင်းလင်းပြင်” ဆိုသည့် အသုံးအနှုန်းက အခြား ကျင့်ကြံသူများ နားလည်ထားသည့် “ဟင်းလင်းပြင်” နှင့် ကွာခြားကြောင်း သူ မေ့လျော့ သွားခဲ့သည်။ ဝေ့ဝူယင် ဖြူရော်စွာ ပြုံးကာ နားလည်ဟန်နှင့် မိန်းကလေးကို ခေါင်းညိတ်ပြလိုက်၏။

ဟင်းလင်းပြင်...

သူသိထားသည့် ဟင်းလင်းပြင်မှာ အရာ အားလုံးနှင့် ခြားနားလှသည်။ ဘယ်လောက်ပင် ကြိုးစား အဖြေထုတ် စေကာမူ ဝေ့ဝူယင် ဆုပ်ကိုင်နိုင်စွမ်း မရှိပါသေးချေ။ သူ ထိုဟင်းလင်းပြင် စွမ်းရည်ကို အသုံးပြုကာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို သယ်ဆောင်ခဲ့ဖူးသည်။ ဟင်းလင်းပြင်မှာ အရာ အားလုံးနှင့် တစ်နည်းမဟုတ် တစ်နည်း ချိတ်ဆက်နေသည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည်။ ၎င်းက အချိန်၊ အာကာသတို့နှင့်ပင် ဆက်စပ် နေ၏။

ဟင်းလင်းပြင် ပေါ်တယ် ဖန်တီးခြင်း နည်းလမ်းကို စမ်းသပ်ခဲ့စဥ် အခါက ထူးဆန်းသော ခံစားချက်ကြောင့် သူ လေ မော်လီးကျူးတစ်ခုကို စစ်ဆေး ကြည့်ခဲ့ဖူးသည်။ ရုတ်တရက် မရေမတွက်နိုင်သော အချက်အလက်များမှာ ရှုပ်ထွေးစွာဖြင့် သူ့အသိစိတ်ပင်လယ် အတွင်း တိုးဝင်လာကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံလုနီနီးပင် ဖြစ်ခဲ့သည်။ ထိုမှတ်ဉာဏ်က ယနေ့တိုင် သူ့ကို ခြောက်လှန့်နေဆဲ ဖြစ်ပေသည်။

“ငါတို့ ဒီလှောင်အိမ်ထဲက ထွက်သွားကြတာပေါ့... ဒါပေမဲ့ မထွက်ခင် ထာဝရဂြိုဟ်ရဲ့ အခြေအနေကို သိချင်တယ်... သူတို့ ဘေးကင်းပါ့မလား”

ဝေ့ဝူယင်က ပြောလိုက်၏။ ဝူယု၏ အဆိုအရ ဆိုလျှင် ထာဝရ ကြယ်တာရာ နယ်မြေသားများ မှီတင်း နေထိုင်ရာ ထာဝရဂြိုဟ်မှာ ထာဝရ နယ်မြေ၏ အစွန်အဖျား တစ်နေရာတွင် တည်ရှိနေသည်ဟု ဆိုသည်။

အဘယ်ကြောင့်မှန်း မသိသေးသော်လည်း... ထာဝရ အစည်းအရုံးမှာ သူ့အသက်ကို လိုချင်နေသည်။ သူတို့က ထာဝရဂြိုဟ်ကို တစ်နည်းနည်းဖြင့် ဖိနှိပ်မှာ သူ စိုးရိမ် နေမိသည်။ မည်သို့ပင် ဆိုစေ... ထာဝရ အစည်းအရုံးမှာ သူ့ကို သုတ်သင်ရန် သက်တံ့ကောင်းကင်ကိုပင် ဖျက်ဆီးဖို့ ဝန်မလေးခဲ့သည် မဟုတ်ပါလား။ အကယ်၍ ဝမ်မင်ယာကြောင့်သာ မဟုတ်လျှင်... သူ ကိုယ်တိုင် ထိုဂြိုဟ်ပေါ်၌ ကြောက်မက်ဖွယ် သေခြင်းမျိုးဖြင့် သေဆုံး နေရလောက်ပြီ ဖြစ်သည်။

ဝမ်မင်ယာက ဝေ့ဝူယင်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ခေါင်းခါလိုက်သည်။

“သူတို့ လုပ်ရဲမှာ မဟုတ်ပါဘူး”

