နွားအိုကြီး
Vol. 53 Ch. 717
ပေါက်ကွဲမှုဆီမှ မိုင်တစ်ရာအကွာတွင်
ချင်မူတစ်ယောက် ကျင်းကြီးတစ်ကျင်းထဲမှ လေးဖက်ထောက် ထွက်လာပြီး ဟောဟဲလှိုက်နေသည်။ အဝတ်အစားများ မီးကျွမ်းလောင်ကာ ပေါက်ပြဲနေသဖြင့် သူက ကိုယ်ပေါ်၌ စွဲလောင်နေသေးသော မီးတောက်များအား သပ်ချနေသည်။ မီးတောက်များက တကျစ်ကျစ် မြည်နေပြီး အသားကင်နံ့ ထွက်နေ၏။
စောစောက မိစ္ဆာချီစွမ်းအင်ဖြင့် ကောင်းကင်မီးလျှံကို အသက်သွင်းရန် ပြင်လိုက်တုန်းက ပေါက်ကွဲမှုကြီး ဆိုင်းမဆင့် ဗုံမဆင့် ဖြစ်ပေါ်သွားခဲ့လေသည်။
ကံကောင်းထောက်မသည်မှာ မိစ္ဆာချီစွမ်းအင်အနည်းငယ်သာ ထုတ်လွှတ်ခဲ့သောကြောင့် ပေါက်ကွဲမှုက သိပ်မပြင်းထန်ပေ။ မိုင်တစ်ရာခန့် လွင့်ထွက်သွားစေရုံသာ ရှိသည်။
သို့တိုင်အောင် ခံလိုက်ရသည့် ဒဏ်က မသေး။ ချိဧကရာဇ်နှင့် မင်ဧကရာဇ်၏ ဖန်ဆင်းကျမ်းစာများကို ကျင့်ကြံထားသောကြောင့်သာ သေကံမရောက် သက်မပျောက်ခြင်းပင်။
‘ယိုတုက မိစ္ဆာလမ်းစဉ်၊ ရွှမ်တုက နတ်ဘုရားလမ်းစဉ်... ယိုတုမိစ္ဆာနတ်ဆိုးချီနဲ့ ရွှမ်တုကောင်းကင်မီးလျှံကို ထွန်းညှိလိုက်တော့ ပေါက်ကရတွေ ထဖြစ်ကုန်တာနဲ့ တူတယ်’
နွားကျောင်းသားလေးက ကိုယ်ပေါ်ရှိ မိစ္ဆာမီးများကို ငြှိမ်း၍ နောက်လှည့်ကြည့်လိုက်သည်။ သူ့အဝတ်တွင် အပေါက်များ ပြည့်နေပြီး ဘောင်းဘီမီးလောင်သွားသဖြင့် တင်ပါးဖြူဖြူလေးလည်း တစ်ဝက်ပေါ်နေသည်။
ဤအဝတ်မှာ ယွီကျောက်ချင်းနှင့် ကောင်းကင်ငှက်မွှေးမျိုးနွယ်စု၏ သိုင်းပညာရှင်များ ချုပ်လုပ်ပေးထားသော အဝတ်ဖြစ်၏။ သူ့ကိုယ်တိုင်းနှင့် ကွက်တိကျသည်သာမက အလိုရှိသလို အရွယ်အစား ပြောင်းလဲပေးနိုင်သည်။ သူ့စိတ်အခြေအနေပေါ် မူတည်ပြီး အရောင်ပင် ပြောင်းနိုင်သေးသဖြင့် ဗြောင်ရှင်းမနေပေ။
သူ ဤအဝတ်ကို မချွတ်တမ်း ဝတ်ခဲ့သော်လည်း ယခုတော့ ဆက်ဝတ်၍မရတော့။
‘မမကြီးယွီကို အကူအညီတောင်းပြီး နောက်တစ်စုံ၊ နှစ်စုံလောက် ထပ်ချုပ်ခိုင်းရမှာပဲ’
ချင်မူ ကောင်းကင်သို့ ပျံတက်လိုက်သည့်အခါ အေးစိမ့်နေသော လေက သူ့ဖင်ကြားထဲ တိုးဝင်လာသည်။
သူက ပေါက်ကွဲမှု၏အလယ်သို့ ပြန်သွားပြီး ဓားစက်လုံးကို ရှာသည်။ စောစောက ပေါက်ကွဲသွားသည့်အချိန်တွင် မီးစွမ်းအင်ကို သူ့ဓားစက်လုံးဆီ ချိန်ပစ်ခဲ့သောကြောင့် ဓားစက်လုံးသည် ကောင်းကင်မီးလျှံနှင့် မိစ္ဆာနတ်ဆိုးမီးလျှံနှစ်မျိုး၏ တိုက်စားမှုကို ခံခဲ့ရ၏။ လောင်ကျွမ်းသွားပြီလား၊ ပေါက်ကွဲသွားပြီလား သူ မသိပေ။
“ဟင်....”
