← Chapters

နောက်ဆုံးမှ ဝင်ရောက်ခြင်း

Vol. 84 Ch. 1169

နောက်ဆုံးမှ ဝင်ရောက်ခြင်း

Vol. 84 Ch. 1169

" အမှောင်ဧကရာဇ်ရဲ့ စံအိမ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူ သူ၏ လက်အား ဆန့်ထုတ်ကာ လက်ဖဝါးကြီးအား ထုတ်လွှတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ မိုးကောင်းကင်တာအိုစွမ်းအားများမှာပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ အမှောင်မြစ်ထဲရှိ တောင်ခြေကိုမမြင်ရသော တောင်ကြီး၊ ထို တောင်ထိပ်ပေါ်ရှိ ရုပ်တုကြီးနှင့် ၎င်း၏ အောက်တွင် ရှိနေသည့် အနက်ရောင် ဘုရားကျောင်းတို့အား လှမ်းကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့မှာ အမှောင်ဧကရာဇ်၏အကြောင်း များများစားစား သိထားခြင်းမရှိပေ။ သူ၏ အမှောင်အိပ်မက်ထဲတွင်လည်း သူ့အကြောင်း မည်သူကမှ မပြောပြခဲ့ကြပေ။ ထို့ကြောင့် သူသည် ထို အမှောင်ဧကရာဇ်ဆိုသူမှာ အကြီးအကဲကိုးယောက်၏ အထက်တွင်ရှိသော အမှောင်ဂိုဏ်းခေါင်းဆောင်ကြီးသာဖြစ်ကြောင်း သိထား၏။

သို့သော် သူ တံခါးပိတ် လေ့ကျင့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး အမှောင်ဂိုဏ်း၏ လုပ်ပိုင်ခွင့်အာဏာအများစုမှာ အကြီးအကဲကိုးယောက်၏ လက်ထဲတွင်သာ ရှိနေခဲ့၏။ အဆုံးမဲ့မျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြီးထဲတွင် ထို အမှောင်ဧကရာဇ်မှာ အရင်ဆုံး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာလည်း အမှောင်ဧကရာဇ်၏ သေဆုံးမှုနှင့်အတူ ဖျက်ဆီးချေမှုန်းခံလိုက်ရ၏။

ထို့နောက် အဆုံးမဲ့မျိုးနွယ်စု၏ မိုးကောင်းကင်တာအို ပေါ်ပေါက်လာပြီး အကြီးအကဲကြီးကိုးယောက် ဦးဆောင်သည့် မျိုးနွယ်ကိုးခုအမှောင်ဂိုဏ်းနှင့် နောက်ဆုံး အဆုံးအဖြတ်ပေးသည့်တိုက်ပွဲကြီး ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် ထို မျိုးနွယ်ကိုးခုအမှောင်ဂိုဏ်းမှာလည်း ဖျက်ဆီးချေမှုန်းခံလိုက်ရပြီး အဖွဲ့ဝင်ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ သေဆုံးသွားခဲ့သည်။

ထိုသို့ဖြင့် အမှောင်ဂိုဏ်း ဘုန်းမီနေလ တောက်ပခဲ့သည့်နေ့ရက်များမှာ သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့တော့သည်။ အဆုံးမဲ့မျိုးနွယ်စုမှာ အင်အားကြီးထွားလာပြီး တာအိုနယ်မြေ၏ အရှင်သခင်များ ဖြစ်လာခဲ့ကြ၏။ သူတို့၏ မိုးကောင်းကင်တာအိုမှာလည်း တာအိုနယ်မြေတစ်ခုလုံးထဲ၌ ပျံ့နှံ့သွားပြီး လူတိုင်းက လက်ခံကျင့်သုံးရသည့် မိုးကောင်းကင်တာအိုအဖြစ်သို့ ရောက်သွားသည်။

ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းသို့ ရောက်လာခဲ့ပြီးနောက် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ ပြောစကားများမှတစ်ဆင့် လျှို့ဝှက်ချက်တစ်ခုအား လေ့လာသိရှိခဲ့၏။ အမှောင်ဧကရာဇ်အား... လော့၏ လက်ချောင်းတစ်ချောင်းဖြင့် ဖန်တီးထားဖြစ်သည်။

