← Chapters

မဟာဂိုဏ်းကြီး လေးဂိုဏ်းပါဝင်လာခြင်း

Vol. 19 Ch. 262

မဟာဂိုဏ်းကြီး လေးဂိုဏ်းပါဝင်လာခြင်း

Vol. 19 Ch. 262

ဝေ့ဝူယင် ဒဏ်ရာများကို ပြန်လည် ကုသနေစဥ်အတွင်း၌ အင်အားစု သုံးခုသည် မဟာ ဝိညာဥ်ပြိုင်ပွဲတွင် အောင်မြင်မှုများ ရယူနိုင်ရန် အတွက် လူငယ် ပါရမီရှင်များကို ကြိုးစားကာ ပြုစု ပျိုးထောင်ပေး နေကြသည်။ သတင်းများက ဖုံးမရ၊ ဖိမရ ပျံ့နှံ့နေရာ အသူရာ နတ်ဆိုးတောင်တန်း၊ အထွတ်အမြတ် အလင်း နန်းတော်နှင့် စန်းမျိုးနွယ်တို့မှာလည်း ပြိုင်ပွဲအကြောင်းကို သိရှိသွားကြသည်။

ဝေ့ဝူယင်နှင့် အဂ္ဂိရတ် အစည်းအရုံးတို့ အကြားမှ လောင်းကြေးကိစ္စမှာ လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ရှိနေဆဲ ဖြစ်သည့်တိုင် အနိုင်ရရှိသူအား ချီးမြှင့်မည့် ဆုလာဘ် သုံးခုက အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည်။ ထို့အပြင် ယခုကဲ့သို့ ဂိုဏ်းကြီးများ၏ လူငယ်မျိုးဆက်များ အကြား ပြိုင်ပွဲများ မဖြစ်ပေါ်ခဲ့သည်မှာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။  ကြယ်တာရာ နယ်မြေ၏ နံပတ်တစ် ကုန်သွယ်ရေး အဖွဲ့ဖြစ်သည့် ရွှေဒင်္ဂါးနန်းတော်ဆိုလျှင် လောင်းကစားကြေးများကိုပင် ဖွင့်လှစ်ထား၏။

ရွှေဒင်္ဂါးနန်းတော်သည် အဂ္ဂိရတ် အစည်းအရုံး ကဲ့သို့ပင် စီးပွားရေး အခြေပြု အဖွဲ့အစည်းကြီး ဖြစ်ပြီး လက်နက်များ၊ အဂ္ဂိရတ် ထုတ်ကုန်များ၊ ဆေးဝါးများကို အဓိက ဝယ်ယူရောင်းချသည်။ မဟာဂိုဏ်းကြီး ငါးဂိုဏ်း ပြင်ပ၌ အဂ္ဂိရတ် အစည်းအရုံးကို အချမ်းသာဆုံး၊ လွှမ်းမိုးမှု အရှိဆုံးဟု ခေါင်းစဥ်တပ်မည် ဆိုလျှင် ရွှေဒင်္ဂါး နန်းတော်မှာ ဒုတိယ လိုက်ပေလိမ့်မည်။

မဟာဝိညာဥ် ပြိုင်ပွဲစတင်ရန် လေးလခန့် အလိုသို့ အရောက်၌ အချို့ အင်အားစုများမှာ ပြိုင်ပွဲသို့ သူတို့ပါ ဝင်ရောက်နိုင်မည်လော ဆက်သွယ်လာကြသည်။ သူတို့သည် ပြိုင်ပွဲ၌ အနိုင်ရ ဗိုလ်ဆွဲရန် မျှော်မှန်းမထားကြ‌သော်လည်း ကြီးကျယ် ခမ်းနားသော ပြိုင်ပွဲမျိုးကို ဝင်ရောက်ယှဥ်ပြိုင်စေခြင်းဖြင့် သူတို့၏ လူငယ်မျိုးဆက်များကို အတွေ့အကြုံ ရစေလိုသည်။

