ပြုပြင်ပြောင်းလဲသူ၏ ညှို့ဓာတ်
Vol. 53 Ch. 714
တိရီယွဲ့က ချင်မူ့ကို နောက်တစ်ကြိမ် ကြည့်လိုက်သော်လည်း နာကျင်နေသော အရိပ်အယောင် မမြင်မိပေ။ ကျောင်းသားများနှင့် ရယ်ရယ်မောမော စကားပြောရင်း ပျော်ရွှင်နေသည့် လူငယ်လေးကိုသာ မြင်ရသည်။
“သူက တကယ် ထူးဆန်းတဲ့ ညှို့ဓာတ်ရှိတဲ့ ကောင်လေးတစ်ယောက်ပါပဲ”
တိရီယွဲ့ ခေါင်းညိတ်လိုက်သည်။ “သိပ်မချောပေမယ့် ဆွဲဆောင်မှုအပြည့် ရှိတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့တောင် တွေ့စရာမလိုတော့ပါဘူး... ကောင်းကင်ဆရာသခင်ကြီးရဲ့ ဒီတပည့်နဲ့တင် ကျွန်မအတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဒီကပ်ဘေးကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ လုံလောက်နေပါပြီ”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာလည်း သူနဲ့ မတူတဲ့ ညှို့ဓာတ်မျိုး ရှိတယ်”
တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလိုက်သည်။ “သူ့ကို မြင်ရင် သူ့ညှို့ဓာတ်က ဘယ်လိုလဲဆိုတာ ကောင်းကင်နတ်မင်း သိပါလိမ့်မယ်... တကယ်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ချင်မူ့ကို မြင်ပြီးနောက်ပိုင်း ခိုင်ဧကရာဇ်ခေတ် စတင်ပေါ်ထွန်းစအချိန်တွေတောင် ကျုပ် သတိရမိခဲ့တယ်... ကျုပ်ရယ်၊ ခိုင်ဧကရာဇ်ရယ်၊ သွေးသောက်ရဲဘော်တွေရယ် ချုံဧကရာဇ်ရဲ့ မြို့ပျက်ထဲမှာ ဆုံခဲ့ကြတယ်... အဲဒီအချိန်တုန်းက ချုံဧကရာဇ်ခေတ်တစ်ခေတ်လုံး လူမျိုးတုံး သတ်ဖြတ်ခံထားရတဲ့အချိန်ပေါ့... ကျုပ်တို့က မြို့ပျက်တွေထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေကြရတာ...”
သူသည် အတိတ်ကို ပြန်ပြောင်းတွေးတော်နေသော်လည်း အလွန်တည်ငြိမ်သော အမူအရာရှိသည်။ “တစ်နေ့တစ်နေ့ နပ်မှန်အောင် စားရဖို့ ရုန်းကန်နေရတဲ့ လူတွေက ခမ်းနားကြီးကျယ်တဲ့ ခိုင်ဧကရာဇ်ခေတ်ကို ထူထောင်နိုင်ခဲ့မယ်ဆိုတာ ဘယ်သူထင်မလဲ... ဧကရာဇ်အတိုင်ပင်ခံ၊ ချင်မူနဲ့ သူတို့ရဲ့ သွေးသောက်ရဲဘော်တွေကို မြင်တော့ အတိတ်တုန်းက မိတ်ဆွေတွေကို အောက်မေ့သတိရမိတယ်”
တိရီယွဲ့ တိတ်ဆိတ်သွား၏။ တခဏကြာသော် သူမက ခေါင်းယမ်းလိုက်သည်။ “အတိတ်အကြောင်း မပြောကြရအောင်... ကဲ ဒါဆိုလည်း သူ့ကို သွားတွေ့ကြတာပေါ့”
“မူအာ၊ ဆက်သွားမယ်” ပထမလူသားဧကရာဇ်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။