ဝေ့ဝူယင်မှာ မိန်းက‌လေး၏‌ လေသံမှ တစ်ဆင့် ကျိန်းသေသည့် အငွေ့အသက်တို့ကို ခံစားလိုက်ရ၏။ ကြည့်ရသည်က သူ မသိသေးသည့် အကြောင်းအရာ တစ်ချို့ ရှိနေသေးသည် ထင်သည်။

ဝမ်မင်ယာက ဆက်လက် ရှင်းပြလိုက်၏။

“ထာဝရဂြိုဟ်နဲ့ ထာဝရဂြိုဟ်သားတွေကို အင်ပါယာ မျိုးနွယ်က ကာကွယ်ထားတယ်... ထာဝရ အစည်းအရုံး၊ ရွှေရောင် ဂိတ်တံခါး နန်းတော်တို့ အပါအဝင် တန်ခိုးရှင် အင်အားစုတိုင်း အင်ပါယာ မျိုးနွယ်ရဲ့ လျှို့ဝှက် ကျိန်စာကို ကျိန်ဆို ထားရတယ်... တကယ်လို့ အန္တရာယ် ပေးချင်ရင်တောင်မှ သူတို့ မပေးရဲပါဘူး... အထူးသဖြင့် ထာဝရ အစည်းအရုံးပေါ့လေ... ဒါပေမဲ့ ချွင်းချက် အနေနဲ့ အဲဒီ လျှို့ဝှက် ကျိန်စာက ထာဝရဂြိုဟ်ပေါ်မှာပဲ တည်တံ့လိမ့်မယ်... အပြင်ကို လွတ်လွတ်လပ်လပ် ထွက်နိုင်ပေမဲ့ ဖြစ်ပေါ်လာတဲ့ အန္တရာယ်ကို ဘယ်သူမှ အာမခံပေးမှာ မဟုတ်ဘူး”

ဝေ့ဝူယင်မှာ အံ့သြသွားခဲ့၏။ ထိုကဲ့သို့ ကိစ္စမျိုး ရှိနေသည်လား။ ဝူယုက သူ့ကို အဘယ်ကြောင့် ပြောမပြခဲ့သနည်း။

ဝမ်မင်ယာက အလိုက်တသိပင် ရှင်းပြလိုက်၏။

“ထာဝရ ဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ ယဥ်ကျေးမှုတွေကို ကာကွယ်ဖို့ အဲဒီ လျှို့ဝှက် ကျိန်စာကို တန်ခိုးရှင် အင်အားစု ဆယ့်ခြောက်ခု ကြားမှာပဲ လျှို့ဝှက် ထားတာ... ပြောရရင် အဲဒါက မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုရဲ့ တောင်းဆိုမှုပေါ့လေ... သူက အဲဒီ ကျိန်စာ အတွက် တန်ခိုးရှင် အင်အားစုတွေကို တန်ကြေး ကြီးကြီး ပေးခဲ့ရသေးတယ်”

“မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို...”

သူ ထိုနာမည်ကို ကြားဖူးနားဝ ရှိပေသည်။ ဝူယု၏ အဆိုအရ ဆိုလျှင် သူမက အင်ပါယာ မျိုးနွယ်၏ အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။ ထို့အပြင်... ထာဝရ ဧကရာဇ်၏ တပည့် အဖြစ်လည်း ကောလဟလများ ထွက်ပေါ်နေသူ ဖြစ်သည်။ သူမ၏ အောင်မြင်မှုနှင့် အရည်အချင်းများကြောင့် ဝူယု ကိုယ်တိုင်လည်း ထိုကဲ့သို့ပင် ယုံကြည်သည်ဟု ဆိုသည်။

မိနစ် အနည်းငယ်ခန့် စဥ်းစားပြီးနောက်၌ ဝေ့ဝူယင်က နားလည်သဘောပေါက်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာထက်ရှိ ရှုပ်ထွေးသည့် အရိပ်အယောင်များက လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။ သူက စိုးရိမ် ပူပန်မှုများ၊ ဖိအားများကို ပခုံးပေါ် အမြဲတမ်း တင်ထားတတ်သူ မဟုတ်ချေ။

