ပြီးဆုံးခြင်း
Vol. 19 Ch. 261
“အသက်အင်အား...”
တစ်ချိန်တည်း၌ ဧဒင်အမှတ်အသားမှ ထောင်ပေါင်းများစွာသော ရောင်စုံအလင်းတန်းများကို ပစ်လွှတ်လိုက်သည်။ ၎င်းတို့မှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံကာ စုမေ့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက် သွားကြ၏။ ချက်ချင်းပင် စုမေ့၏ အရေပြားရှိ အက်ကွဲကြောင်းများမှာ ဆက်လက် ရွေ့လျားခြင်း မရှိတော့ပဲ ရပ်တန့်သွားလေသည်။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တောက်ပသွား၏။
ဟူး... ဟူး...
သူ အသက်အင်အားများကို စုမေ့ထံသို့ အဆက်မပြတ် ဆက်လက် ပို့လွှတ်ရင်း ရှေ့သို့ ဆက်တိုးရန် ကြိုးစားလိုက်သည်။စက္ကန့်ပိုင်းအတွင်းမှာပင် နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွား၏။
တစ်မိနစ်မျှ ကြာပြီးနောက် သူ စုမေ့ အနားသို့ ရောက်ရှိလာသည်။ သူ လက်များကို ဆန့်ထုတ်ရင်း သူမကို ထိတွေ့ရန် ကြိုးစားလိုက်၏။ ဧဒင်နှင့် ခရာတိုတို့မှာ သူတို့၏ ခွန်အား တစ်စုံတစ်ရာဖြင့် စုမေ့ကို ကူညီနိုင်မလား သူ သိလိုသည်။
သို့သော်လည်း... သူ လက်နှင့် ထိတွေ့လိုက်သည်နှင့် စုမေ့၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အလွန့်အလွန် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လာ၏။ ဝေ့ဝူယင်မှာ နေမျက်နှာပြင်ကို အနီးကပ် စိုက်ကြည့်ရသည့် အလား တဒင်္ဂမျှ မျက်လုံးကန်းသွားသလိုပင် ခံစားလိုက်ရသည်။
ဘုန်း...
အင်အားတစ်ခုသည် သူ့အား နောက်သို့ မီတာ အနည်းငယ်မျှ ကွာဝေးသည် အထိ ပြန်လည် တွန်းထုတ်လိုက်၏။
“မဟုတ်ဘူး...”
သူက အော်ဟစ်လိုက်သည်။ သူသည် ယခင် ရပ်ခဲ့သည့် နေရာထက်ပင် ပိုမို ဝေးသွားချေပြီ ဖြစ်သည်။ သူ သူမကို မကယ်တင်နိုင်တော့။
စုမေ့... သူ့နံဘေးတွင် အရိပ်လို ကပ်တွယ်ခဲ့သည့် ကောင်မလေး... ဝေ့ဝူယင်၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ဝေဝါးလာသည်။ နောက်ဆုံး စိတ်ကို ဒုန်းဒုန်းချလိုက်သည့် အခိုက်အတန့်တွင်ပင် အတွေးတစ်ခုမှာ ရုတ်ချည်း သူ့စိတ်တွင်း ဝင်ရောက်လာ၏။
“ငါ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို ဖြတ်ကျော်တုန်းက ဘုရင်နဲ့ အိုရီတို့က ဝင်္ကပါ တစ်ခုကို ဆက်ခဲ့ရတယ်... ဧဒင်ရဲ့ ကပ်ဘေးက အသိစိတ် ပင်လယ်ထဲမှာ ပေါ်လာခဲ့ပြီးတော့ ခရာတိုရဲ့ ကပ်ဘေးကတော့ ငါ့ကို ထူးဆန်းတဲ့ အတိတ်တစ်နေရာကို ခေါ်ဆောင်သွားခဲ့တယ်...”
မသိလိုက်ခင်မှာပင် ဝေ့ဝူယင်၏ စိတ်များက တဖြည်းဖြည်း ပိုမို ရှင်းလင်းလာသည်။
“သေမျိုး ကြယ်တာရာ ဝင်္ကပါကပ်ဘေး တစ်ခုချင်းစီက ပြိုင်ဘက်ကင်းတယ်... ကျင့်ကြံသူရဲ့ အခြေခံ၊ ပတ်ဝန်းကျင် အခြေအနေတို့နဲ့ လိုက်လျောညီထွေစွာ ကွဲပြားတယ်... ဒီဆန်းကြယ်တဲ့ အဖြစ်အပျက်က စုမေ့ ကြယ်တာရာ ကပ်ဘေးကို ဆင့်ခေါ်လိုက်ပြီး နောက်မှာ စပေါ်လာခဲ့တာပဲ... ဒါကသာ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးဆိုရင် ငါ့မှာ အဖြေတစ်ခု ရှိသေးတယ်”
အကယ်၍ သူသာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် မဖြစ်သေးပါက စုမေ့ သေသွားသည်ကို သည်အတိုင်း ကြည့်နေရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း...