ချင်မူ တအံ့တဩ ရေရွတ်လိုက်မိသည်။ သူ၏ဓားစက်လုံးကား အဆပေါင်းများစွာ ကျုံ့သွားချေပြီ။ လက်သီးဆုပ်အရွယ်သာ ရှိတော့သော်လည်း အငွေ့ပျံသွားသည်လား၊ အမှန်တကယ် ကျစ်လစ်သွားသည်လား မပြောတတ်။
ထိုအခိုက်အတန့်တွင် ဓားစက်လုံးဆီမှ ညအလင်းပုလဲလို အေးချမ်းကြည်လင်သော အလင်းရောင် ထွက်လာသည်။ အလင်းရောင်က သိပ်မစူးရှသည့်တိုင် စီးဆင်းနေသော ရေအလျဉ်ပမာ ဖြာဆင်းလာသည်။ ဓားစက်လုံးသည် အလင်းမှုန်များဖြင့် ဖွဲ့တည်ထားသယောင်ပင် ထင်နေရ၏။
ချင်မူက ဓားစက်လုံးကို လှမ်းကိုင်ကြည့်လိုက်ပြီး အလွန်လေးလံကြောင်း တွေ့လိုက်ရသည်။ အလေးချိန်က မပြောင်းလဲသွားရာ မိစ္ဆာနတ်ဆိုးမီးလျှံနှင့် ကောင်းကင်မီးလျှံ၏ ပေါက်ကွဲမှုကြောင့် ဓားစက်လုံး အငွေ့ပျံမသွားကြောင်း ထင်ရှားသည်။
ချင်မူ အနည်းငယ် မှင်သက်နေမိသည်။ နတ်ဘုရားမီးလျှံနှင့် မိစ္ဆာမီးလျှံ၏ ပေါင်းစည်းမှုသည် ဓားစက်လုံးကို စီးဆင်းနေသော ရေအလျဉ်ပမာ ပုံသွင်းပေးနိုင်ခဲ့ချေပြီ။ ထိုမျှပြင်းထန်သော ပေါက်ကွဲမှုပြီးနောက်တွင်ပင် ဓားစက်လုံးအား စီးဆင်းနေသော ရေအလျဉ်အဆင့် သွန်းလုပ်ပေးနိုင်ခဲ့သည်မှာ မှန်းဆမကြည့်နိုင်အောင် အံ့အားသင့်ဖွယ်ကောင်းလွန်းသည်။
ဓားစက်လုံးကို အားဖြင့် ဖြစ်ညစ်လိုက်သည့်အခါ ဓားစက်လုံးအတွင်းရှိ ဓားက စီးဆင်းနေသော ရေအလျဉ်ပမာ သူ့လက်ချောင်းများကြားမှ ဖြာထွက်သွားသည်။ အလင်းရောင်သည် သူ့စိတ်တိုင်းကျ ကွေးညွှတ်နိုင်သလို၊ ဖြာဆင်းနိုင်၏။
ထိုကဲ့သို့ ဓားရောင်မျိုးက အလွန်တိတ်ဆိတ်ပြီး သိုသိပ်လျှို့ဝှက်သည်။ အသံလေးတစ်ချက်မှ မထွက်ဘဲ ကောင်းကင်ကို ခွင်းသွားနိုင်ပြီး လျင်မြန်စွာ ပိုင်းဖြတ်လိုက်သည့်အချိန်တွင်လည်း ‘ရွှစ်’ ခနဲ လေခွင်းသံ မမြည်ပေ။ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
သို့သော် ဓားရောင်ကို အသာအယာ ထိကြည့်ပါက ဓားသွား၏ အေးစက်မှုကို ခံစားရနိုင်သည်။
ထိုသဘောက ဓား၏ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းသည် စီးဆင်းနေသော ရေအလျဉ်အဆင့်သို့ ရောက်သွားပြီဆိုလို၏။ ဓားသွား၏ မာကြောမှုမှာလည်း ကြောက်ရွံ့ဖွယ်ရာ မြင့်မားနေပြီဖြစ်သည်။
ဓားစက်လုံး၏ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းနှင့် မာကြောမှုကား ပြီးပြည့်စုံသော အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားချေပြီ။
‘ငါ့ပန်းပဲပညာက အဲဒီအဆင့် မရောက်သေးပါဘူး.. ဘိုးဘိုးရွှေအတောင် အဲဒီအဆင့် မရောက်လောက်သေးဘူး... ဘာတွေဖြစ်နေတာလဲ”
အခြားသူတို့သည် ရတနာသွန်းလုပ်သည့်အခါ အောင်မြင်သွားသည်နှင့် အောင်မြင်သွားပြီဟုသာ သတ်မှတ်ပြီး အဘယ်သို့ပြု၍ အောင်မြင်သွားခဲ့သည့်အကြောင်း တွေးမနေပေ။ သို့သော် ချင်မူကတော့ စပ်စုချင်လာသည်။
