လောက ပြောင်းလဲမှု
Vol. 19 Ch. 260
“အရှင်ဝေ့...”
စုမေ့က ခေါ်လိုက်၏။ သူတို့နှစ်ယောက်သည် ကျယ်ပြန့်သော ကွင်းပြင်ကျယ် တစ်ခုထဲ၌ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ မတ်တပ်ရပ်နေကြခြင်း ဖြစ်သည်။
"ဘာလဲ...”
ဝေ့ဝူယင်က မေးသည်။
“အရှင်ဝေ့ ခိုင်းထားတဲ့ ရှေးဟောင်းဂိတ်တံခါးတွေ ကိစ္စ... အဲဒါ ကျွန်မ...”
စုမေ့၏ အသံက အနည်းငယ် တုန်ရီကာ ရပ်တန့်သွား၏။ မရောရာသော အကြောင်းပြချက် တစ်ခုကြောင့် သူမ ဤကပ်ဘေးအား ဖြတ်ကျော်နိုင်ရန် ယုံကြည်ချက် မရှိသလို ခံစားနေရသည်။
ရှေ့ဟောင်း ဂိတ်တံခါး ကိစ္စမှာ အလွန် အရေးကြီးကြောင်း ဝေ့ဝူယင်က သူမကို ပြောခဲ့ဖူးသည်။ ၎င်းက သုံးလွှာ ကြယ်တာရာ နယ်မြေနှင့် ခြားနားသည့် နေရာအသစ်၊ လောကအသစ်၊ ကျင့်ကြံခြင်း ကမ္ဘာ အသစ်ကို ဦးတည် နေနိုင်သည်။ သူမနှင့် ကျူးဟိုင်တို့သည် ဝေ့ဝူယင်၏ အမိန့်နှင့် အတူ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စ၍ ထိုအကြောင်းကို စုံစမ်းခဲ့ပြီး အချက်အလက် အချို့ကို သိရှိလာခဲ့သည်။ အကယ်၍ ယနေ့တွင် သူမသာ တစ်ခုခု ဖြစ်သွားပါက ထိုလျှို့ဝှက်များကို ဝေ့ဝူယင် သိရတော့မည် မဟုတ်ချေ။
“အရှင်ဝေ့ပြောတာ မှန်တယ်... အမှောင်မြူနှင်း ကုန်းမြေတိုက်ကြီးပေါ်မှာ ကျူးဟိုင်က အခြား ရှေးဟောင်း ဂိတ်တံခါး တစ်ခုကို တွေ့ခဲ့တယ်... ကျွန်မလည်း အနန္တကုန်းမြေတိုက်ကြီးမှာ တစ်ခု တွေ့ခဲ့ရတယ်... ဒါပေမဲ့ အခြေအနေတွေကတော့ ခြားနားတယ်... အနန္တကုန်းမြေတိုက်ကြီးက တံခါးက ဖျက်ဆီးခံထားရပြီး အမှောင်မြူနှင်း ကုန်းမြေတိုက်ကြီးက တံခါးကတော့ မိစ္ဆာစွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်”
“အင်း... ကျူးဟိုင် ငါ့ကို ပြောပြီးပါပြီ...”
ဝေ့ဝူယင်က ပြောလိုက်၏။ စုမေ့မှာ ထိုအခါမှ သတိရသွားသည်။ သူမ မရှိလျှင်လည်း ဝေ့ဝူယင် အနား၌ ကျူးဟိုင် ရှိသေးသည် မဟုတ်ပါလား။
စုမေ့၏ စိတ်များမှာ အလွန် ရှုပ်ထွေးနေကြောင်း ဝေ့ဝူယင် အကဲခတ်လိုက်မိ၏။ ဝေ့ဝူယင် စုမေ့ အနားသို့ တိုးသွားကာ သူမ၏ တုန်ရီနေသည့် လက်ကလေးများကို ဆုပ်ကိုင်လိုက်သည်။ အဂ္ဂိရတ် ဧဒင်ချီများက သူ၏ လက်များမှ စီးထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံသွား၏။
“အသက်ကို မှန်မှန်ရှူ...”
စုမေ့က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ သူမ၏ ဝင်သက် ထွက်သက်သံက ညင်သာစွာ ထွက်ပေါ်လာသည်။ သူတို့ နှစ်ယောက်သည် ထိုအခြေအနေဖြင့် မိနစ် အနည်းငယ်မျှ ကြာအောင် ရပ်တန့် နေခဲ့ကြ၏။ နောက်တစ်ကြိမ် မျက်လုံးများ ပြန်လည် ပွင့်လာသော အခိုက်၌ စုမေ့မှာ ယခင်ကထက် တည်ငြိမ် နေခဲ့ပေသည်။
“တော်တယ်...”
