← Chapters

ဘုရင်နှင့် အမှုထမ်းများ တစ်သားတည်း

Vol. 53 Ch. 716

ဘုရင်နှင့် အမှုထမ်းများ တစ်သားတည်း

Vol. 53 Ch. 716

ချင်မူတို့ ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်သို့ ရောက်လာကြသော်လည်း ဧကရာဇ်အတိုင်ပင်ခံက အိမ်တွင် မရှိပေ။ ဧကရာဇ်အတိုင်ပင်ခံကတော်က သားဖြစ်သူကို စာသင်ပေးနေပြီး သူတို့ရောက်လာသည့်အခါ ကလေးလက်ကို ဆွဲလျက် ကပျာကယာ ထွက်လာသည်။ “ဧကရာဇ်အတိုင်ပင်ခံက ဧကရာဇ်နဲ့ သွားတွေ့ပါတယ်... ပြန်မလာတာ ရက်ပိုင်းလောက် ရှိပြီ... ယွင်ကျန်း၊ မွေးစားအဖေကို နှုတ်ဆက်လိုက်ဦး”

သူမဘေးရှိ ကလေးမှာ သုံးလေးနှစ်သာ ရှိနေသေးပြီး ကလေးအသံလေးဖြင့် ချင်မူ့ကို ‘မွေးစားဖေဖေ’ ဟု ခေါ်လေသည်။

ချင်မူ့မျက်နှာ နီရဲသွားသည်။ “မရီးကတော့ဗျာ ကျွန်တော့်မှာ မိန်းမတောင် မရသေးဘူး မွေးစားအဖေ လုပ်နေရပြီ”

ဧကရာဇ်အတိုင်ပင်ခံကတော်က ပြုံးလျက် ပြောသည်။ “ယွင်ကျန်း မွေးလာကတည်းက ဂိုဏ်းသခင်ကို မွေးစာအဖေအဖြစ် ဂါဝရပြုပြီးသားနော်... အခုမှ ငြင်းနေတာလား”

ချင်မူက တွေးလိုက်ပြီး ထောင်ကျယ်အိတ်ထဲမှ နတ်ဘုရားတောင်ပံကို ထုတ်လိုက်သည်။ တောင်ပံမှ ငှက်မွှေးတစ်ချောင်း ဆွဲနုတ်ကာ ပြောလိုက်၏။ “ဒါက နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် မီးငှက်‌တစ်ကောင်ရဲ့ ငှက်မွှေးပဲ... ယွင်ကျန်း ကစားရအောင် ပေးလိုက်မယ်... တောင်ပံကိုတော့ ပေးလို့မရဘူး.. လေးလည်းလေးတယ်၊ အန္တရာယ်လည်း များတယ်... ငှက်မွှေးကတော့ ပေါ့တယ်... ခဏလေး၊ ဒီငှက်မွှေးထဲက မီးငှက်နတ်မီးလျှံကို ဖိနှိပ်ပေးဦးမယ်”

သူက ကောင်းကင်မီးလျှံမဟာတာအိုဆီမှ သင်္ကေတအမှတ်အသားများဖြင့် မီးငှက်နတ်မီးလျှံကို ချိတ်ပိတ်ပေးလိုက်သည်။ ပြီးမှ သုံးပေရှည်သော မီးငှက်မွှေးတောင်ကို ကျန်းယွင်ကျန်းဆီ ပေးလေသည်။ ကလေးက ငှက်မွှေးကို ရသည်နှင့် တံခါးအရှေ့ရှိ ကျောက်ခြင်္သေ့ကြီးဆီသို့ ခါယမ်းလိုက်၏။ မီးအလင်းတန်းတစ်တန်းက ကျောက်ခြင်္သေ့ကြီးကို နှစ်ခြမ်းပိုင်းပစ်လိုက်သည်။

ဧကရာဇ်အတိုင်ပင်ခံကတော်မှာ အလန့်တကြား ထခုန်ပြီး ငှက်မွှေးကို ကပျာကယာ လှမ်းဆွဲလိုက်သည်။ “ကြီးလာမှ ကစားရမယ်”