ချင်မူက ပြုံးရွှင်စွာဖြင့် ကပျာကယာ ပြန်ပြေးလာ၏။ “ကျွန်တော် ပါ့ကျိုးက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီ ဝင်ချင်တယ်... ဘွားဘွားဆီ ပေးစရာလေး ရှိလို့”
သစ်ခုတ်သမားက ပြောလိုက်သည်။ "ဒါဖြင့် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို အရင်ဆုံး သွားတာပေါ့”
ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်သည် မာန်ဟုန်မြစ်တက္ကသိုလ်နှင့် မတူပေ။ မာန်ဟုန်မြစ်တက္ကသိုလ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ဆေးစွမ်းအင်ကျောက်တုံးများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန် ဖန်ဆင်းပညာဖြင့် ဆေးပင်များ စိုက်ပျိုးနေကြ၏။
အခြားတစ်ဖက်တွင် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ အခြေအနေက ပို၍ပင် လေးနက်နေသည်။ ထူးဆန်းရှားပါးသော ဝိညာဉ်လက်နက်မျိုးစုံ ကောင်းကင်ယံ၌ ပျံဝဲနေသည်ကိုလည်းကောင်း၊ မြေပြင်ထက်တွင် ပြေးလွှားနေသည်ကိုလည်းကောင်း တွေ့မြင်ရ၏။ တစ်ချက်တစ်ချက် မှိုပွင့်လို မီးခိုးတိမ်တိုက်ကြီးများလည်း အလိပ်လိပ် ထွက်လာတတ်သည်။ တစ်ချက်တစ်ချက် တစ်စုံတစ်ခုက မြေပြင်ပေါ်သို့ ဘုန်းခနဲ အုန်းခနဲ ကျလာတတ်၏။ ပြီးလျှင် ဆံပင်ဖွာလန်ကြဲနှင့် ကျောင်းသားတစ်ယောက် ကျင်းထဲမှ ထွက်လာတတ်သည်။
တစ်ချက်တစ်ချက် မြေပြင်၌ ပြေးလွှားနေသော ဝိညာဉ်လက်နက်များက ကောက်ကာငင်ကာ ပေါက်ကွဲတတ်၍ ဝိညာဉ်လက်နက်ကို အတွင်းထဲမှ ထိန်းချုပ်နေကြသည့် ကျောင်းသားအားလုံး ဝရုန်းသုန်းကား လွင့်ထွက်သွားတတ်သည်။
ဓားဝင်္ကပါများလည်း တွေ့မြင်ရပြီး ဓားရောင်များ ဖြာထွက်နေတတ်သည်။ နတ်ဘုရားတို့၏ နေရာယူပုံကို မှီငြမ်းထားသော ဝင်္ကပါများလည်း ရှိကြသည်။ ဝင်္ကပါများ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလျှင် နတ်ဘုရားချီစွမ်းအင် သို့မဟုတ် မိစ္ဆာချီစွမ်းအင်က နတ်ဘုရားအသွင် ဖွဲ့တည်ကာ ဝင်္ကပါပညာရှင်အား လိုက်ဖမ်းတတ်၏။
မလှမ်းမကမ်းတွင် အဆင်သင့်စောင့်နေကြသော ဆေးဆရာများနှင့် ဆေးကျောင်းသားများကိုလည်း မြင်ရသည်။ မတော်တဆ တစ်ခုခုဖြစ်သည်နှင့် သူတို့က လာရောက်ကုသပေးလိမ့်မည်။
“ငါ မင်းတို့ကို ပြောတယ်လေ... သင်္ချာလို့ သင်္ချာ”
တာအိုရသေ့အိုကြီးတစ်ယောက်မှာ အားမလိုအားမရဖြစ်လျက် ဒေါသထွက်နေသည်။ စစ်ဆေးမှုများ မအောင်မြင်၍ ထမ်းစင်ပေါ် လိုက်ပါသွားရသော ကျောင်းသားများအား ဆူပူနေသည်။ “သင်္ချာက တိကျနေရမှာကွ... မင်းတို့ကောင်တွေ နားကိုမထောင်ဘူး... နားမထောင်လို့ကတော့ မင်းတို့ပဲ အသက်ထွက်မှာ”