‘ခံနိုင်ရည်အားကရော ဘယ်လိုရှိမလဲမသိဘူး’
ချင်မူ ထောင်ကျယ်အိတ်ကို မွှေနှောက်ကာ ကောင်းကင်အသုဘခေါင်းလောင်းကို ရှာလိုကသ်ည်။ ကောင်းကင်အသုဘခေါင်းလောင်းသည် မင်တု၏ ရတနာတစ်ပါး ဖြစ်၏။ ကောင်းကင်ယင်ကမ္ဘာတွင် မင်တု၏တပည့်တစ်ယောက်က ဤရတနာဖြင့် သူ့ကို တိုက်ခိုက်ခဲ့ပြီး ဒုက္ခပေးခဲ့ဖူးလေသည်။
ကောင်းကင်အသုဘခေါင်းလောင်းက နတ်ဘုရားကိုယ်တိုင် သွန်းလုပ်ထားသော ရတနာဖြစ်သည်သာမက ကောင်းကင်ယင်သတ္ထုများလည်း ပါဝင်သည်။ ချင်မူ့လက်ထဲရှိ ဓားစက်လုံးနှင့် တူသော်လည်း ချင်မူ၏ဓားစက်လုံးတွင်မူ ဗုဒ္ဓစွမ်းအင်သတ္ထုအနီများ ရောစပ်နေ၏။
ချင်မူက ခေါင်းလောင်ကြီးကို မြှောက်ပြီး ခေါင်းလောင်းအဝဖြင့် ဓားစက်လုံးကို တိုက်စားကြည့်သည်။ အတန်ကြာသော် ခေါင်းလောင်းအဝမှာ အနည်းငယ် ပဲ့လာသော်လည်း ဓားစက်လုံးမှာမူ ပွန်းသွားခြင်းပင် မရှိပေ။
‘ခံနိုင်ရည်အားက တော်တော်မြင့်တာပဲ’
ချင်မူ မှင်သက်နေမိသည်။ သူသည် ပန်းပဲပညာတွင် အလွန်ထူးချွန်သော်လည်း ဤအဆင့်သို့ ရောက်ရန် ဝေးကွာလွန်းသေး၏။
‘ကောင်းကင်မီးလျှံနဲ့ မိစ္ဆာနတ်ဆိုးမီးလျှံရဲ့ အကျိုးသက်ရောက်မှုလား... စောစောက ပေါက်ကွဲမှုက ပြင်းထန်အားကောင်းတဲ့ အပူရှိန်နဲ့ တိုက်စားမှုတွေကို ဖန်တီးပေးလိုက်တယ်’
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ‘ပေါက်ကွဲမှုတွေကို မီးပြင်းတိုက်ပြီး ပန်းပဲထုတဲ့နေရာမှာ သုံးနိုင်တာလား... ဘိုးဘိုးမျက်ကန်း ငါ့ကို ဘာလို့မသင်ပေးခဲ့တာပါလိမ့်... ခဏနေဦး၊ လက်နက် သွန်းလုပ်တဲ့အခါ တူနဲ့ ညက်အောင် ထုပေးရတယ်.... ကုန်ထုတ်စက်ရုံက အဲဒီသဘောတရားအတိုင်း ယန္တရားစက်ရုပ်ကြီးတွေကို တူဝိုင်းထုခိုင်းပြီး အချိန်တိုလေးအတွင်း ဖိအားအများကြီး ပေးနိုင်တယ်... ဒါပေမဲ့ ဘိုးဘိုးရွှေအလို နတ်ဘုရားတစ်ယောက်ကတော့ ယန္တရားစက်ရုပ်ကြီးတွေ လုပ်နိုင်တာထက် အဆထောင်ချီ ပိုပြီး ဖိအားပေးနိုင်တယ်... သူ တူထုလိုက်ရင် မီးပြင်းအားက နေရဲ့ မီးပြင်းအားလို ဖြစ်လာမယ်...
“ဒါပေမဲ့ ပေါက်ကွဲမှုကလည်း အဲဒီလိုလုပ်ပေးနိုင်ပုံရတယ်... ပိုလို့တောင် ဖိအားပြင်းပြင်းထန်ထန် ပေးနိုင်လောက်တယ်”
ချင်မူ့မျက်ဝန်းများ အရောင်တောက်သွားပြီး သူက ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ “ကောင်းကင်မီးလျှံနဲ့ မိစ္ဆာနတ်ဆိုးချီရဲ့ ပေါက်ကွဲမှုက အပူရှိန်ကို မြှင့်တင်ပေးလိုက်ပြီး ဘိုးဘိုးရွှေအလို နတ်ဘုရားတစ်ပါးတောင် မပေးနိုင်တဲ့ ဖိအားကို ဖန်တီးပေးခဲ့တယ်... အဲဒါကြောင့် ငါ့ဓားစက်လုံးက တခဏအတွင်း ပြီးပြည့်စုံတဲ့ အခြေအနေ ရောက်သွားတာပဲ... ပေါက်ကွဲမှုတွေနဲ့ လက်နက်သွန်းလုပ်ဖို့က ဖြစ်နိုင်လောက်တယ်”