ဝေ့ဝူယင်က ပြုံးကာ ချီးကျူးလိုက်သည်။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် စုမေ့ ကြောက်လန့်သည်ကို သူ တွေ့ဖူးခြင်း ဖြစ်သည်။
“ကျွန်မ အဆင်ပြေပါပြီ အရှင်ဝေ့...”
စုမေ့က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“အင်း...”
ဝေ့ဝူယင် ခေါင်းညိတ်ကာ သူမ၏ လက်ကလေးများကို လွှတ်လိုက်သည်။ ထို့နောက် ပျံသန်းကာ ခြေဆယ်လှမ်းမျှ အကွာအဝေးထိ ဆုတ်ခွာလိုက်၏။
စုမေ့သည် နေရာတွင် တစ်ယောက်တည်း ရပ်ကာ ကျန်ခဲ့သည်။ သူမ ကောင်းကင်ကို ကြည့်ရင်း ဇာတိဝိညာဥ်ကို ဖြည်းညင်းစွာ ခံစားလိုက်၏။
ထိုအခိုက်၌ အချိန်မှာ ရပ်တန့်နေသယောင်ယောင်ပင်။ တိမ်တိုက်များက ဖြည်းညင်းစွာ ရွေ့လျားနေကာ နေရောင်ခြည်အလင်းတန်းများမှာ အားဖျော့နေသည်။ လေထုကတော့ အနည်းငယ် ကြက်သီးထစရာ ကောင်းနေ၏။
“ရှင် ဘယ်ကို သွားသွား အလင်းတန်း တစ်ခု အနေနဲ့ ကျွန်မ ရှင့်ဘေးမှာ အမြဲတမ်း ရှိမယ်... ဘယ်လို အတားအဆီးတွေ၊ ဘယ်လို ဒုက္ခတွေပဲ ရှိရှိ”
ဝိညာဥ်ထဲ စွဲနစ်နေသည့် ဆန္ဒနှင့် အတူ စုမေ့၏ အတွေးများက ကြည်လင်လာသည်။ သူမ၏ မျက်လုံးများမှာ ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်လာကာ လက်သီးကို တင်းဆင်းဆုပ်လိုက်သည်။ သူမကား ကြယ်တာရာ အမြုတေ အဆင့် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယင်သည် တိတ်တဆိတ်ပင် ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ စုမေ့ကို ဖျောင်းဖျနေခဲ့သည့်တိုင် သူ ကိုယ်တိုင်ကမူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
“သူ့မှာ အမှောင်အလင်းချီ ဆန်းကြယ် နှလုံးသား ရှိတယ်... အဆင့်မြင့် ရည်ရွယ်ချက် နှစ်ခုနဲ့ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် ဇာတိဝိညာဥ်လည်း ရှိတယ်... ဒီကပ်ဘေးက သူ့အတွက် လွယ်ကူမှာပါ... လွယ်ကူလောက်မှာပါ”
ဝေ့ဝူယင်မှာ ပို၍ တွေးလေလေ ပို၍ စိတ်ပူလာလေလေ ဖြစ်နေခဲ့၏။ မှတ်တမ်းများ အရ ထာဝရ ဧကရာဇ်ခေတ် နောက်ပိုင်း သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ဖြင့် ကြယ်တာရာ ကပ်ဘေးအား ကျော်လွှားရန် ကြိုးစားခဲ့သည့် ပါရမီရှင် အားလုံး သေဆုံးခဲ့ကြသည်။ သို့သော် သူ မယုံချေ။ သူ ကိုယ်တိုင်ပင်လျှင် အလွယ်တကူ အောင်မြင်ခဲ့သည် မဟုတ်ပါလား။
ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို အဆုံးစွန်ထိ မြှင့်တင်ထားကာ အပြောင်းအလဲ မှန်သမျှကို အလွတ် မပေးပဲ စောင့်ကြည့်နေ၏။ သူ၏ အတွေ့အကြုံအရဆိုလျှင် ပထမဆုံး သေမျိုး ကြယ်တာရာ ပေါ်လာလိမ့်မည်။ ထို့နောက်တွင် ပဟေဠိ အပိုင်းအစများကို ဆက်ရလိမ့်မည်။ စုမေ့သည် အမှောင်အလင်း သဘောတရားများကို ကောင်းမွန်စွာ နားလည်ထားရာ ကျိန်းသေ အောင်မြင်နိုင်လိမ့်မည်။
“ ... “
“ ... “
“ ... “
တိတ်ဆိတ်မှုသည် ကျောက်ချထားသလို တည်မြဲနေ၏။ နေ၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေသည်။ မည်သည့် အပြောင်းအလဲမှ ဖြစ်ပေါ်မလာခဲ့။
“သူက ကြယ်တာရာ ကပ်ဘေးကို မခေါ်ဘူးလား...”
