နားမလည်နိုင်သည့် အဖြစ်အပျက်
Vol. 60 Ch. 839
လက်ရှိ အချိန်သို့ မရောက်ခင် သုံးစက္ကန့် အလို...
မိုးသားအခွံ ဝင်္ကပါ၏ အလင်းနံရံ အပြင်ဘက်၌ အတောင်ပံပါ မီးခိုးရောင် ပုံရိပ် တစ်ခုမှာ လှပသော မိန်းကလေး တစ်ယောက်ကို ပွေ့ချီရင်း ပေါ်လာခဲ့သည်။ ထိုတည်နေရာက ထာဝရ နယ်မြေနှင့် မိုင်ပေါင်း နှစ်သိန်းခန့် ကွာဝေးကာ ဒြပ်စင်နယ်မြေ၏ အနောက်ပိုင်း ခရိုင်လည်း ဖြစ်သည်။
ဝေ့ဝူယင်မှာ ဝမ်မင်ယာကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ သူ၏ သွေးကြောများက ထောင်ထနေကာ မျက်နှာမှာ သဘာဝ မကျစွာ နီရဲနေသည်။
“မျက်လုံး မဖွင့်နဲ့...”
ဝေ့ဝူယင်၏ အသံက ကြမ်းတမ်း ခက်ထန်စွာပင် ပေါ်ထွက်လာ၏။ ၎င်းက နာကျင်မှု၊ ဖရိုဖရဲ ဖြစ်မှု၊ ပြိုကွဲမှုတို့နှင့် တစ်နည်းတစ်ဖုံ ဆက်နွယ်နေဟန် ရသည်။
ဝမ်မင်ယာမှာ တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိ၏။ သူမ၏ ကံကြမ္မာ အလင်းကြယ်တာရာ ဝိညာဥ်မှာ သဘာဝ မကျစွာ တုန်ရီနေသည်။ ၎င်းက အလွန်အမင်း တုန်လှုပ် ချောက်ချားကာ ကိုယ့်ကိုယ်ကို ဖောက်ခွဲဖို့ ကြိုးစားလိုနေပုံ ရ၏။ သို့သော်လည်း... ဝေ့ဝူယင်ထံမှ စွမ်းအားများက အဆက်မပြတ် စီးဆင်းနေကာ ထိုနာကျင်မှုနှင့် ထိုကြိုးပမ်းမှုတို့ကို ဖိနှိပ်ထား၏။ ထိုအရာက မည်ကဲ့သို့သော အခြေအနေမှန်း နားမလည်နိုင်ရာ မိန်းကလေးမှာ ဝေ့ဝူယင် ခိုင်းသည့် မျက်လုံးများကိုသာ တင်းကြပ်စွာ မှိတ်ထားလိုက်၏။
ပိုင်လင်ကတော့ သတိပေးစရာပင် မလိုချေ။ သူမက မျက်လုံးများကို လုံးဝ မှိတ်ထားကာ ပတ်ဝန်းကျင်၌ ဖြစ်ပေါ်နေသည့် ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းလှသည့် အငွေ့အသက်ကို ခံစားနေသည်။
ဝေ့ဝူယင် မျက်လုံးများကို ဆက်လက် မှိတ်မထားနိုင်တော့ချေ။ သူ၏ မျက်ခွံများက ပွင့်သွားကာ ခေါင်းကို မော့ကြည့်လိုက်၏။ နဂါးဟိန်းဟောက်သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။ အချိန်နှင့် အာကာသမှာ အဆုံးမဲ့ လှိုင်းများ အဖြစ် ပြောင်းလဲကာ ပြောမပြနိုင်သည့် အကွာအဝေး တစ်ခု အထိ ရောက်ရှိ သွားခဲ့၏။ အလွန် သေးငယ်သည့် အချိန်အတိုင်းအတာ ပမာဏထဲတွင်ပင် ၎င်းတို့က မိုင်ပေါင်းသန်းချီ အထိ ရောက်ရှိ သွားသည်။
ထို့မတိုင်ခင် နှစ်စက္ကန့်က...
ဝေ့ဝူယင် ပြုံးရင်း ဝမ်မင်ယာ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ ထို့နောက်... သူက ခေါင်းကို အပေါ်သို့ မော့ကြည့်၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားသည်။ စတင်ရန် လိုနေပြီ ဆိုသည့် ခံစားချက် တစ်ခုမှာ သူ့နှလုံးသား အတွင်း တိုးဝင် လာခဲ့၏။
အတွေးတစ်ချက်နှင့် အတူ သူက ထိုအရာကို အသက်သွင်း လိုက်သည်။ အတောင်ပံများက သူ့ခန္ဓာကိုယ် တစ်ဝိုက် ဖြစ်ပေါ်လာ၏။ ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူတို့ သုံးယောက်လုံး ပျောက်ကွယ် သွားခဲ့တော့သည်။
လက်ရှိအချိန်...
