တောင်နတ်မင်း၏ မျက်နှာ
Vol. 53 Ch. 715
“ထိုက်ဝေသင်္ချာကျမ်းက အခုမှ စလုံးရေ စရမှာ... ဘယ်သူမှ သတိမထားမိခဲ့တဲ့ အဆင့်မြင့်နိယာမတစ်ခုကို ရှာတွေ့နိုင်ပေမယ့် သင်္ချာပညာရှင်တွေလည်း အများကြီး လိုအပ်တယ်”
“သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းကတော့ ပိုလွယ်တယ်... ဂိုဏ်းသခင်ချင်က သံလိုက်သင်္ကေတအမှတ်အသားတွေ တွက်ထုတ်ပေးနိုင်တဲ့ ညီမျှခြင်းတွေ တည်ဆောက်ထားပြီးပြီ.... အခြေခံသင်္ကေတအမှတ်အသားတွေ ရအောင် ပိုရှုပ်ထွေးတဲ့ ညီမျှခြင်းတွေ ဆက်တွက်ထုတ်ဖို့ပဲ လိုတယ်... ပြီးတာနဲ့ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းစနစ်ကို ပုံဖော်နိုင်ပြီ”
ရှုရှန်းဟွာနှင့် ကျန်းယန် ဆွေးနွေးနေကြသည်။ “အထက်ကောင်းကင်ဘုံတက္ကသိုလ် တည်ထောင်ဖို့ ပြင်နေပေမယ့် အထက်ကောင်းကင်ဘုံက ငါ့လက်ထဲမှာ မရှိသေးဘူး... အထက်ကောင်းကင်ဘုံကို မဖြစ်မနေ တည်ထောင်ရမယ်.... မဟုတ်ရင် နောက်တစ်ချိန်ကျ အထက်ကောင်းကင်ဘုံအတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရပ်တည်စရာနေရာ မရှိဘဲနေလိမ့်မယ်... ကျင်းဟန်၊ မင်းအမြင်ကရော ဘယ်လိုရှိလဲ”
ကျင်းယန်က ပြောသည်။ “အနောက်ကမ္ဘာမြေမှာ အခုထိ တက္ကသိုလ်တစ်ခုမှ မရှိသေးဘူး မောင်ကြီး... ဒီတော့ အနောက်ကမ္ဘာမြေကလူတွေကို စ,စည်းရုံးရင်ရော... အနောက်ကမ္ဘာမြေမှာ ပါရမီရှင်တွေ အများကြီး ရှိတဲ့အပြင် မိသားစုတစ်စုချင်းစီကလည်း ကျောထောက်နောက်ခံ တောင့်တင်းကြတယ်... မောင်ကြီး အဲဒီမှာ အထက်ကောင်းကင်ဘုံတက္ကသိုလ် တည်ထောင်လိုက်ရင် အစစ်အမှန်နန်းဆောင်သခင်မက မောင်ကြီးကို ကူညီပေးမှာပါ.... မောင်ကြီးကို ကူညီပေးတာက အနောက်ကမ္ဘာမြေမှာ ဩဇာလွှမ်းမိုးမှုရှိတဲ့ အာဏာပိုင်မိသားစုတွေကို ထိန်းချုပ်ရာလည်း ရောက်မယ်လေ”
သူမက အတန်ကြာစဉ်းစားပြီးနောက် ပြောလိုက်၏။ “အနောက်ကမ္ဘာမြေက ဂိုဏ်းသခင်ချင်ရဲ့ ဘက်တော်သားလို့တောင် ပြောလို့ရတယ်... အနောက်ကမ္ဘာမြေရဲ့ မိသားစုတိုင်း ဂိုဏ်းသခင်ချင်ကို လေးစားကြတယ်.... ကျွန်မတို့ အဲဒီမှာ အထက်ကောင်းကင်ဘုံတက္ကသိုလ် တည်ထောင်ရင် ဂိုဏ်းသခင်ချင်ကို ပါမောက္ခရာထူး ပေးလိုက်မယ်... သူ့ဂုဏ်သတင်းနဲ့ အစစ်အမှန်နန်းဆောင်သခင်မရဲ့ အထောက်အပံ့နဲ့ဆို အတားအဆီး ရှိတော့မှာမဟုတ်ဘူး... အထက်ကောင်းကင်ဘုံတက္ကသိုလ် တည်ထောင်ပြီးရင် မောင်ကြီးအနေနဲ့ အထက်ကောင်းကင်ဘုံကို တိုက်ခိုက်ပြီး ကောင်းကင်နတ်ဘုံက လူတွေအားလုံး ရှင်းပစ်နိုင်မယ်... အဲဒီအချိန်ကစပြီး အထက်ကောင်းကင်ဘုံက မောင်ကြီးလက်ထဲ ရောက်လာလိမ့်မယ်... အထက်ကောင်းကင်ဘုံ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပူးပေါင်းလိုက်ရင် ဧကရာဇ်ကလည်း မောင်ကြီးကို အပြည့်အဝ ထောက်ခံပါလိမ့်မယ်”