ချင်မူသည် သစ်ခုတ်သမား၊ တိရီယွဲ့နှင့် ပထမဘိုးဘေးကြီးကို နန်းတော်ဆီ ခေါ်သွား၏။ မိဖုရားခေါင်ကြီးက ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံ အရှင်မင်းကြီးကို ပြန်ပေးဆွဲသွားတယ်... နန်းတွင်းကောလိပ်ဆီ သွားမယ်ပြောပြီး ထွက်သွားတာပဲ... အတော်တောင် ကြာနေပြီ အရှင်မင်းကြီးကို အခုထိ ပြန်မပို့သေးဘူး... အိမ်ရှေ့မင်းသားပဲ အင်ပါယာကို ကြီးကြပ်ကွပ်ကဲပြီး နိုင်ငံ့အရေး စီမံနေရတယ်”

အားလုံး နန်းတွင်းကောလိပ်သို့ သွားလိုက်ကြသော်လည်း ကူလင်းနွမ်က ခေါင်းယမ်းသည်။ “အရှင်မင်းကြီးနဲ့ ဧကရာဇ်အတိုင်ပင်ခံ ဒီမှာ မရှိတော့ဘူး... ဒီမှာ ခဏနေပြီး နေသင်္ဘောနဲ့ လသင်္ဘောတွေ တည်ဆောက်ဖို့ ကျောင်းသားတွေကို မြစ်သင်္ချိုင်းက ကုန်ထုတ်စက်ရုံတွေဆီ ခေါ်သွားကြတယ်... အရှင်မင်းကြီးလည်း ပါသွားတယ်”

တိရီယွဲ့က ပြုံးလိုက်သည်။ “အရှင်မင်းကြီးက ပလ္လင်ပေါ်မှာပဲ ငြိမ်ငြိမ်မထိုင်ဘူးနော်... ဟိုဟိုသည်သည် ပြေးလွှားနေတာပဲ”

ဤသို့ဖြင့် သူတို့ မြစ်သင်္ချိုင်းဆီ ရောက်လာကြသည်။ မြစ်သင်္ချိုင်းမြို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မွေးရပ်မြေဖြစ်၏။ ကုန်ထုတ်စက်ရုံအများဆုံး တည်ထောင်ထားသည့် နေရာလည်းဖြစ်၍ စက်ရုံအ‌ရေအတွက်မှာ တစ်ရာဝန်းကျင် ရှိသည်။

ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ၏ အရိပ်အယောင်ကိုပင် မမြင်ရသေးခင် ဟိုမှသည်၊ သည်မှဟိုသို့ ကူးလူးသွားလာ ပျံသန်းနေသော ဧရာမသင်္ဘောကြီးများကို မြင်လိုက်ရသည်။ သင်္ဘောကြီးများသည် ဧရာမသတ္ထုအပိုင်းအစကြီးများအား မြစ်သင်္ချိုင်းမြို့ရှိ အကြီးဆုံးကုန်ထုတ်စက်ရုံဆီသို့ ပို့ဆောင်နေကြ၏။

သတ္ထုအပိုင်းအစကြီးများမှာ နေသင်္ဘောနှင့် လသင်္ဘောအတွက် အစိတ်အပိုင်းများ ဖြစ်ပုံရသည်။

ခိုင်ဧကရာဇ်ခေတ်တုန်းက နေသင်္ဘောနှင့် လသင်္ဘောများကို ကျောက်သားကျောက်စိုင်များဖြင့် တည်ထောက်ခဲ့သည်။ ယနေ့ခေတ်တွင်တော့ သတ္ထုများဖြင့် သွန်းလုပ်နေကြ၏။ ထို့ကြောင့်လည်း အကုန်အကျပိုများပေသည်။

အနောက်ကမ္ဘာမြေ၊ အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးများပင် ကူညီနေကြကြောင်း ချင်မူ တွေ့လိုက်ရပြီး ရင်းနှီးနေသော ကလေးမလေးတစ်ယောက်က ဦးဆောင်နေသည်။ သူမကား ရှုန်းချီယွီ၏ သမီး၊ ရှုန်းချီအာပင်။

