စမ်းသပ်မှု သုံးမျိုး
Vol. 19 Ch. 264
"နင် အဆင်ပြေရဲ့လား…"
နူးညံ့ညင်သာသည့် အသံလေး တစ်ခုမှာ နံဘေးမှ ထွက်ပေါ်လာ၏။ လုံချန် အတွေးစများကို ဖြတ်တောက်လိုက်ရင်း လှပသည့် ပုံရိပ်လေးဘက်သို့ လှည့်လိုက်သည်။ သူမ၏ နီလာရောင် မျက်ဝန်းတို့က ငြိမ်းချမ်းမှု အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေကာ ဒေါသထွက်နေသူ တစ်ယောက်ကိုပင် တည်ငြိမ်သွားအောင် စွမ်းဆောင်နိုင်စွမ်း ရှိသည်။
ထိုမိန်းကလေးကား လျဲ့ယုပင် ဖြစ်လေ၏။ သူမသည် လွန်ခဲ့သည့် တစ်နှစ်က ကဲ့သို့ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်တော့ချေ။ ခိုင်မာသော ကျင့်ကြံခြင်း အခြေခံနှင့် အတူ ကြယ်တာရာ အမြုတေ အဆင့်ကို ခြေချကာခဲ့ပြီး ဖြစ်သည်။ သူမသည် မဟာဝိညာဉ် စမ်းသပ်ပွဲကို လုံချန်၊ ချင်ချူးမူ၊ အခြား မိန်းကလေး တစ်ယောက်တို့နှင့် အတူ ပါဝင်မည် ဖြစ်သည်။
ထိုမိန်းကလေးကား လုံထျန်းယုပင် ဖြစ်လေ၏။
လုံထျန်းယုသည် မျက်နှာ အောက်ပိုင်းကို ဇာပုဝါ စီးနှောင်ထားကာ လှပသော ခရမ်းရောင် မျက်ဝန်းများနှင့် ဇင်ယော်တောင် မျက်ခုံးတို့ကိုသာ ဖော်ပြထားသည်။ သူမသည် အနန္တကုန်းမြေတိုက်ကြီးမှာက ကဲ့သို့ ကလေးမလေး တစ်ယောက် မဟုတ်တော့ပဲ ကောင်းစွာ ဖွံ့ဖြိုးသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အပျိုပေါက်လေး ဖြစ်နေခဲ့ချေပြီ ဖြစ်သည်။
လုံထျန်းယုသည် အလွန် လှပလာသကဲ့သို့ ကျင့်ကြံခြင်း ပါရမီ အရာတွင်လည်း နောက်ကျ ကျန်ရစ်ခဲ့ခြင်း မရှိချေ။ သူမသည် လုံချန်၊ ချင်ချူးမူ၊ လျဲ့ယုတို့ ကဲ့သို့ပင် ကြယ်တာရာ အမြုတေ အဆင့်ကို ခြေချခဲ့ပြီး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ ထွက်ပေါ်နေသည့် နတ်ဆိုး အငွေ့အသက်များမှာ ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကိုပင် ဆွဲဆောင်နေခဲ့၏။
ရှန်းလင်သည် လုံထျန်းယု၏ နံဘေးတွင် ရှိနေခဲ့သည်။ သူမ၏ မျက်လုံးများက ဝေ့ဝူယင် ရှိရာသို့ ရီဝေစွာ ငေးမောနေ၏။ သူမသည် နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြသည့် အမှတ်တရများကို ပြန်လည် သတိရနေဟန် ရလေသည်။
"ဆရာ…"
လုံထျန်းယုက ခေါ်လိုက်၏။ သူမ၏ အသံက ဂီတသံစဉ် တစ်ခုကဲ့သို့ ရှန်းလင်၏ နားစည် အတွင်း ဝင်ရောက်သွားသည်။
"ဘာလို့လဲ ယုအာ…"
ရှန်းလင်က ညင်သာစွာပင် လှည့်ကြည့် လိုက်သည်။ သူမ၏ မျက်ဝန်းများက ချစ်ခြင်း၏ အငွေ့အသက်တို့ဖြင့် နူးညံ့နေ၏။