" လက်ချောင်းတစ်ချောင်း... အဲတာဆိုရင် လော့ရဲ့ လက်ချောင်းတစ်ချောင်းနဲ့ ဖန်တီးထား အမှောင်ဧကရာဇ်ကို ဘယ်သူက သတ်နိုင်ခဲ့တာလဲ ... " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေ၏။ သူသည် သူ၏ အတိတ်ဘဝများထဲရှိ ပြင်ပကမ္ဘာကြီးထဲ၌ ဖြစ်ပျက်ခဲ့သည့် ပုံပြင်ဇာတ်လမ်းများကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ထို ပုံပြင်များကြောင့် သူသည် လော့၏ လက်ချောင်းများအား ဖြတ်တောက်နိုင်ခဲ့သည့် အခြားသူများမှာ မည်မျှအထိအစွမ်းထက်ကြောင်း သိထားပြီးဖြစ်သည်။

ထို့ကြောင့်လည်း သူသည် အမှောင်ဧကရာဇ်၏ တိုက်ရည်ခိုက်ရည်စွမ်းအားနှင့် သူ ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို အနည်းနှင့်အများ ခန့်မှန်းမိသွားသည်။

" ဂိုဏ်းတူအစ်ကိုကြီးတောင်မှ သတိထားရတဲ့ အဆုံးမဲ့မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးများ ဖြစ်နေမလား... ဒါမှမဟုတ် နတ်ဧကရာဇ်တိရှန်းများ ဖြစ်နေမလား... ဒါမှမဟုတ် သွေးရောင်ကင်းခြေများကြီးများ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေ၏။ ထိုအချိန်တွင် သူ၏ နောက်တွင် ရှိနေသည့် ချန်ရှင်းမှာ မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားပြီး တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

" အမှောင်ဧကရာဇ်ရဲ့ စံအိမ်ထဲကို ဝင်ပြီး အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို သွားယူကြ။ အချိန်ကန့်သတ်ချက်ရှိတယ်။ ဒီ လိုဏ်ခေါင်းကို အများဆုံး ခြောက်နာရီအထိပဲ ဖွင့်ထားနိုင်မှာ "

သူ ထိုသို့ဆိုလိုက်သည်နှင့် ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် အမှောင်ဂိုဏ်းသားများမှာ စိတ်လုပ်တရှား ဖြစ်သွားကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူတို့မှာ လက်ဖဝါးကြီးကြောင့် ပေါ်ပေါက်လာသည့် လိုဏ်ခေါင်းကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြသောကြောင့် ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ဥက္ကာပျံများကဲ့သို့ လိုဏ်ခေါင်းကြီးထဲ ဝင်ရောက်သွားကြပြီး အောက်တွင်ရှိနေသည် တောင်ထိပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။ ထိုကျင့်ကြံသူများထဲတွင် မျက်နှာဖုံးတပ်ထားသည့် အမှောင်ကလေးငယ်လည်း ပါသည်။

အကယ်၍ အမှောင်ဧကရာဇ်၏ စံအိမ်အား ကမ္ဘာကြီးတစ်ခုအဖြစ် သတ်မှတ်လိုက်မည်ဆိုပါက အမှောင်မြစ်မှာ ထိုကမ္ဘာကြီး၏ ကောင်းကင်ဖြစ်နေမည် ဖြစ်သည်။ အမှောင်ဂိုဏ်းသားများမှာမူ ထို ကောင်းကင်ကြီးအား ထိုးခွင်းကာ ထိုကမ္ဘာကြီးထဲသို့ ဆင်းသက်သွားကြခြင်းဖြစ်၏။

ဝမ်ပေါင်လဲ့မှာလည်း လူအုပ်ကြီးနောက်မှ လိုက်ကာ လိုဏ်ခေါင်းကြီးထဲသို့ ဝင်ရောက်သွား၏။ သူသည် ထို လိုဏ်ခေါင်းကြီးထဲသို့ ရောက်ရှိသွားသည်နှင့် အမှောင်ဧကရာဇ်၏ စံအိမ်ဆီသို့ ဆက်လက်ဦးတည်သွားလိုက်သည်။ သူ ခံစားနေရသည့် ဆွဲငင်အားများနှင့် ဆင့်ခေါ်မှုစွမ်းအားများမှာလည်း ပို၍အားကောင်းလာ၏။ သူသည် လိုဏ်ခေါင်းကြီး၏ အောက်ခြေမှ အပြင်ဘက်သို့ ပြေးထွက်သွားသည်နှင့် အခြားကမ္ဘာကြီးတစ်ခုထဲသို့ ရောက်သွားသည်ကို မြင်လိုက်ရသည်။