မတွေ့ရသော နှစ်များအတွင်း ရှုန်းချီအာသည် ရှစ်နှစ် ၊ ကိုးနှစ်အရွယ် ရောက်လာခဲ့၏။ သူမက ကုန်ထုတ်စက်ရုံထဲတွင် မှော်အစီအရင်များ ရေးဆွဲကာ သတ္ထုအပိုင်းအစများအား အသက်သွင်းနေသည်။ အသက်ဝင်လာသည်နှင့် သတ္ထုအပိုင်းအစများသည် လေပေါ် မြောက်တက်လာပြီး အလိုအလျောက် ချိတ်ဆက်သွား၏။

“အစ်ကိုကြီးဂိုဏ်းသခင်”

ရှုန်းချီအာက သူ့ကို မြင်သည်နှင့် အလွန်ပျော်သွားပြီး နဂါးချီလင်ကို မြင်လျှင် ပို၍ပင် ပျော်သွားသေးသည်။ သူမက အပြေးအလွှား ရောက်လာကာ ချင်မူ့ကို တွန်းဖယ်၍ နဂါးချီလင်၏ နှုတ်ခမ်းမွေးများကို ဖက်လိုက်သည်။

အလျစ်လျူရှုခံလိုက်ရသော ချင်မူမှာ လှမ်းကြည့်လိုက်သည့်အခါ နဂါးချီလင်၏ အမြီးပေါ် တက်နေသော ကလေးမလေးကို မြင်လိုက်ရသည်။ နဂါးချီလင်က အမြီးမြှောက်ပေးလိုက်ပြီး ကလေးမလေးမှာ တခစ်ခစ်ရယ်လျက် သူ့ခေါင်း‌ပေါ် လျှောကျသွား၏။

“ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ် သွန်းလုပ်နေတဲ့ နေသင်္ဘောအစိတ်အပိုင်းတစ်ခုစီတိုင်းက ပုံစံခွက်တစ်ခွက်ထဲက ထွက်လာသလိုပါလား... ကုန်ထုတ်စက်ရုံတိုင်းက လုံးဝအံခွင်ကျ ဆက်သွားနိုင်တဲ့ အစိတ်အပိုင်းတွေကို သွန်းလုပ်နေကြတာပဲ”

ချင်မူ အံ့အားသင့်သွားပြီး အစိတ်အပိုင်းများအား သွားရောက်လေ့လာကြည့်သည်။ အစိတ်အပိုင်းများအပေါ်ရှိ သင်္ကေတအမှတ်အသားများက အချင်းချင်း ချိတ်ဆက်နိုင်သည့်အပြင် အတိုင်းထက်အလွန် အသေးစိတ်၏။ အနောက်ကမ္ဘာမြေ၏ ‘အရာအားလုံးတွင် ဝိညာဉ်ရှိသည်’ ဟူသော ကောင်းကင်နတ်သိုင်းနှင့်အတူ အစိတ်အပိုင်းများအား လျင်မြန်စွာ ချိတ်ဆက်နိုင်ချေသည်။

“ဒါက နေသင်္ဘောနဲ့ လသင်္ဘောတွေကို တစ်ပြိုင်တည်း အများကြီး ထုတ်လုပ်ဖို့ နည်းလမ်းကောင်းပဲ” ချင်မူ အံ့ဩမဆုံး ဖြစ်နေတော့သည်။

တန်ခိုးရှင်သစ်ခုတ်သမားသည် နေသင်္ဘောနှင့် လသင်္ဘောကို ဒီဇိုင်းဆွဲပေးခဲ့သော်လည်း ဒီဇိုင်းများက အလွန်ရှုပ်ထွေး၏။ ထို့ကြောင့် သင်္ဘောများမှာ အရွယ်အစားမျိုးစုံ ဖြစ်ခဲ့ပြီး တစ်စင်းတစ်စင်း တည်ဆောက်ရန် အချိန်ကလည်း ကြာခဲ့သည်။

