← Chapters

သားရဲ စမ်းသပ်မှု၊ အလင်း စမ်းသပ်မှု

Vol. 19 Ch. 265

သားရဲ စမ်းသပ်မှု၊ အလင်း စမ်းသပ်မှု

Vol. 19 Ch. 265

ဂိုဏ်းအသီးသီးမှ စီနီယာများ၊ အကြီးအကဲများနှင့် ခေါင်းဆောင်များမှာလည် မဟာ ဝိညာဥ် စမ်းသပ်ပွဲ ဝင်ပြိုင်မည့် လူငယ်များကို အားပေးရန် အတွက် ကျွင်းနာဂြိုဟ်ပေါ်သို့ ရောက်ရှိနေကြသည်။ အနန္တ ဧကရာဇ်ဂိုဏ်းသည် သူတို့ကို သာတူညီမျှပင် ဆက်ဆံကာ အဆောက်အအုံများပင် တည်ဆောက်ခွင့် ပြုထားသည်။

အသူရာ နတ်ဆိုးတောင်တန်းမှ ပညာရှင်များမှာ မီတာ တစ်ထောင်ခန့် အရွယ်အစားရှိမည့် နတ်ဆိုး အကာအကွယ် စက်လုံးကြီးကို တည်ဆောက်ထားသည်။ ကောင်းကင်ဒြပ်စင် နန်းတော်ကမူ မျှော်စင် တစ်ခုကို ယူဆောင်လာသည်။ ထိုမျှော်စင်မှာ အသူရာ နတ်ဆိုးတောင်တန်း၏ စက်ဝန်းကြီးလောက် မကြီးသည့်တိုင် ဒြပ်စင် မြူနှင်းများ၏ ဝန်းရံမှု အလယ်၌ ရှိနေချေသည်။

အထွတ်အမြတ် အလင်း နန်းတော်ကမူ ကောင်းကင်နန်းတော်ကြီး တစ်ခုကို ပိုင်ဆိုင်ထား၏။ တောက်ပသည့် တော်ဝင် အလင်းတန်းများမှာ ထိုနန်းတော်ကြီးမှ ထွက်ပေါ်နေလေရာ ကြည့်ရှုမိသူများမှာ မျက်လုံးများပင် ကျိန်းစပ် ကုန်ကြသည်။

အနန္တဧကရာဇ်ဂိုဏ်းကမူ စေတီပုံသဏ္ဌာန် ဗိမာန်တစ်ခုကို ပြင်ဆင်ထားသည်။ ၎င်းမှာ အနန္တဖန်တီးခြင်း တာအို နန်းတော်နှင့် ပုံပန်းသဏ္ဌာန်ချင်း ဆင်တူသော်လည်း တစ်ခုလုံးကို အနက်ရောင် ခြယ်သထားသည်။ မမြင်နိုင်သော ဖိအားများမှာ ထိုဗိမာန်မှ နေ၍ အဆက်မပြတ် ထွက်ပေါ်နေ၏။

မဟာဂိုဏ်းကြီး တစ်ခုချင်းစီကား မည်သို့မှ အထင်သေး၍ မရသည့် အင်အားစုများ ဖြစ်သည်။ သူတို့သည် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများ၏ အမွေအနှစ်များကို ပိုင်ဆိုင်ထားသည်။ သူတို့ ပိုင်ဆိုင်ထားသည့် ရတနာများမှာ အလွန် များပြားလှကာ အမျိုးအစားလည်း ကွဲပြားလှသည်။ သာမန်ဂိုဏ်းများမှာ သူတို့ကို ဘယ်တော့မှ ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။ အလွန် ချမ်းသာပါသည် ဆိုသော အဂ္ဂိရတ် အစည်းအရုံးပင်လျှင် သူတို့နှင့် ယှဥ်လျှင် တစ်ဆင့်မက အားနည်းသည်။