ဝေ့ဝူယင် စတင် သံသယ ဖြစ်လာ၏။ စုမေ့ကာ ကောင်းကင်ကို မော့ကြည့်ရင်း တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။ သူမ၏ အမူအရာက အနည်းငယ်မှ အပြောင်းအလဲ မရှိချေ။
“အဖေ...”
ခရာတို၏ အသံက ကြမ်းတမ်းစွာ ထွက်ပေါ်လာရာ ဝေ့ဝူယင်၏ နှလုံးသား တစ်ခုလုံးမှာ တုန်လှုပ်သွား၏။ ချောင်းခြောက် တစ်ချက် ဆိုးလိုက်ရာ နီရဲသော သွေးစက်များက သူ၏ ပါးစပ်ထဲမှ စီးကျလာသည်။ ချက်ချင်းပင် အင်္ကျီများကို စွန်းထင်သွားကာ ဝေ့ဝူယင်၏ မျက်နှာက ဖြူရော်သွား၏။ သို့သော်လည်း သူ မျက်လုံးများကို စုမေ့ထံမှ အနည်းငယ်ပင် မခွာခဲ့...။
“တစ်ခုခု ထူးဆန်းတာ ဖြစ်နေတယ်...”
ဧဒင်က အော်ဟစ်လိုက်သည်။ အသိစိတ် ပင်လယ်ထဲတွင်မူ ၎င်း၏ အကိုင်းအခက်များမှာ လေမုန်တိုင်း တစ်ခုနှင့် ရင်ဆိုင်ရသည့် အလား ကြောက်မက်ဖွယ် ကောင်းအောင် လှုပ်ယမ်းနေ၏။ ဝေ့ဝူယင်၏ ခေါင်းမှာ ထိုးကိုက်လာကာ အမြင်အာရုံမှာလည်း ဝေဝါးလာသည်။ သူ စုမေ့ကိုပင် သေချာ မမြင်ရတော့ချေ။
ခရာတိုသည် ဝေ့ဝူယင်ကို တစ်ခါမှ အဖေ ဟု မခေါ်ခဲ့ဖူးချေ။ သို့သော်လည်း ၎င်း၏ တဆတ်ဆတ် တုန်ရီနေသော ခန္ဓာကိုယ်နှင့် အသံအရ ထိုအရာက သူ့ကို ရည်ညွှန်းကြောင်း သိရှိပါသည်။ သူသည် ခရာတိုထံက အားငယ် ကြောက်ရွံ့မှုကို ခံစား၍ ရနေခဲ့သည်။
“မင်းတို့ ဘာဖြစ်တာလဲ...”
ဝေ့ဝူယင် ခက်ထန်စွာ မေးလိုက်၏။ သူ၏ မျက်လုံးများကမူ စုမေ့ကိုသာ စူးစိုက် ကြည့်နေဆဲ ဖြစ်သည်။
“လောက... လောကကြီးက ပြောင်းလဲနေတယ်”
ခရာတိုက အော်ဟစ်လိုက်၏။ သူ့နှလုံးသားက နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ရီသွားကာ သွေးတစ်လုတ်ကို ထပ်မံ အန်လိုက်ရသည်။ ဝေ့ဝူယင်သည် ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ မန်နာများ တဖြည်းဖြည်း ခမ်းခြောက်သွားသည်ကို တွေ့လိုက်ရ၏။ တစ်ခဏအတွင်းမှာပင် ဘာဆို ဘာမှ မရှိတော့။
“မဖြစ်နိုင်ဘူး...”