“ဒီနေ့ နတ်ဘုရားဆင့်ခေါ်ဝင်္ကပါ တည်ဆောက်ကြမယ်... ချင်မိသားစုရဲ့ ဝိညာဉ်စွမ်းအင်ထိန်း သင်္ကေတအမှတ်အသားတွေအရ ငါတို့ ယိုတုကနေ မကောင်းဆိုးဝါးတစ်ကောင် ဆင့်ခေါ်နိုင်တယ်”
သက်လတ်ပိုင်းအရွယ် အဆောင်မှူးတစ်ယောက်က သူ သင်ကြားပေးနေသော ကျောင်းသားများကို အားပေးနေ၏။ “ဆရာ ဒီမှာ ရှိတယ်... ဘာအန္တရာယ် လာနိုင်ပါ့မလဲ... မကြောက်ကြနဲ့၊ မကြောက်ကြနဲ့... ချင်မိသားစုရဲ့ ဝိညာဉ်စွမ်းအင်ထိန်း သင်္ကေတအမှတ်အသားတွေအတိုင်း ငါတို့ ယဇ်ပူဇော်ကြရမယ်... အရင်ဆုံး သင်္ချာတွက်ကြစို့... ပြီးမှ ယဇ်ပလ္လင်တစ်ဆူ ဆောက်ကြရအောင်”
“ဆရာရေ အစ်ကိုကြီးငါးကို မကောင်းဆိုးဝါးတစ်ကောင် ဖမ်းသွားပြီဗျို့”
“ဟေ့ကောင် မကောင်းဆိုးဝါး ဘယ်သွားနေတာတုန်း... ရှောင်ဝူ၊ စိတ်မပူနဲ့... အမှားလေးတစ်ခု ပါသွားလို့နေမှာ... ဆရာတို့ ထပ်ကြိုးစားကြစို့.... မပြေးနဲ့ ပြန်လာခဲ့.... မင်း ဆရာ့လက်ထဲက ပြေးမယ်မကြံနဲ့.."
....
တိရီယွဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ပင့်သက်ရှိုက်နေမိသည်။ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်က သူမရင်ထဲတွင် ပျောက်ကွယ်နေခဲ့သော ခံစားချက်တစ်ခုကို ပြန်လည်မွေးဖွားလာစေသည်။ ယခုလို တိုးတက်လာသည့် ခံစားမှုမျိုး မခံစားရသည်မှာ ကြာခဲ့ချေပြီ။
သူမသည် ခိုင်ဧကရာဇ်နှင့် ကျန်ရှိသူများနှင့်အတူ ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်များ၊ လမ်းစဉ်များ လေ့လာခဲ့ကြစဉ်အခါက ယခုလိုခံစားချက်မျိုး ခံစားခဲ့ရဖူး၏။ ဤခံစားချက်ကို သူမ လွန်စွာသဘောကျသည်။ နောက်ပိုင်း အောင်မြင်ကျော်ကြားလာသည့်အခါ အလုပ်များသထက် များလာပြီး လေ့လာရန် အချိန်လည်း လျော့နည်းသထက် လျော့နည်းလာခဲ့လေသည်။
ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တွင် နိစ္စဒူဝသုံးနိုင်သည့် ဝိညာည်လက်နက်မျိုးစုံ သွန်းလုပ်နေကြသော ကျောင်းသားကျောင်းသူလည်း ရှိကြသေးသည်။ အကြီးစားကုန်ထုတ်စက်ရုံတစ်ရုံဘေးမှ သူတို့ ဖြတ်သွားသည့်အချိန်တွင် ကျောင်းသားများသည် မီးဖိုများကို မီးပြင်းတိုက်ကာ ထူးဆန်းသော ဝိညာဉ်လက်နက်များ သွန်းလုပ်နေကြ၏။
ကျောင်းသားတစ်ယောက်ဆိုလျှင် ယန္တရားသားရဲကြီးတစ်ကောင်ကို စီးထားပြီး မီးဖို၏ မီးပြင်းအားကို ထိန်းညှိလိုက်သည်။ ထိုအခါ ဓားစက်လုံးတစ်ရာက ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်တစ်ပြင်လုံး အပြည့်နေရာယူလိုက်၏။ သူသည် ယန္တရားသားရဲကြီးမှတစ်ဆင့် သူ၏ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ ဓားကောင်းကင်နတ်သိုင်းက အဆပေါင်းများစွာ ပိုမိုအားကောင်းပြင်းထန်သွား၏။