အနန္တဧကရာဇ်ဂိုဏ်းမှ ပြိုင်ပွဲဝင်မည့် လူငယ်များမှာ စေတီ ပုံသဏ္ဌာန် ဘုံဗိမာန်ထဲတွင် စုစည်းနေကြ၏။ ပြိုင်ပွဲချိန် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ သူတို့မှာ စတင် စိတ်လှုပ်ရှား လာကြသည်။ အချို့ဆိုလျှင် နဖူးထက်၌ ချွေးများတဒီးဒီးပင် ကျလာခဲ့၏။

ထိုအရာက ကြောက်ရွံ့၍ မဟုတ်ချေ။ ကြီးကျယ် ခမ်းနားလှသည့် မဟာ ဝိညာဥ် စမ်းသပ်ပွဲကြီး၏ အရှိန်အဝါ‌ကြောင့်ပင် ဖြစ်သည်။

ချင်းရိုင်က လူငယ်များကို လွှမ်းခြုံကာ ကြည့်လိုက်၏။ ဇာပုဝါ တစ်ခု ကာရံထားသည့်တိုင် လူငယ် အားလုံးမှာ ထိုအကြည့်ကို ခံစားမိကြပေသည်။

“မင်းတို့ အားလုံး စမ်းသပ်ပွဲ စည်းမျဥ်းတွေကိုတော့ သိပြီး ဖြစ်မှာပါ... ဒါပေမဲ့ ငါနောက်တစ်ကြိမ် ထပ်ပြောချင်တယ်”

အားလုံးမှာ တိတ်ဆိတ်သွားကာ ချင်းရိုင်ကို အာရုံစိုက်လိုက်ကြသည်။ တစ်နာရီဆိုသော အချိန်မှာ အလွန် ရှည်ကြာလွန်းလှပြီး ထိုအရာက အချိန်ဖြုန်းရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

“မဟာဝိညာဥ် စမ်းသပ်ပွဲမှာ အနိုင်ရတဲ့လူ တစ်ယောက်ပဲ ရှိလိမ့်မယ်... နောက်ပြီး အဲဒီ အနိုင်ရတဲ့လူကို ပြိုင်ပွဲ သုံးခုမှာ ရရှိမယ့် ဝိညာဥ် အမှတ်အရေအတွက်နဲ့ ဆုံးဖြတ်လိမ့်မယ်... ဒါ့အပြင် စမ်းသပ်ပွဲမှာ အခြားလူတွေဆီက အမှတ်တွေ ခိုးယူဖို့တောင် မင်းတို့ကို ခွင့်ပြုထားတယ်.... ဒါကြောင့် မင်းတို့ အသက်တွေ အာမခံ ရှိလိမ့်မှာ မဟုတ်ဘူး”

ချင်းရိုင်၏ စကားလုံးများက ထက်ရှကာ သတိပေးမှုများဖြင့် ပြည့်နှက်နေ၏။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေခြင်းနှင့် အတူ လူငယ်များမှာ စမ်းသပ်ပွဲများ အကြောင်းကို ဒုတိယ အကြိမ်မြောက် ပြန်လည် နားထောင်နေခဲ့လေသည်။

ပထမ စမ်းသပ်ပွဲ ဖြစ်သည့် သားရဲ စမ်းသပ်ပွဲ၏ ရည်ရွယ်ချက်က ကြယ်အဆင့် သားရဲများကို ဖမ်းဆီးရန် ဖြစ်သည်။ ကြယ်အဆင့် သားရဲတစ်ကောင်ချင်းစီကို အရောင်လေးခု ဖြစ်သည့် မီးခိုးရောင်၊ အဖြူရောင်၊ ငွေရောင်၊ ရွှေရောင်တို့ဖြင့် ကိုယ်စားပြုထားသည်။ အရောင်များ အလိုက် ၎င်းတို့၏ ခွန်အားမှာ ကွဲပြားလှ၏။