အကိုကြီးက ဆေဘာ ဓားရိုးအား မည်ကဲ့သို့ ကိုင်တွယ်ရန် သူ့ကို သင်ပေးခဲ့ဖူးသည်။ ဘဝ အကြောင်းမည်ကဲ့သို့ အိပ်မက်မက်ရန် သွန်သင် ဆုံးမခဲ့သည်။ ကိုယ်ပိုင်လမ်းကြောင်း တစ်ခု မည်ကဲ့သို့ ဖောက်ရမည်ကို အလင်းပြခဲ့သည်။ မည်မျှပင် ကြမ်းတမ်းသည် ခက်ခဲသည် ဖြစ်စေ...ခြေတစ်လှမ်းချင်းဖြင့် အရာအားလုံးကို ဖြတ်ကျော် နိုင်ပေလိမ့်မည်။

ဝေ့ဝူယင် ဝမ်မင်ယာဘက်ကို လှည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်၏။

“ငါ့ရဲ့ မျက်လုံးတွေ ဖြစ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်...

ဝမ်မင်ယာက သိမ်မွေ့စွာဖြင့် ပြန်လည် ပြုံးပြလိုက်သည်။

“အမြဲတမ်း ရှင့်ရဲ့ မျက်လုံးတွေ ဖြစ်သွားပေးမှာပါ”

သူမ၏ အသံက ခံစားချက်လှိုင်းများဖြင့် ရိုက်ခတ်နေသည်။ ပကတိ မျက်လုံးများဖြင့် ဝမ်မင်ယာ၏ အပြုံးကို မမြင်နိုင်ခဲ့သည်ကတော့ ဝေ့ဝူယင် အတွက် ကံဆိုးမှု တစ်ခု ဖြစ်ပေသည်။ မဟုတ်ပါက... ထိုအပြုံး တစ်ခုဖြင့်ပင် သူ အသက်ရှူမှားကာ နစ်မြောသွားလိမ့်မည်လား မပြောတတ်ပါချေ။

“သွားကြမယ်...”

ဝေ့ဝူယင်က ဝမ်မင်ယာ၏ လက်ကို ဆွဲကာ ကောင်းကင်ထံ ပျံတက်လိုက်၏။ ဝမ်မင်ယာက ချက်ချင်းပင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးဖြင့် ဖန်တီးထားသည့် သူမ၏ လောကနယ်မြေကို ဖော်ထုတ်လိုက်သည်။

ဝှစ်...

ဝေ့ဝူယင်က လက်တစ်ဖက် ဝှေ့ယမ်းကာ ရှေးဟောင်း ဟင်းလင်းပြင် သင်္ဘောကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်မှာ ပိုင်လင်ကို စီးနင်းရင်း အမှောင် ဟင်းလင်းပြင်ကို ဆက်လက် ဖြတ်သန်း လာခဲ့လေသည်။

ဝေ့ဝူယင်က အသက်ကို ခပ်ပြင်းပြင်း ရှူ သွင်းလိုက်သည်။ ထို့နောက် လေးပင်စွာပင် ပြန်လည် ရှူထုတ်လိုက်၏။

“ငါနဲ့ ကပ်နေ... မျက်လုံး မှိတ်ထား... ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မဖွင့်နဲ့”

ဝမ်မင်ယာကို သတိပေးလိုက်ပြီးနောက် ဝေ့ဝူယင်က သူ့ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ဆက်သွယ် လိုက်သည်။

ရား...

ဟိန်းဟောက်သံ တစ်ခုနှင့် အတူ မီးခိုးရောင် ဆဋ္ဌဂံ အကြေးခွံများမှာ သူ့ခန္ဓာကိုယ် အနှံ့ ဖြစ်ပေါ်လာခဲ့၏။ ဝမ်မင်ယာက မတုန့်မဆိုင်းပင် ဝေ့ဝူယင်ကို ရှေ့မှ တိုးဝင်ကာ ဖက်လိုက်သည်။ သူမ၏ လက်ကလေးများက ဝေ့ဝူယင်၏ ကျောကို ခိုင်မြဲစွာ ဆုပ်ကိုင်ထား၏။ မိန်းကလေးမှာ သူမ၏ မျက်လုံးများကို ဝေ့ဝူယင်ထက် ပိုမို တင်းကြပ်စွာပင် မှိတ်ထားခဲ့၏။

သူ့အမိန့်အတိုင်း တသွေမတိမ်း လိုက်နာသည့် မိန်းကလေးကို ငုံ့ကြည့်ရင်း ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ထို့နောက် သူ သဘောကျစွာ ပြုံးလိုက်ကာ မိန်းကလေး၏ ခေါင်းကလေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်၏။

“ငါတော့ သူ့ကို သဘောကျတယ်ဟေ့...”