ရှုရှန်းဟွာ၏မျက်လုံးများ အရောင်တောက်သွားပြီး သူက အပြုံးတစ်ခု ပြောလိုက်သည်။ “ကျင်းယန်၊ မင်းအကြံက သိပ်ကောင်းတယ်... အဲဒီအတိုင်းပဲ ငါတို့လုပ်ကြမယ်... ဂိုဏ်းသခင်ချင်ရဲ့ ထိုက်ဝေသင်္ချာကျမ်းနဲ့ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းမှာ ငါ့အထက်ကောင်းကင်ဘုံတက္ကသိုလ် ဘာကိုရွေးချယ်သင့်လဲ”
ကျင်းယန်က တွေးကာ ပြောလေသည်။ “တာအိုဂိုဏ်းက တည်ရှိခဲ့တာ ကြာပြီ... အခြေခံကလည်း ခိုင်မာတယ်... တစ်ဖက်မှာ အထက်ကောင်းကင်ဘုံတက္ကသိုလ်က တည်တောင် မတည်ထောင်ရသေးဘူး... မောင်ကြီးမှာ တာအိုသခင်နဲ့ ယှဉ်နိုင်တဲ့ အတိုင်းအတာ မရှိသေးဘူး... ဒါ့အပြင် ထိုက်ဝေသင်္ချာကျမ်းက အတော်လေး ခက်လိမ့်မယ်.... နှစ်အနည်းငယ်နဲ့ ပြီးမှာမဟုတ်ပါဘူး... သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းကတော့ လွယ်တယ်.... နှစ်အနည်းငယ်အတွင်း အထက်ကောင်းကင်ဘုံတက္ကသိုလ်အနေနဲ့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်နဲ့အတူ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းရဲ့ အသီးအပွင့်ကို ခံစားရလိမ့်မယ်... ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကို အသုံးချရင်း အထက်ကောင်းကင်ဘုံတက္ကသိုလ်လည်း နာမည်တစ်ခု ရလာမယ်... ကျွန်မတို့ကို လူသိတာနဲ့ ကမ္ဘာအရပ်ရပ်က ကျောင်းသားတွေ ပညာလာသင်ကြပါလိမ့်မယ်”
သူမက ပြုံးလျက် ပြောလိုက်၏။ “အဲဒီအချိန်ရောက်ရင် တာအိုဂိုဏ်းရဲ့ ထိုက်ဝေသင်္ချာကျမ်းက သိပ်ခရီးရောက်ဦးမှာ မဟုတ်သေးဘူး... မောင်ကြီးရဲ့ ဂုဏ်သတင်းနဲ့ အင်အားက ထိုက်ဝေသင်္ချာကျမ်း ပြုစုတဲ့နေရာမှာလည်း ဝင်ရောက်ပါဝင်နိုင်လိမ့်မယ်”
ရှုရှန်းဟွာ ဆုံးဖြတ်ချက်ချလိုက်ပြီး ပြုံးရယ်ကာ ပြောလေသည်။ “ဒီလောက် ထက်မြက်တဲ့ ဇနီးတစ်ယောက် ပိုင်ဆိုင်ထားရမှတော့ ဘာကို ထပ်တောင်းဆိုစရာ ရှိတော့မလဲ”
လင်မယားနှစ်ယောက်သား ဆုံးဖြတ်ချက်ချကာ ကျင်းယန်က ပြောသည်။ “မင်းသမီးရှို့က အနောက်ကမ္ဘာမြေမှာ အနိမ့်စံ ဘုရင်ခံတစ်ပါးပဲ... ဧကရာဇ်က မင်းသမီးကို အင်မတန် ယုံကြည်အားထားတဲ့အပြင် မင်းသမီးက အနောက်ကမ္ဘာမြေသူတွေကြားမှာလည်း သူရဲကောင်းတစ်ယောက် ဟုတ်တယ်... အနောက်ကမ္ဘာမြေက အမျိုးသမီးတွေကို လေးစားကြတော့ သူ့ကို ယုံကြည်အားကိုးကြတယ်... ဒီတော့ အနောက်ကမ္ဘာမြေမှာ သူ့အဆက်အသွယ်တွေ အများကြီးပဲ... ကျွန်မ မင်းသမီးရှို့ဆီ သွားလည်ပြီး မိတ်ဆွေဖွဲ့ထားပေးပါ့မယ်... သူကနေတစ်ဆင့် အစစ်အမှန်ကောင်းကင်နန်းတော်သခင်မနဲ့ ရင်းနှီးမှု ရယူနိုင်မယ်... မောင်ကြီးလည်း ဂိုဏ်းသခင်နဲ့ ဆွေးနွေးထားပါ... ဒါမှ အတားအဆီးတွေ မရှိမှာ”
ရှုရှန်းဟွာက သူ၏ဆုံးဖြတ်ချက်ကို ချင်မူ့ဆီ ပြောပြလိုက်သည်။
ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “အနောက်ကမ္ဘာမြေမှာ အစစ်အမှန်ကောင်းကင်နန်းတော်တစ်ခုတည်းပဲ ရှိတဲ့အပြင် အဲဒီနေရာက အစကတည်းက အထက်ကောင်းကင်ဘုံရဲ့ အပိုင်ပါ... ဒါပေမဲ့ ဒီနှစ်တွေအတွင်း အထက်ကောင်းကင်ဘုံရဲ့ အနောက်ကမ္ဘာမြေအပေါ် အာဏာသက်ရောက်မှုက အားနည်းနေပြီ... ရလဒ်အနေနဲ့ အနောက်ကမ္ဘာမြေမိသားစုတွေရဲ့ အင်အားတွေ ကြီးထွားလာကြတယ်... အေးချမ်းနေရင်ကတော့ ကိစ္စမရှိပေမယ့် အခြေအနေပြောင်းလဲသွားရင် အနောက်ကမ္ဘာမြေ သေချာပေါက် ပုန်ကန်လိမ့်မယ်... နောင်တော်ရှု အထက်ကောင်းကင်ဘုံတက္ကသိုလ် တည်ထောင်မယ့်အကြံက သိပ်ကောင်းတယ်... ကျုပ်လည်း ရာထူးတစ်ခုခု ယူပေးပါ့မယ်... ပြီးရင် ယွိရှို့နဲ့တော့ သွားတွေ့လိုက်ဦး.. အနောက်ကမ္ဘာမြေမှာ ယွိရှို့အင်အားက မသေးဘူး... သူနဲ့အတူ ဧကရာဇ်ဆီ တင်ပြလိုက်ရင် ဧကရာဇ်က မင်းကို အထက်ကောင်းကင်ဘုံတက္ကသိုလ် အမြန်ဆုံး တည်ထောင်နိုင်အောင် ငွေကြေး ထောက်ပံ့ပေးလိမ့်မယ်”
ရှုရှန်းဟွာ ဝမ်းသာသွားသည်။
ချင်မူ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တွင် လုပ်စရာရှိသည့် ကိစ္စအားလုံး လုပ်ပြီးသည့်အခါ ပထမလူသားဧကရာဇ်က ပြောသည်။ “မူအာ သွားကြစို့”
ချင်မူလည်း အဘွားစစ်ကို နှုတ်ဆက်ပြီးနောက် တန်ခိုးရှင်သစ်ခုတ်သမား၊ တိရီယွဲ့နှင့် ကျန်ရှိသူများနောက် လိုက်လာခဲ့သည်။
“ပါ့ကျိုးစီရင်စုအရှေ့မှာ ကပ်ဘေးနတ်ဘုရားတစ်ပါးရဲ့ ကျောက်ရုပ်တုတစ်ရုပ် ရှိတယ်”
တန်ခိုးရှင်သစ်ခုတ်သမားက မေးသည်။ “ကောင်းကင်နတ်မင်း တစ်ချက်လောက် သွားကြည့်ချင်လား”
တိရီယွဲ့က မှင်သေသေ ပြောလိုက်သည်။ “သွားကြည့်တာပေါ့”
ချင်မူ သူတို့နှင့်အတူ ပါ့ကျိုးစီရင်စုဆီ လိုက်သွားသည်။ ကျောက်ရုပ်တုသည် ပါ့ကျိုးမြို့အောက်မှ ထိုးထွက်လာခဲ့ပြီး အတိုင်းထက်အလွန် မြင့်မား၏။ မြို့လယ်ခေါင်မှ တောင်ကြီးတစ်လုံး ထူမတ်နေသည်နှင့် တူပေသည်။
ကျောက်ရုပ်တုက ငှက်ခေါင်း၊ လူခန္ဓာ ရှိသည်။ တောင်ပံများက တစ်ဝက်ဖြန့်ထားပြီး မျက်လုံးများ စူးရဲနေသည်။ ထို့အပြင် အမျိုးသမီးတစ်ယောက်၏ ကျောက်ရုပ်တု ဖြစ်၏။
သူမက မီးငှက်သင်္ကေတများ ရှိသော ငှက်မွှေးတောင်များကို လွှမ်းခြုံထားပြီး ခန္ဓာကိုယ်သည် ကြီးမားသော်လည်း လှပကြော့ရှင်းတင့်တယ်ဟန် ရှိ၏။ ငှက်ခေါင်းနှင့် ငှက်ခြေသည်းများကိုသာ မမြင်ရလျှင် အတော်လေး ချောမောလိမ့်မည်။
ကျောက်ရုပ်တု၏ ပတ်ပတ်လည်တွင် တံတိုင်းတစ်ခု တည်ဆောက်ထားသော်လည်း တံတိုင်းအပြင်၌ အမွှေးတိုင်များ၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ထားသည်။ ၎င်းတို့က အသိဉာဏ်မဲ့သော ပြည်သူတို့ ဆက်သထားသော ပူဇော်ပစ္စည်းများ ဖြစ်ကြ၏။