ယခုတွင် မြစ်သင်္ချိုင်းရှိ ကုန်ထုတ်စက်ရုံများကြောင့် နေသင်္ဘောနှင့် လသင်္ဘောများကို လျင်မြန်စွာ တည်ဆောက်နိုင်ချေပြီ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းကို သူတို့တွေ့သည့်အချိန်တွင် နှစ်ယောက်လုံး ကုန်ထုတ်စက်ရုံထဲ၌ အိပ်ပျော်နေကြသည်။ မြေခရီးသွားများသည် အစိတ်အပိုင်းမျိုးစုံကို အလျင်အမြန် သွန်းလုပ်နေကြပြီး ငါးပေပင် မပြည့်သော နတ်ဘုရားများက အစိတ်အပိုင်းများဘေး၌ သွက်သွက်လက်လက် ရွေ့လျားနေကြ၏။

“နင်တို့တွေ တောသားဧကရာဇ်ကို ရှာနေတာလား”

ခေါင်းဆောင်ထုက သူမမုတ်ဆိတ်မွှေးကို သပ်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်‌သော အသံဖြင့် ပြောသည်။ “ဟိုမှာ အသေကောင်တွေလို အိပ်နေကြတယ်”

ချင်မူ၊ သစ်ခုတ်သမားနှင့် ကျန်ရှိသူများ သူမ လက်ညှိုးထိုးပြသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ရာ ကုန်ထုတ်စက်ရုံထောင့်၌ တုန်းလုံးပက်လက် လဲနေသော လူနှစ်ယောက်အား မြင်လိုက်ရသည်။ တဒေါင်ဒေါင် တဒင်ဒင် ပန်းပဲထုသံများ ဆူညံနေသည့်တိုင် နှစ်ယောက်သား နှစ်ခြိုက်စွာ အိပ်နေကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းမှာ ချောမောခံ့ညားသော လူများဖြစ်ပြီး သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း အဝတ်အစားနှင့် အသွင်အပြင်အပေါ် ဂရုစိုက်တတ်ကြသည်။

သို့သော် ယခုတွင် နှစ်ယောက်လုံး ပါးသိုင်းမွှေးငုတ်စများဖြင့် ညှင်းသိုးသိုး ဖြစ်နေကြပြီး အဝတ်အစားများလည်း ညစ်ပတ်စုတ်ပြတ်နေကြသည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ခြေထောက်က ဧကရာဇ်ယန်ဖုန်း၏မျက်နှာပေါ် တင်နေကာ ဧကရာဇ်ယန်ဖုန်းက ဧကရာဇ်အတိုင်ပင်ခံ၏ ခြေထောက်ကို ဖက်လျက် အိပ်ပျော်နေ၏။

သူတို့ဘေးတွင် နန်းတွင်းအရာရှိများနှင့် နန်းတွင်းကောလိပ်မှ ကျောင်းသားများလည်း ရှိကြသည်။ အားလုံး ကုန်ထုတ်စက်ရုံ၏ ထောင့်များတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေသည်။

တိရီယွဲ့ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်သည်။ “ကောင်းကင်ဆရာသခင်ကြီး ဘာကြောင့် သူတို့အပေါ် ဒီလောက် မျှော်လင့်ထားတာလဲ ကျွန်မ နားလည်သွားပါပြီ... ဒီလို ဧကရာဇ်၊ ဒီလိုဧကရာဇ်အတိုင်ပင်ခံ.... ပြုပြင်ပြောင်းလဲမှုရဲ့ ခေါင်းဆောင်တွေ ပီသပါပေတယ်”

တန်ခိုးရှင်သစ်ခုတ်သမား ပြောလိုက်၏။ “သူတို့ကို နှိုးပေးရမလား”

“မလိုတော့ဘူး... သူတို့က နတ်ဘုရားတွေဆိုပေမယ့် ဒီလောက် ပင်ပန်းနေတာ ကြည့်ရင် ဒီရက်ပိုင်း အမှန်တကယ် ပြင်းပြင်းထန်ထန် ကြိုးစားထားတာ ဖြစ်မယ်”

