← Chapters

ပါးစပ်ပေါက်တစ်ပေါက်၊ မျက်လုံးတစ်လုံး၊ ခန္ဓာကိုယ်တစ်ခု

Vol. 84 Ch. 1170

ပါးစပ်ပေါက်တစ်ပေါက်၊ မျက်လုံးတစ်လုံး၊ ခန္ဓာကိုယ်တစ်ခု

Vol. 84 Ch. 1170

ဝမ်ပေါင်လဲ့မှာ အနက်ရောင်ဘုရားကျောင်း၏ တံခါးကို တွန်းဖွင့်ကာ စိတ်ဓာတ်ပြတ်သားမှုအပြည့်ဖြင့် အထဲသို့ဝင်ရောက်သွား၏။

ထို ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားခဲ့သည့်သူများ မည်ကဲ့သို့သော ဖြစ်ရပ်များနှင့် ကြုံခဲ့ရသည်ဖြစ်စေ၊ ထို ဘုရားကျောင်းထဲ၌ သူ ထိန်းချုပ်၍မရနိုင်သည့် အန္တရာယ်များရှိနေသည်ဖြစ်စေ ဝမ်ပေါင်လဲ့မှာ အထဲသို့ဝင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူသည် သူ့အတွက်ကြောင့် မဟုတ်ဘဲ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအတွက်ကြောင့် ယခုလို လုပ်ပေးနေခြင်းဖြစ်၏။

သူသည် သူတို့နှစ်ယောက်၏ ကြားတွင် ယခင်တုန်းက ရှိခဲ့ဖူးသည့် ဆက်ဆံရေးနှင့် သူ၏ ကျေးဇူးကြွေးများကို ပြန်ဆပ်လိုသောကြောင့် ယခုလို လုပ်ပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် အန္တရာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ ဝမ်ပေါင်လဲ့သည် အထဲသို့ဝင်ကာ သူလုပ်ရမည့်အလုပ်ကို မဖြစ်မနေ လုပ်ရန်လိုအပ်ကြောင်း ခံစားနေရခြင်းပင်။

ထို့ကြောင့် သူ၏ ခြေလှမ်းများမှာ ပြတ်သားမှုအပြည့်ရှိနေ၏။ သူသည် ဘုရားကျောင်းထဲသို့ ရောက်သွားသည်နှင့် အခြားကမ္ဘာကြီးတစ်ခုထဲသို့ ဝင်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

၎င်းမှာ အလွန်အင်မတန်မှ ကြီးမားသော ကမ္ဘာကြီးတစ်ခုဖြစ်သလို အလွန်အင်မတန်မှ သေးငယ်သည်ဟုလည်း ဆိုနိုင်ပေသည်။ ၎င်းအား ကြီးမားသည်ဟု ဆိုရသည့် အကြောင်းရင်းမှာ ၎င်း၏ အဆုံးကို မမြင်နိုင်သလို နတ်ဘုရားအာရုံများဖြင့်လည်း ထိုကမ္ဘာကြီးတစ်ခုလုံးအား လွှမ်းခြုံ၍ မရသောကြောင့်ပင်။ ၎င်းအား သေးငယ်သည်ဟု ဆိုရသည့်အကြောင်းရင်းမှာမူ ထို အဆုံးမရှိလောက်အောင် ကျယ်ပြောနေသည့် ကမ္ဘာကြီးထဲတွင် လူတစ်ယောက်သာ ရှိနေသောကြောင့်ပင်။ ထို ပုဂ္ဂိုလ်မှာ အနီရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမ၏ ရှေ့တွင်မူ အစီအရီ စီတန်းနေသည့် သစ်သားရုပ်သေးရုပ်များ ရှိနေ၏။

ထို ရုပ်သေးရုပ်အများစုမှာ အရောင် မှေးမှိန်နေကြပြီး ၎င်းတို့ထဲမှ သုံးရုပ်မှ ငါးရုပ်ခန့်သာလျှင် ဝင်းလက်စွာတောက်ပနေကြသည်။

ထို့အပြင် ထိုအမျိုးသမီး၏ နှုတ်မှ ထွက်ပေါ်လာနေသည့် သီချင်းသံမှာလည်း ဟင်းလင်းပြင်ထဲ၌ ပျံ့နှံ့နေသေးသည်။

" ပါးစပ်ပေါက်တစ်ပေါက်၊ မျက်လုံးတစ်လုံး၊ ခန္ဓာကိုယ်တစ်ခု၊ ဝိညာဉ်တစ်ခု၊ အသားတုံးတစ်တုံး၊ အရိုးတစ်ချောင်း... "