“ဒီကျောက်ရုပ်တုက သူတို့ကို သတ်ဖို့ ရောက်လာတဲ့ ကပ်ဘေးနတ်ဘုရားမှန်း ဒီလူတွေ မသိကြဘူးလား”
တိရီယွဲ့က အမွှေးတိုင်များဖြင့် ထွန်းညှိပူဇော်နေကြသော လူများကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “ဒီကျောက်ရုပ်တု အသက်ဝင်လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဆိုက်လိမ့်မယ်... သိုင်းမတတ်တဲ့ ဒီပြည်သူတွေပဲ အရင်ဆုံးသေရမှာ... သူတို့ကို သတ်မယ့် ကပ်ဘေးနတ်ဘုရားကို ပူဇော်ကိုးကွယ်နေတဲ့ အတွေးအခေါ်က ဘယ်လိုအတွေးအခေါ်မျိုးလဲ”
ချင်မူ ပြောလိုက်မိသည်။ “မမကြီး၊ လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲက နတ်ဘုရားကို ဖျက်စီးဖို့က ကျောင်းဆောင်ထဲက နတ်ဘုရားကို ဖျက်စီးဖို့ထက် ခက်ပါတယ်... နတ်ဘုရားက ပိုကြောက်စရာကောင်းလေလေ၊ အသိဉာဏ်မရှိတဲ့ ပြည်သူတွေက လေးစားလေလေပါပဲ... ဒါကြောင့် ဒီနတ်ဘုရားတွေ ပူဇော်ကိုးကွယ်ခံရတာပါ... ဧကရာဇ်အတိုင်ပင်ခံက ပြည်သူတွေရဲ့ ရင်ဘတ်ထဲက နတ်ဘုရားကို ဖျက်စီးဖို့ စည်းမျဉ်းတစ်ခု ထုတ်ပြန်ထားပါတယ်... ‘ကောင်းကင်နတ်သိုင်းပညာရှင်ဖြစ်စေ၊ နတ်ဘုရားဖြစ်စေ သင်၏အလုပ်သည် ပြည်သူပြည်သားများကို အလုပ်အကျွေးပြုပြီး ပြည်သူပြည်သားများအတွက် တာဝန်ထမ်းဆောင်ပေးရန် ဖြစ်သည်’တဲ့”
ကျောက်ရုပ်တု၏ ငှက်မွှေးတောင်များက တကယ့် ငှက်မွှေးတောင်များ ဖြစ်နေချေပြီ။ သေဆုံးသူတို့၏ ချီနှင့်သွေးများစွာ စုပ်ယူထားပြီးဖြစ်ကြောင်း ထင်ရှား၏။ အသက်ဝင်လာတော့မည့် လက္ခဏာများလည်း ပေါ်လွင်နေသည်။
သူမခြေထောက်နှစ်ချောင်းအပေါ်ရှိ အကြေးခွံများမှာ ထင်ရှားပြတ်သားနေပြီး လည်ပင်းအရေပြားအောက်၌ စီးဆင်းနေသော နတ်သွေးတို့ကိုလည်း ခပ်ရေးရေးမျှ မြင်နေရသည်။
လော့ယွင်ချွီ ထွက်သွားပြီဖြစ်သော်လည်း သူ့ ဖန်တီးခဲ့သော အရှုပ်ထုပ်က သေးသေးမွှားမွှား မဟုတ်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွင်းရှိ ကျောက်ရုပ်တုများစွာ နိုးထလာလုဆဲဆဲ ဖြစ်ပြီး ပါ့ကျိုးရှိ ဤကျောက်ရုပ်လည်း ပါဝင်၏။
လော့ယွင်ချွီ မရှိသော်ငြား ကျောက်ရုပ်တုများသည် အနှေးနှင့်အမြန် အသက်ဝင်လာလိမ့်မည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သာမန်အတိုင်း သေဆုံးသွားကြသော လူများမှာ ကျောက်ရုပ်တုများအတွက် ယဇ်ကောင်များသဖွယ် ဖြစ်နေသေးသည် မဟုတ်ပါ၏လော။
လော့ယွင်ချွီကြောင့် မြန်သွားရုံသာ ရှိသည်။
တိရီယွဲ့က ကျောက်ရုပ်တု၏အောက်သို့ သွားကာ နူးညံ့ညင်သာသောအသံဖြင့် ပြောလိုက်သည်။ “တောင်နတ်မင်းလက်အောက်က ဆရာတူညီမလေးပါလား... ညီမလေး၊ နင် တောင်နတ်မင်းဆီ ပြန်ပြီး ဆရာတူအစ်မကြီး တိရီယွဲ့ ထာဝရငြိမ်းချမ်းရေးမှာ ရောက်နေတယ်။ ကပ်ဘေးလွှတ်ဖို့ မေ့ထားလိုက်တော့လို့ ပြောလိုက်”
ငှက်ခေါင်းနတ်ဘုရားမက မတုံ့ပြန်ပေ။