ထိုကျောင်းသားမှာ ဝမ်းသာသွားပြီး မီးပြင်းအားကို ထပ်ညှိလိုက်ပြန်သည်။ ထိုအခါ ယန္တရားသားရဲကြီး၏ ခြေထောက်များနှင့် တင်ပါးမှ မီးလျှံများ မှုတ်ထုတ်ကာ ကောင်းကင်ယံသို့ မြောက်တက်သွားသည်။ များစွာမကြာလိုက်ဘဲ ‘အား’ ခနဲ အော်သံကြီး ထွက်လာပြီး ထိုကျောင်းသားမှာ ယန္တရားသားရဲကြီးနှင့်အတူ တောင်တစ်လုံးအား ဝင်တိုက်သွားတော့၏။
“ငတုံး.. ဒီလောက်တုံးတဲ့ကောင် တစ်ခါမှ မမြင်ဖူးဘူး”
ဗလုံးဗထွေးအသံ တစ်သံ ထွက်လာ၍ အသံလာရာသို့ တန်ခိုးရှင်သစ်ခုတ်သမား လှမ်းကြည့်လိုက်သည်။ သေတ္တာတစ်လုံးပေါ်တွင် အရက်အိုးကိုင်လျက် ထိုင်နေသော အဘိုးအိုတစ်ယောက်ကို မြင်တွေ့လိုက်ရ၏။ သူက အရက်အိုးကို မျက်နှာရှေ့ထားကာ အယုတ္တအနတ္တများ ပြောနေသည်။ သူ့စကားလုံးတိုင်းသည် ရှင်းလင်းပြတ်သားနေပြီး သူက ကရားရေလွှတ်သလို ဆဲဆိုကြိမ်းမောင်းနေချေသည်။
“ဘိုးဘိုးရွှေအ ဖြစ်မယ်”
ချင်မူက ဝမ်းသာအားရဖြင့် ကပျာကယာ ရှေ့လျှောက်သွားရင်း အော်လိုက်သည်။ “ဘိုးဘိုးရွှေအ၊ လျှာပြန်ပေါက်လာပြီလား”
ထိုအဘိုးအိုသည် မျက်နှာရှေ့၌ ကွယ်နေသော အရက်အိုးအနောက်မှ ခေါင်းထွက်လိုက်ရာ အားလုံးကို မြင်သွား၏။ သူက ကပျာကယာ ထရပ်၍ ရိုးသားဖြူစင်စွာ ပြုံးလိုက်သည်။ ထို့နောက် လက်ဟန်ခြေဟန်ဖြင့် လျင်မြန်စွာ ပြောနေသည်။ “အာဘာ အ အ အ”
“ဘိုးဘိုးရွှေအက ပြောတယ် ... အခုထိ လျှာပြန်မပေါက်သေးဘူးတဲ့... ဆရာကြီးတို့ကို မမြင်လိုက်လို့ ရိုင်းပျမိသွားပါတယ်တဲ့” ချင်မူက ရွှေအ၏ အ,အစကားကို ဘာသာပြန်နေသည်။
ရွှေအက စိတ်လှုပ်ရှားစွာဖြင့် သူတို့ကို ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကုန်ထုတ်စက်ရုံထဲ ခေါ်သွားရင်း လက်ဟန်ခြေဟန်နှင့်သာ စကားပြောနေသည်။ ချင်မူမှာ သူ့ဘေး၌ နေပြီး ဘာသာပြန်ပေးနေချေသည်။
အားလုံး တစ်ပတ်ပတ်ကြည့်လိုက်ပြီးနောက် တလေးတစား စုပ်သပ်မိကြသည်။ ထို့နောက် ကုန်ထုတ်စက်ရုံထဲမှ ပြန်ထွက်သွားကြ၏။
ရွှေအက သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေသည်။ ထို့နောက် မျက်နှာမည်းမှောင်သွားပြီး အရက်အိုးကို ခွမ်းခနဲ ရိုက်ခွဲလိုက်သည်။ “မင်း ငါ့လျှို့ဝှက်ချက်တွေ သိတာ များနေပြီ... ငါ မင်းကို အရှင်ထားလို့ မဖြစ်တော့ဘူး...”