"ဆရာ သူ့ဆီကို သွားချင်ရင် သွားလိုက်ပါလား"
လုံထျန်းယုက ပြုံးလိုက်သည်။ ဆရာဖြစ်သူမှာ ဝေ့ဝူယင် အပေါ် သံယောဇဉ်များ ရှိနေကြောင်း သူမသိ သိပေသည်။ သူမသည် ငယ်ရွယ်စဉ်က လုံချန်နှင့် ပတ်သက်၍ ဝေ့ဝူယင်ကို မုန်းတီးခဲ့သော်လည်း ယခုတွင်မူ အမြင်အချို့ ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ… ဝေ့ဝူယင်မှာ သူမကို တစ်ခါကူညီဖူးသည် မဟုတ်ပါလား။ အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါက ယနေ့အချိန်ထိ သူမ အကျဉ်းထောင်ထဲတွင် အချိန်ကုန်ဆုံး နေရလိမ့်မည် ဖြစ်သည်။
"မသွားတော့ပါဘူးကွယ်"
ရှန်းလင်က ခေါင်းခါလိုက်၏။ လုံထျန်းယု ထပ်မံ တိုက်တွန်းရန် ဟန်ပြင်လိုက်စဉ်တွင်ပင် ကောင်းကင် အလွှာထက်မှ ပုံရိပ်သုံးခု ဆင်းသက်လာသည်။
သူတို့ကား နတ်ဆိုးတောင်ထွတ် မဟာ အင်ပါယာ သူတော်စင် ယောင်ကျန်း၊ စစ်တောင်ထွတ် မဟာ အင်ပါယာ သူတော်စင် ကျိချန်းကောင်းနှင့် မူလတောင်ထွတ် မဟာ အင်ပါယာ သူတော်စင် ချင်းရိုင်တို့ပင် ဖြစ်လေသည်။
သူတို့ သုံးယောက်လုံးမှာ မဟာ ဝိညာဉ် ပြိုင်ပွဲ အတွက် ကျွင်းနာဂြိုဟ်ကို လိုက်မည် ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် မဟာ အင်ပါယာ သူတော်စင် ငါးယောက် ရှိသည့် အနက် ဇင်သည် ဂိုဏ်းစောင့် အဖြစ် ကျန်ရစ်မည် ဖြစ်ပြီး ထို့ပိဟန်ကမူ ကျွင်းနာဂြိုဟ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လူငယ်များမှာ စိတ်လှုပ်ရှား နေကြ၏။ ဗိုလ်ဆွဲရန် ခက်ခဲသည့်တိုင် မဟာ ဝိညာဉ် စမ်းသပ်ပွဲမှာ သူတို့၏ သူတို့၏ အရည်အသွေးများကို ပြသနိုင်မည့် ပြိုင်ပွဲ တစ်ခု ဖြစ်သည်။ အကယ်၍ ကံကောင်းလျှင် ထိပ်တန်း ပညာရှင်ကြီးများ၏ တပည့် အဖြစ် ရွေးကောက်ခြင်းကိုပင် ခံရနိုင်သည်။
ကျိချန်းကောင်းမှာ မြေပြင်သို့ ရောက်သည်နှင့် လူငယ် အားလုံးကို ဝှေ့ကြည့်လိုက်၏။ ဝေ့ဝူယင်ကို တွေ့မြင်လိုက်ရသော အခိုက်၌ သူ့မျက်ဝန်းများက အနည်းငယ် အရောင်ပြောင်းလဲ သွားသည်။ ဝေ့ဝူယင်မှာ မဟာ ဝိညာဥ် စမ်းသပ်ပွဲကို ဝင်ပြိုင်တော့မည်လော။
သူစိတ်ဝင်စားမိသော်လည်း ထူးထူးထွေထွေ မေးမြန်းစစ်ဆေး မနေတော့ချေ။ ထို့အစား နွားရိုင်း တစ်ကောင်၏ အော်ဟစ်သံမျိုးဖြင့်သာ ကြေညာလိုက်လေ၏။
"ကဲ… အားလုံး ထွက်ခွာကြမယ်"
သူ၏ အမိန့်ပေးသံက ဂိတ်တံခါးအား အသက်သွင်းလိုက်သည့် စက်ခလုတ် တစ်ခုလိုပင်။
ဝမ်... ဝမ်...