ဒြပ်စင်ကောင်းကင်နန်းတော်နှင့် အဂ္ဂိရတ် အစည်းအရုံးတို့မှာ သိပ်မလိုလား ကြသော်လည်း အနန္တဧကရာဇ်ဂိုဏ်းကို အပြည့်အဝ ဆုံးဖြတ်ခွင့် ပေးထားသည်။ မည်သို့ပင် ဆိုစေ... မဟာဝိညာဥ် စမ်းသပ်ပွဲမှာ အနန္တဧကရာဇ်ဂိုဏ်း ဦးဆောင် ကျင်းပသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည့်အပြင် ကျင်းပမည့် နေရာကလည်း သူတို့၏ ပိုင်နက် ကျွင်းနာဂြိုဟ်ပေါ်တွင် မဟုတ်ပါလား။

အံ့အားသင့်စွာပင် အနန္တဧကရာဇ်ဂိုဏ်းက မဟာ ဝိညာဥ် စမ်းသပ်ပွဲကို အသက် သုံးရာအောက် မည်သူမဆို လွတ်လပ်စွာ ပါဝင် ယှဥ်ပြိုင်နိုင်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း ဝင်ကြေးတော့ ပေးချေရလိမ့်မည် ဖြစ်သည်။

ကြယ်တာရာ အဆင့်တစ်များမှာ ကြယ်တာရာ ကျောက်တုံးတစ်တုံး ကျသင့်မည် ဖြစ်ကာ အဆင့်နှစ်များကတော့ သုံးတုံးဖြစ်သည်။ အဆင့်သုံးများက ဆယ်တုံးဖြစ်၏။ တစ်ချိန်တည်း၌ တစ်ခု သတိထားရမည်က ပြိုင်ပွဲဝင်များကို အသက်အန္တရာယ်ကို အာမခံ ပေးမထားခြင်းပင် ဖြစ်သည်။

ကြယ်တာရာ ကျောက်တုံးတစ်တုံးမှာ အဆင့်ခုနဟ် ကြယ်တာရာ တူးဖော်ခြင်း ဆေးတစ်လုံးနှင့် ညီမျှသည်။ ၎င်းမှာ ဝေ့ဝူယင် အတွက် အပျင်းပြေစားစရာ အဆင့် အနိမ့်ဆုံး ဆေးလုံးဖြစ်သည့်တိုင် သာမန် ကျင့်ကြံသူများ အတွက်မူ အလွန် များပြားလှသော ပမာဏ ဖြစ်သည်။ ကြယ်တာရာ ကျောက်တုံးများကို ဂြိုဟ်များထက်တွင်သာ ရရှိနိုင်ပြီး တစ်ခု ဖွဲ့စည်းရန် အတွက် ဆယ်စုနှင့်နှင့်ချီ စောင့်ရသည်။

သို့သော်လည်း ပြိုင်ပွဲ၌ ပထမဆု ရသူ တစ်ဦးတည်းကိုသာ ဆုချီးမြှင့်မည် ဖြစ်သည်။ အကယ်၍ သင် ကံကောင်းထောက်မ၍ ထိပ်ဆုံး သုံးယောက်စာရင်း ဝင်လျှင်ပင် ဝင်ကြေးအဖြစ် ပေးအပ်ထားသည့် ကြယ်တာရာ ကျောက်တုံးကို ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

အနန္တ ဧကရာဇ်ဂိုဏ်း၏ ကြေညာချက်က သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ပွက်လောရိုက် သွားစေခဲ့သည်။ အချို့က နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ကြကာ အချို့ကလည်း အနိုင်ရ ဗိုလ်ဆွဲရန် ယုံကြည်ချက် ရှိနေကြသည်။ သုံးလမြောက်၌ အထွတ်အမြတ် အလင်းနန်းတော်နှင့် အသူရာ နတ်ဆိုး တောင်ကြားတို့မှာ ပြိုင်ပွဲဝင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် သူတို့သည် ပထမဆု အတွက် အနန္တ ဧကရာဇ်ဂိုဏ်းနှင့် ဒြပ်စင် ကောင်းကင်နန်းတော်တို့ ထည့်ဝင်သည်ထက် မလျော့နည်းသည့် ဆုကြေးများကို ထည့်ဝင်မည် ဖြစ်သည်။

