← Chapters

ဝင်ရောက်ခြင်း

Vol. 19 Ch. 263

ဝင်ရောက်ခြင်း

Vol. 19 Ch. 263

“ဟုတ်တယ် သခင်... ကျုပ် ဝိညာဥ် စီရင်မှု ကိုးမျိုး ကပ်ဘေးကို ကျော်ဖြတ်ပြီးပြီ”

ကျူးဟိုင်က ပြန်ဖြေလိုက်၏။

“သွေးပန်းပဲဖို လျှို့ဝှက် နည်းလမ်းရော...”

ဝေ့ဝူယင်က ပုဝါကို ပြန်သိမ်းကာ အနန္တဧကရာဇ်ဂိုဏ်း ကောင်းကင်ဧကရာဇ် ဝတ်ရုံကို ထုတ်ယူလိုက်သည်။ ထို့နောက် ကျူးဟိုင်၏ အရှေ့တွင်ပင် ဘောင်းဘီကို ချွတ်ကာ ထိုဝတ်ရုံကို ဝတ်ဆင်လိုက်၏။

“အဲဒီ နည်းလမ်းက ကျုပ် ဘဝတစ်လျှောက်လုံး ကျင့်ကြံဖူးသမျှထဲမှာ အကောင်းဆုံး အဆင့်အမြင့်ဆုံး နည်းလမ်း တစ်ခုပဲ... ပထမ အဆင့်မှာပဲ ရှိနေသေးတာ‌တောင် ကျုပ်ရဲ့ သွေးမျိုးဆက် စွမ်းအားတွေက ပိုသန့်စင်ပြီး ပိုအစွမ်းထက်လာနေပြီ”

ကျူးဟိုင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ သွေးပန်းပဲဖို လျှို့ဝှက် နည်းလမ်းမှာသွေးမျိုးဆက် စွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်း ရှိရာ ရှို့ရန်မျိုးနွယ်များ အတွက် အထူး သင့်တော်သည်။ သူတို့သည် ထိုနည်းလမ်း၏ အကူအညီဖြင့် ဘိုးဘေးများ၏ သွေးမျိုးဆက် စွမ်းအား အပြည့်အဝကို ပြန်လည် ဖော်ထုတ်နိုင်သည်။

ထို့အပြင် ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာကိုလည်း မွမ်းမံပေးနိုင်စွမ်း ရှိသည်။ တစ်ခါတုန်းက ယွမ်လုံရှီသည် ထိုနည်းလမ်းဖြင့်ပင် သေမျိုး ဒဏ္ဍာရီ အမှတ်အသားကို မြှင့်တင်ကာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ နံပတ်တစ် ပါရမီရှင် အဖြစ် ရပ်တည်ခဲ့ဖူးသည်။

အဝတ်အစား လဲလှယ်ပြီးနောက်ဆုံးမှ ဝေ့ဝူယင်မှာ ကျူးဟိုင်ဘက်သို့ လှည့်လာခဲ့၏။

“အားလုံး ပြင်ဆင်ပြီးပြီလား...”

ကျူးဟိုင်က ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်... သွားကြစို့...”

ဝေ့ဝူယင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အပြင်သို့ ဦးတည်လိုက်လေ၏။ မကြာခင်မှာပင် သူတို့ နှစ်ယောက် ထို့ပိဟန်၏ ကောင်းကင် နန်းတော် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ ကောင်းကင် နတ်မြင်းပျံ တစ်ကောင် ရှိနေခဲ့၏။

“ရှောင်ပိုင်တစ်ယောက်တော့ ဘယ်လိုနေတယ် မသိဘူး...”

ဝေ့ဝူယင် တွေးလိုက်မိ၏။ သူ အနန္တကုန်းမြေတိုက်ကြီးကို မထင်မှတ်ပဲ ပြန်လည် ရောက်ရှိလာချိန်၌ ရှောင်ပိုင်မှာ သွေးပန်းပဲ ကုန်းမြေတိုက်ကြီးတွင်ပင် ရွှယ်ရီဖေးနှင့် အတူ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။ ဤကောင်းကင် နတ်မြင်းပျံမှာ သူ့ကိုယ်ပိုင် မဟုတ်ပဲ ဂိုဏ်းမှာ သူ့ကို ယာယီအဖြစ်သာ ငှားယမ်းထားခဲ့ခြင်း ဖြစ်သည်။

“သခင်...”