ထူးဆန်းသော အသံများနှင့် အတူ နေရာကူးပြောင်းခြင်း အစီအရင်မှာ တဖြည်းဖြည်း အသက်ဝင် လာ၏။ မကြာခင်မှာပင် တံခါးပွင့်ဟလာကာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝှစ်... ဝှစ်...
လူငယ် ပါရမီရှင်များမှာ တည်ငြိမ်စွာပင် ဂိတ်တံခါးဆီသို့ စတင် ဦးတည်လိုက်ကြ၏။ လုံချန် လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ သူ၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများဖြင့် ပြည့်နှက်နေ၏။ မဟာ ဝိညာဥ် စမ်းသပ်ပွဲ၏ ပထမဆုမှာ သူ့အတွက်သာ ဖြစ်ရမည်။
ဝေ့ဝူယင် ဆိုသည့် အကောင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်တော့ရော ဘာအရေးနည်း။ ကျင့်ကြံခြင်း လောက၌ ခိုက်တိုက်ရေး မဟာ တာအိုသည်သာလျှင် အကြီးမြတ်ဆုံး ဖြစ်ကြောင်း သူ ဝူယုနှင့် လူများကို သက်သေပြမည် ဖြစ်သည်။
...
ပါဝင်ယှဥ်ပြိုင်မည့် အဖွဲ့ဝင် အရေအတွက် ကြီးမားစွာ တိုးတက်လာခြင်းနှင့် အတူ မဟာ ဝိညာဥ် စမ်းသပ်ပွဲ၏ စည်းမျဉ်းများမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ၎င်းမှာ တစ်နှစ်တာ ကြာမြင့်မည့် ပြိုင်ပွဲတစ်ခု ဖြစ်နေဆဲ ဖြစ်သည့်တိုင် ပြိုင်ပွဲကျင်းပမည့် ကန့်သတ်နေရာကိုမူ ကျွင်းနာဂြိုဟ် တစ်စိတ်တစ်ပိုင်းမှ တစ်ခုလည်း အဖြစ် ပြောင်းလဲ ခဲ့ရသည်။ ထို့အပြင် ဝင်္ကပါ အတားအဆီး အမျိုးမျိုးကို ထပ်မံ ချမှတ်ကာ ရွှေဒင်္ဂါး နန်းတော်မှလည်း ကြယ်အဆင့် သားရဲများကို ဝယ်ယူခဲ့ရသည်။
မဟာ ဝိညာဥ်စမ်းသပ်ပွဲတွင် စမ်းသပ်မှု သုံးခု ပါဝင်မည် ဖြစ်သည်။ ပထမ စမ်းသပ်မှုကို သားရဲ စမ်းသပ်မှု ဟု အမည်ပေးထားသည်။ ပါဝင်ယှဥ်ပြိုင်မည့် လူများမှာ ကြယ်အဆင့် သားရဲများ လွှတ်ထားရှိ ဂြိုဟ်ပေါ်ရှိ တစ်နေရာသို့ ကျပန်း ပို့လွှတ်ခံရမည် ဖြစ်သည်။
စမ်းသပ်မှု အတွင်း၌ ပြိုင်ပွဲဝင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ရန် ခွင့်ပြုမထားချေ။ ထို့အပြင် စမ်းသပ်မှု၏ ရည်ရွယ်ချက်မှာ ကြယ်အဆင့် သားရဲများကို ဖမ်းဆီးရန်သာ ဖြစ်ပြီး ၎င်းတို့အား အသေ သတ်ဖြတ်ရန် မဟုတ်ချေ။