ဝေ့ဝူယင် အော်ဟစ်လိုက်မိ၏။ မန်နာမှာ နေရာတိုင်း၌ တည်ရှိနေသော အရာ ဖြစ်သည်။ ကျင့်ကြံခြင်း တာအို၏ အသက် ဖြစ်သည်။ ၎င်းမှာ ဂြိုဟ်တစ်ခု၏ အောက်စီဂျင်နှင့် အတူတူပင် ဖြစ်သည်။ မန်နာက မည်သည့်နည်းနှင့်မျှ မပျောက်ကွယ်သင့်ချေ။
“သူ သေတော့မယ်...”
ခံရခက်သော နာကျင် ကိုက်ခဲမှုလှိုင်းများနှင့် အတူ ဧဒင်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ ဝေ့ဝူယင် မျက်လုံးများကို အစွမ်းကုန် ပြူးကျယ်ရင်း စုမေ့၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် ကြိုးစားလိုက်သည်။ သူမမှာ ကောင်းကင်ကို မော့ကြည့်ရင်း မတ်တပ်ရပ်နေဆဲ ဖြစ်၏။ ထိုမြင်ကွင်းက ပန်းချီကား တစ်ချပ် ကဲ့သို့ တည်မြဲနေယောင် သူ ခံစားလိုက်ရ၏။
“မင်းမျက်လုံးတွေ... မင်းအခြားမျက်လုံးတွေကိုသုံး...”
ဧဒင်က အော်ဟစ်လိုက်၏။ ထိုအခိုက်၌ သူသည် စကားလုံးတစ်လုံး ပြောကြားရန် အတွက်ပင် အလွန် ကြိုးစားနေရဟန် ရသည်။ ဝေ့ဝူယင်ကိုယ်တိုင်မှာလည်း မတ်တပ်ရပ်ရန်ပင် ရုန်းကန်နေရ၏။ သွေးချောင်းများက အဆက်မပြတ် ဆိုးနေကာ သူစိတ်တစ်ခုလုံးမှာ ကိုက်ခဲနေ၏။
အခြားမျက်လုံးတွေ...
လျှပ်စီးလက်သည့် အလားပင် သူ ဧဒင် ဆိုလိုသည့် အရာကို နားလည်လိုက်သည်။ တုန့်ဆိုင်းခြင်း မပြုပါပဲ သူ သေမျိုးဝိညာဥ်၏ အဂ္ဂိရတ် ကြယ်တာရာများကို ထုတ်ဖော်လိုက်၏။ တစ်ခဏအတွင်းမှာပင် ရောင်စုံကြယ်များမှာ သူ့၏ ငွေရောင် မျက်လုံးများကို လွှမ်းမိုးသွားသည်။ ရုတ်ချည်းပင် သူ မြင်တွေ့ရသည့် ပန်းချီကားမှာ ဖန်သားတစ်ချပ်လို အက်ကွဲသွား၏။ ထိုခဏတွင်ပင် သူ အမှန်တရားကို မြင်လိုက်ရလေသည်။
“စုမေ့...”
...
ဟူး... ဟူး...
ထိုပတ်ဝန်းကျင်ရှိ မန်နာ မှန်သမျှသည် ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ကဲ့သို့ စုမေ့၏ ခန္ဓာကိုယ်ထဲကို စုပြုံ ဝင်ရောက်နေ၏။ ဝေ့ဝူယင် လှုပ်ရှားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ ခြေတစ်လှမ်းချင်းစီတိုင်းက ရွှံ့ညွံတောထဲ ရောက်ရှိနေသည့်အလား လေးလံနေ၏။ ထိုအခိုက်၌ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင် အကုန်လုံးက တစ်စုံတစ်ရာကို အပြည့်အဝ အာရုံစိုက်နေဟန် ရကာ ခရာတိုမှာလည်း သူ့အား သက်ရောက်နေသည့် ထူးဆန်းသော အင်အား တစ်ခုကို ကာကွယ်နေပုံ ပေါ်သည်။