ဝှစ်...
အတွေးတစ်ချက်နှင့် အတူ သူ ကျောက်စိမ်းသေတ္တာ တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် တုန့်ဆိုင်းခြင်း မရှိပဲ ထိုအရာကို ဖွင့်လိုက်သည်။ အထဲတွင် အနက်ရောင် နေတစ်စင်း ကဲ့သို့ တောက်ပနေသည့် ဆေးတစ်လုံး ရှိနေခဲ့၏။ ထိုအရာကား ထာဝရ ခြေချခြင်းဆေးပင် ဖြစ်ပေတော့သည်။
ထာဝရ ခြေချခြင်းဆေးသည် မည်သည့် သေမျိုး ကြယ်ဝင်္ကပါ ကြယ်တာရာ ကပ်ဘေးကို မဆို ကျော်လွှားနိုင်သည့် အစွမ်းအား ပိုင်ဆိုင်ထားသည်။ ထာဝရ ဧကရာဇ်နှင့် ထာဝရ နတ်မိမယ်လေးတို့သည် အဂ္ဂိတ်ရတ် ကြယ်တာရာ ဝိညာဥ်ဖြင့်ပင် ထိုဆေးလုံး၏ အကူအညီကို ရယူကာ ကြယ်တာရာ အမြုတေ အဆင့်များကို တက်လှမ်းနိုင်ခဲ့သည်။ အကယ်၍ စုမေ့ ရင်ဆိုင်နေရသော အရာက အမှန်တကယ် သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေး ဖြစ်လျှင် သူမ ကျော်လွှားနိုင်ပေရမည်။
ဘုန်း...
ဝေ့ဝူယင် ဆေးလုံးကို ချေမွှကာ အသက်အင်အားများဖြင့် ပေါင်းစပ်ကာ စုမေ့ထံ ပစ်ပေါက်လိုက်သည်။ ထိုအမှုန်အမွှာများမှာ အက်ကွဲကြောင်းများမှ တစ်ဆင့် စုမေ့၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက်သွား၏။ ကံကောင်းထောက်မစွာပင် တုန့်ပြန်မှုက ချက်ချင်း ဖြစ်ပေါ်လာသည်။
ဝှစ်...
အက်ကွဲကြောင်းများမှာ မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် လျှင်မြန်စွာ ပြန်လည် စေ့သွားသည်။ စက္ကန့်ဝက်မျှ အတွင်းမှာပင် စုမေ့မှာ ပုံမှန် ပြန်ဖြစ်သွား၏။
“ဝေါ့...”
ဝေ့ဝူယင် နောက်ဆုံး သွေးတစ်လုတ်ကို အန်လိုက်ရ၏။ သူ၏ ခေါင်းများက အဆမတန် ကိုက်ခဲနေဆဲ ဖြစ်သည်။ သူ ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့။ မကြာခင် သတိတော့မည် ဖြစ်ကြောင်း သူ့ကိုယ်သူ သိပေသည်။ သူ၏ မျက်လုံးများ မှေးစင်းသွားချိန်တွင်ပင် ဒုတိယ စိတ်မှာ ပေါ်ထွက်လာကာ နေရာယူသွား၏။ ချက်ချင်းပင် သူကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်သွားနိုင်သည်။
သူ၏ ခန္ဓာကိုယ်မှာ အလွန် မောပန်းနေသည်။ သွေးများစွာ ဆုံးရှုံးထားခြင်းကြောင့် အသားအရည်ပင် ဖျော့တော့နေ၏။ သို့သော်လည်း သူ၏ စိတ်မှာမူ ကြည်လင်စွာ သတိကောင်းစွာ ရှိနေဆဲ ဖြစ်သည်။ အတေါး တစ်ချက်ဖြင့်ပင် သူ ကျန်ရှိနေသည့် အသက်အင်အားများကို ပြန်လည် ဆင့်ခေါ်ကာ ဧဒင် အမှတ်အသားထဲ ထည့်သွင်းလိုက်သည်။ စုမေ့မှာမူ မူလနေရာတွင်ပင် ရပ်နေဆဲ ဖြစ်၏။
ဟူး... ဟူး...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် လောကသည် ပုံမှန် ပြန်ဖြစ်သွား၏။ မန်နာလှိုင်းများမှ လျှင်မြန်စွာ ပြန်လည် ပြည့်ဝလာကာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ ဝေ့ဝူယင်ကို နှိပ်စက်ခဲ့သည့် လျှို့ဝှက် ဆန်းကြယ် အင်အားမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ထိုအခိုက်တွင်ပင် စုမေ့၏ မျက်လုံးများက ဖြည်းညင်းစွာဖြင့် ပွင့်ဟလာသည်။ ပထမဆုံး မြင်လိုက်ရသည်က သူမ၏ လက်များ ဖြစ်သည်။ ၎င်းတို့ကို စိုက်ကြည့်ရင်း ထူးဆန်းသော စွမ်းအားတစ်ခု ဖြတ်သန်း စီးဆင်းနေသလို ခံစားလိုက်ရသည်။
“ငါ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တာလား...”