ဝေ့ဝူယင်၏ ခန္ဓကိုယ် တစ်ခုလုံးက မသိမသာ တုန်လှုပ်နေလေရာ ဝမ်မင်ယာမှာ သမုဒ္ဒရာ အတွင်းရှိ လှေငယ် တစ်စင်းပေါ်သို့ ရောက်ရှိနေသလို ခံစားနေရ၏။ သို့သော်လည်း လှေက တောင့်တင်း ခိုင်မာကာ ဘေးကင် လုံခြုံသည့် ခရီးတစ်ခု ဖြစ်ကြောင်း သေချာ စေသည်။ ဝမ်မင်ယာ ဖက်ထားသည့် လက်များကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
ဝေ့ဝူယင်၏ မျက်လုံးများက ဝိညာဥ်အလင်းများဖြင့် စီးထွက်နေ၏။ ၎င်းတို့က ရောင်စဥ်တန်း နှစ်ခုလို အရှိန်အဟုန် ပြင်းစွာဖြင့် တောက်ပနေလေရာ ဒြပ်စင်နယ်မြေ အစွန်အဖျားရှိ လူများ ပင်လျှင် ရေးတေးတေး လှမ်းမြင်နိုင်ပေသည်။ ထိုအခိုက်၌ သူက အမှောင် ဟင်းလင်းပြင် အတွင်းရှိ မီးပြတိုက် တစ်ခုလိုပင် ဖြစ်သည်။
“အား...”
နာကျင်စွာ အော်ဟစ်လိုက်ရင်း ဝေ့ဝူယင် မျက်လုံးများကို ပြန်ပိတ်လိုက်၏။ သူ၏ မျက်ခွံများက ပြင်းထန်သည့် အပူချိန်ဖြင့် တောက်လောင်နေဟန် ရကာ အလင်းစများမှာ မျက်လုံး ထောင့်စွန်းများမှ အပြင်သို့ စီးထွက်ရန် ကြိုးပမ်းနေ၏။
“ဘာလဲ... ဘာဖြစ်တာလဲ...”
အိုရီက ပထမဆုံး မေးလိုက်၏။ သူ၏ လေသံက မည်သည့် အရာများဖြစ်ပျက်သွားကြောင်း နားမလည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ ထိုအခိုက်အတန့် သူ့ကိုယ်ကို ပြန်ထိုးဖောက်ချင်နေသလို ခံစားခဲ့ရသည်။ ကမ္ဘာလောက၏ အလွန် ရှေးကျသော ဥပဒေသ တစ်ခုက သူ့ကို မတည်ရှိစေလိုနေသည့်ပုံပင်။ သို့သော်လည်း... ထိုအရာက ကောင်းကင်တာအိုတော့ မဟုတ်ချေ။
“ငါတို့တွေ...”
ဘုရင်က ဆေဘာအလင်းဖြင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ကာကွယ်ရင်း ရေရွတ်လိုက်၏။ သို့သော်လည်း သူ၏ ဆန္ဒနှင့် ရည်ရွယ်ချက်ကတော့ ရှင်းလင်းပေသည်။ ကောင်းကင်တာအို ဖြစ်စေ... ထူးဆန်းသော ဥပဒေသ ဖြစ်စေ... ချဥ်းကပ်လာသည့် အရာတိုင်း သူ့ဓားသွားကို အရင် စိန်ခေါ်ရလိမ့်မည် ဖြစ်သည်။
“ငါ ငါ့ကိုယ်ငါ ခံစားခဲ့ရတယ်”
ဧဒင်က ရေရွတ်လိုက်၏။ သူ၏ အသံက အနည်းငယ် တုန်ခါနေကာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် နေသည်။
ထိုကဲ့သို့သော ခံစားချက်ကို ဧဒင် တစ်ယောက်တည်းသာ မဟုတ်...။ သူတို့အားလုံး အတူတူ ခံစားခဲ့ရခြင်း ဖြစ်သည်။
ခရာတိုက သက်ပြင်းတစ်ချက်ရှိုက် လိုက်၏။ သူက အကန့်အသတ်ထိ ရောက်အောင် နွမ်းနယ် နေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ နှလုံးခုန်သံများက အလွန်အမင်း နှေးကွေးကာ အားနည်း နေခဲ့၏။ ထိုမှတစ်ပါး သူ၏ ခန္ဓာကိုယ် စွမ်းအင်နှင့် ကြယ်တာရာ အင်အားတို့ကတော့ နည်းနည်းလေးမျှပင် လျော့ကျသွားခြင်း မရှိပါချေ။