ချင်မူ၏လက်ချောင်းငါးချောင်း ဖြန့်ကားလိုက်သည့်အခါ ဓားစက်လုံးသည် ဓားအလက်ရှစ်ထောင်အဖြစ် ကွဲထွက်သွား၏။ ဓားထိပ်ဖျားတို့က စက်လုံး၏အလယ်ဆီသို့ ချိန်ရွယ်ထားချေသည်။
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ ဓားစက်လုံးက ပျောက်ကွယ်ကာ ဓားမရှည်နှစ်လက်အဖြစ် ဖွဲ့တည်လိုက်သည်။ ချင်မူက ဓားမများကို ဆွဲကိုင်ရင်း မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲအား ထုတ်ဖော်ကစားကြည့်သည်။ သို့သော် တစ်ဝက်ပင် မထုတ်လွှတ်ရသေးခင် ဟောဟဲလှိုက်ကာ ပင်ပန်းလာ၏။ သူ့မှာ မြေကြီးပေါ် ဟပ်ထိုးလဲကျတော့မည့်အလား ဖြစ်နေသည်။
ချင်မူ လက်အား လှုပ်ခါသည့်အခါ ဓားမရှည်နှစ်လက် ပျောက်ကွယ်သွားသည်။ ၎င်းတို့ လက်သီးဆုပ်အရွယ် ဓားစက်လုံးအဖြစ် ပြန်စုစည်းသွားသည်နှင့် သူက ထောင်ကျယ်အိတ်ထဲ ထည့်လိုက်သည်။ သို့သော် ဓားစက်လုံး၏ အလေးချိန်ကြောင့် သူ့ခါးပတ်မှာ လျော့ရဲသွားပြီး ဘောင်းဘီကလည်း ဆက်တိုက်လျှောကျနေတော့သည်။
နန်းစိုက်မြို့တော်၏အစောင့်များမှာ ဤနေရာ၌ ပေါက်ကွဲသွားခဲ့ကြောင်း သတိထားမိကြ၍ အနက်ရောင်အမွှေးအတောင်၊ အနီရောင်အစင်းကြားများ ရှိသော ငှက်တစ်ကောင်ကို အလျင်အမြန် စီးလာကြသည်။ ချင်မူ အဝတ်အစား သပ်သပ်ရပ်ရပ် လုပ်နေကြောင်း မြင်တွေ့လျှင် သူတို့အားလုံး အံ့အားသင့်သွားကြပြီး ကမန်းကတန်း မေးလိုက်သည်။ “ဝန်မင်းချင်၊ ဒီမှာ ဘာဖြစ်သွားတာလဲ”
ချင်မူက လက်ခါကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အသေးအမွှား မတော်တဆမှုလေး ဖြစ်သွားတာပါ.. မပူကြပါနဲ့.. ကျွန်တော် အရင်ဆုံး ထူမြစ်ကုန်ထုတ်စက်ရုံဆီ သွားလိုက်ဦးမယ်... စောစောက ပေါက်ကွဲမှုကြောင့် ကျွံကျသွားတဲ့ ကျင်းကြီးကို ညှိလိုက်ကြပါဦး” ထိုသို့ပြောပြီးနောက် သူက ကုန်ထုတ်စက်ရုံဆီ လျှောက်သွားသည်။
အစောင့်များမှာ တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင် ကြည့်ပြီး နန်းစိုက်မြို့တော်တခွင် ထင်ရှားကျော်ကြားသော ဝန်မင်းချင် ကွတကွတဖြင့် လမ်းလျှောက်နေသည်ကို ကြည့်လိုက်ကြသည်။ သူ၏တင်ပါးဖြူလေးနှစ်လုံးမှာ အတိုင်းသားပင်။
“ငါတို့ ဝန်မင်းချင်အတွက် အင်္ကျီ ပေးလိုက်သင့်လား” တစ်ယောက်က ခပ်တိုးတိုး မေးလိုက်သည်။
ခေါင်းဆောင်က စဉ်းစားပြီး ခေါင်းယမ်း၏။ “ဝန်မင်းချင်က အစောကတည်းက အပ်ချုပ်သမားတစ်ယောက်လည်း ဟုတ်တယ်... သူ့ဆီ အဝတ်အပ်ဖို့ လိုက်ရှာနေတဲ့ အရာရှိတွေတောင် ရှိသေးတယ်တဲ့.... သူက သိပ်ကျော်ကြားတယ်... ဒီအဝတ်အစားက ဝန်မင်းချင်ရဲ့ အထူးဝတ်ရုံထဲက တစ်စုံဖြစ်လောက်တယ်... ဝန်မင်းချင်က သူဖုန်းစားအဝတ်အစားလို တမင်ချုပ်ထားတာနေမှာ...”