မီးခိုးရောင် သားရဲများမှာ အားအနည်းဆုံး ဖြစ်ကာ လောကပင်လယ် အဆင့် ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်နိုင်သည်။ အဖြူရောင် သားရဲများက ကောင်းကင်အုပ်စိုးသူ အဆင့်များနှင့် တန်းညီကာ ငွေအဆင့် သားရဲများမှာ ဝိညာဥ် ဆင်းတုများနှင့် အဆင့်တူ ဖြစ်သည်။ နောက်ဆုံး ရွှေရောင်အဆင့် သားရဲများမှာမူ အလွန် ရှားပါးသလို အစွမ်းလည်း ထက်ကာ ချီပျစ်ခဲခြင်း အဆင့်လေး ကျင့်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်ကြသည်။

ပြိုင်ပွဲတွင် တရားမျှတရန် အတွက် ကောင်းကင် အုပ်စိုးသူများကို မီးခိုးရောင် ကြယ်အဆင့် သားရဲများအား ဖမ်းဆီးခွင့် ပေးမထားချေ။ သူတို့သည် အဖြူရောင်နှင့် ထိုထက် ပိုမို အဆင့်မြင့်သည့် သားရဲများကိုသာ ဖမ်းယူနိုင်ကြသည်။ ကြယ်အဆင့် သားရဲ တစ်ကောင်ကို ဖမ်းဆီးခြင်းဖြင့် ရရှိနိုင်မည့် ဝိညာဥ် အမှတ်များကို သတ်မှတ်ထား၏။

လောကပင်လယ် အဆင့် ပြိုင်ပွဲဝင်များသည်

မီးခိုးရောင် ကြယ်သားရဲ တစ်ကောင် အတွက်... ၁ အမှတ်

အဖြူရောင် ကြယ်သားရဲ တစ်ကောင် အတွက်... ၅ မှတ်

ငွေရောင် ကြယ်သားရဲ တစ်ကောင် အတွက်... ၅၀ မှတ်

ရွှေအဆင့် ကြယ်သားရဲ တစ်ကောင် အတွက်... ၁၀၀၀ မှတ်

ရရှိမည်ဖြစ်သည်။

ကောင်းကင်အုပ်စိုးသူ ပြိုင်ပွဲဝင်များသည်...

အဖြူရောင် ကြယ်သားရဲ တစ်ကောင် အတွက်... ၁ မှတ်

ငွေရောင် ကြယ်သားရဲ တစ်ကောင် အတွက်... ၁၀ မှတ်

ရွှေအဆင့် ကြယ်သားရဲ တစ်ကောင် အတွက်... ၅၀၀ မှတ်

ရရှိမည်ဖြစ်သည်။

ဝိညာဥ် ဆင်းတုများသည်

ငွေရောင် ကြယ်သားရဲ တစ်ကောင် အတွက်... ၅ မှတ်

ရွှေအဆင့် ကြယ်သားရဲ တစ်ကောင် အတွက်... ၂၅၀ မှတ်

ရရှိမည်ဖြစ်သည်။

အကာသ ပဲ့တင်သံ ပြိုင်ပွဲဝင်များ အတွက်

ရွှေအဆင့် ကြယ်သားရဲ တစ်ကောင် အတွက်... ၂၅ မှတ်

ရရှိမည်ဖြစ်သည်။

အကယ်၍ မတော်တဆ သားရဲတစ်ကောင်ကို သတ်ဖြတ်မိပါက တူညီသော အမှတ်ကို ပြန်လည် နှုတ်ယူမည် ဖြစ်သည်။ ထို့အပြင် စုဆောင်းမိသည့် အမှတ်ကို ဆက်လက် ထိန်းသိမ်းရန် အတွက် မိမိ ဖမ်းဆီးထားသည့် သားရဲများကို အနီးအနားတွင် ထိန်းချုပ်ထားရန်လည်း လိုအပ်သည်။ ပြန်လည် လွတ်မြောက်သွားသည့် သားရဲများ အတွက် အမှတ်များကို ထည့်သွင်း ရေတွက်မည် မဟုတ်ချေ။