အထွတ်အမြတ် အလင်း နန်းတော်က အထွတ်အမြတ် အမတေ အရည်တစ်စက်ကို ကမ်းလှမ်း၏။ ၎င်းက ထျန်းတျန်နှင့် သွေးကြောများ၏ အရည်အသွေးကို တိုးမြှင့်ပေးနိုင်စွမ်း ရှိသည့် ရတနာ တစ်ပါး ဖြစ်ပြီး အဂ္ဂိရတ် ထုတ်ကုန်များကို ယခင်ကထက် ငါးဆ ပိုမို လျှင်မြန်စွာ စုပ်ယူနိုင်အာင် ကူညီပေးနိုင်စွမ်း ရှိသည်။ ဆိုလိုသည်က ငါးနှစ်ကြာ စုပ်ယူရမည့် ဆေးတစ်လုံးကို အထွတ်အမြတ် အမတေ အရည်တစ်စက်၏ အကူအညီဖြင့် ဆိုပါက တစ်နှစ် အတွင်း အပြည့်အဝ သန့်စင်နိုင်လိမ့်မည် ဖြစ်သည်။

အသူရာ နတ်ဆိုးတောင်တန်းကမူ ဒေါသမုန်တိုင်း သိမ်းငှက်ဥ တစ်လုံးဖြင့် ကမ်းလှမ်းသည်။ ဒေါသမုန်တိုင်း သိမ်းငှက်များမှာ ကြယ်အဆင့်သားရဲများ ဖြစ်ပြီး မည်သည့် အကူအညီကိုမှ မလိုအပ်ပဲ ကြယ်တာရာ အမြုတေ အဆင့်သုံးကို အလိုအလျောက် တက်လှမ်းနိင်စွမ်း ရှိသည်။ မှတ်တမ်းများ အရဆိုလျှင် ၎င်းတို့သည် အမြန်နှုန်းတွင် လောကသခင် အဆင့်၊ အချိန်သခင် အဆင့်များကိုပင် ယှဥ်နိင်သည်ဟု ဆိုသည်။

ဒေါသမုန်တိုင်း သိမ်းငှက်များမှာ ကောင်းကင် နတ်မြင်းပျံများထက်ပင် တစ်ဆင့်မြင့်သည့် သားရဲများ ဖြစ်သည်။ အသူရာ နတ်ဆိုးတောင်တန်း သခင်၊ မဟာ ဧကရာဇ် ဝူယု၊ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် အထွတ်အမြတ် အယ်ဗန် ဧကရီတို့မှာ တစ်ချိန်တစ်ခါက ထိုသိမ်းငှက်များကို သားရဲ အဖြစ် စီးနင်းခဲ့ဖူးသည်။ ဒဏ္ဍာရီ တစ်ခုက ဆိုလျှင် ဒေါသမုန်တိုင်း သိမ်းငှက် တစ်‌ကောင်မှာ ၎င်း၏ ခရမ်းရောင်လေ သွေးမျိုးဆက် စွမ်းအားကို သုံး၍ ဂြိုဟ်တစ်ခုကိုပင် ဖျက်ဆီးခဲ့ဖူးသည်ဟု ဆိုသည်။

...

ဒြပ်စင်ကောင်းကင်နန်းတော်၏ တပည့်ခြံဝန်း တစ်ခုထဲ၌...

ဝှစ်... ဝှစ်...