ပထမ၌ ခရာတို၏ သွေးမျိုးဆက် စွမ်းအင် ခမ်းခြောက်သွားခြင်း ဖြစ်လိမ့်မည်ဟု သူ တွေးခဲ့မိသေးသော်လည်း ထိုကဲ့သို့ မဟုတ်ပါချေ။ ခရာတို ကိုယ်တိုင်လည်း မည်သည့် စွမ်းအင်နှင့် အင်အားကိုမှ မသုံးရသေးပါချေ။ သူ့ နှလုံးသားထဲရှိ ကြယ်တာရာ အသွင်သဏ္ဌာန်က သည်အတိုင်း အားနည်း သွားခြင်းသာ ဖြစ်သည်။ ထိုအရာကပင် ထူးဆန်းနေ၏။ ခရာတို ဟင်းလင်းပြင် စွမ်းအင်များကို ဝမ်မင်ယာနှင့် ပိုင်လင်တို့အပေါ် သွန်းလောင်း အသုံးပြုခဲ့ရသည်ကို ဝေ့ဝူယင် ရှင်းရှင်းလင်းလင်းပင် မှတ်မိပေသည်။
“အဲဒါက ဘာဖြစ်တာလဲ...”
ဝေ့ဝူယင် အသက်ကို ဝအောင် ရှူရင်း မေးလိုက်၏။ သူ ဟင်းလင်းပြင်ကို အချိန်များ ကျော်ဖြတ်၍ ခရီးသွားခဲ့ရ သလို ခံစားခဲ့ရသည်။ သို့သော်လည်း... ထိုအရာက ကွဲပြားခြားနားပေသည်။
ခရာတို၏ အသံက အားနည်း နေသည့်တိုင် ခပ်ရေးရေး ထွက်ပေါ်လာ၏။
“ကျပ်က ဟင်းလင်းပြင်ပဲ...”
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ ထိုအရာက သူ လိုချင်နေသည့် အဖြေ မဟုတ်သည့်တိုင် ခရာတိုကို အသိအမှတ် ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။
ဧဒင်ကတော့ နှိုင်းနှိုင်းချင့်ချင့်ပင် ပြောလိုက်သည်။
“ကျုပ် နောက်ထပ် ကျုပ် တစ်ယောက်ကို ခံစားခဲ့ရတယ်... နောက်ပြီး တစ်ခုခုက ကျုပ်ကို ဒီလောကမှာ မတည်စေရှိဖို့ ခိုင်းနေသလိုပဲ... လောကရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုလို... နောက်ပြီး သန့်စင်ဖို့ လိုအပ်နေတဲ့ အညစ်အကြေး တစ်ခုလို”
“ငါလည်း အတူတူပဲ...”
ဘုရင်က သဘောတူလိုက်၏။ အိုရီ၏အမူအရာက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက်လာကာ မရိုးမရွ ဖြစ်လာခဲ့သည်။
“ဒါမှမဟုတ်... ငါတို့တွေ အချိန်ကို ဖြတ်ပြီး ခရီးသွားခဲ့ကြတာလား... ဘယ်လောက်တောင် မိုက်လိုက်လဲ...”
ဘယ်လောင်ပင် ဆိုးရွားသည့် အန္တရာယ်နှင့် ကြုံခဲ့ရသည့်တိုင် အိုရီမှာ သူ့ ဗီဇအတိုင်း အကောင်းမြင်စိတ်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထို့အပြင်... သူက စိတ်ထဲ၌ ပေါ်လာသမျှကို မကွယ်မဝှက်ပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောတတ်သူလည်း ဖြစ်သည်။
ဝေ့ဝူယင်မှာ စိတ်လှုပ်ရှားလာခဲ့၏။ ကြယ်တာရာ အမြုတေ အဆင့်ကို ဖြတ်ကျော်ခဲ့စဥ်က အဖြစ်အပျက်များက သူ့အာရုံ အတွင်း ပြန်လည် ဝင်ရောက်လာခဲ့သည်။ ထိုစဥ် အခါက မတူကွဲပြားသည့် သူ၏ ဘဝ ဇာတ်ကြောင်း တစ်ခုကို တွေ့မြင်ခဲ့ရကာ ထိုအရာကလည်း အနန္တ ဧကရာဇ်ဂိုဏ်းသို့ ရောက်ရှိလာခြင်းနှင့် အဆုံးသတ်ခဲ့သည်။ ၎င်းက စိတ်ကူး ပုံရိပ်ယောင်များလော၊ သို့တည်းမဟုတ်... မတူကွဲပြားသည့် အချိန် စီးဆင်းမှု တစ်ခုကို ရောက်ရှိသွားခြင်းလော ဝေ့ဝူယင် ဝေခွဲမရပါချေ။
“ဘာလို့လဲ... ဘယ်လိုမျိုးလဲ...”
