အရှုံးပေးခြင်း
Vol. 60 Ch. 840
သုံးရက်ကြာမြင့်ပြီးနောက်...
ဝူယုမှာ လဂြိုဟ်တစ်ခု၏ အပေါ်ယံ မြေလွှာထဲတွင် တိတ်တဆိတ်ပင် ပုန်းကွယ်ကာ ကျင့်ကြံနေခဲ့၏။ ထိုအတောအတွင်း သူ့ကို လိုက်ရှာနေကြသည့် ကျင့်ကြံသူများ ရှိသော်လည်း သေမျိုး တစ်ပိုင်း အရှင် အဆင့် အထိ အားလုံးမှာ ကျော်သွားခဲ့ကြသည်ချည်းသာ ဖြစ်သည်။
“အင်ပါယာ ဟင်းလင်းပြင် အရိပ် အစီအရင်က တကယ် အစွမ်းထက်တာပဲ...”
ဝူယုက မှတ်ချက်ချလိုက်ရင်း လောကမူလ ဆေးရည်ကို ဆက်လက် သန့်စင် နေလိုက်၏။ မြေကြီး ရှန့်ထို အဆင့်သို့ တက်လှမ်း လာခြင်းနှင့် အတူ သူ၏ လျှို့ဝှက် အဆင့် ထုတ်ကုန်များ အပေါ် သန့်စင်မှုမှာလည်း ပိုမို၍ မြန်ဆန်လာခဲ့ပေသည်။
ထိုသုံးရက်မျှ အတွင်းမှာပင် သူ ဆေးရည်၏ နောက်ထပ် သုံးဆယ် ရာခိုင်နှုန်းကို သန့်စင် ပြီးသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ၌ သူက သွေးမူလ နည်းလမ်း၏ ဒုတိယ အဆင့် ဖြစ်သည့် သွေးလောက အဆင့်ကိုပင် ရောက်ရှိဖို့ နီးကပ် နေခဲ့ပြီ ဖြစ်သည်။
ဝမ်...
ရုတ်တရက် ဝိညာဥ်အလင်း တစ်ခုမှာ သူ့လက်တွင် လင်းလက်လာ၏။ ၎င်းက ဝေ့ဝူယင် ပေးထားသည့် ဟင်းလင်းပြင် လက်စွပ်ထံမှပင် ဖြစ်သည်။ ဝူယု၏ မျက်လုံးများက တောက်ပသွားကာ ထိုဝိညာဥ် အလင်းကို စစ်ဆေး လိုက်၏။ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထုးဆန်းသော အာကာသလှိုင်း တစ်ခု ပေါက်ကွဲ လာသည်ကို သူ ခံစားလိုက်ရသည်။
ခရက်...
အသံတစ်ခု ထွက်ပေါ်လာကာ စက်ဝိုင်း သဏ္ဌာန် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုမှာ သူ့အရှေ့တွင် ပေါ်လာခဲ့၏။ ၎င်းက ပတ်ဝန်းကျင်ရှိ မြေကြီးများကို ဆွဲယူ ဝါးမြို ပစ်လိုက်သည်။
“ကျုပ် အကြာကြီး ထိန်းမထားနိုင်ဘူး... မြန်မြန်လုပ်”
ရုတ်တရက်... ရင်းနှီးပြီးသား ဖြစ်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။ ဝူယုမှာ ဆက်လက် တုန့်ဆိုင်းနေခြင်း မပြုတော့ပဲ ဟင်းလင်းပြင် ပေါ်တယ်ထဲကို ခုန်ဝင်လိုက်တော့၏။
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အပြင်ဘက်၊ ဒြပ်စင်နယ်မြေ၏ နယ်နိမိတ်စည်း အလွန် တစ်မိုင်ခန့် အကွာ၌...
ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့မှာ ပိုင်လင်၏ ကျောထက်၌ ထိုင်ကာ အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မြော နေခဲ့ကြလေသည်။ ဝေ့ဝူယင်မှာ လက်ဟန်ချိပ်စည်းများကို အဆက်မပြတ် ဖန်တီးနေကာ ဟင်းလင်းပြင် စွမ်းအင်များကို သွန်းလင်း နေ၏။
ခရက်...