ပို၍တိတိကျကျဆိုရလျှင် ၎င်းမှာ အမှောင်မြစ်ထဲရှ်ိ ကမ္ဘာတစ်ခုဖြစ်ပေသည်။ ထို ကမ္ဘာကြီးမှာ ဧရာမပူဖောင်းကြီး တစ်လုံးကဲ့သို့ပင်။ ထိုပူဖောင်းကြီးမှာ အမှောင်မြစ်ထဲတွင် ရှိနေခြင်းဖြစ်၏။ ထို ကမ္ဘာထဲတွင်မူ တောင်ခြေကိုမမြင်ရသည့် တောင်ကြီးတစ်လုံးသာ ရှိနေသည်။

၎င်းမှာ ပူဖောင်းတစ်လုံး ဖြစ်နေသောကြောင့်လားတော့မသိပေ။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ မီးခိုးရောင်ဖြစ်နေ၏။ အမှောင်မြစ်ထဲ၌ ထိုကဲ့သို့သော ပူဖောင်းများ အမြောက်အမြား ရှိနေလောက်ပေသည်။ သို့သော် ယခုတွင် အခြားပူဖောင်းများအကြောင်း တွေးနေစရာအချိန်မရှိပေ။ ဝမ်ပေါင်လဲ့မှာ ထို ကမ္ဘာကြီးထဲသို့ ရောက်ရှိသွားသည်နှင့် အမှောင်ဧကရာဇ်၏ စံအိမ်ဆီသို့ သွားရန်ပြင်လိုက်၏။

သို့သော် ထိုအခိုက်အတန့်တွင် လူရိပ်လေးခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ ရှေ့တွင် ပိတ်ရပ်လိုက်ကြ၏။ ထို လေးယောက်စလုံးမှာ အဘိုးကြီးများဖြစ်ကြသည်။ သူတို့မှာ ထိုသို့ လမ်းပိတ်လိုက်ပြီးနောက် စကားတစ်ခွန်းမှမပြောဘဲ အသာအယာ ဦးညွှတ်လိုက်ကြ၏။

သူတို့လေးယောက်ထဲတွင် တစ်ယောက်မှာ ကြယ်နယ်မြေအဆင့်တွင် ရှိနေပြီး အခြားသုံးယောက်မှာမူ ထာဝရကြယ် ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ခုံးပင့်မိသွားပြီး သူတို့၏ ဘေးမှ ရှောင်ကွင်း၍ သွားရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ လေသံတိုးတိုးဖြင့်သက်ပြင်းချကာ ဆိုလိုက်သည်။

" တာအိုရောင်းရင်း။ ကျေးဇူးပြုပြီးတော့ ဒီနေရာမှာ အနားယူလိုက်ပါ။ ဒီကိစ္စကို အမှောင်ဂိုဏ်းက လူတွေ တာဝန်ယူလိုက်ပါမယ်။ ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားပြီး သူ၏ ရှေ့တွင် ပိတ်ရပ်နေသည့် လူလေးယောက်အား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူသည် သူတို့၏ နောက်သို့ လှမ်းကြည့်လိုက်သည်။ ယခုတွင် အမှောင်ဂိုဏ်းသားအားလုံးမှာ မျက်နှာဖုံးနှင့် အမှောင်ကလေးငယ်၏ ပတ်ပတ်လည်တွင် ဝိုင်းနေကြသည်။ သူတို့အားလုံးမှာ ရုပ်တုကြီး၏ အောက်တွင်ရှိသော အနက်ရောင်ဘုရားကျောင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပျောက်ကွယ်သွားကြ၏။

သို့ဖြစ်ရာ ထွေထွေထူးထူး စဉ်းစားနေစရာမလိုပေ။ ဝမ်ပေါင်လဲ့မှာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အခြေအနေအား နားလည်သွား၏။

ဩဇာအာဏာကြီးမားနေသည့် အဖွဲ့အစည်းများဖြစ်စေ၊ အားအင်ဆုတ်ယုတ်နေသည့် အဖွဲ့အစည်းများဖြစ်စေ မည်သည့်အဖွဲ့အစည်းထဲတွင်မဆို အတွင်းရေး ပဋိပက္ခများ ရှိတတ်ပေသည်။ အမှောင်ဂိုဏ်းသားများမှာ ဝမ်ပေါင်လဲ့ ထုတ်ပြခဲ့သည့် စွမ်းရည်များကိုမြင်ခဲ့ရသည့်တိုင်အောင် သူ့အား အပြင်လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြဆဲပင်။