ချင်မူ ကုန်ထုတ်စက်ရုံသို့ ပြန်ရောက်သည့်အခါ ဆန့်ဆန့်ကြီး အိပ်မောကျနေသော နဂါးချီလင်ကို မြင်လိုက်ရ၍ ခေါင်းခါမိသည်။
ကုန်ထုတ်စက်ရုံထဲရှိ စက်မှုစံအိမ်၏ ဂိုဏ်းသားတစ်ယောက်က သူ့အတွက် အဝတ်တစ်စုံ ကပျာကယာ ထုတ်ကာ ပြောသည်။ “ဂိုဏ်းသခင်၊ ကျွန်တော်တို့မှာ အဝတ်အထည် အကောင်းစားတွေ မရှိပါဘူး... ဖျင်ကြမ်းနဲ့ ချုပ်ထားတဲ့ သာမန်အထည်တွေပါပဲ... ဂိုဏ်းသခင်၊ ကျေးဇူးပြုပြီး ဝတ်ကြည့်ပါလား”
ချင်မူက အဝတ်အစားများ ဝတ်ကြည့်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော်က လေ့လာစရာလေးရှိလို့ လေ့လာနေရုံပါ... အဝတ်အစားအကောင်းစားတွေ ဖြစ်လို့ မလိုပါဘူးဗျာ.... ပြီးတော့ အင်္ကျီအပိုတွေ လိုလိုမယ်မယ် ပြင်ထားပေးပါဦး... နောက်ကျ ထပ်လိုလောက်တယ်... ဟုတ်သား စက်မှုစံအိမ်သခင် ဒီမှာ ရှိလား.... သူ့ကို မြန်မြန် လာခိုင်းလိုက်ပါ”
စက်မှုစံအိမ်၏ ဂိုဏ်းသားများ စက်မှုစံအိမ်သခင်ဆီ အလျင်အမြန် သွားရောက်အကြောင်းကြသည်။ စက်မှုစံအိမ်သခင်က တအံ့တဩ မေးလေသည်။ “ဂိုဏ်းသခင် ဘာလုပ်ဖို့ ကြံနေတာလဲ”
“ပေါက်ကွဲမှုတွေနဲ့ လက်နက်သွန်းလုပ်ဖို့တဲ့”
စက်မှုစံအိမ်သခင်သည် မြစ်သင်္ချိုင်းတွင် အစတကည်းက ရှိနေပြီး ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းနှင့်အတူ နေသင်္ဘောများ၊ လသင်္ဘောများ တည်ဆောက်နေ၏။ ချင်မူဆီမှ သတင်းရလျှင် သူက အမြန်သင်္ဘောတစ်စင်းဖြင့် ထွက်လာကာ နေဝင်ချိန်၌ ရောက်လာသည်။
ချင်မူ၊ စက်မှုစံအိမ်သခင်နှင့် စက်မှုစံအိမ်၏ ဂိုဏ်းသားများ ကုန်ထုတ်စက်ရုံထဲ ဝင်သွားကြသည်။ ဆယ်ရက်ကြာသော် ကုန်ထုတ်စက်ရုံအတွင်းမှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၍ နန်းစိုက်မြို့တော်ရှိ အိမ်များ တသိမ့်သိမ့် လှုပ်ခတ်နေတော့သည်။ ပြည်သူများ ဒေါသထွက်ကုန်ကြ၏။
နောက်ဆုံးတော့ မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ကုန်ထုတ်စက်ရုံဆီ ရောက်လာကြသည်။ ကုန်ထုတ်စက်ရုံသို့ သူတို့ ရောက်သည့်အချိန်တွင် ကိုက်သုံးဆယ်မြင့်မားသော ဧရာမမီးဖိုကြီးတစ်လုံးအား ကောင်းကင်နတ်သိုင်းပညာရှင်များ ဝိုင်းနေကြောင်း မြင်တွေ့ရလေသည်။ မီးဖို၏မျက်နှာပြင်ထက်တွင် သင်္ကေတအမှတ်အသားမျိုးစုံ ရေးဆွဲခတ်နှိပ်ထား၏။
ဤမီးဖိုကြီးသည် သာမန်မီးဖိုနှင့် မတူပေ။ လေဝင်ပေါက် မရှိသည့်အပြင် ရှုပ်ထွေးဆန်းပြားသော သင်္ကေတအမှတ်အသားများကို မီးဖို၏အပေါ်ယံ မျက်နှာပြင်ထက်၌ ရေးဆွဲထားခြင်းဖြစ်သည်။
“မိဖုရားခေါင်ကြီး၊ အရှင့်သား”
စက်မှုစံအိမ်သခင်က မျက်နှာတွင် အိုးမည်းများ ပေကျံနေပြီး သူတို့ကို ကပျာကယာ နှုတ်ဆက်သည်။ “မိဖုရားကြီးနဲ့ အရှင့်သားကို ထိတ်လန့်အောင် လုပ်မိတဲ့အတွက် ကျွန်တော်မျိုး သေသင့်ပါတယ်”