သူတို့၏ အရှေ့၌ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖြစ်ပေါ်လာကာ မကြာခင်မှာပင် ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။ ဝူယုက ဖြည်းညင်းစွာပင် လမ်းလျှောက်ထွက်လာကာ ဝေ့ဝူယင်ကို ပြုံးပြလိုက်သည်။
“သခင်လေး...”
မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိပြီး နောက်တွင်ပင် ဝူယု၏ သဘောထားက ပြောင်းလဲ မသွားတာ ရှင်းလင်းလှပေသည်။ ထိုမျှသာ မက... ဝူယုမှာ သူရွေးချယ်ခဲ့သည့် လမ်းအပေါ် ယုံကြည်မှုများ ပိုမို၍ပင် မြင့်တက် လာခဲ့သည်။ ဝေ့ဝူယင်၏ ရှေ့တွင် အာရုဏ်ဦး စစ်သည်တစ်ဦး အနေဖြင့် ရပ်တည် နေရသည့် အပေါ် သူ့ထံတွင် သိမ်ငယ်မှု နည်းနည်းလေးမျှ မရှိတော့ချေ။
“အာရုဏ်ဦး စစ်သည်...”
ဝေ့ဝူယင် ဝူယုကို ကြည့်ကာ ပြုံးလိုက်သည်။ ထိုအရာက ဝူယု သူ့ကိုယ်သူ ပေးထားသည့် နာမည် ဖြစ်သည့်တိုင် သူ သဘောကျပေသည်။
“တာဝန် ထမ်းဆောင်ဖို့ အသင့်ပါ သခင်လေး...”
ရုတ်တရက်... ဝူယုက အမှောင် ဟင်းလင်းပြင်ထဲတွင်ပင် ဒူးထောက်လိုက်၏။ ထိုအရာက ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့ နှစ်ယောက်စလုံးကို အံ့သြသွားစေခဲ့သည်။ ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်မိ၏။ ဒဏ္ဍာရီများထဲမှ မဟာ ဧကရာဇ် ဝူယုက ဘယ်တုန်းက ထိုမျှလောက် ယဥ်ကျေးသွားသနည်း။
“ထပါလေ...”
ဝေ့ဝူယင်က ပြောရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် ပေါ်တယ်မှာ တိတ်တိတ်ပင် ပြန်လည် ပိတ်သွားခဲ့၏။
ဝူယုက အမိန့်နာခံဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ကာ ပြန်လည် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက နောက်ကို လှည့်ကြည့်လိုက်၏။ ထိုအခါ ဟင်းလင်းပြင် ပေါ်တယ် မရှိတော့သည်ကို သတိထားလိုက်မိလေသည်။ သူ၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက် သွား၏။ သို့သော်လည်း ဝေ့ဝူယင်အား မေးခွန်း မမေးရန် ဆုံးဖြတ်လိုက်သည်။
သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အပြင်ဘက်၊ ဒြပ်စင် နယ်မြေနားသို့ ရောက်ရှိနေသည်ကို သတိထားလိုက်မိသည်။ သူ၏ မျက်လုံးထဲ၌ အံ့အားသင့်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာ၏။ သခင်လေး၏ နည်းလမ်းများကတော့ တကယ် အံ့မခန်းပင်။
ဝမ်မင်ယာက ဝူယုကို ကြည့်လိုက်၏။ ငယ်စဥ်ကတည်းက သူမ လေးစားခဲ့ရသည့် မဟာ ဧကရာဇ် ဝူယုမှာ ယခုတွင် မြေကြီး ရှန့်ထို အဆင့်ကိုပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမက သူ့ထံသို့ လျှောက်သွားကာ ညာဘက်လက်ကို ဆန့်ထုတ်ပေးရန် လက်ဟန်ခြေဟန် ပြလိုက်၏။
ဝူယုမှာ အနည်းငယ် အံ့သြသွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ ထိုအခိုက်၌... လူငယ်မှာ အတွေးများ အတွင်း နစ်မြောနေဟန် ရ၏။ ဝူယုက မျက်ခုံးကို ပင့်လိုက်မိ၏။ ထို့နောက် သူက ဝမ်မင်ယာ ခိုင်းသည့် အတိုင်း ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