ထိုအင်အားက မည်သို့ အရာဖြစ်မှန်း ဝေ့ဝူယင် မသိသော်လည်း သူ သွေးတစ်လုတ် အန်လိုက်တိုင်း ထိုအရာ တည်ရှိနေမှန်း ခံစား၍ ရသည်။ သူ့စိတ်ထဲ၌ ဧဒင်သည်လည်း အစွမ်းကုန်သော ခွန်အားကို သုံးကာ ၎င်းကို ရှင်းထုတ်ရန် ကြိုးစားနေသည်။ ထိုအင်အားက ကောင်းကင်တာအိုများ ကဲ့သို့ မဟုတ်ပဲ လျှို့ဝှက် ဆန်းကြယ်လှကာ သူ့ကို တိုက်ရိုက် အန္တရာယ်ပေးဖို့ ရည်ရွယ်နေသည်။ ထို့အပြင် ၎င်း၏ ပစ်မှတ်က သူ တစ်ယောက်တည်းသာလျှင် ဖြစ်ပေသည်။
ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ မနီးမဝေးရှိ ကောင်းကင်နန်းတော်ထဲ၌ ကျင့်ကြံနေသည့် ကျူးဟိုင်နှင့် ဟုန်ချွင်းဟွာတို့ကို ဝေ့ဝူယင် တွေ့မြင်ရသည်။ သူတို့သည် ပုံမှန်ပင် အသက်ရှူကာ ကျင့်ကြံနေကြသည်။ အပြင်လောကရှိ အပြောင်းအလဲများကို အနည်းငယ်ပင် ရိပ်စားမိဟန် မရကြချေ။
ဘုရင်နှင့် အိုရီတို့မှာလည်း တိတ်ဆိတ်ကာ ချုပ်နှောင်ခံထားရဟန် တူသည်။ သူတို့သည် စကား မပြောသလို အခြားလူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းလည်း မရှိချေ။ သို့သော်လည်း ဝေ့ဝူယင်တွင် ၎င်းကို ကိုင်တွယ်ရန် အချိန်မရှိပါချေ။ စုမေ့၏ ခန္ဓာကိုယ်ကို ကြည့်ရင်း သူ၏ နှလုံးသားက ငလျင်လှုပ် သကဲ့သို့ တုန်ရီနေခဲ့၏။ သူမ၏ အရေပြားများမှာ ဖန်သား သကဲ့သို့ တဖြည်းဖြည်း ကွဲအက်နေသည်။ ထိုအက်ကွဲကြောင်းများမှာ တစ်နေရာတည်းတွင် ရပ်တန့်မနေပဲ တစ်ကိုယ်လုံးကို လျှင်မြန်စွာ ဝါးမျိုလာနေခဲ့၏။
“စုမေ့...”
ဝေ့ဝူယင် အော်ဟစ်ရင်း သူမဆီသို့ ရွေ့လျားရန် ကြိုးစားလိုက်၏။ သူတို့အကြားတွင် ခြေဆယ်လှမ်းမျှသာ ကွာဝေးသည့်တိုင် ခြေတစ်လှမ်းချင်းစီတိုင်းတွင် ကမ္ဘာများ ခြားနားနေသလို ဝေ့ဝူယင် ခံစားနေရ၏။ ဤအတိုင်း ဆိုလျှင် သူ မရောက်ခင် စုမေ့၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပေါက်ကွဲ ပျက်စီးသွားတော့မည် ဖြစ်သည်။
သူ၏ စိတ်တစ်ခုလုံးမှာ ကြောက်လန့်တုန်လှုပ်များဖြင့် သိမ်းကြုံးပြည့်နှက်နေ၏။ သူ ထိုကဲ့သို့ ကြောက်လန့်မှုမျိုးကို ကြုံတွေ့ဖူးသည်။ ကိုယ်ချစ်ရသည့် လူတစ်ယောက် ကိုယ့်ရှေ့တွင် သေဆုံးသွားရသည့် ခံစားချက်...
“မဟုတ်ဘူး... မဖြစ်ရဘူး... စုမေ့... မင်း...”
အဘယ်ကြောင့် ထိုအရာများ ဖြစ်နေကြောင်း သူ မသိသော်လည်း သေချာတာ တစ်ခုကတော့ စုမေ့ မကြာခင် သေတော့မည် ဖြစ်သည်။
“ဧဒင်... ငါဘာလုပ်ရမလဲ...”
ဝေ့ဝူယင် ငိုယိုရင်း မေးလိုက်၏။
“ ... “
ဧဒင်မှာ အဖြေမပေးနိုင်ချေ။
“ခရာတို...”
“ရား...”
ဟိန်းဟောက်သံနှင့် အတူ သူ၏ ပါးစပ်မှ သွေးများ စီးကျလာ၏။ အကူအညီ ကင်းမဲ့မှုမှာ ရှင်းလင်းလှပေသည်။ ဝေ့ဝူယင် ကျယ်လောင်စွာ အော်ဟစ်ရင်း နောက်ခြေတစ်လှမ်း လှမ်းရန် ကြိုးစားလိုက်၏။
***