ဆွဲဆောင်မှုအရှိဆုံး လူသား
Vol. 53 Ch. 713
တိရီယွဲ့မှာ မှန်ထဲရှိ သူမမျက်နှာကို ထောင့်မျိုးစုံမှ ကြည့်နေသည်။ သူမက အလွန်ပျော်ရွှင်နေပြီး ချင်မူ့အား ချီးကျူးလိုက်၏။ “တော်လိုက်တဲ့ မှော်ဝိဇ္ဇာရှင်၊ နတ်ဘုရားလက်လေး... အပြစ်အနာအဆာ တစ်ခုမှကို မတွေ့ရဘူး”
“ခဏလေး”
ချင်မူက အလျင်အမြန် တားပြီး ပြောလိုက်သည်။ “မလှုပ်နဲ့နော် မမကြီး.... မမကြီး ပြုံးလိုက်ရင် မျက်လုံးထောင့်စွန်းမှာ အရေးအကြောင်းလေး နည်းနည်းပေါ်လာတယ်... မောင်လေး ဖျောက်ပေးမယ် ခဏလေး”
တိရီယွဲ့ ချက်ချင်း မလှုပ်တော့ပေ။ ချင်မူက အနားကပ်၍ လက်ချောင်းများဖြင့် သင်္ကေတအမှတ်အသားများ ဖွဲ့တည်ကာ သူမမျက်လုံးထောင့်စွန်းရှိ အရေးအကြောင်းကို ဖျောက်ပေးလိုက်သည်။ မီးငှက်မျက်ဝန်းများကဲ့သို့ ရွှန်းလဲ့တောက်ပနေသော သူမမျက်ဝန်း၏ ထောင့်စွန်းအသားလေးမှာ ကျောက်စိမ်းသားကဲ့သို့ ဖြူဆွတ်ပြီး နူးညံ့သွားတော့သည်။
တိရီယွဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မှန်ကို မြှောက်လိုက်ချလိုက် ကြည့်နေသည်။ သူမ ပြုံးလိုက်သည့်အခါ အရေးအကြောင်းလေးများ အမှန်တကယ် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။ တိရီယွဲ့ ဝမ်းသာသွားလေသည်။
ချင်မူက ချီးကျုးလိုက်သည်။ “မမကြီးက သိပ်လှတာပဲဗျာ”
တိရီယွဲ့မှာ တိမ်တိုက်များအပေါ် ရောက်သွားသကဲ့သို့ ပျော်ရွှင်သွားပြီး အနည်းငယ်ပင် ရှက်သွားမိသည်။
“ဆေးအတုရောင်းတဲ့ကောင်၊ အလုပ်မဲ့မှာ ဆေးဆရာတွေ မဟုတ်ဘူး”
နားကန်းက ဆေးဆရာဘေးသို့ ရောက်လာသည်။ သူ့နားရွက်များသည် လှုပ်နေ၏။ “မင်းပဲ အလုပ်လက်မဲ့ဖြစ်မှာ... အခုကစပြီး မင်းတော့ ဆေးအတုပဲ ရောင်းစားရင်း အသက်မွေးရတော့မယ်... မျက်နှာဗန်းပြပြီး အသက်မွေးလို့ မရတော့ဘူး”
ဆေးဆရာ သက်ပြင်းချပြီး ခါးသက်သက် ပြုံးလိုက်မိသည်။ “တပည့်က ဆရာ့ထက် တစ်လကြီးသွားတော့လည်း ဆရာဖြစ်သူခမျာ ရေသောက်ဗိုက်မှောက် နေရတော့မှာပေါ့ကွာ... မူအာက တစ်လောကလုံးမှာ နံပါတ်တစ် ဖြစ်လာတော့မယ်... ဒီကောင်လေး အချစ်ကို စိတ်မဝင်စားတာပဲ ကံကောင်းတယ်.. မဟုတ်ရင် သူ့ရဲ့ အဲဒီအပြောချိုတဲ့ ပါးစပ်လေးနဲ့ ရည်းစားဘယ်လောက် ရနေမလဲ မသိဘူး”
နားကန်းက တည်တည်ငြိမ်ငြိမ် ပြော၏။ “ငါတို့ သူ့ကို ကောင်းကောင်း သင်ပေးထားပါတယ်... သူက အပြောချိုပေမယ့် မိန်းမမှန်သမျှ မြေခွေးမတွေမှန်း သိတယ်လေ... ဒီကောင်စုတ်လေး ငါတို့စကားကို မှတ်မိသေးတယ် မပူနဲ့... တွေ့တဲ့မိန်းကလေးတိုင်းကို ချိုချိုသာသာ ဆက်ဆံနေပေမယ့် သတိလည်း ထားတတ်တယ်... ဒါကြောင့် သူ မင့်ခြေရာ မနင်းပါဘူး”