" ပါးစပ်ပေါက်တစ်ပေါက်၊ မျက်လုံးတစ်လုံး၊ ခန္ဓာကိုယ်တစ်ခု၊ ဝိညာဉ်တစ်ခု၊ အသားတုံးတစ်တုံး၊ အရိုးတစ်ချောင်း... "

ထို သီချင်းသံ သူ့ဆီသို့ ပျံ့လွင့်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွား၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း နားမလည်နိုင်လောက်အောင်ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သို့သော် သူ၏ နှလုံးသားထဲတွင်မူ တုန်လှုပ်ချောက်ချားသွားရဆဲပင်။

အဘယ်ကြောင့်ဆို ထို သီချင်း၏ စာသားများမှာ အနည်းငယ် ကြောက်စရာကောင်းနေသည် မဟုတ်ပါလော...

သူသည် ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး သီချင်းဆိုနေရင်း အရောင်တလက်လက်တောက်ပနေသည့် သစ်သားရုပ်သေးရုပ်အချို့အား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။ သူမသည် ၎င်းတို့အား ပြုပြင်မွမ်းမံနေသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ သူမ ထိုသို့ ပြုပြင်မွမ်းမံရာ၌ အသုံးပြုနေသည့် ပစ္စည်းများကို မြင်ဖူးနေ၏။ ၎င်းတို့မှာ မကြာသေးမီတုန်းက ဘုရားကျောင်းထဲသို့ ဝင်သွားခဲ့သည့် အမှောင်းဂိုဏ်းသားများ၏ ရုပ်အလောင်းများ ဖြစ်ကြပေသည်။ သူတို့အားလုံး မရှိကြပါသော်လည်း အနည်းဆုံး ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ရှိနေကြ၏။ ထို့အပြင် သူတို့အားလုံးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသောကြောင့် ထိုအမျိုးသမီးမှာ သူမ၏ စိတ်တိုင်းကျ ပြုမူနေတော့သည်။

သူမ၏ မျက်နှာမှာလည်း ကြောက်စရာကောင်း၏။ သူမ၏ မျက်နှာပေါ်တွင် နှာခေါင်း လုံးဝမရှိသလို မျက်လုံးတစ်လုံးတည်းသာရှိပြီး သူမ၏ ပါးစပ်ကြီးမှာလည်း သွေးရောင်လွှမ်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူမ၏ သီချင်းသံအား ဆက်၍ ကြားလိုက်ရသည်နှင့် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားအောင် လုပ်လိုက်ရသည်။ သူသည် ထို အမျိုးသမီးမှာ အလွန်အင်မတန်မှ အန္တရာယ်များသည်ဟု ခံစားနေရ၏။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထို အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး ပြုပြင်မွမ်းမံနေသည့် ရုပ်သေးရုပ်တစ်ရုပ်အား မြင်လိုက်ရချိန်တွင် မျက်လုံးများပြူးသွားရ၏။ သူမ ထို ရုပ်သေးရုပ်အား ပြုပြင်မွမ်းမံရာ၌ အသုံးပြုနေသည့် ကုန်ကြမ်းပစ္စည်းများမှာ... သူ၏ရှေ့မှ အထဲသို့ဝင်သွားခဲ့သည့် ထာဝရကြယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်နေသည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့တစ်ယောက် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေစဥ်မှာပင် ထို အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ထိုကျင့်ကြံသူအား သူမ၏ လက်ထဲတွင်ကိုင် သူ၏ ဦးခေါင်းအား ဆွဲဖြုတ်လိုက်၏။ တစ်ချိန်ထဲမှာပင် ထို ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်တွင် မှုန်ဝါးဝါး ပုံရိပ်များ ပေါ်ပေါက်လာသည်။

ထို ပုံရိပ်များထဲတွင် ကျင့်ကြံသူများ၊ သာမန်လူသားများ၊ သားရဲကြီးများနှင့် သစ်ပင်ပန်းမန်များ ပါကြ၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ကံကြမ္မာဂြိုဟ်ပေါ်၌ သူ၏ အတိတ်ဘဝများကို နားလည်အောင်လုပ်ခဲ့ခြင်းမရှိပါက ၎င်းတို့အား မြင်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် ၎င်းတို့အား ကြည့်ရင်း နှလုံးသားထဲ၌ အပြင်းအထန် တုန်ရီသွားရ၏။ ထို ပုံရိပ်များမှာ ထို ကျင့်ကြံသူ၏ အတိတ်ဘဝများ ဖြစ်ပေသည်။