အနက်ရောင် ဆံပင်တိုတိုနှင့် မီးခိုးရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် လူငယ်လေး တစ်ယောက်သည် လှံဖြူတစ်စင်းကို ကိုင်ဆောင်ကာ လေအလျင် ကဲ့သို့ ရွေ့လျားနေသည်။ သူသည် သိုင်းလေ့ကျင့်နေခြင်း ဖြစ်ပြီး ဒြပ်စင်ကိုးခု ရောင်စဥ် အလင်းတန်းများမှာ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဖြာထွက်နေသည်။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက ထိုအလင်းတန်းများမှာ သူ့မျက်ခုံး နှစ်ခုကြားရှိ အမှတ်အသားမှ စိမ့်ထွက်နေခြင်း ဖြစ်ကြောင်း တွေ့ရလိမ့်မည် ဖြစ်သည်။

“ဝှစ်...”

သူက တိခနဲ ရပ်တန့်လိုက်ရာ အာကာသ လေဟာနယ်မှာ လှုပ်ခါသွား၏။ သူ့နဖူးထက်တွင်မူ ပုတီးစေ့ အရွယ်အစားမျှ ရှိသည့် ချွေးသီးချွေးပေါက်များ ရှိနေချေသည်။ သူက ခါးကို မတ်ကာ ခန္ဓာကိုယ်ကို ပြန်လည် ဆန့်တန်းရင်း လှံတစ်စင်းကဲ့သို့ ရပ်လိုက်၏။

လူငယ်လေးနှင့် မလှမ်းမကမ်း တစ်နေရာတွင်မူ သွေးနီရောင် ဆံပင်များနှင့် မိန်းကလေး တစ်ယောက် ရှိနေသည်။ သူမသည် မျက်နှာကို ဇာပုဝါ တစ်ခုဖြင့် ဖုံးကွယ်ထား၏။

“နင် မဟာဝိညာဥ် စမ်းသပ်ပွဲကို ဝင်ပြိုင်မှာလား...”

မိန်းကလေးက လူငယ်လေး အနားသို့ လျှောက်လာရင်း မေးလိုက်သည်။

“ဟူး...”

လူငယ်လေးက ချက်ချင်း ပြန်မဖြေသေးပဲ ခေါင်းကို မော့ကာ လတ်ဆတ်သောလေများကို တဝကြီး ရှူသွင်းလိုက်သည်။ ထို့နောက်တွင်မှ သူက မိန်းကလေးဘက်သို့ လှည့်ကာ ဖော်ရွေစွာ ပြုံးပြလိုက်၏။

“ကျုပ် ဘာလို့ ဝင်ပြိုင်ရမှာလဲ... ဆရာက ကျုပ်အတွက် ရင်းမြစ်တွေ လုံလုံလောက်လာက် ချန်ထားခဲ့တာပဲ မဟုတ်ဘူးလား... စီနီယာ အမ”

မိန်းကလေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ဆရာက နင့်ကို တရားဝင် အသိအမှတ် ပြုသေးတာ မဟုတ်ဘူး... ဒါကြောင့် နင် သူ့ကို ဆရာလို့ ခေါ်လို့ မရသေးဘူး... နောက်ပြီး ငါကလည်း နင့်ရဲ့ စီနီယာ အမ မဟုတ်ဘူး”

လူငယ်လေးက ဘာကို သဘောကျသွားသည် မသိ။ သွားဖြူဖြူများ ပေါ်သည် အထိ ရယ်မောလိုက်၏။ ထို့နောက်တွင်မှ သူက မိန်းကလေး၏ မျက်နှာကို တည့်တည့် ကြည့်လိုက်သည်။

“အဆင့်မြင့် ဒြပ်စင်သုံးခုနဲ့ သက်ဆိုင်တဲ့ ရည်ရွယ်ချက် သုံးမျိုးကို ကျုပ် မွေးဖွားပြီးပြီ... မူလ ဒြပ်စင်ရည်ရွယ်ချက်ကိုလည်း အောင်မြင်ပြီးပြီ... နောက်ပြီး တိုကင် အတွက် အပိုင်းအစ သုံးမျိုးကို ကျုပ် ရရှိပြီးပြီ... အော်ရစ်ပင်လယ် ဂိတ်တံခါးထဲမှာ ရှိတဲ့ ဟာတွေကို ယူဖို့ပဲ ကျန်တော့တယ်... မဝေးတော့တဲ့ အနာဂတ်မှာ ကျုပ် ခင်ဗျားရဲ့ ဂျူနီယာ မောင်လေး ဖြစ်လာမှာပါ... အဲဒီ အခါကျ ခင်ဗျား ကျုပ်ကို ဂရုစိုက်ရလိမ့်မယ်”