ဆေးဆရာ သူ့မျက်နှာပေါ်ရှိ ကြေးမျက်နှာဖုံးကို နေရာညှိပြီး ခပ်တိုးတိုး ပြောလိုက်မိသည်။ “မူအာက မငယ်တော့ဘူး... ငါတို့ ဒီအတိုင်းဆက်သင်နေရင် ဒီကောင်စုတ်လေး သီးချိန်တန်သီး၊ ပွင့်ချိန်တန် မပွင့်တော့ရင် ဘယ်နှယ့်လုပ်မလဲ... တွေ့သမျှမိန်းကလေးတိုင်းကို သတိထားနေပြီး ရှေ့ဆက်မတိုးရဲတော့ရင် ငါတို့ ဘယ်လိုလုပ်ပေးရမလဲ... “
နားကန်း အသံမထွက်တော့။
ဆေးဆရာ ထပ်မေးသော်လည်း နားကန်းက စကားတစ်ခွန်းမှ မပြော။
ဆေးဆရာ ဒေါသများဖြင့် ရယ်လိုက်မိသည်။ “မင့်နားတွေ ထွက်နေပြီ ကန်းချင်ယောင်ဆောင်မနေနဲ့တော့... ငါ မင်းကို မေးနေတယ်... မြန်မြန်အကြံထုတ်စမ်း၊ မဟုတ်ရင် ငါ မင်းကို တကယ်ကန်းသွားအောင် အဆိပ်ခပ်ပစ်မှာ”
နားကန်းမှာ ကူကယ်ရာမဲ့သွားပြီး ပြောလိုက်သည်။ “ငါလည်း မသိဘူးကွာ... ငယ်ငယ်တုန်းက သူ့ကို မိန်းမတွေကောင်းကြောင်း ငါ သင်ပေးခဲ့ပေမယ့် မင်းတို့တွေပဲ မိန်းမတိုင်းက မြေခွေးမတွေလို့ သင်ပေးခဲ့တာလေ... ငါလည်း အခုလိုအခြေအနေမျိုးကို ဘယ်လိုလုပ်ပေးရမှန်း မသိဘူး... သူ အဝှာလုပ်ချင်လာအောင် ဆေးတိုက်လိုက်ရင်ကော”
ဆေးဆရာက ဂုဏ်ယူစွာ ပြော၏။ “ငါ့တပည့်ဖြစ်ပြီး အဝှာလုပ်ချင်လာဖို့ ဆေးသောက်ရမှာတဲ့လား... ငါ ကျောက်စိမ်းမျက်နှာဘုရင်အတွက် အရှက်ရစရာ မဖြစ်ဘူးလား... ဒါ့အပြင် သူ့ဆေးပညာက ငါ့အောက် မနိမ့်ကျဘူး... ဆေးခပ်လိုက်လည်း သူ့ဘာသာသူ ကုနိုင်တယ်... ဒီလိုဖြစ်လာမယ်မှန်း သိခဲ့ရင် ငါ အဲဒီလိုမသင်ပေးခဲ့ပါဘူးကွာ....”
....
လီကျိုးပြည်သူများ နိုးလာကြပြီး အားလုံး ကြောင်တောင်တောင် ဖြစ်နေကြသည်။ သူတို့မှာ ညတုန်းက အဖြစ်အပျက်ကို မသိကြသဖြင့် အိပ်ပျော်သွားသည်ဟုသာ မှတ်ယူလိုက်ကြ၏။ ကောင်းကင်နတ်သိုင်းပညာရှင်တချို့ကတော့ ကြီးကြီးမားမား အဖြစ်ပျက်တစ်ခု ဖြစ်ခဲ့မှန်း ခန့်မှန်းနိုင်ကြသော်လည်း ဂဃနဏ မသိကြပေ။
သို့သော် ထူးဆန်းသော အဖြစ်အပျက်များစွာ ပေါ်ထွက်လာကြသည်။ တစ်နေရာတွင် အမျိုးသမီးတစ်ယောက်သည် နိုးလာသည်နှင့် အကျင့်စရိုက် ပြောင်းလဲသွားပြီး မိန်းမ မဟုတ်သည့်အကြောင်း ပြော၏။ သူ့မှာ ယောက်ျားဖြစ်ခဲ့သော်လည်း နိုးလာသည့်အချိန်တွင် မိန်းမဘဝရောက်သွားသည် ဟူသတတ်။
ကောင်းကင်နတ်သိုင်းပညာရှင်များ သူ့ကို မည်သည့်နေရာတွင် နေကြောင်း၊ မိသားစုက မည်သူများဖြစ်ကြောင်း မေးကြည့်သည့်အခါ စေ့စေ့ပေါက်ပေါက် ဖြေနိုင်သည်။ သူ ပြောခဲ့သော နေရာသို့ သူတို့သွားရောက်စစ်ဆေးကြည့်သည့်အခါ အမှန်ပင် သူ့ကိုယ်သူ ယောက်ျားမဟုတ်ကြောင်း အော်ဟစ်ပြောဆိုနေသော လူတစ်ယောက်လည်း ရှိနေ၏။ သူက ယောက်ျားကိုယ်ထဲ ဝင်သွားသော မိန်းမဖြစ်သည် ဟူသတတ်။