ရုတ်တရက် ထွက်ပေါ်လာသည့် ကျူးဟိုင်၏ အသံကြောင့် ဝေ့ဝူယင်၏ အတွေးစများမှာ တိခနဲ ပြတ်တောက်ပသွားသည်။

“ဟမ်...”

သူက လှည့်ကြည့်လိုက်သည်။

“သခင် ဝင်ပြိုင်မှာလား..”

ကျူးဟိုင်၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တလက်လက် တောက်ပနေ၏။ ဝေ့ဝူယင်မှာ တိုက်ခိုက်ရေး စွမ်းရည် အလွန် မြင့်မားကာ ကြယ်တာရာ အမြုတေ အဆင့်တစ်ဖြင့်ပင် ဝိညာဥ် ဆင်းတုများနှင့် ယှဥ်နိုင်ခဲ့သူ ဖြစ်သည်။ ယခု၌ သူသည် ကြယ်တာရာ အမြုတေ အဆင့်နှစ် ကောင်းကင် အုပ်စိုးသူ တစ်‌ယောက် ဖြစ်နေခဲ့ချေပြီ ဖြစ်သည်။

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။ ပထမ၌ သူသည် မဟာဝိညာဥ် စမ်းသပ်ပွဲကို အာဏာရှင်များ အတွက် လေ့ကျင့်ရေး ကွင်းတစ်ခု ဖြစ်လာရန်သာ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း စုမေ့၏ အဖြစ်အပျက် အပြီးတွင် သူ စိတ်ကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ ထူးဆန်းသော အင်အား၏ တိုက်ခိုက်မှု အောက်တွင် သူ၏ အသိစိတ်ပင်လယ်မှာ အပြည့်အဝ ပြန်လည် ကောင်းမွန်ရန် အချိန်ယူနေရဆဲ ဖြစ်ပြီး ခရာတို၏ စွမ်းရည်အချို့မှာလည်း ချိတ်ပိတ်ခံထားရသည်။ ထိုအရာက အလွန်သေးငယ်သည့် အားနည်းချက်လေးများသာ ဖြစ်သည့်တိုင် အားနည်းချက်က အားနည်းချက်သာ ဖြစ်သည်။

ငရဲ၏ ဒုတိယမြောက် ကပ်ဘေးမှာ အလွန် နီးကပ်နေပြီ ဖြစ်သည်။ အကယ်၍ တိုက်ခိုက်ရန် တစ်စုံတစ်ရာ လိုအပ်လာပါက သူ ခရာတိုထက် ဘုရင်နှင့် အိုရီတို့ အပေါ်တွင်သာ အဓိက အားထားရတော့မည် ဖြစ်သည်။ မဟာ ဝိညာဥ်စမ်းသပ်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ထိုကြယ်တာရာ ဝိညာဥ်နှစ်ခုမှာ စွမ်းရည်များကို လေ့ကျင့်ပြီးသား ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ငါဝင်ပြိုင်မယ်...”

ဝေ့ဝူယင်က ဖြေလိုက်၏။ ကျူးဟိုင်မှာ အနည်းငယ် အံ့သြသွား၏။ သူသည် ဝေ့ဝူယင် ဝင်မပြိုင်လောက်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

စစ်ပွဲ ရည်ရွယ်ချက်နှင့် သွေးနီရောင် အလင်းတန်းမှာ သူ့မျက်လုံးများထဲတွင် ဖျပ်ခနဲ တောက်ပသွား၏။ သူသည် ဝေ့ဝူယင်နှင့် တိုက်ခိုက်နိုင်ရန် နှလုံးသားထဲမှ မျှော်လင့်နေသည်။

ဝေ့ဝူယင်က သူ့ကို လက်သည်းနှင့် အစွယ်များ ဖြစ်လာရန် တောင်းဆိုခဲ့သည်။ သို့သော်... လက်သည်းနှင့် အစွယ်များမှာ ခန္ဓာကိုယ်ထက် ပိုအစွမ်းမထက်လျှင် ဘာအသုံးဝင်လိမ့်မည်နည်း။ ကျူးဟိုင်သည် သူ့ကိုယ်သူ ထိုက်တန်သော လက်သည်းနှင့် အစွယ်များ ဖြစ်ကြောင်း သက်သေပြလိုသည်။