မိန်းကလေးက ဝူယု၏ လက်ကို ကြောက်ရွံ့ခြင်း မရှိပဲ ထိလိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက ရွှေရောင် အဖြစ် ပြောင်းလဲ သွား၏။ တစ်ခဏ ကြာပြီးနောက် သူမက ပင့်သက် တစ်ချက် ရှိုက်လိုက်ကာ မျက်လုံးများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်၊
“ရှင့်ရဲ့ ကောင်းကင် မျက်လုံး ချိပ်ပိတ်ခြင်း အစီအရင်က အစွမ်းထက်ပါတယ်... နောက်ပြီး အခြေလည်း ခိုင်မာတယ်... ဒါပေမဲ့ အစွမ်းထက် ပုရောဟိတ်တွေ၊ ဟောကိန်းတွေကို ဆန့်ကျက်ဖို့တော့ အားနည်းသေးတယ်... အတွင်းအား စွမ်းအင်ကို သုံးပြီး အဲဒါကို မြှင့်တင်ဖို့ ကြိုးစား ကြည့်ပါလား... အောင်မြင်ရင် ရှင့်ခွန်အားနဲ့ ကံကြမ္မာ မင်းသားတောင် ဖြတ်မြင်နိုင်တော့မှာ မဟုတ်ဘူး”
ထို့နောက် သူမက ဝေ့ဝူယင် အနားသို့ ပြန်လည် လျှောက်သွားခဲ့၏။ ဝူယုမှာ အနည်းငယ် အံ့သြနေသည့်တိုင် ခေါင်းညိတ်လိုက်၏။
ကောင်းကင်မျက်လုံး ချိပ်ပိတ်ခြင်း အစီအရင်...
ထိုအရာက ကောင်းကင်ပုရောဟိတ်များ၊ နိမိတ်ဖတ်သူများ၏ စောင့်ကြည့်မှုမှ ကာကွယ်နိုင်သည့် အစီအရင် တစ်မျိုး ဖြစ်သည်။ သူ ထိုအရာကို မာ့ဆုကျင်းထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်၏ အဓိက အဖွဲ့ဝင် တစ်ယောက်ကိုယ်တိုင် အသုံးပြုနေသည့် အစီအရင် ဖြစ်လေရာ ၎င်းက သာမန် မဟုတ်တာတော့ ကျိန်းသေလှ၏။
‘ပုရောဟိတ် တစ်ယောက်ကို ပိုင်ထားရတာလည်း မဆိုးဘူး’
ဝူယု တွေးလိုက်မိ၏။ ပထမတုန်းက... ဝေ့ဝူယင် သက်တံ့ကောင်းကင် ကပ်ဘေးမှ မည်ကဲ့သို့ လွတ်မြောက်ခဲ့သည်ကို သူ အံ့သြ နေခဲ့သေးသော်လည်း ယခုတွင်တော့ နားလည် သွားခဲ့ပြီ ဖြစ်သည်။ ထိုမိန်းကလေးက တကယ် အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
မကြာခင်မှာပင် ဝမ်မင်ယာ၊ ဝေ့ဝူယင်နှင့် ဝူယုတို့မှာ ရှေးဟောင်း ဟင်းလင်းပြင် သင်္ဘော အတွင်းသို့ ဝင်ရောက်ကာ အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မြော နေခဲ့ပြီ ဖြစ်သည်။ ဝူယုက ကျင့်ကြံခြင်း အခြေခံ မြင့်တက်လာခြင်းနှင့် အတူ သူ ကြုံတွေ့ရသည့် အပြောင်းအလဲများကို ရှင်းပြ နေခဲ့၏။ ထိုအထဲ၌ ထာဝရ သူရဲကောင်း နှစ်ယောက်နှင့် တိုက်ပွဲများ၊ သူ အသစ်ရှာဖွေ တွေ့ရှိခဲ့သည့် စွမ်းရည်များလည်း အပါအဝင်ပင် ဖြစ်လေသည်။
ဝူယုက သူ့ကိုယ်ကို သင်္ကေတ ရှစ်ခု လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း ဂုဏ်ယူ ဝံ့ကြွားစွာ ထုတ်ဖော် ပြောကြားခဲ့သေး၏။ သို့သော်လည်း ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့ကတော့ ထိုမျှလောက် အထင် မကြီးခဲ့ကြပါချေ။
သို့သော်လည်း... ဝူယုက ထာဝရ သူရဲကောင်းများမှာ သင်္ကေတ သုံးခုသာ ရှိကြကြောင်း ပြောပြချိန်၌ ဝေ့ဝူယင်တို့မှာ အလွန်အမင်း အံ့အားသင့် သွားခဲ့ကြတော့၏။
...