အလားတူ အဖြစ်အပျက်များ ထွက်ပေါ်လာ၍ အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်နေချေသည်။
“ဆင့်ခေါ်ခံလိုက်ရတဲ့အချိန်မှာ ဝိညာဉ်တွေ ခန္ဓာကိုယ်မှားဝင်သွားတာပဲ ဖြစ်မယ်”
ချင်မူက သတင်းကြားလျှင် ပြောလိုက်သည်။ “ဆရာ့ရဲ့ ဝိညာဉ်လမ်းညွှန်က လိုအပ်နေသေးတာပဲ... အဲဒါကြောင့် ဝိညာဉ်တွေ ပြန်လွှတ်တဲ့အချိန်မှာ လွဲသွားတာ... ဆရာ ယိုတုဘာသာစကားကို ကောင်းကောင်းနားမလည်တာကြောင့်လည်း ဖြစ်လိမ့်မယ်”
တန်ခိုးရှင်သစ်ခုတ်သမားက မည်းမှောင်နေသော မျက်နှာဖြင့် တုံ့ပြန်ပြောဆို၏။ “အဲဒီလောက် တတ်နေလည်း မင်းပဲ လုပ်လိုက်ပါ့လား”
ချင်မူ ရိုးရိုးသားသား ပြောလိုက်သည်။ “ဆရာ လုပ်နိုင်မယ် ထင်လို့ပေါ့ဗျာ... လိုအပ်နေဦးမယ်လို့ ဘယ်ထင်မိပါ့မလဲ... ယိုတုဘာသာစကားရဲ့ အဓိပ္ပါယ်နဲ့ ခံစားချက်ကို အတိအကျ နားလည်သွားရင် လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ဆရာ့အတွက် ရှင်းပြစရာတောင် မလိုဘဲ ရှင်းလင်းလာလိမ့်မယ်... အဲဒီတိုင်းဆို အမှားမရှိတော့ဘူး”
သစ်ခုတ်သမားမှာ ဒေါသထွက်လွန်း၍ ပြောစရာစကားပင် ရှာမတွေ့တော့ပေ။
ဆေးဆရာနှင့် နားကန်းကတော့ အလွန်အားရကျေနပ်နေသည်။ နားကန်းက ချီးကျူးလိုက်၏။ “မူအာက နှိမ့်ချတတ်ပြီး ယဉ်ကျေးလိုက်တာ... ငါတို့ ဆင်းရဲဒုက္ခခံပြီး ပျိုးထောင်ပေးခဲ့တဲ့ ကလေးဆိုတဲ့အတိုင်း နှိမ့်ချတတ်လွန်းတယ်... သူတော်စင်တန်ခိုးရှင်က သူ့အောက် နည်းနည်းလေးပဲ နိမ့်ကျပါတယ် ပြောနေပေမယ့် တကယ်တော့ ဒီလောက် ကွာတယ်”
သူက လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားပြလိုက်သည်။
ဆေးဆရာလည်း ကျေနပ်ပီတိဖြာနေသည်။ “ငါတို့ သင်ကြားပေးခဲ့တဲ့ ကျေးဇူးတွေပေါ့ကွာ... ကိုယ့်ထက် သာတဲ့လူ အမြဲရှိတယ်၊ ကိုယ့်ကိုယ်ကို နှိမ့်ချရမယ့်အကြောင်း သူ ငယ်ငယ်ကတည်းက ငါတို့ သင်ပေးခဲ့တယ်မဟုတ်လား... ဒီကောင်လေး သူ့အောက် နိမ့်ကျတဲ့လူတွေနဲ့ တွေ့တာတောင်မှ အနည်းငယ်ပဲ နိမ့်ကျပါတယ် ပြောတယ်... ဒါကြောင့် မူအာ အခုအချိန်အထိ သေအောင် အရိုက်မခံရသေးတာ”
အဘိုးကြီးနှစ်ယောက် ဝမ်းသာပီတိ ဂွမ်းဆီထိနေကြသည်။
“ဒီပြဿနာကို ဖြေရှင်းဖို့ ဝိညာဉ်ချင်း လဲပေးရလိမ့်မယ်”
ချင်မူက ပြောလိုက်သည်။ “လီကျိုးမှာက စီရင်စုတွေ အများကြီး ရှိတဲ့အပြင် ဝိညာဉ်မှားသွားတဲ့ အဖြစ်အပျက်တွေကလည်း တစ်ထောင်မကတာ တစ်ခုပဲ...”