ထို့ကြောင့်လည်း သူတို့မှာ အနာဂတ် အမှောင်ကလေးငယ်ဖြစ်သည့် သူတို့၏ နံပါတ်တစ်ဂိုဏ်းတူအစ်ကိုကြီးဘက်တွင်သာ ရပ်တည်လိုကြပေသည်။ ယခုတွင် လိုဏ်ခေါင်းကြီး ပွင့်သွားပြီဖြစ်ရာ အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်အား ရယူပေးနိုင်ပါက အမှောင်ဂိုဏ်း၏ အကျိုးကို သယ်ပိုးပေးသူတစ်ယောက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့ ဤကိစ္စကြီးထဲ၌ ဝင်ပါမည်ကို မလိုလားပေ။ အကယ်၍ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့သာ သူ၏ စွမ်းအားများကို ထုတ်ပြခဲ့ခြင်းမရှိပါက ကိစ္စမရှိပါသော်လည်း ယခုတွင် သူတို့မှာ သူ၏ အစွမ်းအစများကို မြင်ခဲ့ရသည်ဖြစ်ရာ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူ့အား တားဆီးရန်တွေးထားကြ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းနှင့် အားကောင်းသည့် အချိတ်အဆက်များကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ အခြားဂိုဏ်းသားများမှာ သူ့အား တားဆီးချင်ကြသည်တိုင်အောင် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာ ချီတုံချတုံဖြစ်နေရဆဲပင်။ ထို့ကြောင့်လည်း သူသည် သူ့အား ယခုလို ယဉ်ယဉ်ကျေးကျေး တောင်းဆိုခဲ့ခြင်းဖြစ်၏။

ဝမ်ပေါင်လဲ့မှာမူ စိတ်ကိုတည်ငြိမ်အောင်ထားကာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။ သူ၏ တာဝန်မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအတွက် အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်အား သွားယူပေးရန်ဖြစ်သည်။ သူကိုယ်တိုင် သွားယူပေးနိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ပေသည်။ သို့သော် ထိုသို့ မဟုတ်ဘဲ သူ၏ ဆန္ဒအတိုင်းဖြစ်လာပါကလည်း သူ့ဘက်မှ လက်ခံနိုင်ပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် သူတို့၏ တောင်းဆိုမှုအား သဘောတူလိုက်သည်ကို မြင်လိုက်ရသောအခါ ထာဝရကြယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာလည်း ဝမ်းနည်းဝမ်းသာဖြစ်သွား၏။ သူ့အား စကားပြောခဲ့သည့် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာမူ သက်ပြင်းချလိုက်သည်။ သူသည် စကား ဆက်မပြောတော့ပါသော်လည်း သူ၏ မျက်နှာပေါ်မှ အရေးကြောင်းများ ပို၍ ထင်ရှားလာသည်ကို မြင်နိုင်ပေသည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်၏။

ထိုသို့ဖြင့် သူတို့ငါးယောက်မှာ ဘုရားကျောင်းအပြင်ဘက်၌ တင်ပျဥ်ခွေ ထိုင်နေကြ၏။ ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှမပြောဘဲ ခေါင်းမော့ကာ အမှောင်ဧကရာဇ်၏ ရုပ်တုအား လှမ်းကြည့်လိုက်သည်။ သူ ရှိနေသည့် နေရာမှဆိုလျှင် ထိုရုပ်တု၏ မျက်နှာအား လှမ်းမြင်နေရ၏။

၎င်းမှာ သာမန်ရုပ်ရည်ကိုသာ ပိုင်ဆိုင်ထားသည့် မျက်နှာတစ်ခုသာဖြစ်ပြီး တမူးထူးခြားနေခြင်းမရှိပေ။ ၎င်း၏ မျက်ဝန်းထဲရှိ အရိပ်အယောင်များသာလျှင် အခြားအရာများနှင့် မတူဘဲ အနည်းငယ်ထူးခြားနေ၏။