တိရီယွဲ့ ဆက်ပြောသည်။ “ဧကရာဇ်ကိုယ်တိုင် ဒီလိုအသေးအဖွဲကိစ္စတွေကို ဝင်လုပ်ပေးလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး... ဧကရာဇ်အတိုင်ပင်ခံကလည်း ကိုယ်တိုင်ကြီးကြပ်ပေးနေမယ် မထင်ခဲ့ဘူး... ဒီဧကရာဇ်အတိုင်ပင်ခံက ဟိုတုန်းက ရှင့်ထက် အများကြီးကြိုးစားနေတာပဲ”

သစ်ခုတ်သမားက ပြုံးလျက် ပြော၏။ “ကျုပ်က တချို့ကိစ္စတွေပဲ ဝင်ပါပြီး ကျန်တဲ့လူတွေကိုပဲ လွှဲပေးခဲ့တယ်... ခေါင်းရှုပ်ရမှာ ကြောက်လို့ ကိုယ်တိုင်ဝင်ပါတာ ရှားပါတယ်”

တိရီယွဲ့က ပြောလေသည်။ “ရှင်က သူတော်စင်တန်ခိုးရှင်တစ်ယောက်လေ... ဒါကြောင့် လူတွေနဲ့ အလှမ်းဝေး‌နေတာ”

တန်ခိုးရှင်သစ်ခုတ်သမား တိတ်ဆိတ်သွားပြီး ခါးသီးနေသောအသံဖြင့် ပြောသည်။ “ကောင်းကင်နတ်မင်း မှန်ပါတယ်... ကပ်ဘေးကြီးဖြစ်တော့ ကျုပ် အကုန်လုံးကို ဦးဆောင်ပြီး ခုခံဖို့ ကြိုးစားခဲ့တယ်.. ဒါပေမဲ့ စစ်တပ်က ပြိုကျနေတဲ့ တောင်တွေလို ဖရိုဖရဲဖြစ်ကုန်တယ်... အဲဒီအချိန်ကျမှ လူတွေနဲ့ ကျုပ် အလှမ်းဝေးနေမှန်း သဘောပေါက်ခဲ့တာပါ... စစ်တပ်နဲ့လည်း အလှမ်းဝေးနေခဲ့တယ်... ကောင်းကင်ဆရာသခင်တစ်ယောက်အနေနဲ့ မဟာဗျူဟာကျတဲ့နေရာကို ယူထားသင့်ပေမယ့် စစ်တပ်ထဲလည်း ဝင်သင့်တယ်၊ လူသားတွေနဲ့လည်း ဆက်ဆံသင့်တယ်... ကျုပ်ကတော့ ဝေးဝေးမှာပဲ နေခဲ့မိလို့ တကယ် ဝင်လှုပ်ရှားရတဲ့အချိန်မှာ မရှုမလှ ရှုံးနိမ့်ခဲ့ရတာပဲ.... စဉ်းစားကြည့်တော့မှ မင်းသားချင်ဝူထက်အောင် ကျုပ်က နိမ့်ကျပါသေးတယ်”

ပထမလူသားဧကရာဇ်မှာ မှင်သက်စွာဖြင့် သူ့အား လှမ်းကြည့်သည်။

တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “တကယ်တော့ လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ကျုပ် သူ့ကို မတွေ့ချင်ခဲ့ပေမယ့် သူ့ကို အမြဲလေးစားနေခဲ့တာပါ... ဖရိုဖရဲဖြစ်နေတဲ့ ကာလမှာ သူက စစ်တပ်ကနေ ထွက်ပြေးခဲ့ပေမယ့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေကို မြင်တော့ တာဝန်ယူပေးခဲ့တယ်... သူ့အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူတွေကို ကာကွယ်ပြီး စောင့်ရှောက်ပေးခဲ့တယ်... သူ့ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာ ဖြစ်လာတာပါ... မင်းသားချင်ဝူ မရှိရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိလာမှာမဟုတ်ဘူး”