သူ ခေါင်းကိုက်လာသည်။
တန်ခိုးရှင်သစ်ခုတ်သမားက ပြောလာသည်။ “ဝိညာဉ်ချင်းလဲပေးဖို့ ကိစ္စက ဝိညာဉ်လမ်းညွှန်အစီအရင် ကျွမ်းကျင်တဲ့ ကျောင်းသားတွေဆီ တာဝန်ပေးလိုက်လို့ရတယ်... ငါတို့ကိုယ်တိုင် လုပ်စရာမလိုဘူး... မင်း အဲဒီကျောင်းသားတွေကို ယုကျစ်ပြည်နယ်ဆီ လွှတ်ထားတယ်မလား... ဒီကို မြန်မြန်ပြန်လာခိုင်းလိုက်”
ချင်မူ ခေါင်းညိတ်လိုက်ပြီး မူလဝိညာဉ်ဖြင့် စစ်ယွင်ရှန်းအား ဆက်သွယ်လိုက်သည်။
စစ်ယွင်ရှန်းမှာ မျက်တွင်းများ ချောင်ကျနေ၏။ “ဂိုဏ်းသခင်၊ ရှင် ကျွန်မတို့ကို ယုကျစ်ဆီ သွားပြီး ယုကျစ်က လူတွေကို အသက်ပြန်သွင်းခိုင်းတာ ကိစ္စမရှိသေးဘူး... ဒါမဲ့ အဲဒီနောက်ပိုင်း ကိစ္စတစ်ခု ဖြစ်တယ်... ကျောင်းသားတွေ ဝိညာဉ်လမ်းညွှန် ထုတ်လွှတ်နေတုန်း စက္ကူလှေလေးတွေ ရုတ်တရက် ပေါ်လာပြီး အမှောင်ထုထဲကနေ အလင်းတန်းတွေ ထွက်လာခဲ့တယ်... အလင်းရောင်ကြောင့် ကျောင်းသားတွေ ဝိညာဉ်နုတ်ခံလိုက်ရပြီး အလောင်းတွေ ဖြစ်ကုန်တယ်”
ချင်မူ အံ့အားသင့်သွားသည်။ “အရာရှိမင်း လှုပ်ရှားလိုက်တာပဲ”
စစ်ယွင်ရှန်းက ဆက်ပြောသည်။ “ကောင်းကင်နတ်မင်းယွီ ပြောတာတော့ ကျွန်မ ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်ပမာဏက များသွားလို့ ယိုတုရဲ့စည်းမျဉ်းတွေကို ထိပါးမိပြီး မရဏတမန်တော်က စည်းမျဉ်းချိုးဖောက်သူတွေရဲ့ ဝိညာဉ်တွေကို လာခေါ်သွားတာတဲ့... ဒါပေမဲ့ တလောကပဲ ကျောင်းသားအားလုံး အသက်ပြန်ရှင်လာတယ်... တချို့ပြောပုံအရ ယိုတုသားတော် မရဏတမန်တော်ကို တောင်းပန်လို့ မရဏတမန်တော်က သူတို့ကို ပြန်လွှတ်လိုက်တာတဲ့လေ.. ဟုတ်လား၊ မဟုတ်လားတော့ မသိဘူး”
ချင်မူမှာ ကြောင်အမ်းအမ်း ဖြစ်သွား၏။ “အရာရှိမင်းကို ငါ မတောင်းပန်ခဲ့ပါဘူး... ထားပါလေ၊ ကျောင်းသားအားလုံး ပြန်ရောက်လာရင် ရပြီ... ငါ ယိုတုဆီ သွားစရာမလိုတော့ဘူးပေါ့... ယိုတုက ငါ့ကို မကြိုဆိုသလို ခံစားရတယ်... အဲဒီကိုသွားတိုင်း အရာရှိမင်းနဲ့ မြေအောက်ဘုံအရှင်သခင်က ငါ့ကို မကြည်ကြဘူး... အမြဲ ငါ့ကို ရိုက်သတ်ချင်သလို ကြည့်နေကြတာ”
သူက အကြောင်းရင်းကို ရှင်းပြလိုက်သည်။ “ကောင်းကင်နတ်မယ်ရှန်း၊ လီကျိုးကို အားကိုးရတဲ့ ကျောင်းသားအယောက်တစ်ရာလောက် ခေါ်လာခဲ့ပါ... ခန္ဓာကိုယ် မှားဝင်သွားတဲ့ ဝိညာဉ်တွေကို ပြန်လဲပေးဖို့ လိုနေတယ်”
စစ်ယွင်ရှန်း သဘောတူပြီး ကျောင်းသားများကို အလျင်အမြန် ခေါ်ကာ လီကျိုးသို့ အမြန်သွားခိုင်းလိုက်သည်။