" သူက ဘယ်လိုသက်ရှိမျိုးလဲဟ။ ဝိညာဉ်ရဲ့ရင်းမြစ်ကို တိုက်ရိုက် ပြုပြင်မွမ်းမံနိုင်စွမ်း ရှိနေတာပဲ။ သူ ဆွဲဖြုတ်လိုက်တဲ့ ခေါင်းက ဒီဘဝထဲက မဟုတ်ဘဲ ဝိညာဉ်ရင်းမြစ်အစစ်ထဲက ဖြစ်နေတာ "

သွေးတစ်စက်မှ ထွက်လာခြင်းမရှိပေ။ သို့ဖြစ်ရာ ထို ကျင့်ကြံသူ၏ ဦးခေါင်းမှာ ထူးဆန်းသောမှော်ပညာရပ်တစ်မျိုးကြောင့် သက်မဲ့ပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ ထို့နောက် ထိုအမျိုးသမီးမှာ သူ၏ ဦးခေါင်းအား အခြား ရုပ်သေးရုပ်တစ်ရုပ်၏ ခေါင်းပေါ်သို့ တင်လိုက်၏။

တစ်ချိန်တည်းမှာပင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာလည်း ချက်ချင်းဆိုသလိုပင် တစ်စစီဖြစ်သွား၏။ သူ၏ လက်များ၊ ခြေထောက်များနှင့် ခန္ဓာကိုယ်တို့မှာ အခြား ရုပ်သေးရုပ်များပေါ်တွင် တပ်ဆင်သည့် အပိုအစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွား၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ မျက်စိသူငယ်အိမ်များမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ကျဉ်းမြောင်းသွားရပြန်သည်။ သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ သီချင်းဆိုနေရာမှ ရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး ပြုံးလိုက်၏။ ထို့နောက် သူမသည် ပျော်ရွှင်မြူးထူးစွာ ခေါင်းမော့လာပြီး သူမ၏ တစ်လုံးတည်းသောမျက်လုံးနှင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်သည်။

" နင့်မှာ ပါးစပ်ပေါက်တစ်ပေါက်၊ မျက်လုံးတစ်လုံး၊ ခန္ဓာကိုယ်တစ်ခု၊ ဝိညာဉ်တစ်ခု၊ အသားတုံးတစ်တုံး၊ အရိုးတစ်ချောင်း ရှိတာပဲ " သူမ၏ ပျော်ရွှင်မြူးထူးနေသည့် စကားသံ ပဲ့တင်ထပ်သွားသည်နှင့် ထို အမျိုးသမီးမှာ သူမ၏ ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ ဝမ်ပေါင်လဲ့မှာ ရှောင်တိမ်းချင်ပါသော်လည်း အခွင့်အရေးအနည်းငယ်ပင် မရလိုက်ပေ။ သူ၏ အသိစိတ်ထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး သူသည် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း သိလိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွား၏။ ထို့နောက် သူသည် ထို အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးဆီသို့ အလိုလို လျှောက်လှမ်းသွားတော့သည်။

နောက်ဆုံးတွင် သူသည် သူမ၏ ရှေ့သို့ ရောက်ရှိသွားပြီး ရုပ်သေးရုပ်ပေါင်း မြောက်မြားစွာ၏ နောက်၌ မလှုပ်မယှက် ရပ်နေလိုက်၏။ သူ၏ အသိစိတ်မှာလည်း တဖြည်းဖြည်းနှင့် ရီဝေဝေဖြစ်လာပြီး သူ၏ရှေ့တွင် ရှိနေသည့် အရာအားလုံးမှာလည်း မှုန်ဝါးဝါး ဖြစ်လာတော့သည်။

ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြီး သီချင်းဆိုနေသည့် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ လေသံမှာလည်း ပို၍တက်ကြွလာ၏။ သို့သော် သူမသည် ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည် ဝမ်ပေါင်လဲ့အား လှမ်းမယူသေးဘဲ သူ့အား မကြာခဏဆိုသလိုသာ အကဲခတ်ကြည့်ရှုနေ၏။ ထို့နောက် အခြား ရုပ်သေးရုပ်တစ်ရုပ် အရောင်များ တလက်လက်တောက်ပလာသည့် အချိန်တိုင်း သူမသည် ထို ရုပ်သေးရုပ်အား လှမ်းယူကာ တစ်စစီဖြုတ်၍ အခြား ရုပ်သေးရုပ်များပေါ်၌ အပိုပစ္စည်းများအဖြစ် တပ်ဆင်လိုက်သည်သာဖြစ်သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားနေပြီ ဖြစ်သည်။ သူ၏ အမြင်အာရုံ ပြန်လည်ကြည်လင်ပြတ်သားလာသည့် အချိန်တွင် သူသည် ဘုရားကျောင်းကြီးထဲ၌ ရှိမနေတော့ဘဲ သူ ရင်းရင်းနှီးနှီး မြင်ဖူးနေသည့် စစ်မြေပြင်ကြီးတစ်ခုထဲသို့ ရောက်နေပြီဖြစ်သည်။

သူ၏ ပတ်ပတ်လည်တွင် မည်သည့်သစ်ပင်ပန်းမှန်မှ မရှိပေ။ မျက်စိတစ်ဆုံး ချိုင့်ဝှမ်းများဖြင့်သာ ပြည့်နှက်နေ၏။ သူ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ကြီးထဲတွင် ကြယ်များဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သူနှင့် မလှမ်းမကမ်းတွင် အပြာရောင် ဂြိုဟ်တစ်လုံး ရှိနေ၏။

သူသည် ထိုဂြိုဟ်အား ကောင်းကောင်းကြီး မှတ်မိနေသည်။

" ကမ္ဘာဂြိုဟ်ပါလား " ဝမ်ပေါင်လဲ့မှာ ၎င်းအား စိုက်ကြည့်နေရင်း ဆွံ့အမှင်တက်သွား၏။ တစ်အောင့်ခန့်အကြာတွင် လူတစ်ယောက်မှာ သူ့အား တံတောင်ဖြင့် တွတ်လိုက်သည်။ ဝမ်ပေါင်လဲ့မှာ သူ့ကိုလည်း ကောင်းကောင်းကြီးမှတ်မိနေ၏။ သူသည်... ပြည်ထောင်စုကြီးထဲမှ ကျင့်သိုမင် ဖြစ်ပေသည်။

ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား မျက်လုံးတစ်ဖက်မှိတ်ပြကာ မေးလိုက်၏ " ဘယ်လိုလဲ။ မင်း အလဲအလှယ် လုပ်ချင်လား "

" ဘာကို အလဲအလှယ် လုပ်မှာလည်း " ဝမ်ပေါင်လဲ့မှာမူ ကြောင်အန်းအန်းဖြစ်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။ ထိုအခါ ကျင့်သိုမင်မှာ အံ့အားသင့်နေသည့်အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် စကားအနည်းငယ် တတွတ်တွတ် ရေရွတ်နေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လျစ်လျူရှုကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင် အဝေးသို့ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေလိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာအား အကဲခတ်လေ့လာလိုက်၏။ တစ်အောင့်ခန့်အကြာတွင် သူ၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် ပြန်လည် ကြည်လင်ပြတ်သားသွားသောကြောင့် သူသည် အရာအားလုံးကို မှတ်မိသွားတော့သည်။ သူသည် သူ ကောင်းကင်တာအိုကျောင်းထဲ၌ ရှိနေခဲ့စဉ်တုန်းက လပေါ်ရှိ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့်အား ရယူခဲ့သည်ကို ပြန်မှတ်မိသွားခြင်း ဖြစ်သည်။ သူသည် လပေါ်၌ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားနေခြင်း ဖြစ်၏။

" ဟုတ်သားပဲ။ အခြေတည်အဆင့် " ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားပြီး အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဘေးဘီဝဲယာအား အလျင်အမြန် ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ချီအားဖြည့်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် အဝေးသို့ ပြေးထွက်သွားတော့သည်။

လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့မှာ လပေါ်တွင်သာရှိသော ထူးဆန်းသည့် သားရဲကြီးများကို မြင်ခဲ့ရ၏။ ညနတ်ဆိုးဧကရာဇ်ကြီးဖြစ်စေ၊ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသည့် ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များဖြစ်စေ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ကြောက်ရွံ့နေရသည်သာဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ မျက်ဝန်းများထဲ၌ သူ ရင်ရင်းနှီးနှီး မြင်ဖူးနေသည့် လူရိပ်များ တဖြည်းဖြည်း ပေါ်ပေါက်လာ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုကမ္ဘာကြီးထဲ၌ နေသားတကျ ဖြစ်သွားတော့သည်။ သူသည် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နေရသည်ကိုပင် သတိမထားမိတော့ပေ။ ထို့အပြင် လက်ရှိအခြေအနေကြီးမှာ ထူးဆန်းလွန်းနေသည်ဟုလည်း မခံစားရတော့ပေ။