ဝေ့ဝူယင်မှာ ကျူးဟိုင်၏ ပြင်းပြသော ဆန္ဒကို ခံစားမိရာ ဖြူရော်စွာသာ ပြုံးလိုက်မိ၏။ မကြာခင်မှာပင် နေရာကူးပြောင်းခြင်း ဂိတ်တံခါး တည်ရှိရာ ဧကရာဇ် တောင်ထွတ် ပထမ အလွှာသို့ သူတို့ ရောက်ရှိလာသည်။ ထိုနေရာ၌  ပြိုင်ပွဲဝင်မည့် များစွာသော လူငယ်များမှာ ရောက်ရှိလာကာ စုစည်းကြပြီး ဖြစ်၏။

ဟူး... ဟူး...

ဝေ့ဝူယင်နှင့် ကျူးဟိုင်တို့မှာ အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ကာ မြေပြင်ထက်သို့ ဆင်းသက်လာကြ၏။ လူငယ်အများစု၏ မျက်နှာထက်၌ လေးစားသော အမူအရာများ ရှိနေစဥ်တွင် ကောင်းကင် နိုဘယ်အချို့နှင့် ကောင်းကင် ဧကရာဇ်များကမူ ပြိုင်ဆိုင်လိုသည့် အကြည့်များကို ဆွဲကိုင်ထားကြသည်။

ဟူး... ဟူး...

မိန်းမငယ် နှစ်ယောက်မှာ ဝေ့ဝူယင်တို့ကို သတိထားမိသည်နှင့် ချက်ချင်းပင် ပျံသန်းလာကြ၏။ စုမေ့နှင့် ဟုန်ချွင်းဟွာတို့ပင် ဖြစ်လေသည်။

“နင်က...”

စုမေ့အား ကြည့်ရင်း ကျူးဟိုင်၏ မျက်လုံးများက အံအားမှုများဖြင့် ပြည့်နှက်သွား၏။ ထိုမိန်းကလေးမှာ ကြယ်တာရာ အင်အားကို မသုံးပဲ ပျံသန်းလာခြင်း ဖြစ်သည်။ ထိုအရာက ကောင်းကင် အုပ်စိုးသူများ၏ လက္ခဏာ တစ်ရပ်ပင်။

ဝေ့ဝူယင်မှာမူ ကျူးဟိုင်လောက် အံ့အားသင့်ခြင်း မရှိချေ။ ချီပျစ်ခဲခြင်း အဆင့်မှာ ရှိကတည်းက စုမေ့၏ မန်နာ အပေါ် နားလည်မှုမှာ ကြယ်တာရာ အမြုတေ အဆင့်နှစ်များနှင့် ယှဥ်နိုင်နေခဲ့ပြီ ဖြစ်သည်။ သူပေးအပ်ထားသည့် ရင်းမြစ်များဖြင့် အကူအညီဖြင့် ခြောက်လအတွင်း အဆင့်ထပ်တက်နိုင်ခြင်းမှာ မထူးဆန်းလှချေ။

“အရှင်ဝေ့...”

စုမေ့နှင့် ဟုန်ချွင်းဟွာတို့က ဝေ့ဝူယင် ဘေးနားသို့ ဆင်းသက်လာကာ နှုတ်ဆက်လိုက်ကြ၏။ သူ ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့ ဘာမှ ထွေထွေထူးထူး သိပ်မပြောကြပဲ မဟာ အင်ပါယာ သူတော်စင်များ ရောက်ရှိလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်ကြတော့သည်.

ဝေ့ဝူယင်မှာ ကောင်းကင် ဧကရာဇ် တစ်ယောက်သာ ဖြစ်သော်လည်း ဂိုဏ်းအတွင်း အလွန် မြင့်မားသည့် အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် အခြားလူများ၏ အာရုံစူးစိုက်မှုကို ရှောင်လွှဲရန် ခက်ခဲလှသည်။