ချင်မူက ဆေးဆရာနှင့် နားကန်းကို နှုတ်ဆက်၍ တန်ခိုးရှင်သစ်ခုတ်သမား၊ ပထမဘိုးဘေးကြီးနှင့် တိရီယွဲ့တို့နှင့်အတူ သစ်ခုတ်သမား၏ တတိယတပည့်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် တွေ့ရန် နန်းစိုက်မြို့တော်ဆီ လိုက်သွားသည်။ ချင်မူ့တွင် လိုက်ရန် စိတ်ကူးမရှိခဲ့သော်လည်း တိရီယွဲ့က သူ့ကို လိုက်လာစေချင်ခဲ့သည်။
“ကောင်းကင်နတ်မင်း၊ ကျုပ်တို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓလေ့ထုံးတမ်းတွေ၊ အခြေအနေတွေ ကြည့်ကြတာပေါ့”
သစ်ခုတ်သမား အကြံပြုလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက အပြောသက်သက်တင် မဟုတ်ပါဘူး... အပြောနဲ့အညီ အမှန်အကန် အကောင်အထည် ဖော်နေကြပါတယ်... လမ်းမှာ တွေ့ရတဲ့ အရာတွေက ကောင်းကင်နတ်မင်းရဲ့ အမြင်ကို သေချာပေါက် ပြောင်းလဲသွားစေလိမ့်မယ်”
တိရီယွဲ့က မှင်သေသေ ပြောသည်။ “ရှင်က ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်ဆရာသခင် လုပ်ခဲ့ပြီး ခိုင်ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှုကို တာဝန်ယူခဲ့တယ်... နှစ်နှစ်သောင်းအတွင်း ခိုင်ဧကရာဇ်ခေတ်ကို ပြင်ပကောင်းကင်နတ်ဘုံ သုတ်သင်ဖယ်ရှားပစ်ချင်တဲ့ အတိုင်းအတာရောက်တဲ့အထိ တွန်းပို့နိုင်ခဲ့တယ်... အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုမှာလည်း ဝင်ပါချင်နေပြန်တာလား... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ခိုင်ဧကရာဇ်ခေတ် လိုက်မမှီတဲ့ အတိုင်းအတာရောက်အောင် တွန်းပို့ဖို့ အချိန် ဘယ်နှနှစ် ယူချင်လဲ”
ခိုင်ဧကရာဇ်ခေတ်ဟု ကြားလိုက်သည်နှင့် တန်ခိုးရှင်သစ်ခုတ်သမား၏မျက်နှာ ညှိုးကျသွားသည်။ သူက ခါးသက်သက် ပြောလိုက်၏။ “ခိုင်ဧကရာဇ်ခေတ်တုန်းက ကျုပ် ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုမှာတော့ ဝင်မပါပါဘူး... ဒီခေတ်ရဲ့ ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် ဦးဆောင်လမ်းပြပေးနေတဲ့လူတွေက ကျုပ်တပည့်သုံးယောက်ပါ”
သူက လက်တစ်ချောင်း ထောင်၍ ပြောသည်။ “ကျုပ်အကြီးဆုံးတပည့်က ‘ထွက်ရပ်ပေါက်ရာ တန်ခိုးရှင်လမ်းစဉ်ဆိုသည်မှာ သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှုမှ လွဲ၍ အခြားမရှိ’ ဆိုတဲ့ အယူအဆကို လက်ဆင့်ကမ်းဖြန့်ဝေပေးခဲ့တယ်”
အားလုံး စကားတပြောပြောဖြင့် လမ်းလျှောက်နေကြသည်။ တိရီယွဲ့လည်း လမ်းပေါ်တွင် တွေ့မြင်ရသော လူတို့၏ဘဝများအား အကဲခတ်ကြည့်ရှုနေ၏။ သစ်ခုတ်သမားက ဒုတိယလက်ချောင်းကို ထောင်ကာ ပြောသည်။ “တတိယတပည့်က အဲဒီစကားကို ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အသုံးချခဲ့တယ်... ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဒီနေ့လို ဖြစ်လာခဲ့တာပါ... တပည့်အကြီးဆုံးကို ကျုပ် နှစ်တစ်ရာ သင်ပေးခဲ့တယ်... တတိယတပည့်ကိုတော့ နှစ်နှစ်ပဲ သင်ပေးခဲ့ရတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုမှာတော့ ကျုပ် ဝင်မစွက်ဖက်ဘူး... တတိယတပည့်အတွက် လုပ်စရာရှိတာလေးတွေ လုပ်ပေးနေရုံသက်သက်ပါ”