မိဖုရားခေါင်ကြီးက ပြုံးလျက် မိန့်သည်။ “ဝန်မင်းတို့တွေ ဒီမှာ နေ့တိုင်းနေ့တိုင်း ဖောက်ခွဲမှုတွေ လုပ်နေတော့ ပြည်သူတွေ ကောင်းကောင်းအိပ်မရတာနဲ့ တိုင်တန်းကြလို့ ကျွန်မ လာကြည့်တာပါ... ဝန်မင်းချင် ဘယ်မှာလဲ... သူက ရှင်တို့ကို ဘယ်လိုထူးဆန်းတာတွေ လုပ်ခိုင်းပြန်တာလဲ”
“ဂိုဏ်းသခင်က တောင်ဘက်နယ်စပ်ကို ထွက်သွားပါတယ်... ခေါင်းဆောင်ယွီကို အဝတ်ချုပ်ခိုင်းဖို့လို့ ပြောသွားပါတယ်”
စက်မှုစံအိမ်သခင်ရှန်းယိုရှင် ပြုံးလျက် ဆက်လက်လျှောက်တင်လိုက်သည်။ “ဂိုဏ်းသခင်က ကျွန်တော်မျိုးတို့ကို ပေါက်ကွဲမှုကနေတစ်ဆင့် လက်နက်သွန်းလုပ်နိုင်အောင် လေ့လာခိုင်းနေတာပါ... ဒီမီးဖိုက ပေါက်ကွဲမှုတွေနဲ့အတူ လက်နက်တွေ သွန်းလုပ်ပေးပါတယ်.... မိဖုရားကြီး၊ အရှင့်သား ဒီမီးဖိုက နတ်လက်နက်တွေကို အဆင်သင့်သုံးနိုင်တဲ့ အဆင့်အထိ မြန်မြန်ဆန်ဆန် သွန်းပေးနိုင်တယ်... ဒီမီးဖိုအပေါ်က သင်္ကေတအမှတ်အသားတွေက မီးငှက်သင်္ကေတနဲ့ ကောင်းကင်မီးလျှံသင်္ကေတတွေပါ... သင်္ကေတတွေကို ထွန်းညှိလိုက်ရင် အားကောင်းပြင်းထန်တဲ့ ပေါက်ကွဲမှုက မီးဖိုထဲက တူကို တွန်းအားပေးပြီး နတ်သတ္ထုအပေါ် ထုရိုက်စေပါတယ်... တစ်ချက်လေး ထုရုံနဲ့ အပြီးသတ်ပေးနိုင်တာမလို့ ကြောက်စရာကောင်းလောက်အောင် မြန်တယ်”
လင်ယွိရှုနှင့် မိဖုရားခေါင်ကြီးနှစ်ယောက်လုံး မှင်သက်သွားပြီး တအံ့တဩ ထခုန်မိကြသည်။ “နတ်လက်နက်တွေ သွန်းလုပ်တာက အဲဒီလောက်မြန်မြန် ပြီးနိုင်တယ်လား”
ရှန်းယိုရှင် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “နတ်သတ္ထုတွေက လက်နက်သွန်းလုပ်ဖို့ အင်မတန် ခက်ပါတယ်... ထူမြစ်ကုန်ထုတ်စက်ရုံကတော့ နတ်သတ္ထုတွေကို ပုံသွင်းထုရိုက်ပေးနိုင်တဲ့ နေရာအနည်းစုထဲက တစ်နေရာပါ... ဒါတောင် နေ့တိုင်း မသွန်းလုပ်နိုင်ပါဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နတ်ဘုရားတွေအနေနဲ့ သူတို့ရဲ့ နတ်လက်နက်တွေ ရဖို့ တစ်နှစ်ပြီး တစ်နှစ် ရက်ချိန်းစောင့်နေရပါတယ်... ဒါပေမဲ့ ဒီလိုမီးဖိုမျိုးနဲ့ဆို ကျွန်တော်တို့ နတ်ဘုရားတွေ လိုအပ်တဲ့ နတ်လက်နက်တွေကို နှစ်လအပြီး သွန်းလုပ်ပေးနိုင်လိမ့်မယ်”
လင်ယွိရှုက ဧကရာဇ်ယန်ဖုန်း၏ ဆုံးမစကားများကို ပြန်သတိရလိုက်၍ ကပျာကယာ မေးလိုက်သည်။ “မီးဖိုကို အသက်သွင်းဖို့ လိုအပ်တဲ့ ဆေးစွမ်းအင်ကျောက်တုံးပမာဏကရော များသလား... ဂိုဏ်းသခင်ချင်က ချမ်းသာတယ်... ခမည်းတော် ပြောပုံအရ သူ ဖန်တီးပေးခဲ့တဲ့ နေသူရိန်ခွင်းအမြှောက်ဆို ဆေးစွမ်းအင်ကျောက်တုံးအများကြီး သုံးစွဲတယ်တဲ့.... ခမည်းတော်ခမျာ တစ်ခါတုန်းက အမြှောက်တစ်ချက် ပစ်ပြီး ခေါင်းကိုက်သွားလို့ သုံးလတောင် ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး ပြောတယ်”
ရှန်းယိုရှင် တခဏ တွန့်ဆုတ်သွားသည်။ “သုံးစွဲမှုက သိပ်မများပါဘူး.. ဟုတ်တယ် သိပ်မများဘူး...”