တိရီယွဲ့၊ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျန်ရှိသူများ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ အတွင်းပိုင်းသို့ ဝင်လိုက်ကြသည်။ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှာ အတွင်းထဲ၌ ပို၍ပင် စည်ကားနေသည်။ တိရီယွဲ့က သက်ပြင်းချရင်း ပြောလိုက်၏။ “ရှင် ဘာကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကို ထောက်ခံ့တာလဲ ကျွန်မ နားလည်သွားပါပြီ... အာဏာတွေ၊ ဗျူဟာတွေကြောင့် မဟုတ်ဘဲ ဒီလူငယ်တွေကြောင့် မဟုတ်လား.. ဒီလောက်တက်ကြွနေတဲ့ လူငယ်တွေကြောင့် ရှင်က သူတို့ကို အကူအညီပေးဖို့ ဆုံးဖြတ်လိုက်တာပဲ"
တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းညိတ်လိုက်သည်။ “ကျုပ်တို့လို လူအိုတွေမှာ သူတို့လို တက်ကြွပြင်းထန်တဲ့ စိတ်ဓာတ်အားမာန်မျိုး မရှိတော့ဘူး... ဘဝတစ်လျှောက်လုံး ကျင့်ကြံအားထုတ်ခဲ့တဲ့ အစွမ်းအစတွေတော့ ရှိသေးတယ်... သူတို့ ကြီးပြင်းတိုးတက်လာဖို့အတွက် ကျုပ်တို့အနေနဲ့ ကျုပ်တို့ရဲ့အစွမ်းအစတွေ၊ အသက်တွေနဲ့ အချိန်တစ်ခုအထိ တိုက်ခိုက်ပေးရမယ်... ခိုင်ဧကရာဇ်က မတိုက်ခိုက်ခဲ့ပေမယ့် ကျုပ်တို့ခိုင်ဧကရာဇ်ခေတ်က လူတွေ ပူးပေါင်းပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ အင်အားကြီးလာတဲ့အထိ တိုက်ခိုက်ပေးနိုင်ပါသေးတယ်”
တိရီယွဲ့ မျက်ဝန်းများ ဝိုင်းစက်သွားပြီး ခါးသီးစွာ ပြောလိုက်၏။ “ကျွန်မလည်း ခိုင်ဧကရာဇ်ခေတ်အတွက် မတိုက်ခိုက်ပေးခဲ့ရဘူး....”
ချင်မူ အဘွားစစ်ကို သွားရှာသည်။ အဘွားစစ်သည် လောလောဆယ်တွင် ကျောင်းသားများနှင့်အတူ သင်္ချာအတန်း တက်နေ၏။ သူမက သူမရာထူးကို နှိမ့်၍ ကျောင်းသားများနှင့် သင်္ချာလေ့လာကာ လိုအပ်နေသော နေရာများအား ဖာထေးနေသည်။
သင်္ချာသင်ပေးနေသော ဆရာကမူ တာအိုသခင်လင်းရွှမ် ဖြစ်သည်။ ရှုရှန်းဟွာနှင့် သူ့ဇနီးကျင်းဟန်လည်း ဘေး၌ နားထောင်နေကြသည်။ လင်းရွှမ်သည် တာအိုသခင်မဟုတ်ပါ၏လော။ သူက တာအိုဂိုဏ်းတက္ကသိုလ်ကိုပင် တည်ထောင်ပြီးစီးပြီးဖြစ်သည်။ ယခု စာလာသင်ပေးနေသည်မှာတော့ တက္ကသိုလ်များအကြား ပညာဖလှယ်ရန်အတွက်ပင်။
အတန်းပို့ချပေးပြီးနောက် သူက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ဆရာများကို တာအိုဂိုဏ်းတက္ကသိုလ်သို့ ဖိတ်ခေါ်ကာ တာအိုဂိုဏ်းတက္ကသိုလ် လိုအပ်နေသောနေရာများအား ဖြည့်ပေးလိမ့်မည်။
“ဂိုဏ်းသခင်ချင်”