တိရီယွဲ့က ချင်မူ့ဆီသို့ တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ “ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်လမ်းပြပေးနေတဲ့ လူတွေက ရှင့်တပည့်သုံးယောက်လို့ ပြောခဲ့တယ်နော်.... ဒါပေမဲ့ ဘာလို့ တပည့်အကြီးဆုံးနဲ့ တပည့်အငယ်ဆုံးကိုပဲ ပြောပြီး တပည့်အလတ်အကြောင်း မပြောခဲ့တာလဲ”
တန်ခိုးရှင်သစ်ခုတ်သမားမှာ ချင်မူ့ကို ကြည့်ရင်း ခေါင်းပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ဒီဒုတိယတပည့်ကိုတော့... ကျုပ် တစ်ရက်တောင် မသင်ပေးခဲ့ရဘူး.. ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ သူ့ကို တပည့်တော်လိုက်ရတာ...”
တီရီယွဲ့ စပ်စုလိုက်သည်။ “သူ ဘာလုပ်ခဲ့တာမလို့လဲ”
တန်ခိုးရှင်သစ်ခုတ်သမားမှာ တက်ကြွလက်ကြွ ပြောချင်သော်လည်း စိတ်အားတရှိန်းရှိန်း တက်လာအောင် မလုပ်နိုင်သဖြင့် အားနည်းတိုးညင်းစွာ ပြောလိုက်မိသည်။ “သူက တတိယတပည့်နောက်ကွယ်က လူပါ”
တိရီယွဲ့ နားမလည်ပေ။
တန်ခိုးရှင်သစ်ခုတ်သမားက အားနည်းနေသော လေသံဖြင့် ဆက်ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ တတိယတပည့်အတွက် အခက်ခဲဆုံးအချိန်မှာ သူက တတိယတပည့်ကို အပြည့်အဝ ထောက်ပံ့ပေးခဲ့တဲ့လူပဲ... အဲဒီနောက်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဦးပြန်မော့နိုင်တာ... ဧကရာဇ်နဲ့ တတိယတပည့်ကို ကာကွယ်ပေးခဲ့တာလည်း သူပဲ.... ထာဝရငြိမ်းချမ်းရေးအင်ပါယာ အန္တရာယ်ထဲ ရောက်တဲ့အခါ သူက ထပ်ကာကွယ်ပေးပြန်တယ်... နောက်တစ်ကြိမ် အန္တရာယ်ထဲ ရောက်တဲ့အခါလည်း...”
တိရီယွဲ့မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ တတိယတပည့်ကို ကာကွယ်ပေးခဲ့တာ သူပေါ့ ကျွန်မပြောတာ မှန်လား”
“ကျုပ် ဒီတပည့်ကို တကယ်ကို နားမလည်ဘူး”
တန်ခိုးရှင်သစ်ခုတ်သမားမှာ ထူးဆန်းသောအမူအရာဖြင့် ချင်မူ့ကို တိတ်တဆိတ် ကြည့်နေသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “သူက တကယ့်ကို နားလည်ရခက်တဲ့ လူပဲ... သူ့လောက် ထူးဆန်းတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး... ပြုပြင်ပြောင်းလဲရဲတဲ့ သတ္တိ၊ ဘယ်တော့မှ မယိမ်းယိုင်သွားတဲ့ ရည်မှန်းချက်နဲ့ ယုံကြည်မှုတွေ ရှိတဲ့အပြင် ထက်လည်း ထက်မြက်တယ်... သမင်ပေါက်လေးလိုလည်း အရာရာကို စပ်စုတတ်သေးတယ်...”