ထိုစည်းမျဥ်းက အတော်လေး ရက်စက်သည်ဟု ဆိုနိုင်ပေသည်။ သားရဲများကို သတ်လည်းမသတ်ရ၊ ထို့အပြင်... ကိုယ်နှင့် မကွာရန်လည်း ထိန်းချုပ်ထားရမည့် အဖြစ်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ ပါရမီရှင်များသာလျှင် ထိုကဲ့သို့ ပြုလုပ်ရန် တတ်နိုင်ပေလိမ့်မည်။

ချင်းရိုင်မှာ ဒုတိယမြောက် စမ်းသပ်မှု အကြောင်းကိုလည်း ဆက်လက် ရှင်းပြသည်။ အလင်း စမ်းသပ်မှုသည် ပထမ စမ်းသပ်မှုနှင့် ကွာခြားကာ ကျင့်ကြံခြင်း အဆင့် တူညီသည့် ပြိုင်ပွဲဝင်များ အကြား တိုက်ပွဲများကို ခွင့်ပြုထားသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် စိန်ခေါ်ကာ ခွန်အားနှင့် ကျွမ်းကျင်မှုများကို စမ်းသပ်နိုင်လိမ့်မည် ဖြစ်သည်။

ထိုစမ်းသပ်ပွဲအတွက် ကျွင်းနာဂြိုဟ်မှာ နေရာပေါင်း တစ်သောင်းကို ပြင်ဆင်ထားသည်။ ထိုနေရာများမှာ ရှာဖွေရန် ခက်ခဲလှပြီး အမျိုးမျိုးသော ဝင်္ကပါများဖြင့်လည်း ဖုံးအုပ်ထားသည်။ နေရာတစ်ခုချင်းစီတွင် ဝိညာဥ် အမှတ်များကို  ခက်ခဲမှု အလိုက် ၁ မှတ်မှ ၁၀၀၀ မှတ် အထိ ထည့်သွင်းထားသည်။

နေရာများကို အမှတ်သေနှင့် အမှတ်ရှင် ဟူ၍ နှစ်မျိုး ထပ်ခွဲထားသေးသည်။ အမှတ်သေများမှာ မည်သို့ ကျင့်ကြံခြင်း အဆင့် အတွက် မဆို တူညီသည့် အမှတ်များကို ပေးမည် ဖြစ်သည်။ အမှတ်ရှင်များကမူ ကျင့်ကြံခြင်း အဆင့်ကို လိုက်၍ အမျိုးမျိုး ကွဲပြားသွားလိမ့်မည် ဖြစ်သည်။ ဥပမာ ဆိုရသော် ကျင့်ကြံခြင်း အဆင့် နိမ့်ကျသည့် ကျင့်ကြံသူများမှာ အဆင့်မြင့် ကျင့်ကြံသူများထက် ပိုမို များပြားသော အမှတ်များကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

နောက်ဆုံး စမ်းသပ်မှု အတွက်မူ ချင်းရိုင်က ယခုကဲ့သို့ ရိုးရှင်းစွာသာ ဆို၏။

“ပထမ စမ်းသပ်မှု နှစ်ခုမှာ ရှင်သန်အောင်လုပ်... အဲဒီအခါကျ နောက်ဆုံး စမ်းသပ် စမ်းသပ်မှု အကြောင်း မင်းတို့ သဘာဝအတိုင်း သိလာလိမ့်မယ်”