တိရီယွဲ့သည် တိုးညှင်းစွာ ရယ်လိုက်ပြီး အေးအေးဆေးဆေး ပြော၏။ “နင် ငါ့အသံကို ကြားပါတယ်... နင့်ရုပ်ခန္ဓာက ဒီမှာ ရှိနေပြီး မူလဝိညာဉ်ကတော့ တောင်နတ်မင်းဆီမှာ ရောက်နေတာမလား... ငါ ဒီမှာ ဘာပြောပြော နင်ကြားနိုင်တယ်”
ရုတ်တရက် ရှင်းလင်းပြတ်သားသော ငှက်အော်သံက ငှက်ခေါင်းနတ်ဘုရားမဆီမှ ထွက်လာသည်။ ငှက်အော်သံသည် လူသံ ဖြစ်လာ၏။ “နင်ကလည်း တောင်နတ်မင်းလက်အောက်ကလား... နင်က ဆရာတူအစ်မဆို ဘာကြောင့် အပြင်လူတွေကို ကူညီနေတာလဲ... ဆရာတူအစ်မ၊ ငါ နင့်ကို မျက်နှာသာမပေးချင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ နင့်ဆီက စကားလေးတစ်ခွန်းကြောင့်နဲ့ ထွက်သွားလိုက်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ”
“ငါ နင့်မျက်နှာကို ထောက်ထားနေလို့ပဲ နင့်ကို ထွက်သွားဖို့ ကောင်းကောင်းမွန်မွန် ပြောနေတာ”
တိရီယွဲ့က နားသယ်မှ ကျလာသော ဆံမျှင်လေးများကို သပ်တင်လိုက်ပြီး အပြုံးမဟုတ်သော အပြုံးဖြင့် ပြောသည်။ “နင်က နောက်မှ ဝင်လာတဲ့လူမလား.. အဲဒါကြောင့် နင့်မှာ ငါ့လို ဆရာတူအစ်မတစ်ယောက် ရှိမှန်း မသိတဲ့ပုံပဲ... ငါ့အကြောင်းလည်း နင် မသိလောက်သေးဘူး”
ငှက်ခေါင်းနတ်ဘုရားမက ရုတ်တရက် လှုပ်သွားပြီး ငှက်ခေါင်းက ငုံ့ကြည့်သည်။ ကျောက်သားမျက်လုံးတို့သည် တိရီယွဲ့ကို စိုက်ကြည့်နေ၏။ “ဒါဆို သိအောင် လုပ်ပြလေ”
တိရီယွဲ့က လက်မြှောက်ကာ ဟင်းလင်းပြင်အပေါ် ဖိချလိုက်သည်။ တောင်ကြီးတမျှ မြင့်မားလှသော ငှက်ခေါင်းနတ်ဘုရားမမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူမ ရပ်နေခဲ့သော နေရာတွင် ဟင်းလင်းပြင်အပေါက်ကြီးတစ်ပေါက်သာ ကျန်ခဲ့လေသည်။ အပေါက်ထဲမှ ငှက်အော်သံများ ကျယ်လောင်စွာ ထွက်လာသည်။
တိရီယွဲ့ လက်ကို ဆုပ်၍ ဆောင့်ဆွဲလိုက်ဟန် လုပ်လိုက်သည့်အခါ ငှက်ခေါင်းနတ်ဘုရားမှာ ပြန်လည်မြောက်တက်လာပြီး ပါ့ကျိုးမြို့တွင် ဘုန်းခနဲ ပေါ်လာသည်။ ကျောက်ရုပ်တု တဆတ်ဆတ် တုန်နေစဉ် သူ့အနောက်ရှိ ဟင်းလင်းပြင်အပေါက်မှာ လျင်မြန်စွာ ပြန်ပိတ်သွား၏။ များစွာမကြာလိုက်ဘဲ ဟင်းလင်းပြင်တွင် အပြစ်အနာအဆာ တစ်စုံတရာပင် ရှာမတွေ့တော့ပေ။
ထိုစဉ် ငှက်ခေါင်းနတ်ဘုရားမမှာ အသွေးအသားကိုယ်သို့ လျင်မြန်စွာ ပြောင်းလဲလာပြီး သက်ရှိနတ်ဘုရားတစ်ပါး ဖြစ်သွား၏။
ငှက်ခေါင်းနတ်ဘုရားမက နေရာတွင် ရပ်ကာ အံ့အားသင့်နေသောအမူအရာ ရှိသည်။ သူမမှာ တုတ်တုတ်မှ မလှုပ်ရဲပေ။
သူမသည် ခန္ဓာကိုယ်ကို ကျောက်ရုပ်အဖြစ် ပြောင်းလဲပြီးမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်လာနိုင်ခဲ့ခြင်းဖြစ်၏။ မူလဝိညာဉ်အတွက်မူ စွမ်းအင်များစွာ လိုအပ်သောကြောင့် ကမ္ဘာလောကစည်းကို ဖြတ်ကာ ဝင်မလာနိုင်ခဲ့ပေ။