အားလုံး အလျင်အမြန် ထပြီး နှုတ်ဆက်ကြသဖြင့် ချင်မူလည်း ပြန်နှုတ်ဆက်လိုက်သည်။ သူက ပြုံးလျက် ပြောလိုက်၏။ “ထုံးစံတွေ မလိုပါဘူး... ဒီနေရာက ဖြတ်သွားရင်း လမ်းကြုံလို့ ဝင်ကြည့်တာပါ... တာအိုသခင်လင်းရွှမ်၊ ငါ အသေးငယ်ဆုံးအမှုန်အထိ တွက်ချက်ပေးနိုင်တဲ့ ထိုက်ဝေသင်္ချာကျမ်း ပြုစုထားတယ်... တစ်ချက်လောက် လာကြည့်လှည့်ပါဦး”
တာအိုသခင်လင်းရွှမ်က စာအုပ်ကို ချက်ချင်း ယူကာ ပထမနှစ်ရွက် ဖတ်ကြည့်ပြီးနောက် မျက်နှာအမူအရာ လေးနက်သွားသည်။ သူက အလေးအနက် ပြောလိုက်၏။ ““အသေးငယ်ဆုံးအမှုန်အထိ တွက်ချက်ပေးနိုင်တဲ့ သင်္ချာကျမ်းတဲ့လား”
ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါ ထိုက်ဝေသင်္ချာကျမ်းကို ပြုစုပြီးတော့ ဒီသင်္ချာကျမ်းနဲ့ ကောင်းကင်မီးလျှံရဲ့ မဟာတာအိုကို တွက်ထုတ်နိုင်ခဲ့တယ်”
တာအိုသခင်လင်းရွှမ်မှာ စာအုပ်ကို အလျင်အမြန် လှန်ကြည့်ကာ သက်ပြင်းချသည်။ “ဂိုဏ်းသခင်ချင်၊ ဒီထိုက်ဝေသင်္ချာကျမ်းက ကောင်းကင်မီးလျှံရဲ့ မဟာတာအိုတစ်ခုတည်းကို တွက်ထုတ်နိုင်ရုံတင် ဘယ်ဟုတ်ပါ့မလဲ... သင်္ချာကျမ်းတစ်အုပ်လုံး ပြုစုထားပြီး ဒါတောင် မသိဘူးလား... ဒီသင်္ချာကျမ်းကို ဆက်ပြုစုရင် ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက်တောင် ထွက်ပေါ်လာလိမ့်မလဲ”
ရှုရှန်းဟွာလည်း ရောက်လာပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ ထိုက်ဝေသင်္ချာကျမ်းအား အတူတူ ဖတ်နေကြသည်။ သူတို့၏အမူအရာများ လေးနက်သည်ထက် လေးနက်လာ၏။ ထိုက်ဝေသင်္ချာကျမ်း၏ အရေးပါပုံကို သူတို့နှစ်ယောက်လုံး မြင်သွားကြောင်း ထင်ရှားသည်။
“ဂိုဏ်းသခင်က တစ်ခုခု ဖန်တီးပြီးတိုင်း အမြဲ ပစ်ထားတယ်”
ရှုရှန်းဟွာ ခေါင်းယမ်းမိသည်။ “ဒီထိုက်ဝေသင်္ချာကျမ်းအတိုင်း ဆက်လက်တွက်ထုတ်သွားရင် မင်းက မျိုးဆက်တစ်ဆက်ရဲ့ မဟာဆရာသခင်တင် ဘယ်ကတော့မလဲ... ဆရာသခင်ဘုရင်လို့တောင် ခေါ်လို့ရတယ်”
ချင်မူမှာ နားဝေတိမ်တောင်ဖြင့် ခေါင်းကုတ်မိသည်။ “အဲဒီလောက် အရေးပါတာလား... ငါ့တစ်ယောက်တည်း တွေးနေရတာ ပင်ပန်းလို့လေ၊ အားလုံးအတူတူ တွက်ထုတ်ကြတာ ပိုမကောင်းဘူးလား”
တာအိုသခင်လင်းရွှမ်က ဣန္ဒြေပြန်ဆည်ကာ ထိုက်ဝေသင်္ချာကျမ်းအား သိမ်းလိုက်သည်။ “နောင်တော်ရှု၊ ဂိုဏ်းသခင်ချင်က ငါ့ကို ဒီစာအုပ် အရင်ပေးခဲ့တာနော်... ငါတို့တာအိုဂိုဏ်းတက္ကသိုလ်အနေနဲ့ နာမည်တစ်လုံးနဲ့ ရပ်တည်ပြီး ကျန်တဲ့တက္ကသိုလ်တွေနဲ့ ယှဉ်နိုင်အောင် လုပ်ရဦးမယ်... မင်း ငါ့ဟာကို လာမလုနဲ့”
ရှုရှန်းဟွာ သရော်တော်တော် ပြောလိုက်၏။ “တိုက်တိုက်ဆိုင်ဆိုင် ငါလည်း အထက်ကောင်းကင်ဘုံတက္ကသိုလ် တည်ထောင်ဖို့ ပြင်နေတာ.... ငါ့မှာလည်း ငါ့အပိုင်တက္ကသိုလ် မရှိသေးဘူး”