ဒုတိယ စမ်းသပ်မှုမှာမူ အလင်း စမ်းသပ်မှု ဖြစ်၏။ စမ်းသပ်မှု အတွင်း ပြိုင်ပွဲဝင်များမှာ သတ်မှတ်ပေးထားသည့် နေရာများမှ အမှတ်များကို ရှာဖွေရမည် ဖြစ်သည်။ သူတို့ အနေဖြင့် ထိုအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစား နိုင်ပေသည်။ အကယ်၍ ကိုယ်တိုင်မရှာပဲ အခြားလူများထံမှ ပြန်လည် လုယူမည် ဆိုလျှင်လည်း အဆင်ပြေသည်။
အရှင်းလင်းဆုံး ဆိုရလျှင် အလင်း စမ်းသပ်မှုမှာ အမှိုက် ရှင်းလင်းရေး စမ်းသပ်မှု တစ်ခုသာ ဖြစ်သည်။ သင်္ချာနည်းအရ တွက်ချက်ရသော် သိန်းချီသော ပြိုင်ပွဲဝင်များ အနက် နှစ်ထောင်ကျော်မျှသာလျှင် ထိုစမ်းသပ်မှုမှ နောက်တစ်ဆင့်ကို တက်လှမ်းလိမ့်မည် ဖြစ်သည်။
တတိယမြောက် စမ်းသပ်မှုမှာ တိုက်ရိုက် တိုက်ခိုက်သည့် ပြိုင်ပွဲမျိုး ဖြစ်ပေလိမ့်မည်။ ၎င်းကို ပင်လယ်ကွင်းပြင်၊ ကောင်းကင်ကွင်းပြင်၊ ဝိညာဥ်ကွင်းပြင်နှင့် မဟာကွင်းပြင် ဟူ၍ အဆင့်လေးဆင့် ခွဲခြားကာ ကျင်းပလိမ့်မည် ဖြစ်သည်။
ပင်လယ်ကွင်းပြင်တွင် ကြယ်တာရာ အမြုတေ အဆင့်တစ်၊ လောက ပင်လယ် အဆင့် ကျင့်ကြံသူများ ဝင်ရောက် ယှဥ်ပြိုင်ရလိမ့်မည် ဖြစ်သည်။ ၎င်းမှာ အနိမ့်ဆုံး အဆင့် ကွင်းပြင် ဖြစ်သော်လည်း ပြိုင်ပွဲတွင် ဆုများ ဆွတ်ခူးနိုင်ရန် အတွက် လိုအပ်သည့် အမှတ်များကို စုဆောင်းနိုင်ဆဲ ဖြစ်သည်။
ကောင်းကင်ကွင်းပြင်တွင်မူ ကြယ်တာရာ အမြုတေ အဆင့်နှစ်၊ ကောင်းကင် အုပ်စိုးသူ ကျင့်ကြံသူများ ပါဝင် ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။ လောကပင်လယ် အဆင့် ကျင့်ကြံသူများမှာလည်း သူတို့ စွမ်းအားကို ယုံကြည်မှု ရှိပါက ကောင်းကင်ကွင်းပြင်တွင် ဝင်ပြိုင်နိုင်သည်။ ထိုနည်းဖြင့် သူတို့သည် ပင်လယ်ကွင်းပြင် ပြိုင်ပွဲထက် ပိုမို များပြားသော အမှတ်များကို ရရှိလိမ့်မည် ဖြစ်ပြီး ထိုအရာက အဆင့် သတ်မှတ်ချက် အတွက် အရေးပါလိမ့်မည် ဖြစ်သည်။
ဝိညာဥ်ကွင်းပြင်တွင်လည်း တူညီစွာပင် ကြယ်တာရာ အမြုတေ အဆင့်သုံး ဝိညာဥ်ဆင်းတု အဆင့်နှင့် အောက်အဆင့်များ ပါဝင်နိုင်ပေသည်။