သွေးရောင် ဆံပင်ပိုင်ရှင် မိန်းကလေးက ခေါင်းခါလိုက်၏။

“လင်းမင်... နင် စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ ရှိသေးတယ်နော်... ဆရာ့ရဲ့ ကျင့်ကြံခြင်း အဆင့်က သာမန် မဟုတ်ဘူး... နောက်ပြီး တိုကင်အတွက် အပိုင်းအစတွေ ရယူနိုင်ရုံနဲ့ ဂိတ်တံခါးကို ဖွင့်လှစ်နိုင်ဖို့ မလွယ်ကူသေးဘူးနော်... အဲဒါက အရမ်း အန္တရာယ်များတယ်... နောက်ပြီး အဲဒီကိစ္စ အတွက် ငါ ကူညီလို့ မရဘူး... နင့်ဘာသာနင် လုပ်ရမှာ”

သူမ၏ လေသံက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ လင်းမင်ဟု ခေါ်သော လူငယ်လေး၏ မျက်နှာထက်တွင် လေးနက်မှုများ ပေါ်လာခဲ့၏။ တစ်ခါတစ်ရံ၌ ယုံကြည်ချက်လွန်ကဲခြင်းမှာ ကျဆုံးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သူ သိရှိပြီး ဖြစ်သည်။

“ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ”

လူငယ်လေး၏ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို ကြည့်ကာ သွေးနီရောင် ဆံပင်ပိုင်ရှင် မိန်းကလေမှာ စိတ်သက်ရာ ရသွားသည်။ အမှန်မတိုင်း ဝန်ခံရလျှင် ဘာမှ မရှိသည့် ဘဝမှ စတင်၍ ကြိုးစားခဲ့သော ထိုလူငယ်လေးကို သူမ ယုံကြည်သည်။ သူမ၏ အမြင်အရ လင်းမင်မှာ လူအိုကြီး၏ တပည့်ဖြစ်ရန် လုံးဝ ထိုက်တန်ပေသည်။

မိန်းကလေးက ခေါင်းတစ်ချက် ညိတ်ရင်း ပြောလိုက်၏။

“မဟာ ဝိညာဥ် စမ်းသပ်ပွဲကို နင်ဝင်ပြိုင်သင့်တယ်”

“ဘာလို့လဲ... အဲဒီ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားတာ ရှိလို့လား...”

လင်းမင်က မျက်မှောင်ကြုတ်လိုက်၏။ ထိုပြိုင်ပွဲအကြောင်း သူမ အဘယ်ကြောင့် နှစ်တိတိ ပြောခဲ့သည်ကို သူ စိတ်ဝင်စားမိသည်။ ပြောရလျှင်... သူ့တွင် ကျင့်ကြံခြင်း ရင်းမြစ်များ မလိုချေ။ လုံလုံလောက်လောက် ရှိပြီး ဖြစ်သည်။ သူ့အတွက် လိုအပ်သမျှက တိုကင်အတွက် အပိုင်းအစများ လုံလောက်အောင် စုကာ စမ်းသပ်မှုကို ဖြတ်ကျော်ရန်သာ ဖြစ်ပေသည်။

“ဂိတ်တံခါးကို ဒီဂိုဏ်းခွဲနဲ့ အနန္တ ဧကရာဇ်ဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းက ရှာတွေ့ထားတာ... သူတို့က အဲဒီ ဂိတ်တံခါးထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မှီတဲ့ လူတွေကို မဟာ ဝိညာဥ် စမ်းသပ်ပွဲမှာ ရွေးချယ်လိမ့်မယ်... အဲဒီပွဲကို ဝင်မပြိုင်ရင် နင် ဂိတ်တံခါးထဲ ဘယ်လိုဝင်မှာလဲ... နောက်ပြီး အနိုင်ရတဲ့ လူကို ပေးမယ့် ဆုကြေးကလည်း သိပ်မဆိုးဘူး... ငါလာခဲ့တဲ့ နေရာမှာတောင် အဆင့်ရှစ် အာကာသ ဝိညာဥ်ဆေး တစ်လုံး ရဖို့ မလွယ်လှဘူး..”