သူက အတန်ငယ် တွေးကာ ဆက်ပြောသည်။ “ဒါပေမဲ့ သူ့မှာ ထူးဆန်းတဲ့ ဆွဲဆောင်မှုလည်း ရှိတယ်... သူ အာရုံစိုက်ရင် ထူးဆန်းထွေပြားတဲ့ အရာတွေအများကြီး ရှာဖွေနိုင်တယ်... ကောင်းကင်ယင်ကမ္ဘာကိုလည်း တစ်ယောက်ထဲ ဝင်သွားပြီး ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းခဲ့တယ်... ပြိုကွဲနေတဲ့ ဝိညာဉ်အမှုန်တွေကို ပြန်စုစည်းပေးပြီး ဝိညာဉ်ပြန်တည်ဆောက်ပေးနိုင်တဲ့ ကောင်းကင်နတ်သိုင်းကို ဖန်တီးခဲ့သေးတယ်... အဲဒီကောင်းကင်နတ်သိုင်းနဲ့ သေလူတွေကို အသက်ပြန်သွင်းပေးခဲ့တယ်.”
“အရပ်ခြောက်မျက်နှာအဆင့်မှာ မူလဝိညာဉ်လမ်းညွှန်ကိုလည်း ဖန်တီးပြီး အရပ်ခြောက်အဆင့်မှာပဲ မူလဝိညာဉ်ဖွဲ့တည်နိုင်အောင် လုပ်ပေးခဲ့တယ်... နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာခဲ့တဲ့ ကျင့်စဉ်စနစ်တစ်ခုလုံး... သူ ပြောင်းလဲခဲ့တယ်”
“သူ့ဘာသာသူတောင် မစဉ်းမိဘဲ ဆယ့်ရှစ်ချက်မြောက် ဓားချက်ကိုလည်း တီထွင်ခဲ့ပြီး ဓားပညာကို ရှေ့တစ်လှမ်း တိုးသွားစေခဲ့တယ်... လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို စဉ်းစားတီထွင်တာနဲ့ပတ်သက်ရင် သူ့မှာ ကန့်သတ်ချက်တွေ၊ စည်းမျဉ်းတွေ မရှိတဲ့အတိုင်းပဲ... အခြားသူတွေ မတွေးနိုင်တာ၊ မလုပ်နိုင်တာတွေမှန်သမျှ သူက တွေးနိုင်၊ လုပ်နိုင်တယ်... ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးနိုင်တဲ့ စွမ်းအင်အကူးအပြောင်းတံတားကိုလည်း ဒီကောင်စုတ်လေး မထင်မှတ်ဘဲ တီထွင်ခဲ့မိပြီး ကမ္ဘလောကစည်းပြဿနာကို ဖြေရှင်းပေးခဲ့တယ်လေ”
“ဒါ့အပြင် သူက တစ်ကြိမ်လေးတောင် ကပ်စေးမနည်းဘူး... ဘာပဲတွေ့ရှိတွေ့ရှိ၊ ဘာကိုပဲ စဉ်းစားမိစဉ်းစားမိ အင်ပါယာတစ်ခွင်လုံး ဖြန့်ဝေပေးတယ်... သူတစ်ယောက်တည်း လျှိုထားတာမျိုး မရှိဘူး... ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ဆိုတာ ရဖို့ ခက်တယ်မလား... ပြင်ပကောင်းကင်နတ်ဘုံဆို ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ရအောင် အများကြီးအားထုတ်ခဲ့ရပေမယ့် သူကတော့ သူ ရထားတဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်သုံးခုစလုံးကို ဒီတိုင်း ဖြန့်ဝေပေးလိုက်တာပဲ”
“သူရဲ့ ရန်သူတွေက သူနဲ့ တွေ့ရင် သူ့မိတ်ဆွေ ဖြစ်လာကြတယ်... မိတ်ဆွေဖြစ်လာရင်တော့ သူ့တင်ပါးလေးကို နာနာရိုက်မိချင်တဲ့အထိ သူ့ကြောင့် ဒေါသထွက်ရတယ်”