သူမ အောက်ရှိ မြေပြင်ကို ငုံ့ကြည့်လိုက်ရာ ချင်းချင်းနီနေသည့် သွေးအိုင်တစ်ခုကို တွေ့လိုက်ရသည်။ နားမလည်စွာပင် သူမ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ထိုအခါ သူမ မျက်လုံးထဲဝင်လာသည်က လဲပြိုကျ မတတ် ယိမ်းယိုင်နေသော ခြေလှမ်းများနှင့် နီရဲသော သွေးများ ရွှဲနစ်နေသည့် ပုံရိပ်တစ်ခုပင်...။
“အရှင်ဝေ့...”
စုမေ့မှာ နှလုံးသားကို အပ်များနှင့် ထိုးသကဲ့သို့ နာကျင်စွာ ခံစားလိုက်ရ၏။ သူမ၏ ခြေရင်း ကြမ်းပြင်ရှိ သွေးများကား ဝေ့ဝူယင်ထံမှ စီးဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူမ ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိသွားကာ ဖေးမလိုက်သည်။
“ငါ အဆင်ပြေပါတယ်...”
ဝေ့ဝူယင်က အားနည်းစွာ ပြုံးလိုက်၏။ ထို့နောက်တွင် သူ၏ မျက်လုံးများက ဖြည်းညင်းစွာ ပိတ်သွားကာ စုမေ့၏ ပခုံးပေါ် မှီလိုက်သည်။ စိတ်များက ကြည်လင်နေသည့်တိုင် သူ အိပ်ချင်သည်။ သူ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ချင်နေသည်။ သူ၏ ညာဘက်လက်ပေါ်တွင်မူ အပြစ်သား တက်တူးမှာ အနီရင့်ရောင် အလင်းတန်းတို့ဖြင့် အဆက်မပြတ် တောက်ပနေခဲ့လေတော့၏။
ထိုအဖြစ်အပျက်က ကောင်းကင်ရှိ နတ်ဘုရား၊ နတ်ဆိုးနှင့် တန်ခိုးရှင်များကို တစ်ချိန်တစ်ခါတွင် အံ့အားသင့်စေလိမ့်မည် ဖြစ်ကြောင်းကိုတော့ သူ မသိခဲ့ချေ။ ကံကောင်းထောက်မစွာပင် စုမေ့မှာ သူ့ဘဝ၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေခဲ့ပေသည်။
...