လူငယ်လေးမှာ စဥ်းစားနေဟန် ရ၏။ သူသည် ဤသုံးလွှာ ကြယ်တာရာ နယ်မြေကို မဟာတာအို လမ်းစဥ် အတွက် ခြေနင်းတုံးတစ်ခု အဖြစ်သာ ယူဆထားခဲ့ခြင်း ဖြစ်သည်။ သူသည် ဤနေရာရှိ အသက် သုံးရာအောက် ကျင့်ကြံသူများကို ပြိုင်ဘက်အဖြစ် သူ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးချေ။ သို့သော်လည်း ကြည့်ရသည်က ပြိုင်ပွဲကို သူ မဖြစ်မနေ ဝင်ပြိုင်ရတော့မည့်ပုံ ပေါ်သည်။

“အပျင်းပြေ ဝင်ပြိုင်ပြီး ပထမဆုကို ယူရတာပေါ့လေ...”

သူက ကိုယ့်ကိုယ်ကို ကတိပေးလိုက်လေ၏။

...

မဟာ ဝိညာဥ် စမ်းသပ်ပွဲ စတင်ရန် တစ်ရက်အလို...

သွေးရောင် မျက်လုံး၊ ငွေရောင် ဆံပင်များနှင့် အလွန် ချောမောသည့် ခြေဗလာ ရှို့ရန် တစ်ယောက်သည် ထို့ပိဟန်၏ ကောင်းကင်နန်းတော် တစ်နေရာတွင် ရပ်နေခဲ့သည်။ သူသည် ပျင်းရိသော အမူအရာဖြင့် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေဟန် ရ၏။

သူ၏ အရှေ့တွင်မူ အင်္ကျီ ကိုယ်ပြောင်ဖြင့် ဒိုက်ထိုးနေသည့် ပုံရိပ်တစ်ခု ရှိသည်။ သူသည် ကျောထက်တွင် အဝိုင်းပုံသဏ္ဌာန် ကျောက်စိမ်းတုံး တစ်တုံးကို ထမ်းပိုးထား၏။ ထိုကျောက်စိမ်းတုံးမှာ အရွယ်အစားအားဖြင့် လက်မ အနည်းငယ်ခန့်သာ ရှိသည့်တိုင် တောင်တစ်တောင်၏ အလေးချိန်မျိုးကို ပိုင်ဆိုင် ထားပေသည်။

ဟူး...

တစ်နာရီခန့် ကြာမြင့်ပြီးနောက်... ဝေ့ဝူယင် ဒိုက်ထိုးခြင်း အမှုကို ရပ်နားကာ အသက် ပြင်းပြင်း ရှူလိုက်၏။ ချွေးသီးချွေးပေါက်များက သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် စိုရွှဲနေသည်။

အသက်ရှူသံများ တည်ငြိမ်သွားသော အခါတွင်မှ သူက မတ်တပ်ရပ်ကာ သန့်စင်သော ပုဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာပင် ခန္ဓာကိုယ်ထက်ရှိ ချွေးများကို စတင် သုတ်ကာ သန့်စင်လိုက်၏။

“မင်း ကျင့်ကြံတာ ‌အောင်မြင်သွားပြီလား... ကျူးဟိုင်...”

သူက ငွေ‌ရောင် ဆံပင်များနှင့် ပုံရိပ်ကို လှည့်မကြည့်ပဲ မေးလိုက်လေသည်။

***

All Chapters