သူတို့ သုံးယောက် ထွေရာလေးပါး ပြောဆို နေကြချိန်တွင် ထာဝရ နယ်မြေ အတွင်း၌ ရှာဖွေမှုများက အဆက်မပြတ် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ သို့သော်လည်း ငါးရက် ကြာမြင့်ပြီးသည့်တိုင် မည်သည့် ခြေရာ အရိပ်အယောင်ကိုမှ မတွေ့ရပါချေ။
ထာဝရ အစည်းအရုံးမှာ တိမ်သား အခွံ ဝင်္ကပါကို ဝူယု ကျော်လွန် ထွက်ပြေးနိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ချေ။ ထို့ကြောင့်ပင် သူတို့က မြေကြီးရှန့်ထို လေးယောက်ကို စျေးကြီးကြီးပေး ငှားယမ်းကာ ပိုက်စိပ်တိုက် ရှာဖွေ စေခဲ့၏။
နောက်ထပ် သုံးရက် ထပ်မံ ကုန်လွန်သွား၏။ မြေကြီးရှန့်ထို လေးယောက်မှာ ထာဝရ နယ်မြေ တစ်ခုလုံးကို မြေတစ်မှုန် မကျန် ရှာဖွေ ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူတို့ ဘာကိုမှ မတွေ့ရပါချေ။ ထာဝရ အစည်းအရုံးမှာ အလွန်ပင် ဒေါသထွ်နေခဲ့ပြီ ဖြစ်သည်။ မြေကြီး-မိုးသား- ကောင်းကင် လျှို့ဝှက် အစီအရင်ကို ထုတ်ဖော်ထားရသည့် ကုန်ကျစရိတ်က နှလုံးကွဲကြေစရာ ကောင်းလောက်အောင်ပင် မြင့်မားလှသည်။
မိနစ်ပိုင်း မိနစ်တိုင်း၌ လျှို့ဝှက်ကျောက်တုံး တစ်တုံးနှင့် ညီမျှသည့် ရင်းမြစ်များကို သူတို့ အသုံးပြု နေရသည်။ ဆယ်ရက်အတွင်းမှာပင် သူတို့မှာ ဝင်္ကပါ အတွက် လျှို့ဝှက် ကျောက်တုံး ၁၅၀၀၀ တန်ဖိုးရှိသည့် ရင်းမြစ်များကို အသုံးပြုခဲ့ရပြီး ဖြစ်သည်။ ထိုအရာက အလွန်တရာ များပြားလှသော ပမာဏ ဖြစ်၏။
ထာဝရ အစည်းအရုံးမှာ ချမ်းသာသည် ဆိုသည့်တိုင် ထိုချမ်းသာမှုက အကန့်အသတ်မဲ့ နေသည်တော့ မဟုတ်ပါချေ။
ဤသို့နှင့် ဆယ့်သုံးရက်မြောက်၌ သူတို့မှာ အရှုံးပေးကာ အစီအရင်ကို ပြန်လည် ရုတ်သိမ်း ခဲ့ရတော့၏။ ဝူယုက တစ်နည်းနည်းဖြင့် အစီအရင် အသက်ဝင်မလာခင် လွတ်မြောက်သွားသည်ဟုသာ သူတို့ ကောက်ချက်ချ နိုင်ခဲ့ကြသည်။
အလင်း အကာအရံ ပြန်လည် ရုတ်သိမ်းလိုက်ခြင်းနှင့် အတူ မြေကြီးရှန့်ထိုများမှာ သူတို့၏ နယ်မြေများကို လွတ်လွတ်လပ်လပ် ပြန်ရန် အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဤသို့နှင့် မကြာခင်မှာပင် သတင်းများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို တောမီးများလို ပျံ့နှံ့ သွားခဲ့တော့၏။
***