မဟာကွင်းပြင်မှာမူ ကွင်းပြင်အားလုံးတွင် ဗိုလ်ဆွဲသည့် ထိပ်သီး ပါရမီရှင်များ အတွက် နေရာ ဖြစ်သည်။ သူတို့သည် အပြိုင်အဆိုင်ကြဲကာ ပထမဆု အတွက် လုကြရမည် ဖြစ်သည်။
ထို့အပြင် စမ်းသပ်မှု၌ အသက် အန္တရာယ်ကို အာမခံချက် ပေးထားခြင်း မရှိချေ။ သေဆုံးခြင်းမှာ အချိန်မရွေး၊ နေရာမရွေး ဖြစ်သွားနိုင်ချေ ရှိသည်။ အနန္တဧကရာဇ်ဂိုဏ်းသည် ထိုအရာကို မဟာဝိညာဥ် ပြိုင်ပွဲ စတင် ကြေညာသည့် နေ့ကတည်းက အထူးသတိပေးချက် တစ်ရပ် အနေဖြင့် ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်သည်။
ဝှစ်... ဝှစ်...
မဟာ အင်ပါယာ သူတော်စင်များ အပါအဝင် ဝေ့ဝူယင်နှင့် အခြားလူများမှာ အာကာသ ဂိတ်တံခါးကို ဖြတ်ကာ ကျွင်းနာဂြိုဟ်သို့ ရောက်ရှိလာကြ၏။
ဂြိုဟ်ပေါ်သို့ ခြေချချခြင်းပင် အလွန် များပြားသည့် လူငယ်များကို သူတို့ တွေ့လိုက်ကြရသည်။ ထိုလူငယ်များမှာ မဟာဝိညာဥ် စမ်းသပ်ပွဲတွင် ဝင်ပြိုင်ရန် အတွက် ဂိုဏ်းအသီးသီးမှ ရောက်ရှိလာကြသည့် အသက်သုံးရာအောက် ပါရမီရှင်များပင် ဖြစ်ကြလေသည်။
မကြာခင်မှာပင် ပြိုင်ပွဲဝင်မည့် လူငယ် အားလုံးမှာ ကောင်းကင်အလွှာ အထက်ရှိ ကျောက်ဖြာကြီး တစ်ခုထက်သို့ ဆင့်ခေါ်ခံကြရသည်။ ထိုကျောက်ဖြာကြီးမှာ လွန်ခဲ့သည့် ခြောက်လက ဝေ့ဝူယင်တို့ စုစည်းခဲ့သည့် ကျောက်ဖြာနှင့် ဆင်တူသော်လည်း ပိုမို မြင့််မားသလို ပိုမိုလည်း ကျယ်ပြန့်သည်။ ယင်းက ဂြိုဟ်တစ်ခုလုံး နီးပါးကိုပင် ဖုံးလွှမ်းထားခြင်း ဖြစ်သည်။
လူငယ်အားလုံး ကျောက်ဖြာထက်သို့ ရောက်သည်နှင့် ကျိချန်းကောင်းက လေပေါ်သို့ ပျံတက်လိုက်၏။
“အားလုံးပဲ... မင်းတို့ တစ်နာရီစာ ပြင်ဆင်ဖို့ အချိန်ရမယ်... ပြီးတာနဲ့ ပထမ စမ်းသပ်မှု ဖြစ်တဲ့ သားရဲ စမ်းသပ်မှု စတင်မယ်”
ပြိုင်ပွဲဝင်များ အတွက် တိုကင်များကို လွန်ခဲ့သည့် ခြောက်လခန့် ကတည်းက စတင် ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဤတစ်နာရီ အတွင်း ရောက်ရှိမလာပါက စာရင်းပေးထားသည့် မည်သူ့ကို မဆို ပြိုင်ပွဲမှ ထုတ်ပယ်မည် ဖြစ်ပေသည်။
***