စွမ်းအင်အကူးအပြောင်းအတွက် သွေးယဇ်ပူဇော်မှုများကို စောင့်ပြီးနောက်မှသာ သူမ၏မူလဝိညာဉ်အနေဖြင့် ရုပ်ခန္ဓာကိုယ်ထဲသို့ ဆင်းသက်လာနိုင်ကာ ကပ်ဘေးစေလွှတ်နိုင်မည်။ သို့တိုင်အောင် တိရီယွဲ့က လက်နှစ်ဖက်ကို ဆန့်တန်းဖိချလိုက်ရုံနှင့် သူမ၏ရုပ်ခန္ဓာကို အခြားကမ္ဘာရှိ သူမ၏နန်းဆောင်ထဲသို့ ရိုက်ထုတ်နိုင်ခဲ့၏။
ရုပ်ခန္ဓာ ပြန်ရောက်သွားရုံတင်မကဘဲ မူလဝိညာဉ်လည်း ရုပ်ခန္ဓာထဲ ရိုက်ထည့်ခံခဲ့ရသည်။
ထို့နောက် တိရီယွဲ့သည် လက်ကို ဆုပ်၍ ဆောင့်ဆွဲကာ သူမ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ဆွဲခေါ်ခဲ့သည်။ ဤသို့ဖြင့် သူမ အသက်ဝင်လာခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့ မှော်စွမ်းအင်အဆင့်နှင့် ကြောက်မက်ဖွယ်ရာ ခွန်အားက သူမဆရာ၊ တောင်နတ်မင်းနှင့် တန်းတူရှိ၏။
သူမတွင် ယခုလို ဆရာတူအစ်မတစ်ယောက် ရှိသည်ဟု တစ်ခါမှ မကြားခဲ့ဖူးပေ။
တိရီယွဲ့က အေးစက်စက် ပြောသည်။ “ညီမလေး၊ ငါ နင့်ကို မညှာတော့ဘူး... ငါ နင့်ကို စောစောက မျက်နှာထောက်ထားပေးပြီးပြီ... ငါ့ကို ဖိအားမပေးနဲ့”
ငှက်ခေါင်းနတ်ဘုရားမမှာ အလျင်အမြန် နောက်တစ်လှမ်း ဆုတ်၍ အရိုအသေပေး၏။ “အစ်မတော် အမိန့်အတိုင်းပါ”
သူမက ထွက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် မှင်သက်သွားသည်။
ယခုတွင် သူမသည် ရုပ်ခန္ဓာနှင့်တကွ မူလဝိညာဉ်ပါ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ ဆွဲခေါ်ခံလိုက်ရသဖြင့် ကမ္ဘာလောကစည်းက သူမ၏ကမ္ဘာသို့ အပြန်လမ်းအား ပိတ်ဆို့ထားသည်။ သူမ၏အစွမ်းအစများကြောင့် လောကစည်းအား ဖြတ်သွားမရတော့ပေ။
ချွေးများ ငှက်ခေါင်းနတ်ဘုရားမ၏ နဖူးမှကျလာပြီး သူမက တိရီယွဲ့ဆီသို့ ကြည့်သည်။
တိရီယွဲ့က အပြုံးတစ်ခုဖြင့် မေးလိုက်၏။ “ညီမလေး တစ်ခုခု မေ့သွားတာလား”
ငှက်ခေါင်းနတ်ဘုရားမ ရုတ်ခြည်း သဘောပေါက်သွား၍ စိတ်အာရုံဖြန့်ကျက်လိုက်သည်။ နန်းစိုက်မြို့တော်၏ ရတနာတိုက်ထဲရှိ ကပ်ဘေးနတ်လက်နက်များ တုန်ခါလာသည်။ အတားအဆီးအစီအရင်များ တစ်ခုပြီးတစ်ခု ကျိုးပျက်သွားပြီးနောက် မီးငှက်ဘူးသီးခြောက်တစ်လုံးသည် ကောင်းကင်ယံသို့ ပျံတက်၍ ပါ့ကျိုးဆီ ပျံသန်းသွား၏။
ငှက်ခေါင်းနတ်ဘုရားမက လက်မြှောက်ကာ မီးငှက်ဘူးသီးခြောက်ကို ဖမ်းဆုပ်လိုက်ပြီး ရိုရိုသေသေ မေးလိုက်သည်။ “အစ်မတော်၊ ညီမ အခု ပြန်လို့ရပြီလားရှင်”
တိရီယွဲ့ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “မြောက်နတ်မင်း လက်အောက်က မောင်လေး ကပ်ဘေးလွှတ်ဖို့ ဆင်းသက်လာတုန်းက ကပ်ဘေးနတ်လက်နက် ပြန်ယူသွားရုံတင်မကဘူး... လက်တစ်ဖက်လည်း ထားခဲ့တယ်”