ထို မျက်ဝန်းများထဲတွင် ထူးခြားသည့် ခံစားချက်အချို့ ကိန်းအောင်နေသကဲ့သို့ပင်။

" နောင်တတွေ... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်လိုက်၏။ ၎င်းမှာ သူ ထိုရုပ်တုကြီး၏ မျက်ဝန်းများထဲ၌ မြင်နေရသည့် ခံစားချက်များဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထို ခံစားချက်အား အာရုံခံမိလိုက်သည်နှင့် ဘုရားကျောင်းထဲမှ ဗလုံးဗထွေးဖြစ်နေသည့် ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ အော်ဟစ်သံများနှင့် တိုက်ခိုက်သံများ ရောယှက်နေသည့် အသံဖြစ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအသံထွက်ပေါ်လာသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏ရှေ့တွင် ရှိနေသည့် လူလေးယောက်မှာလည်း လှမ်းကြည့်လိုက်ကြ၏။ သို့သော် သူတို့မှာ အပြင်ဘက်တွင် ရှိနေကြပြီး ထိုနေရာကြီးမှာ ထူးဆန်းနေသောကြောင့် အထဲတွင်ဖြစ်နေသည့် အရာများကို မမြင်နိုင်ကြပေ။

သို့သော် ခဏအကြာတွင် ထို ထစ်ချုန်းသံများမှာ ပို၍ ဗလုံးဗထွေးဖြစ်လာ၏။ သို့ဖြစ်ရာ ဘုရားကျောင်းထဲတွင်ရှိနေသည့် သူများမှာ တဖြည်းဖြည်းနှင့် အတွင်းပိုင်းထဲသို့ ရောက်သွားနေကြသည့်ပုံပင်။ ထိုသို့ဖြင့် နှစ်နာရီတိတိ ကုန်ဆုံးသွားချိန်တွင် ထို ထစ်ချုန်းသံများမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွား၏။

ထိုနေရာကြီး တစ်ခုလုံးမှာလည်း သုသာန်တစပြင်အလား ငြိမ်သက်သွား၏။ ထို့ကြောင့် အမှောင်ဂိုဏ်းမှ ကျင့်ကြံသူလေးယောက်မှာ တုန်လှုပ်ချောက်ချားကာ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ အထူးသဖြင့် ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးမှာဆိုလျှင် ပိုဆိုးသည်။ သူသည် ကျောက်စိမ်းပေလွှာတစ်ခုကို ချက်ချင်းထုတ်ယူလိုက်ပြီး ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်၏။ ခဏအကြာတွင် သူ၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များနှင့် မသေချာမရေရာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ချီတုံချတုံဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် ဘုရားကျောင်းအား လှမ်းကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် အံကြိတ်ကာ မတ်တတ်ထလာတော့သည်။

ဝမ်ပေါင်လဲ့မှာမူ တုတ်တုတ်မျှ မလှုပ်ဘဲ အမှောင်ဂိုဏ်းသားလေးယောက် ဘုရားကျောင်းထဲသို့ ဝင်သွားသည်ကို ကြည့်နေလိုက်၏။ ထိုအခါ ထစ်ချုန်းသံများ ထပ်၍ ထွက်ပေါ်လာပြီးနောက် တိုနေရာကြီးတစ်ခုလုံးမှာ ငြိမ်ကျသွားပြန်သည်။ လိုဏ်ခေါင်းကြီး ပြန်ပိတ်ရန် လေးနာရီပင် မကျန်တော့ပေ။

ထို ဘုရားကျောင်းထဲ၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်မှာ သေချာပေသည်။ အမှောင်ဂိုဏ်းသားများပင်လျှင် ထိုအန္တရာယ်များကို မျှော်လင့်မထားလောက်ပေ။ ထိုထဲသို့ ဝင်သွားခဲ့ကြသည့် ကျင့်ကြံသူများ၏ အခြေအနေကိုလည်း အတိအကျ မသိနိုင်ပေ။ ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်နေဆဲပင်။ နောက်ဆုံးတွင် သူသည် သက်ပြင်းချကာ မတ်တတ်ထလာပြီးနောက် ဘုရားကျောင်းဆီသို့ တစ်လှမ်းချင်းစီ လှမ်းသွားလိုက်တော့သည်။

သူသည် ဘုရားကျောင်း၏ တံခါးပေါက်ရှေ့သို့ ရောက်သွားချိန်တွင် ခြေလှန်များရပ်တန့်သွား၏။ ထို့နောက် သူသည် အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်နေလိုက်ပြီးနောက် ဘုရားကျောင်းထဲသို့ ဝင်သွားလိုက်တော့သည်။

All Chapters