နှစ်ယောက်သား မျက်လုံးများပြူးလျက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ချင်မူက ဖြန်ဖြေပေးလိုက်သည်။ “နောင်တော်ရှု၊ နောက်မှ ငါ မင်းကို နောက်တစ်အုပ် ပေးပါ့မယ်... ဘာမဟုတ်တာလေးအတွက်နဲ့ ရန်ဖြစ်မနေကြနဲ့.... ငါ့မှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို လေ့လာခိုင်းစရာ နယ်ပယ်တစ်ခု ရှိသေးတယ်... အဲဒါက သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းပဲ... ဘွားဘွား၊ ကျောင်းသားတွေကို ဦးဆောင်ပြီး ဒီနယ်ပယ်မှာ အာရုံစိုက်ပေးပါလား”
အဘွားစစ် အံ့အားသင့်သွား၏။ “သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတဲ့လား... သံလိုက်ဆွဲအားက မြေဆွဲအားနဲ့ အတူတူပဲ... မူအာ၊ မင်း ဒီလိုကောင်းကင်နတ်သိုင်းမျိုး ဖန်တီးချင်လို့လား”
“မြေဆွဲအားတင် မကဘူး”
ချင်မူက ရှင်းပြသည်။ “မြေဆွဲအားတစ်ခုတည်းဆို ရိုးလွန်းတယ်... ကောင်းကင်ပေါ်က ကြယ်တွေအကြားမှာလည်း သံလိုက်ဆွဲအား ရှိတယ် ဘွားဘွား... ဥပမာ ကျွန်တော်တို့ ချိမင်ကြယ်ပေါ်မှ လမ်းလျှောက်ရင် ကျွန်တော်တို့ကို ဆွဲငင်နေတဲ့ သံလိုက်ဆွဲအားကို ခံစားရလိမ့်မယ်... မိုးပေါ်ပျံချင်ရင် သံလိုက်ဆွဲအားကို ဆန့်ကျင်ရတယ်... ကြယ်တွေကြားက သံလိုက်ဆွဲအားတွေက အင်မတန်လည်း အားကောင်းပြင်းထန်တယ်... ကျွန်တော်တို့ ဒါကို အသုံးချနိုင်ရင် အင်အားကြီးမားတဲ့ ကောင်းကင်နတ်သိုင်းစနစ်တစ်ခု ဖြစ်လာလောက်တယ်”
အဘွားစစ်၏ မျက်လုံးများ အရောင်လက်သွားပြီး သူမက ပြောသည်။ “ဘွားဘွားရဲ့ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းက မင်းပြောတဲ့ သံလိုက်ကောင်းကင်နတ်သိုင်းနဲ့ အတော်လေးဆင်တယ်... သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို လေ့လာဖို့ အသင့်တော်ဆုံးနေရာက လော့ဖူကောင်းကင်ဘုံ၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ မဟာမြို့ပျက် ဆုံနေတဲ့ နေရာပဲ... အဲဒီနေရာမှာ သံလိုက်ဆွဲအားတွေ ရှုပ်ထွေးနေတော့ သုတေသနလုပ်ဖို့ အကောင်းဆုံး ဖြစ်လိမ့်မယ်"
အဘွားစစ်၏ ပါးနပ်ထက်မြက်မှုအား ချင်မူ လေးစားသွားသည်။ “ဘွားဘွားက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို ကျင့်ထားပြီးပြီဆိုတော့ ဒီနယ်ပယ်ကို သုတေသနလုပ်ဖို့ ဘွားဘွားက အသင့်တော်ဆုံးပဲ... ဒါမဲ့ သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းအတွက် သင်္ချာစွမ်းရည် မြင့်မားဖို့လည်း လိုသေးတယ်... ဘွားဘွား၊ ဒီရက်ပိုင်း သင်္ချာစွမ်းရည် တိုးတက်လာသေးလား... ကျွန်တော် လမ်းမှာ သံလိုက်စက်ကွင်းတချို့ တွက်ချက်ပြီး ညီမျှခြင်းတွေ ချရေးထားတယ်... ဘွားဘွား နားလည်နိုင်မလား အရင်ကြည့်တာပေါ့”