ငှက်ခေါင်းနတ်ဘုရားမ၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ သူမကျောနောက်ရှိ တောင်ပံတစ်ဖက်က မီးလျှံဓားတစ်လက်ပမာ မြောက်တက်လာကာ ကျန်တောင်ပံတစ်ဖက်အား ခုတ်ဖြတ်လိုက်သည်။
ထိုတောင်ပံမှ မီးများ ပန်းထွက်လာပြီး မီးတောက်မီးလျှံများကား အလွန်လှပတင့်တယ်လေသည်။ မရေမတွက်နိုင်သော နတ်ဘုရားစာလုံးများ၊ ငှက်မွှေးတောင်များဖြင့် ဖွဲ့တည်ထား၏။
ငှက်ခေါင်းနတ်ဘုရားမက နာကျင်မှုကို တောင့်ခံရင်း တောင်ပံအား ချလိုက်သည်။ ထို့နောက် နောက်တစ်လှမ်း ဆုပ်ပြီး ရိုရိုသေသေ ရပ်နေသည်။
တိရီယွဲ့ ပြုံးလိုက်သည်။ “ညီမလေး၊ ဒီလောက်ဆို ရပြီ... နင့်ရဲ့ ဆရာကို ပြောလိုက်ဦးနော်... ဆရာတူအစ်မကြီး တိရီယွဲ့ ဒီရောက်နေတယ်လို့... ဆရာ့ကို ဂါဝရမပြုရတာလည်း နှစ်နှစ်သောင်း ကြာပြီ... ငါ့အစား သူ့ကို တစ်ကြိမ် ဂါဝရပြုပေးပါဦး”
နာကျင်မှုကြောင့် ငှက်ခေါင်းနတ်ဘုရား၏ နဖူးမှ ချွေးများစီးကျနေသည်။ သူမက တုန်ရီအက်ကွဲနေသော အသံဖြင့် ပြန်ဖြေသည်။ “ဆရာ့ကို ဆက်ဆက် ပြောလိုက်ပါ့မယ်”
တိရီယွဲ့က မဆိုစလောက် ပြုံးလိုက်သည်။ “သူကိုယ်တိုင် ကပ်ဘေးလာလွှတ်ရင် ငါလည်း သည်းမခံဘူးလို့ ပြောလိုက်... သွားတော့”
သူမ လက်တစ်ချက် တောက်လိုက်သည့်အခါ ငှက်ခေါင်းနတ်ဘုရားမမှာ ချာလပတ် လည်သွားပြီး ဟင်းလင်းပြင်းအောက်သို့ နစ်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
တိရီယွဲ့က လက်မြှောက်၍ ဟင်းလင်းပြင်အပေါက်အား ညင်ညင်သာသာ ထိလိုက်၏။ ဟင်းလင်းပြင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ အနာအဆာ မမြင်ရတော့ပေ။
ချင်မူ စိုးရိမ်ပူပန်စွာ မေးလိုက်မိသည်။ “မမကြီး၊ သူ့ကို တောင်ပံချန်ခိုင်းခဲ့တာဆိုတော့ နောင်ကျ ပြဿနာမတက်ဘူးလား... သူ မမကြီးကို သေချာပေါက် မုန်းနေလိမ့်မယ်”
တိရီယွဲ့ ပြုံးလိုက်သည်။ “သေချာပေါက် ပြဿနာတက်မှာပေါ့... ဒါပေမဲ့ ဒီမောင်လေး၊ ညီမလေးတွေရဲ့ အမုန်းက မမအတွက် ပန်းနဲ့ ပေါက်နေသလိုပဲ ရှိတယ်... မမရဲ့ ဆရာတွေကမှ တကယ် ရက်စက်တဲ့လူတွေ... တကယ်က မမလည်း ပျင်းလို့ရယ်ပါ... ဒီကျောက်ရုပ်တုအားလုံး လိုက်ရှာမှာ ပျင်းစရာကြီးလေ... အငယ်တွေက မြောက်နတ်မင်းနဲ့ တောင်နတ်မင်းကို သေချာပေါက် တိုင်ကြမှာပဲ... မမကြီး ဒီမှာ ရှိတာ သူတို့ သိသွားရင် ကပ်ဘေးလွှတ်လို့ မရတော့မှန်း သဘောပေါက်သွားလိမ့်မယ်... အတင်းအကြပ်လုပ်ရင် သူတို့တပည့်တွေပဲ ခံရမှာလေ... ဒီတော့ ဒီကျောက်ရုပ်တုအားလုံး ပြန်ခေါ်သွားလိမ့်မယ်... အဲဒါဆို သူတို့တပည့်တွေလည်း ဒုက္ခိတ မဖြစ်၊ မမလည်း အပင်ပန်းခံ လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့ မဟုတ်လား”
ချင်မူက ငှက်ခေါင်းနတ်ဘုရားမ၏ တောင်ပံကို ကောက်လိုက်သဖြင့် တိရီယွဲ့ ကပျာကယာ လှမ်းတားမိသည်။ “မထိနဲ့... အဲဒါ မီးငှက်နတ်မီး...”