တန်ခိုးရှင်သစ်ခုတ်သမား သက်ပြင်းချကာ ပြောလိုက်သည်။ “သူက ပြီးပြည့်စုံတဲ့ လူတစ်ယောက်လို့ ကျုပ် ထင်လိုက်ရင် သူ့ကိုယ်ပေါ်မှာ ဟာကွက်ပေါင်းများစွာ တွေ့ရပြန်ရော... ပြဿနာတစ်ခုက ဒီကောင်စုတ်လေးက အာရုံမစိုက်နိုင်ဘူး... အမြဲ ဟိုဟာလေ့လာ၊ သည်ဟာလေ့လာရတာပဲ ကြိုက်တယ်လေ... မူလဝိညာဉ်လမ်းညွှန်ကို တီထွင်ပြီးတော့ သူ ပစ်ထားခဲ့ပြန်တယ်... ဆယ့်ရှစ်ချက်မြောက်ဓားကွက်ကို တီထွင်ပြီးတော့လည်း ဆယ့်ကိုးချက်မြောက်ဓားကွက်ကို ဆက်မလေ့လာတော့ဘဲ ထွက်သွားပြန်တယ်... အဲဒါကြောင့် သူ့လည်ပင်းပေါ် ဓားတင်ပြီး နယ်ပယ်တစ်ခုတည်းမှာ အာရုံစိုက်ခိုင်းချင်တဲ့လူတွေ တစ်ပုံကြီးပဲ”
“ဒုတိယပြဿနာကတော့ ဒီကောင်စုတ်လေးက သတ္တိကောင်းလွန်းတယ်... သတ္တိကောင်းလွန်းလို့ အရူးလို့တောင် ထင်ရတယ်... ဘယ်လောက်အန္တရာယ်များများ သူ လုပ်ရဲတယ်... လီကျိုးပြည်နယ်ရဲ့ အဖြစ်အပျက်မှာဆို သူက တည်ကြက်ဖြစ်နေမှန်း သိသိကြီးနဲ့ တည့်တည့်တိုးဝင်သွားတယ်”
“တတိယပြဿနာက ဘဝင်မြင့်လွန်းအားကြီးတယ်... သူ့ပုံစံက နှိမ့်ချတတ်တယ် ထင်ရပေမယ့် နှိမ့်ချနေတာ လုံးဝမဟုတ်ဘူး... ဘဝင်လေဟပ်နေတာ... ကောင်းကင်ဘုံက နံပါတ်တစ်၊ ငါက နံပါတ်နှစ်... မြေအောက်ဘုံအရှင်သခင်က နံပါတ်တစ်၊ ငါက နံပါတ်နှစ်... ဧကရာဇ်က နံပါတ်တစ်၊ ငါက နံပါတ်နှစ်... ကောင်းကင်နတ်ဧကရာဇ်က နံပါတ်တစ်၊ ငါက နံပါတ်နှစ်ဆိုတဲ့ ဟာလေးမျိုး...”
တန်ခိုးရှင်သစ်ခုတ်သမား မျက်မှောင်ကြုတ်၍ သက်ပြင်းချသည်။ “သူ့ကို ကျုပ် နားမလည်ဘူး... တကယ်ကို နားမလည်တာ”
တိရီယွဲ့က နဂါးချီလင်အတွက် ဆေးလုံးများ ဖော်နေသော ချင်မူ့ဆီသို့ ကြည့်လိုက်သည်။ သူက နဂါးချီလင်ကို အစာကျွေးပြီးသည်နှင့် မြို့ထဲရှိ လေရထားလုံး လယ်ထွန်စက်များဆီ ပြေးသွားပြီး ၎င်းတို့ကို အဆင့်မြှင့်ရန် ကျောင်းသားများနှင့် ဆွေးနွေးနေ၏။
“တကယ် စိတ်ဝင်စားစရာလူလေးပဲ”
တိရီယွဲ့ ပြုံးလျက် ပြောလိုက်မိသည်။ “သူက အခြားသူတွေထက် လွတ်လွတ်လပ်လပ် ၊ ပျော်ပျော်ရွှင်ရွှင် နေ,နေတယ်နော်”
“မဟုတ်ဘူး”
တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းယမ်းလိုက်မိသည်။ “တကယ်တော့ သူ့ပခုံးပေါ်က တာဝန်တွေက ကြီးလေးလွန်းတယ်... ဒီတိုင်း အကောင်းဘက်က တွေးနေလို့သာ သူ့ပုံစံက သူများအမြင်မှာ လွတ်လပ်ပျော်ရွှင်နေတဲ့ပုံစံ ပေါက်တာ... ဒါပေမဲ့ သူတစ်ယောက်ပဲ သူ့နာကျင်မှုကို သိတယ်... အကောင်းမြင်စိတ်ထားလေးနဲ့ ဘဝကို ရင်ဆိုင်ဖို့၊ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ ရွေးချယ်ထားရုံသက်သက်ပဲ”
“ဘယ်လိုပုံစံနဲ့ မွေးဖွားလာချင်ပါတယ်လို့ သူ မရွေးချယ်နိုင်ခဲ့ပေမယ့် သူ့အနာဂတ်အတွက် လမ်းစဉ်နဲ့ ဒီလမ်းစဉ်အပေါ် သဘောထားကိုတော့ သူ ရွေးချယ်နိုင်တယ်လေ... သူက ကျုပ် တွေ့ခဲ့သဖူးသမျှ လူတွေထဲမှာ ဆွဲဆောင်မှုအရှိဆုံး လူသားတစ်ယောက်ပါ”
၎
င
၎
၎