ထိုအချိန်တွင် အမှောင်မြစ်ထဲရှိ ရုပ်တုကြီးအောက်ရှိ ဘုရားကျောင်းထဲမှ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးရှိနေသော ကမ္ဘာကြီးထဲတွင် ဝမ်ပေါင်လဲ့၏ ရုပ်တုမှာ အရောင် မှေးမှိန်နေရာမှ ရုတ်တရက်ဆိုသလို ဝင်းလက်တောက်ပလာ၏။ သို့ဖြစ်ရာ ၎င်းမှာ သူအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အချက်ပြလိုက်သကဲ့သို့ပင်။ ထိုအခါ အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာလည်း ဝမ်းသာအားရနှင့် သူမ၏ လက်ကိုမြှောက်ကာ သစ်သားရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သော ဝမ်ပေါင်လဲ့အား လှမ်းဆွဲလိုက်၏။ ထို့နောက် သူမသည် သူ၏ ဦးခေါင်းအား ဆုပ်ကိုင်ကာ ဆောင့်ဆွဲလိုက်သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ အတိတ်ဘဝမှ ပုံရိပ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်ကြီးဖြစ်စေ၊ ဖုတ်ကောင်ကြီးဖြစ်စေ၊ သမင်ဖြူလေးဖြစ်စေ သို့မဟုတ် နတ်ဆိုးဓားဖြစ်စေ ၎င်းတို့အားလုံးမှာ ဆွဲထုတ်ခံရတော့မည် ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ အတိတ်ဘဝ ပုံရိပ်များထဲမှ အနက်ရောင်သစ်သားပျဉ်ပြားလေးမှာလည်း ထို အမျိုးသမီး၏ လျှို့ဝှက်ပညာရပ်ကြောင့် အပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရ၏။

ထိုအခါ ထိုအမျိုးသမီးမှာ မလှုပ်မယှက် ရပ်တန့်သွားပြီး ကြက်သေသေသွားတော့သည်။

တစ်ချိန်ထဲမှာပင် လကမ္ဘာထဲ၌ နေသားတကျဖြစ်နေပြီဖြစ်သော ဝမ်ပေါင်လဲ့မှာ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားအားထုတ်နေ၏။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာလည်း အပြင်းအထန် တုန်ရီသွားသည်။ သို့ဖြစ်ရာ အားကောင်းသည့် စွမ်းအားတစ်မျိုးမှာ သူ့အား ဆွဲငင်နေသကဲ့သို့ပင်။ ၎င်းမှာ မြေပြင်ထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အာကာသကောင်းကင်ကြီးထဲမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ထိုစွမ်းအားများမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီးနောက် နောက်ဆုံးတွင် သူ၏ လည်ပင်းပေါ်၌ စုဆုံသွားကြတော့သည်။

သို့သော် သူ၏ လည်ပင်းအား ထိုကဲ့သို့ ဆောင့်ဆွဲနေသည့်သူမှာ အားအကုန် ထုတ်ထားသည့်တိုင်အောင် သူ၏ ဦးခေါင်းမှာ ပြုတ်ထွက်သွားခြင်းမရှိပေ။ ထိုသို့ဖြင့် ထိုကမ္ဘာကြီးတစ်ခုလုံးမှာ တဖြည်းဖြည်းနှင့် ပြန်လည်ငြိမ်သက်သွား၏။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင်မူ ရုန်းကန်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ခေါင်းယမ်းကာ သံသယဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ၏ လည်ပင်းကို လက်ဖြင့်ပွတ်လိုက်၏။

" ငါ့လည်ပင်းကို ဘယ်သူဆွဲနေတာလဲဟ "

တစ်အောင့်ခန့်အကြာတွင် ကမ္ဘာကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တုန်ရီသွား၏။ ယခုအကြိမ်တွင် ၎င်းမှာ ပထမအကြိမ်တုန်းကထက်ပင် ပို၍ ပြင်းထန်နေသည်။ ထို့အပြင် ဆွဲငင်အားများမှာလည်း ပို၍အားကောင်းလာ၏။

All Chapters