ချင်မူက တောင်ပံကို ကောက်ပြီးသွားပြီဖြစ်၍ တိရီယွဲ့ အံ့အားသင့်သွားသည်။ သူ့လက်နှစ်ဖက်အား သူမ ကြည့်လိုက်သည့်အခါ ချင်မူ၏ချီစွမ်းအင်သည် သလင်းကျောက်သဏ္ဍာန် မီးလျှံသင်္ကေတအသေးလေးများကို ဖွဲ့တည်ထားကြောင်း မြင်လိုက်ရ၏။ ၎င်းတို့က မီးငှက်နတ်မီးလျှံကို ဟန့်တားပေးထားပြီး မီးအား မည်မျှ ပြင်းထန်စေကာမူ သူ့ကို အန္တရာယ်မပြုနိုင်ပေ။
“ဒါက ရွှမ်တု ကောင်းကင်မီးလျှံလား”
တိရီယွဲ့ တအံ့တဩ မေးလိုက်သည်။ “ထိုက်ဝေသင်္ချာကျမ်းနဲ့ တွက်ချက်ခဲ့တဲ့ မဟာတာအိုက ဒါလား”
ချင်မူက ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော့် တစ်ဘဝလုံး ဆင်းဆင်းရဲရဲ နေခဲ့တာ မမကြီးရဲ့... စောစောက နတ်ဘုရားမက နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် ပညာရှင်တစ်ယောက်ဆိုတော့ သူ့တောင်ပံနဲ့ဆို အဆင့်မြင့် နတ်ဓားမ ဒါမှမဟုတ် နတ်ဓားတစ်လက် သွန်းလို့ရလောက်တယ်... ကျွန်တော် သိမ်းထားလိုက်မယ်နော်”
သူက တောင်ပံကို ထောင်ကျယ်အိတ်ထဲ ထည့်ကာ မီးငှက်နတ်မီးလျှံများ အိတ်ထဲရှိ ရတနာများအား မစွဲလောင်အောင် နေရာချနေသည်။
တိရီယွဲ့ လှမ်းကြည့်လိုက်ရာတွင် ထောင်ကျယ်အိတ်ထဲ၌ လက်တစ်ဖက်လည်း မြင်ရသည်။ ထိုလက်ကား မြောက်နတ်မင်း၏ လက်အောက်ရှိ ကပ်ဘေးနတ်ဘုရား၏ လက်အပြင် တခြားမဟုတ်ပေ။
“မောင်လေးကတော့ ဘယ်လိုနေထိုင်ရမလဲ သိတာပဲနော်” တိရီယွဲ့ ချီးကျူးလိုက်မိသည်။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ပထမလူသားဧကရာဇ်တို့တွင်တော့ ထူးဆန်းသော အမူအရာများ ရှိနေကြ၏။
ရက်အနည်းငယ် လမ်းလျှောက်ပြီးသည့်အချိန်မှာ သူတို့အားလုံး နန်းစိုက်မြို့တော်သို့ ရောက်လာကြသည်။ ချင်မူက ထူမြစ်ရှိ ကုန်ထုတ်စက်ရုံဆီသို့ ဦးစွာသွား၍ နဂါးချီလင်ကျောပေါ်ရှိ ဓားစက်လုံးကြီးအား ချလိုက်၏။ ထို့နောက် ယန္တရားစက်များဖြင့် ဓားစက်လုံးကို ထုရိုက်ခိုင်းလိုက်သည်။
ထူမြစ် ကုန်ထုတ်စက်ရုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အကြီးဆုံး ကုန်ထုတ်စက်ရုံဖြစ်သည့်အတွက် တောင်တစ်လုံးတမျှ ကြီးမားသော ဓားစက်လုံးကို သွန်းလုပ်ရန် အသင့်တော်ဆုံးနေရာ ဖြစ်၏။ အခြားကုန်ထုတ်စက်ရုံများတွင် ယခုလို နေရာကျယ်ကျယ်ဝန်းဝန်း မရှိပေ။
ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကျောက်ရုပ်တုများ နေ့ချင်း ညချင်း ပျောက်ကွယ်သွားပြီး ရတနာတိုက်ထဲရှိ လက်နက်များဆီမှ ပေါက်ကွဲသံများ ကြိမ်ဖန်မနည်း ထွက်လာခဲ့သည့်အကြောင်းများ ကြားရသည်။ ရတနာတိုက်ထဲရှိ လက်နက်များလည်း အစအနပင် ရှာမရအောင် ပျောက်သွားကြလေသည်။
ဧရာမကပ်ဘေးကြီးတစ်ခုသည် ထိုအတိုင်း ပျောက်ကွယ်သွား၏။
တန်ခိုးရှင်သစ်ခုတ်သမားက ချင်မူ့အလုပ်များ ပြီးဆုံးအောင် စောင့်ပြီး ပြုံးလျက် ပြောလိုက်သည်။ “ကဲ အခု ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကို တွေ့လို့ရပြီ”
၎
င
၎
၎