ဝေ့ဝူယင် ခရာတိုကို မေးလိုက်၏။ သူက ဟင်းလင်းပြင် တာအို၏ စွမ်းအင်များ လွှမ်းခြုံနေသည့် အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့သည်။ ထို့နောက်တွင်... အဘယ်ကြောင့် ထိုကဲ့သို့ ထူးဆန်းသည့် အခြေအနေမျိုး ကြုံရသနည်း။
ခရာတိုမှာ မောပန်းနွမ်းနယ်နေကာ အလွန်အမင်း အိပ်ချင်နေသည့်ပုံ ရသည်။ သူက အိပ်မပျော်ခင် ဝေ့ဝူယင်၏ မေးခွန်းကို တိုတိုတုတ်တုတ် ပြန်လည် အဖြေပေးလိုက်၏။
“ဝိရောဓိ ပြင်ဆင်တာ...”
ထို့နောက် ၎င်းမှာ စတင်ကာ အိပ်မောကျသွားတော့သည်။ ဟင်းလင် နဂါး အင်အားကို ဆက်လက် အသုံးပြုနိုင်ဆဲ ဖြစ်သည့်တိုင် ဝေ့ဝူယင် ခရာတိုကို ဆက်သွယ်၍ မရတော့ချေ။
“ကျုပ်တို့ အစီအရင်ကို ဖြတ်သန်းနေတုန်းမှာ တစ်ခုခု ကျိန်းသေ ဖြစ်သွားလိမ့်မယ်...”
ဧဒင်က အကြောင်းပြချက် တစ်ခု ရှာဖွေရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း... ထိုခေါင်းစဥ်နှင့် ပတ်သက်၍ သူ ပြောနိုင်သမျှ အကုန်က ထိုမျှသာ ဖြစ်သည်။ အကယ်၍ သူတို့သာ အမှန်တကယ် အချိန်နှင့် အာကာသကို ဖြတ်သန်း၍ ခရီးသွားလာခဲ့သည် ဆိုလျှင်... ဟင်းလင်းပြင် တာအို၏ စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ဝေ့ဝူယင်နှင့် ကြယ်တာရာ ဝိညာဥ်များ အကြားမှ စကားဝိုင်းက ကြာရှည်သယောင် ထင်ရသည့်တိုင် အမှန်ကတယ်တွင် နှစ်စက္ကန့်မျှ အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ဝေ့ဝူယင်မှာ အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများကို ခတ်ကာ ဝမ်မင်ယာ၊ ပိုင်လင်တို့နှင့် အမှောင် ဟင်းလင်းပြင် အတွင်း အလွန် လျှင်မြန်စွာ ပျံသန်း နေခဲ့၏။ မျက်လုံးများကို ဖွင့်၍ ဝိညာဥ် အလင်းရောင်များကို ထုတ်လွှတ်ခဲ့ပြီး နောက်တွင် အခြား မည်သည့် အာရုံစူးစိုက်မှုများကိုမှ သူ မလိုချင်တော့ချေ။
ဝှစ်... ဝှစ်...
မိနစ် အနည်းငယ် ကြာပြီးနောက် ပုံရိပ် အချို့မှာ ဝေ့ဝူယင် ရပ်တန့်ခဲ့သည့် နေရာတွင် ပေါ်လာခဲ့၏။ သူတို့က အနားပတ်လည် တစ်ဝိုက်ကို စစ်ဆေး လိုက်ကြသည်။ သို့သော်လည်း မည်သည့် အော်ရာ အကြွင်းအကျန်နှင့် ထူးဆန်းသော ရတနာများကိုမှ မတွေ့ရပါချေ။
သို့တိုင်အောင်... သူတို့က ကျေနပ်ခြင်း မရှိပဲ တစ်နာရီခန့်မျှ ကြာအောင် ပိုက်စိပ်တိုက် ဆက်လက် ရှာဖွေ နေခဲ့ကြ၏။ ဝေ့ဝူယင်ကတော့ ဖုံးကွယ်ခြင်း ကျင့်စဥ်တစ်ခုနှင့် အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေတော့သည်။
***