လီမြစ်တက္ကသိုလ်တွင် ချင်မူက ယွီကျောက်ချင်းကို သွားရှာကာ သူ့အတွက် အဝတ်အစားများ အစုံလိုက်ချုပ်ပေးရန် အကူအညီတောင်းသည်။ ယွီကျောက်ချင်းသည် ကောင်းကင်ငှက်မွှေးမျိုးနွယ်ထဲရှိ ပညာရှင်အားလုံး စုဝေးပြီး ပြော၏။ “အရှင့်သား၊ ကျွန်မ တက္ကသိုလ်ထဲမှာ ပိုးစာပင်တွေ စိုက်ထားပြီး ပစ္စည်းကောင်းတွေလည်း သိုလှောင်ထားပါတယ်... စိတ်အေးအေးသာထား ကျွန်မ အရှင့်သားအတွက် အကောင်းဆုံး ချုပ်ပေးပါ့မယ်... နဂါးဝတ်ရုံရော လိုချင်လား”
ချင်မူ ကမန်းကတန်း ခေါင်းခါလိုက်ရသည်။ “မနောက်ပါနဲ့ဗျာ ကျွန်တော် ပုန်ကန်ဖို့ လုပ်နေတာ မဟုတ်ပါဘူး”
ယွီကျောက်ချင်းမှာ မချင့်မရဲ ဖြစ်သွားတော့သည်။ “လိုရမယ်ရ နဂါးဝတ်ရုံနှစ်စုံ ချုပ်ပေးထားပါ့မယ်”
ချင်မူ ခေါင်းခါပြီး ပါမောက္ခပါ့ရှန်ကို ရှာရန် ထွက်လာခဲ့သည်။ ဆရာတူညီအစ်ကိုနှစ်ယောက် ခန်းမထဲတွင် ထိုင်ကာ အရက်သောက်ကြ၏။ ဟူလင်းအာလည်း တောင်ပိုင်းတွင် မြေခွေးနတ်မင်းနှင့်အတူ သိုင်းကျင့်နေသည့်အတွက် ချင်မူရောက်လာသော သတင်းကြားလျှင် တမုဟုတ်ချင်း ရောက်ချလာသည်။ သူမ ရောက်သည့်အချိန်တွင် ခန်းမအပြင်၌ နွားသိုးစိမ်းကြီးကို ရိုက်ပုတ်နေသော နဂါးချီလင်အား တွေ့ရလေသည်။ နွားသိုးစိမ်းကြီးမှာ တဘူးဘူး အော်ဟစ်ရင်း ကူကယ်ရာမဲ့နေသည်။
“မမကြီး ကျွန်တော်ကလည်း မမကြီးရဲ့ မောင်နော်... ကယ်ပါဦး” နွားသိုးစိမ်းကြီးက လှမ်းအော်သည်။
ဟူလင်းအာ ခေါင်းတယမ်းယမ်းဖြင့် သူ့ကို အဖက်မလုပ်ဘဲ ခန်းမထဲ ဝင်ကာ ချင်မူနှင့် ပါ့ရှန်နှင့်အတူ အရက်သောက်နေတော့သည်။
ရက်အနည်းငယ်ကြာသော် ယွီကျောက်ချင်းက အ၀တ်အစားများ ချုပ်လုပ်ပြီးသွားသဖြင့် ချင်မူမှာ စမ်း၀တ်ကြည့်ရင်း အလွန်ကျေနပ်နေသည်။ သူက ရွှေချည်၊ ငွေချည်များ သုံး၍ အ၀တ်အစားများအပေါ်တွင် ကောင်းကင်မီးလျှံသင်္ကေတများနှင့် ယိုတုစာလုံးများ ပုံဖော်ရေးဆွဲလိုက်၏။
ဤသင်္ကေတအမှတ်အသားနှစ်မျိုးက အလွန်ပြင်းထန်သော ပေါက်ကွဲမှုမျိုးနှင့် နောက်တစ်ကြိမ်ကြုံတွေ့လျှင် အ၀တ်အစားအား ပျက်စီးမသွားအောင် ထိန်းသိမ်းပေးလိမ့်မည်။
“အရှင့်သား၊ ဒီရက်တွေထဲ ကောင်းကင်ငှက်မွှေးမျိုးနွယ်တွေ မွေးရပ်မြေကို လွမ်းနေကြလို့ ကောင်းကင်ငှက်မွှေးကမ္ဘာဆီ ပြန်ဖို့ အမြဲတွေးနေကြတယ်”
ယွီကျောက်ချင်းက ချင်မူ့အရိပ်အခြေကို ကြည့်ကာ ပြောနေသည်။ “အခု ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ သဘာ၀ကပ်ဘေးကို ကြောက်စရာ မလိုတော့ဘူးဆိုတော့ တခြားကမ္ဘာတွေအတွက် တွေးပေးဖို့ အချိန်တန်ပြီထင်တယ်နော်”
ချင်မူ သူမဆိုလိုရင်းကို နားလည်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက အခုမှ တည်ငြိမ်ရုံပဲ ရှိပါသေးသလို လုပ်စရာတွေလည်း အများကြီး ကျန်ပါသေးတယ်... ဧကရာဇ်မှာလည်း ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်သိမ်းပေးနိုင်လောက်တဲ့အထိ လူအင်အား မရှိသေးဘူး... ကောင်းကင်ငှက်မွှေးကမ္ဘာက မဟာမြို့ပျက်လို နေ့ဘက်မှာတော့ ပုံမှန်ဖြစ်ပြီး ညဘက်မှာတော့ အမှောင်ထုကြီးစိုးတာ ခံရတယ်မဟုတ်လား... အမှောင်ထုကို အခုထိ မဖယ်ရှားနိုင်သေးတော့ မမကြီး နည်းနည်းလောက် ထပ်စောင့်ပေးလိုက်ပါလား... ကောင်းကင်နတ်ဘုရားမ ကောင်းကင်ယင်ကမ္ဘာမှာ ကျန်နေတဲ့ အန္တရာယ်တွေကို အမြစ်ဖြုတ်ပြီးရင်တော့ မမကြီးတို့လည်း ကောင်းကင်ငှက်မွှေးကမ္ဘာဆီ ပြန်နိုင်ပါလိမ့်မယ်”