အိုရီက မှတ်ချက်ပြလိုက်၏။

“ကလန့်...”

ဘုရင်ကလည်း ပြောလိုက်သည်။ သူ၏ လေသံက သဘောတူသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။

“...”

ခရာတိုကတော့ မည်သည့် မှတ်ချက်မှ မပေးပါချေ။ ထိုအခိုက်၌... သူက သွေးမျိုးဆက် စွမ်းအင်နှင့် ဟင်းလင်းပြင် စွမ်းအင်များကို စုစည်းကာ ဝင်္ကပါအား ဖြတ်ကျော်ရန် အပြည့်အဝ အာရုံစိုက် နေခဲ့လေသည်။

“တကယ်ဆို သူက ဘာလို့ အဲဒီလို လုပ်ရတယ် ဆိုတာ ခင်ဗျား သိသင့်တယ်”

ဧဒင်က ပညာရှိတစ်ယောက်၏ လေသံမျိုးဖြင့် ပြောလိုက်သည်။ ဝမ်မင်ယာမှာ ဝေ့ဝူယင် အတွက် သူမ အသက်ကိုပင် ပေးရဲခဲ့သည်။ ထိုအရာက သာမန်လူများ မလုပ်‌ဆောင်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ပေသည်။

“ငါသိပါတယ်...”

ဝေ့ဝူယင်က ပြောလိုက်၏။ သို့သော်လည်း... သူက ရှင်းမပြပါချေ။ ဧဒင် သစ်ပင်မှာ အသိစိတ် ပင်လယ် အတွင်း ဖြန့်ကျက်ကာ တစ်ခဏမျှ လှုပ်ရှားသွား၏။ ထို့နောက် ၎င်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ဟူး... ဟူး...

ဝေ့ဝူယင်က ခရာတို၏ စွမ်းအင်များကို အသုံးပြုကာ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများကို ထိတွေ့လိုက်၏။ ၎င်းတို့က ချက်ချင်းပင် ပေါက်ကွဲ ထွက်ပေါ်လာကာ အရှည် နှစ်မီတာ အထိ ရောက်ရှိသွားခဲ့သည်။

ထိုအရာက ဝေ့ဝူယင် ဖော်ထုတ်ဖူးသမျှ အတိုဆုံးသော ပမာဏ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ကို သေချာ ကြည့်မည် ဆိုပါက မယုံကြည်နိုင်လောက်အောင် ထူထပ် သိပ်သည်းကာ မောကြောနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်၏။ အရွယ်ပမာဏ သေးငယ်သည်မှ တစ်ပါး ၎င်းတို့မှာ ဝေ့ဝူယင် ဖန်တီးဖူးသမျှ အသန်မာဆုံးသော အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများ ဖြစ်သည်။ ၎င်းတို့က အစွန်းလေးဖက် ကုန်းမြေ တိုက်ကြီးကို သယ်ဆောင်စဥ် သူ ဖော်ထုတ်ခဲ့သည့် အတောင်ပံများထက်ပင် အဆပေါင်းများစွာ ပိုမို သန်မာ ပေသည်။

ဝေ့ဝူယင် လက်တစ်ဖက်ဖြင့် ဝမ်မင်ယာကို ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်၏။ သို့သော်လည်း ထိုအခိုက်၌ သူ့တွင် မကောင်းသော အတွေးများ မရှိပါချေ။ သည်အတိုင်း မိန်းကလေး၏ လုံခြုံရေးကို စိတ်ပူ မိခြင်းသာ ဖြစ်ပေသည်။ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ အကြိမ်များစွာ ခရီးသွားလာဖူးသည့် တိုင်‌အောင် ဤသည်ကတော့ လုံးဝ ခြားနားသည့် အတွေ့အကြုံ ဖြစ်ပေလိမ့်မည်။ မြေကြီး-မိုးသား-ကောင်းကင် အစီအရင်မှာ ဟက်းလင်းပြင်ကို တိုက်ရိုက် မပိတ်ဆို့ နိုင်လျှင်ပင် ၎င်းက အာကာသနှင့် ချိတ်ဆက်မှုကိုတော့ ကျိန်းသေ ဟန့်တားလိမ့်မည် ဖြစ်သည်။

***

All Chapters