ရှုရှန်းဟွာ စိတ်ဝင်စားလာပြန်သည်။ “နောင်တော်မူ ငါလည်း တစ်ချက်လောက် ကြည့်လို့ရလား”
ချင်မူက စာရွက်များ ထုတ်ပေး၍ အဘွားစစ်မှာ အတန်ကြာသည်အထိ ကြည့်ရန် ညီမျှခြင်းများ၏ အဓိပ္ပါယ်ကို သဘောပေါက်အောင် ကြိုးစားနေသည်။ သူမက အပြုံးတစ်ခုဖြင့် ပြောလာ၏။ “အကြမ်းဖျင်းတော့ နားလည်ပေမယ့် သင်္ချာပညာရှင်တွေရဲ့ အကူအညီ လိုအပ်သေးတယ်”
ရှုရှန်းဟွာကမူ နားလည်သဖြင့် ချီးကျူးလေသည်။ “အသေးစိတ်လိုက်တဲ့ အတွေးတွေပဲ... မင်းရဲ့ ဒီညီမျှခြင်းတွေကို သုံးရင် အခြေခံသင်္ကေတအမှတ်အသား တစ်ဒါဇင်ကျော်အတွက် ကနဦးအသွင်တွေ ရေးဆွဲလို့ရတယ်.... ကနဦးအသွင်ပဲ ဆိုပေမယ့် လမ်းကြောင်းရှိနေမှတော့ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း ဆက်လက်တိုးတက်လာမှာပါ.... နောင်တော်ချင် ဘာလို့ ကိုယ့်ဘာသာ မလေ့လာတာလဲ... မင်း ဆက်လေ့လာရင် ကောင်းကင်နဲ့မြေကြီးမှာ အင်အားကြီးမားတဲ့ ကောင်းကင်နတ်သိုင်းစနစ်တစ်ခု ထည့်ဖြည့်ပေးနိုင်လောက်မှာနော်... မင်းကြောင့် ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအို ပြောင်းလဲသွားလိမ့်မယ်"
ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “ငါ့မှာ အဲဒီလောက်အချိန် ဘယ်ရှိမှာတုန်း... မင်းတို့ ဖန်တီးပြီးမှပဲ သင်တော့မယ်”
အားလုံး မျက်လုံးအပြူးသားဖြင့် ဝိုင်းကြည့်မိလိုက်ကြ၏။
ဤလူသည် အသစ်အသစ်များကို ရှာတွေ့ခဲ့ပြီး သုတေသနလုပ်ရန် နည်းလမ်းများပင် တီထွင်ခဲ့၏။ ရှေ့ဆက်လျှောက်လျှင် အောင်မြင်မှုများစွာ ရရှိကာ ဆရာသခင်ဘုရင်တစ်ပါး ဖြစ်လာနိုင်သော်လည်း ဆက်လေ့လာလိုစိတ် ရှိမနေပေ။ သူ ရှာတွေ့ထားသမျှ အရာအားလုံးကို သူတို့လက်ထဲ ထည့်ပေးနေသည်။
“နောင်တော်ရှု၊ မင်းတို့ အထက်ကောင်းကင်ဘုံတက္ကသိုလ်က ထိုက်ဝေသင်္ချာကျမ်းကို ဆက်လေ့လာမှာလား... သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကို လေ့လာမှာလား”
တာအိုသခင်လင်းရွှမ်က ဟက်ခနဲ ရယ်လိုက်ကာ ပြော၏။ “နှစ်လမ်းစလုံး လျှောက်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်.... တစ်လမ်းတော့ ရွေးပါ”
ရှုရှန်းဟွာ ဆုံးဖြတ်ရခက်နေသည်။
လမ်းနှစ်လမ်းအနက် ထိုက်ဝေသင်္ချာကျမ်းက အနည်းငယ်ပို၍ အရေးပါသည့်အပြင် ဆက်လက်လေ့လာခြင်းမှ ရရှိမည့် အောင်မြင်မှုများက ပိုမိုကြီးမားသည်။ အခြားတစ်ဖက်တွင် သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းသည် မတည်ရှိခဲ့ဖူးသော ကောင်းကင်နတ်သိုင်းစနစ်အသစ်တစ်ခုကို တည်ဆောက်ပေးနိုင်မည်။ အောင်မြင်မှုက ထိုက်ဝေသင်္ချာကျမ်းလောက် မကြီးမားသော်လည်း ကောင်းမွန်သေး၏။ သူ့မှာ မရွေးတတ်တော့ပေ။