ယွီကျောက်ချင်းမှာ ဤသို့သာ ပြောနိုင်တော့သည်။ “ဒါဆိုလည်း အရှင့်သားဆီက သတင်းစောင့်နေပါ့မယ်”
ချင်မူက မြေပုံတစ်ခု ရေးဆွဲကာ ပြော၏။ “မမကြီးအနေနဲ့ အရင်ဆုံး လူငယ်လူရွယ်တွေကို ကောင်းကင်ကမ္ဘာဆီ ခေါ်သွားလိုက်... လောလောဆယ် ကောင်းကင်ယင်နတ်ဘုရားမမှာ လူအင်အား လိုအပ်နေတယ်...မမကြီးတို့ သူ့ကမ္ဘာဆီ သွားလိုက်ရင် ကောင်းကင်ယင်နတ်ဘုရားမ အင်မတန် သဘောကျလိမ့်မယ်... မမကြီးတို့လည်း မျက်နှာသာပေးခံရမယ်... တခြားမျိုးနွယ်တွေ ၀င်လာရင် မမကြီးတို့လောက် နေရာယူထားနိုင်မှာ မဟုတ်တော့ဘူး.... ကျွန်တော်က ဖုန်းတုဆီ သွားစရာရှိသေးလို့ မမကြီးတို့ကို လိုက်ပို့ပေးဖို့ အချိန်မရဘူး ဖြစ်နေတယ်”
ယွီကျောက်ချင်းမှာ ၀မ်းသာသွားပြီး ထိုကိစ္စကို အကောင်အထည်ဖော်ရန် အလျင်အမြန် ထွက်ခွာသွားသည်။
ချင်မူက ပါမောက္ခပါ့ရှန်နှင့် ဟူလင်းအာကို နှုတ်ဆက်ကာ မဟာမြို့ပျက်ဆီ ဦးတည်သွားသည်။
မဟာမြို့ပျက်သို့ ရောက်သည့်အခါ သူက ဖုန်းတုထဲ ဝင်ပြီး နဂါးချီလင်ကို အပြင်၌ စောင့်ခိုင်းလိုက်သည်။ သို့သော် ဖုန်းတုတွင် တိရီယွဲ့နှင့် တျန်းရှုအား မတွေ့ရပေ။ ဖုန်းတုသည်လည်း ယခင်အတိုင်းသာ ဖြစ်ပြီး ထူးထူးခြားခြား ပြောင်းလဲသွားပုံမရ။
“မမကြီးတိရီယွဲ့က ကောင်းကင်နတ်မင်းတျန်းရှုကို ရှာနေတုန်းလား”
ချင်မူ အူကြောင်ကြောင် ဖြစ်သွားပြီး တာအိုသခင်လင်းကျင့်၏ လှေကို စီး၍ ဖုန်းတုမှ ပြန်ထွက်လာခဲ့သည်။ အပြင်ရောက်သော် တစ်ကိုယ်လုံး ရစရာမရှိအောင် ဖူးရောင်နေသော နဂါးချီလင်အား မြင်လိုက်ရ၏။
ချင်မူ သူ့ကို အလျင်အမြန် မေးကြည့်သည့်အခါ နဂါးချီလင်က ပြောသည်။ “လယ်ထွန်တဲ့ နွားအိုကြီးတစ်ကောင်ကို ကျွန်တော် တွေ့ခဲ့ရတယ်.. သူက နွားသိုးစိမ်းကြီးနဲ့ ဆင်တော့ သွားအနိုင်ကျင့်ချင်တာနဲ့ အနိုင်ကျင့်ခဲ့ပေမယ့် အဆုံးသတ်မှာ ကျွန်တော်ပဲ အရိုက်ခံခဲ့ရတာ”
ချင်မူမှာ မှင်သက်သွားတော့သည်။ “အဲဒီနွားအိုကြီး ဘယ်မှာလဲ”
နဂါးချီလင်က ကလဲ့စားချေရန် သူ့ကို ခေါ်သွားပြီး လယ်ကွင်းများ၏ အနားပတ်ဝန်းကျင်သို့ ရောက်လာကြသည်။ သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် လူတစ်ယောက်လို ငုတ်တုတ်ထိုင်နေသော နွားအိုကြီးတစ်ကောင်အား ချင်မူ လှမ်းမြင်နေရ၏။ သူက နောက်ခြေများကို မြေပြင်ပေါ် ထောက်ထားပြီး ငုတ်တုတ်ထိုင်နေသည်။ သူ၏ရှေ့ခွာကမူ ဆေးတံတစ်လက် ကိုင်ထားသည်။
နွားအိုကြီးသည် ဆေးတံကို ဖွာ၍ အဖြူရောင်အခိုးအငွေ့များအား စိမ်ပြေနပြေ မှုတ်ထုတ်နေပြီး ကျဉ်းမြောင်းသော မျက်လုံးတို့ဖြင့် လယ်ကွင်းများကို ကြည့်ရှုနေ၏။
သူ့ဘေးတွင် ကျောက်စားပွဲလေးတစ်လုံး ရှိပြီး ဆူပွက်နေသော ရေနွေးကြမ်းအား တင်ထားသည်။
ချင်မူ လမ်းလျှောက်သွားပြီး သူ့ကို နှုတ်ဆက်လိုက်၏။ “တာအိုနောင်တော်”