ရောက်ရှိပြီး မကြာခင်မှာပင် နာမည်ကျော်ကြားသည့် အကြီးအကဲပိုင်း အချို့မှာ ဝေ့ဝူယင် အနားသို့ ရောက်ရှိလာကာ ဖော်ဖော်ရွေရွေဖြင့် မိတ်ဆက်စကားများ ပြောဆိုလာကြသည်။ ဝေ့ဝူယင်မှာလည်း စကားပြောကောင်းသူ တစ်ယောက်ဖြစ်ရာ တစ်ခဏအတွင်းမှာပင် သူတို့နှင့် ပွဲကျသွား၏။ သူ့နံဘေးရှိ လူအုပ်က တဖြည်းဖြည်း ကြီးထွားလာရာ ကျူးဟိုင်၊ စုမေ့နှင့် ဟုန်ချူးဟွာတို့ပင် နောက်သို့ ဆုတ်ပေးလိုက်ကြရသည်။

လူငယ်အုပ်စု၏ တစ်နေရာ၌ လုံချန်မှာ ရှိနေခဲ့သည်။ သူ၏ မျက်လုံးများက ဝေ့ဝူယင် နံဘေးတွင် ဝိုင်းအုံနေသည့် လူအုပ်ကြီးကို ကြည့်ကာ ရွံရှာ စက်ဆုပ်နေဟန် ရသည်။

“အရှက်မဲ့လိုက်တဲ့ လူအိုကြီးတွေ...”

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ မည်မျှပင် ကျင့်ကြံခြင်း အဆင့်မြင့်မားသည် ဆိုစေ... သူ့အတွက်တော့ ထိုအကြီးအကဲများမှာ ကိုယ့်သားမြေး အရွယ် ကလေး တစ်ယောက်ထံတွင် အကျိုးအမြတ် ရှာရန် ဖားယားနေရသည့် သူ့အန္တများ သာသာပင်။

“သူတို့ရဲ့ လုပ်ရပ်က အရှက်မဲ့တယ် ဆိုပေမဲ့ ဝေ့ဝူယင်က သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ဆိုတာ မမေ့နဲ့ဦးလေ”

လက်စွပ်ထဲရှိ ဝူယုက မှတ်ချက်ချလိုက်၏။ လုံချန်က ဘာမှပြန်မပြောသော်လည်း သိပ်လက်မခံနိုင်ပုံဖြင့် မျက်မှောင်ကြုတ် လိုက်သည်။

ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်တော့ရော ဘာအရေးနည်း။ ကျင့်ကြံခြင်း လမ်းစဥ်၌ တိုက်ခိုက်ရေး စွမ်းအားကသာ အရာရာ ဖြစ်သည်။ အချိန်တန်လျှင် အဂ္ဂိရတ် လမ်းစဥ်မှာ တိုက်ခိုက်ရေး တာအို၏ အရှေ့၌ ဒူးထောက်ရစမြဲသာ ဖြစ်သည်။

ဝူယုမှာ လုံချန်၏ အတွေးကို ရိပ်မိရာ သက်ပြင်းတစ်ချက် ချလိုက်၏။

“ကျင့်ကြံခြင်းက ဘယ်လောက်ခက်ခဲတယ် ဆိုတာ မင်းနားမလည်ပါဘူး... မင်းရဲ့ လမ်းကြောင်း တစ်လျှောက်မှာ အခက်အခဲတွေ၊ စိန်ခေါ်မှု၊ စစ်ပွဲတွေ၊ သေခြင်းရှင်ခြင်းတွေ အများကြီး ကြုံတွေ့ခဲ့ရတယ် ဆိုပေမဲ့ အဲဒါက ကျင့်ကြံခြင်း မဟုတ်ဘူး... ကျင့်ကြံခြင်းက ယူဆောင်လာတဲ့ အရာတွေပဲ ဖြစ်တယ်... ကျင့်ကြံခြင်း သက်သက်က ငြိမ်းချမ်းတယ်... တိတ်ဆိတ်တယ်... နူးညံ့သိမ်မွေ့တယ်”

“ငါငယ်ငယ်တုန်းကပေါ့... ငါဟာ ကျင့်ကြံပြီး သိပ်မကြာခင်မှာပဲ ရွယ်တူ လူငယ်တွေကြားမှာ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာခဲ့တယ်... နှစ်နည်းနည်းလောက် အကြာမှာ ငါထက် အသက်ငါးဆလောက် ပိုကြီးတဲ့ စီနီယာတွေကိုတောင် ငါ အနိုင်ယူနိုင်ခဲ့တယ်...”