သူမ၏ ရှင်းပြမှု အဆုံးသတ်ချိန်၌ ပြင်ဆင်ခွင့် တစ်နာရီမှာလည်း ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် သူ့လက်ထဲရှိ အဆောင်လေးကို ကြည့်လိုက်၏။ ယင်းက ကျောက်စိမ်းပြား တစ်ခုဖြစ်ကာ လက်ဖဝါး အရွယ်အစားခန့် ရှိသည်။ ပွဲစီစဥ်သူများ၏ အဆိုအရဆိုလျှင် ၎င်းမှာ ပြိုင်ပွဲဝင်များ အတွက် တစ်ခုတည်းသော အကာအကွယ် ဖြစ်သည်။

အကယ်၍ သေဘေးနှင့် ရင်ဆိုင်ရလျှင်သော်လည်းကောင်း၊  ပြိုင်ပွဲမှ နှုတ်ထွက်ချင်လျှင်သော် လည်းကောင်း ကျောက်စိမ်းပြားလေးထဲ ကြယ်တာရာ အင်အားကို ထည့်သွင်းကာ အသက်သွင်းလိုက်ရုံသာ ဖြစ်သည်။ ထိုအခါ အစီအရင် အသက်ဝင်လာကာ စက္ကန့်ဝက်မျှ အတွင်းမှာပင် လုံခြုံသည့်နေရာ တစ်ခုကို ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ ပထမ စမ်းသပ်မှု နှစ်ခုအတွက်သာ အလုပ်ဖြစ်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ပထမ စမ်းသပ်မှု နှစ်ခုမှာ တစ်ခုလျှင် လေးလစီ ကြာမြင့်လိမ့်မည် ဖြစ်သည်။ ထိုအရာက အလွန်ရှည်ကြာလှသော အချိန်ပင်။

“ငါနေရာကောင်း တစ်ခုကို ရှာပြီး ဆေးလုံး အချို့ ဖော်စပ်ရမယ်..”

ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ မှတ်ချက်ချလိုက်၏။ လုံလောက်သော အမှတ်များ ရရှိရန် အတွက်မူ သူ နည်းနည်းမျှ မစိုးရိမ်ချေ။ အပင်ပန်းခံ လိုက်ဖမ်းခြင်းထက် ပိုမိုကောင်းမွန်သည့် အကြံအစည်များ သူ့တွင် ရှိနေချေသည်။

ဝမ်...

ထိုအချိန်တွင်ပင် ကျောက်စိမ်းပြားလေးမှာ အစိမ်းရောင် အလင်းများဖြင့် တောက်ပလာ၏။ လူငယ် အားလုံးမှာ မဟာ ဝိညာဥ် စမ်းသပ်ပွဲကား စတင်ချေတော့မည် ဖြစ်ကြောင်း သိရှိလိုက်ကြလေသည်။ ထိုအချိန်တွင်ပင် အသံတစ်ခုမှာ ပဲ့တင်ထပ်ကာ ပေါက်ကွဲထွက်ပေါ်လာ၏။

“အားလုံး ကံကောင်းကြပါစေ...”

ထိုအသံ အဆုံးသတ်သည်နှင့် ကျွင်းနာဂြိုဟ် တစ်ခုလုံးရှိ များစွာသော ဝင်္ကပါများမှာ တဂျုံးဂျုံး၊ တဂျက်ဂျက် မည်သံပေး အသက်ဝင်လာခဲ့သည်။

ဝှစ်... ဝှစ်... ဝှစ်...

လေဟာနယ် စွမ်းအား ပါဝင်နေသည့် အလင်းတန်းများမှာ ကျောက်ဖြာထဲမှ စီးထွက်လာကာ ပြိုင်ပွဲဝင် လူငယ်များ၏ ခန္ဓာကိုယ်များကို ဝန်းရံသွားသည်။ တစ်ခဏအတွင်းမှာပင် သူတို့အားလုံးမှာ မူလနေရာများမှ ပျောက်ကွယ်သွားကာ ကျွင်းနာဂြိုဟ်၏ နေရာအသီးသီးသို့ ပို့ဆောင် ခံလိုက်ရလေတော့သည်။

***

All Chapters