ကပ်ဘေးပြီးဆုံးပြီး နောက်ရက်ပိုင်း အတွင်း၌ ဝေ့ဝူယင်သည် အိပ်ရာထက်တွင်ပင် လှဲလျောင်းရင်း အချိန် ကုန်ဆုံးခဲ့နေသည်။ သွေးထွက်လွန်ခြင်းနှင့် ထူးဆန်းသော အင်အားတို့၏ တိုက်ခိုက်မှုအောက်တွင် သူ အတော်လေး ဂျုံးဂျုံးကျ သွားခဲ့သည်။ တစ်ခုတည်းသော ကံကောင်းမှုကား စုမေ့၏ အနီးကပ် ပြုစု စောင့်ရှောက်မှုများကို ရရှိခြင်းပင် ဖြစ်၏။
နောက်ပိုင်း ပြန်လည် ပြောပြချက်များ အရဆိုလျှင် မိန်ကလေးမှာ ကပ်ဘေးအတွင်း ဘာဖြစ်သွားမှန်းပင် မသိလိုက် ဟု ဆိုသည်။ ထို့နေ့... ကပ်ဘေးအား ဆင့်ခေါ်ပြီးသည်နှင့် ချက်ချင်းပင် သူမ မသက်မသာ ခံစားချက် တစ်ခုကို ခံစားခဲ့ရသည်။ ထို့နောက် စက္ကန့်အနည်းငယ် အကြာတွင် သူမ အောင်မြင်သွားခဲ့သည်။ မည်သည့် သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးမှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိချေ။ သူမ၏ ဇာတိဝိညာဥ်မှာ လောလောဆယ် ကြယ်တာရာ ဝိညာဥ် အသွင် ပြောင်းလဲမှု ဖြစ်စဥ်အောက်တွင် ကျရောက်နေသည်။
ကြယ်တာရာ အမြုတေနှင့် လောကပင်လယ်တို့သည် သူမ၏ ထျန်းတျန် အတွင်း တည်ရှိနေကြပြီး တဖြည်းဖြည်း ပိုမို ခိုင်မာလာနေသည်။ သူမသည် မည်သည့် ကွာခြားချက်ကိုမှ မခံစားရသလို မည်သည့် ရည်ရွယ်ချက် အသစ်ကိုမှလည်း မွေးဖွားနိုင်ခဲ့ခြင်း မရှိချေ။ ထိုအဆင့်တက်မှုမှာ သတိပေးချက် တစ်စုံတစ်ရာပင် မရှိပဲ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် စိတ်ထဲမှသာ ပြုံးနေလိုက်၏။ စုမေ့ ဘာကိုမှ မမှတ်မိသည့်တိုင် သူကတော့ သူမအတွက် ထာဝရ ခြေချခြင်း ဆေးပြားကိုပင် သုံးခဲ့ရသည်။ ထို့အပြင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးလည်း ထိခိုက် ခံစားခဲ့ရသည်။ သို့သော်လည်း သူမ အဆင်ပြေနေသည်ကို မြင်ရတော့ သူ ကျေနပ်ပါသည်။
“အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားက ဘာဖြစ်မလဲ...”
ဝေ့ဝူယင် မသိချေ။ ၎င်းက ကောင်းကင်တာအိုနှင့် လုံးဝ မတူသည်ကတော့ သေချာသည်။ ဧဒင်နှင့် ခရာတိုတို့၏ အစွမ်းကုန် ကြိုးစား တားဆီးခဲ့မှုကြောင့်သာ မဟုတ်လျှင် သူ သေပင် သေသွားနိုင်သည်။ သို့တိုင်အောင် ထိုအရာက သူ၏ ကျင့်ကြံခြင်း အခြေခံကို များစွာ ထိခိုက်စေခဲ့သည်။ အုတ်မြစ်တစ်ခုလုံး ဖျက်ဆီးခံရလု နီးနီးပင်။
စုမေ့ ပြင်ဆင်ပေးသည့် စွပ်ပြုတ်ကို သောက်ပြီးသည့်နောက် ဝေ့ဝူယင် ခုတင်ထက်၌ လှဲလျောင်းရင်း မျက်နှာကျက်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏ စိတ်များက များစွာသော မေးခွန်းများဖြင့် ရှုပ်ထွေးနေခဲ့၏။ ထိုနေ့၌ စုမေ့သည် ထုထည် ပမာဏ ကြီးလှစွာသော မန်နာများကို စုပ်ယူခဲ့သည်။ အကျိုးသက်ရောက်မှု အနေဖြင့် သူမ၏ ခန္ဓာကိုယ် ချုပ်ရိုးများပင် ပြေလျော့ကာ အက်ကွဲလာခဲ့သည်။ သူမ ရင်ဆိုင်ခဲ့ရသော ကပ်ဘေးက သာမန်နှင့် လုံးဝ မတူသည်မှာ သေချာသည်။
သို့သော်လည်း ယခု စစ်ဆေးကြည့်ရသလောက် မိန်းကလေး၏ ကြယ်တာရာ အမြုတေက ပုံမှန်သာ ဖြစ်သည်။ သူမတွင် အမှောင်အလင်း ဆန်းကြယ် ကြယ်တာရာ ဝိညာဥ် ရှိသည်။ သူမ စုပ်ယူခဲ့သည့် မန်နာများမှာ မည်သို့ နေရာသို့ ရောက်ရှိသွားသနည်း။
ဝေ့ဝူယင် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုပ်လိုက်မိ၏။ ကျင့်ကြံခြင်း လောကမှာ အဆုံးမဲ့ကာ ကျယ်ပြန့်လွန်းလှသည်။ သူ ထိုလောက၏ အလွန့်အလွန် သေးငယ်လှသော အစွန်အဖျားတစ်နေရာကိုသာ ထိတွေ့မိသေးသလို ခံစားလိုက်ရသည်။ အနက်ရောင် အရိုးစုပြောသည့် သူတော်စင်တို့၏ အဆင့်ဆိုလျှင် မည်မျှ အထိ သန်မာမည်နည်း။
“ဘာပဲဖြစ်ဖြစ် ခြေတစ်လှမ်းချင်းစီပေါ့လေ...”