“ငါ နေ့တိုင်း အကန့်အသတ်ထိ ရောက်အောင် လေ့ကျင့်ခဲ့တယ်... မဟာတာအို နောက်ကို လိုက်ဖို့အတွက် မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့တယ်... ငါ့ကိုယ်ငါ အရမ်းကို ဂုဏ်ယူခဲ့ရတယ်... ဒါပေမဲ့ နောက်ဆုံး ဘာဖြစ်ခဲ့လဲ သိလား... ငါ့ထက် အသက် ဆယ်ဆ‌လောက် ငယ်တဲ့ ထာဝရ ဧကရာဇ်ရဲ့ အစေခံ တစ်ယောက်ရဲ့ လက်တစ်ချောင်းတည်းနဲ့ အနိုင်ယူတာကို ခံခဲ့ရတယ်”

“ဘယ်လို...”

လုံချန်၏ နှလုံးခုန်သံက ကျယ်လောင်သွား၏။ သူ မယုံကြည်နိုင်ချေ။ ထိုအချိန်တွင်ပင် ဝူယုက စကားဆက်လိုက်သည်။

“ကံ‌ကောင်းထောက်မစွာနဲ့ ငါ သူ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို  တည်ဆောက်နိုင်ခဲ့တယ်... သူက ငါတစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ရင်းမြစ်တွေနဲ့ ကူညီပေးခဲ့ပြီး ပါရမီထက် ကျော်လွန်ခဲ့ အကန့်အသတ်တွေအထိ ငါ့ကို ရောက်စေခဲ့တယ်... တကယ်လို့ ငါနဲ့သာ မဆုံတွေ့ခဲ့ဘူး ဆိုရင် ငါ လောကသခင် အဆင့်ကိုတောင် ရောက်ခဲ့မှာ မဟုတ်ဘူး... ငါ့အပြင် အခြား ခြောက်ယောက်ဟာလည်း သူ့ရဲ့ ဦးစားပေးမှုကို ရရှိခဲ့ပြီး ကံကြမ္မာတွေကို ပြောင်းလဲနိုင်ခဲ့ကြတယ်”

"သူ့ရဲ့ အထောက်အပံ့နဲ့ အတူ ငါတို့ဟာ တစ်ခါမှ မကြားဖူးတဲ့ အဆင့်တွေ အထိ ထိတွေ့နိုင်ခဲ့တယ်... တစ်ခါမှ အိပ်မက် မမက်ဖူးတဲ့ နတ်ဘုရားလို စွမ်းအားတွေကို ပိုင်ဆိုင်လာခဲ့တယ်... ကုန်းမြေတိုက်ကြီးတွေကို ဖန်တီးပြီး ဂြိုဟ်တွေကိုပါ တည်ထောင်နိုင်စွမ်း ရှိလာခဲ့တယ်... အမှောင် အာကာသကိုတောင် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်စွမ်း ရှိလာတယ်... သူ ရှိနေသမျှ ကာလပတ်လုံး ငါတို့ တစ်ခါမှတောင် မတိုက်ခိုက်ခဲ့ကြဘူး... ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျင့်ကြံခဲ့ကြတယ်... သူ ထွက်သွားပြီးတဲ့ အခါကျမှ...”

သူက စကားကို ရပ်လိုက်၏။ သို့သော်လည်း အဓိပ္ပာယ်က ရှင်းလင်းပေသည်။ ထာဝရ ဧကရာဇ်၏ ခေတ်သည် လုံးဝ ငြိမ်းချမ်းသည့် ခေတ်တစ်ခု ဖြစ်ခဲ့သည်။ ထိုခေတ်၌ ရန်လိုမှုများ မရှိ၊ ပိုင်နက် သိမ်းပိုက်မှုများ မရှိ၊ စစ်ပွဲကြောင့် သေဆုံးခြင်းများ မရှိ။ လူတိုင်းသည် သန့်စင်သော ကျင့်ကြံခြင်း တစ်ခုတည်း အပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ သူ ထွက်ခွာသွားပြီးနောက်မှသာ အရာအားလုံးက စတင်လာခဲ့ခြင်း ဖြစ်ပေသည်။

လုံချန် ပြုံးရွှင်စွာ စကားပြောနေသည့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်မိ၏။ သူ အံကြိတ်ရင်း လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

“မင်းရဲ့ အကူအညီ မပါလည်း အောင်မြင်နိုင်တယ် ဆိုတာကို ငါ သက်သေပြမယ်”

***

All Chapters