အဆုံးသတ်၌ သူ သက်ပြင်းသာ ချလိုက်၏။ ယခုအချိန်၌ စုမေ့ အဆင်ပြေနေသည်ကပင် သူ့အတွက် ကျေနပ်စရာ ဖြစ်ပေသည်။
“ဘုရင်... အိုရီ... မင်းတို့ အဆင်ပြေရဲ့လား...”
ဝေ့ဝူယင် မေးလိုက်၏။ ထိုကြယ်တာရာ ဝိညာဥ် နှစ်ခုမှာ စုမေ့၏ ကပ်ဘေး စတင်သည့် အချိန်ကတည်းက ယနေ့အထိ တိတ်ဆိတ်နေကြခြင်း ဖြစ်သည်။
“ကျွန်တော်... ကျွန်တော်တို့ မကူညီနိုင်ခဲ့ဘူး... ကျွန်တော် ကူညီချင်ခဲ့ပါတယ်... ကူညီချင်ခဲ့ပါတယ်”
အိုရီ၏ အသံက ဝမ်းနည်း ကြေကွဲမှုများဖြင့် တုန်ရီနေ၏။ ဝေ့ဝူယင် အံ့အားသင့်သွားသည်။ ကြယ်တာရာ ဝိညာဥ်များမှာလည်း ငိုကြွေးတတ်သည်လော။
“ကလန့်...”
ဘုရင်ကလည်း အသံတစ်ချက် ပြု၏။ အမြဲလိုလို မာနကြီးစွာ ပြုမူ နေထိုင်တတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ၎င်း၏ အသံက အိုရီကဲ့သို့ပင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
“မင်းတို့ အဆင်ပြေနေတာပဲ တော်လှပါပြီကွာ...”
ဝေ့ဝူယင် နှစ်သိမ့်လိုက်၏။ ဧဒင်၏ အဆိုအရဆိုလျှင် ထိုနေ့၌ လျှို့ဝှက်ဆန်းကြယ်သော အင်အားမှာ ထျန်းတျန် အတွင်းရှိ ဘုရင်နှင့် အိုရီတို့ထံသို့လည်း ကျူးကျော်ဝင်ရောက်ခဲ့သည်။ အကယ်၍ သူနှင့် ခရာတို့၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် ထိုကြယ်တာရာ ဝိညာဥ် နှစ်ခုမှာ ပေါက်ကွဲ ပျက်စီး၍ပင် သွားလောက်သည်ဟု ဆိုသည်။ ထိုနေ့ အဖြစ်အပျက်မှာ အပြစ်သား သွေးမျိုးဆက်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေမည်လားလည်း သူ မပြောတတ်ချေ။
ဝေ့ဝူယင် အမှတ်မထင် ညာဘက်လက်ရှိ တက်တူးကို ငုံ့ကြည့်လိုက်၏။
ကမ္မတန်ဖိုး ... ၁၄၃၂.၃
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး တားဆီးခြင်း... ၈ နှစ်
“ရှစ်နှစ်ပဲ ရှိတော့ပါလား...”
ယွမ်လုံရှိအား သတ်ဖြတ်လိုက်ခြင်းက ငရဲ၏ ဒုတိယ ကပ်ဘေးကို ရှေ့သို့ ခုန်ပေါက် တိုးသွားစေခဲ့သည်။ နောက်တစ်ကြိမ် ကောင်းချီးခံ တစ်ယောက်အား သတ်ဖြတ်မည် ဆိုလျှင် သူ အချိန် ချိန်ခွင်လျှာကို အရင်ဆုံး ညှိရလိမ့်မည် ဖြစ်သည်။
ထိုအခိုက်တွင်ပင် ရင်းနှီးနေသော နာကျင်မှု တစ်ခုမှာ စိတ်ထဲမှ နေ၍ လက်အထိ ပျံ့နှံ့သွား၏။ သူ၏ မျက်လုံးများက တောက်ပသွားသည်။
ကမ္မတန်ဖိုး ... ၁၄၃၂.၃ → ၁၃၅၆.၇
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး တားဆီးခြင်း... ၈ နှစ်
***