ပထမလူသားဧကရာဇ် မျက်ရည်များ ဝဲလာပြီး တစ်ဖက်လှည့်ကာ တိတ်တိတ်လေး မျက်ရည်သုတ်နေသည်။

တန်ခိုးရှင်သစ်ခုတ်သမားက မြင်၍ ဆက်ပြောသည်။ “ဒါပေမဲ့ သူက စိတ်ဓာတ်ပြိုလဲပြီး သူ့ကိုယ်သူ အပြစ်တင်ခဲ့တယ်... တပ်ပြေးတစ်ယောက်ဆိုတဲ့ လောင်းရိပ်အောက်က ထွက်မလာနိုင်ခဲ့ဘူး... အဲဒါကြောင့် ကျုပ် သူ့ကို အထင်သေးခဲ့တာပဲ... အခု‌တော့ သူ ထွက်လာနိုင်တဲ့အတွက် ကျုပ် အင်မတန် ဝမ်းသာမိတယ်... သူက ကပ်ဘေးကြီးထဲမှာ ကျုပ်ထက်တောင် ပိုစွမ်းဆောင်နိုင်ခဲ့ပါသေးတယ်”

တိရီယွဲ့က ပြုံး၍ ပြောသည်။ “သူတို့ နိုးသွားဦးမယ် သွားစို့”

သူတို့အားလုံး ကုန်ထုတ်စက်ရုံအပြင် ထွက်လာကြသည်။ ရှုန်းချီအာက ဆော့ကစားပြီးနောက် အလုပ်ပြန်လုပ်ပြီး သင်္ဘောကြီးတစ်စင်းအား အပြီးသတ်တပ်ဆင်လိုက်၏။

ကလေးမလေးက ကျားဖြူပုတီးစေ့ကို ထုတ်ကာ ခပ်သာသာ ပွတ်လိုက်သည်။ ဧရာမသင်္ဘောကြီးသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး မြေပြင်မှာ တသိမ့်သိမ့် တုန်ခါသွားလေသည်။

ကုန်ထုတ်စက်ရုံထဲတွင် ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ လန့်နိုးလာသည်။ သူတို့က အပြေးထွက်လာကြပြီး အသက်ဝင်သွားသော သင်္ဘောကြီးကို မြင်လျှင် တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ဝမ်းသာမျက်ရည်များ ကျနေကြ၏။

ချင်မူ နဂါးချီလင်ကို ခေါ်၍ တိရီယွဲ့တို့နှင့်အတူ ထွက်ခွာသွားသည်။ ဧကရာဇ်ယန်ဖုန်းက အဝေးမှ နဂါးချီလင်ကို လှမ်းမြင်လျှင် ဇဝေဇဝါ ဖြစ်သွားသည်။ “ဝန်မင်းချင် ဘယ်အချိန်က လာသွားတာလဲ... ဘာလို့ ပြန်သွားတာလဲ... ငါကိုယ်တော်နဲ့ ဧကရာဇ်အတိုင်ပင်ခံကိုတောင် မနှုတ်ဆက်ဘဲ နေရဲတယ်ပေါ့... တစ်ယောက်ယောက် စုတ်တံနဲ့ မင် ယူလာခဲ့စမ်း... ဒီနေ့က သိပ်ပျော်စရာ‌ကောင်းတဲ့နေ့... ကိုယ်တော် အားအင်အပြည့်နဲ့ လန်းဆန်းနေတယ်... ဝန်မင်းချင်အတွက် တာလီအရှည်ကြီး ဆွဲရမယ်”

သစ်ခုတ်သမားက ခပ်သုတ်သုတ် ထွက်သွားပြီး ပြောသည်။ “လယ်သမားကို ရှာပြီး တခြားလူတွေနဲ့ ဆက်သွယ်ရဦးမယ်... ဒီမှာနေလို့ မရဘူး.. တံငါသည်၊ သွားစို့”

တံငါသည်အဘိုးအိုက သူနှင့် လိုက်သွားသည်။

ပထမလူသားဧကရာဇ်ကလည်း နှုတ်ဆက်သည်။ “ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်” ထိုသို့ပြောပြီးနောက် အလျင်အမြန် ထွက်သွားလေသည်။

ချင်မူမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကျန်ခဲ့၏။ “ဆရာသစ်ခုတ်သမား အလုပ်များနေတာက ပုံမှန်ပါပဲ.... ပထမဘိုးဘေးကြီးကရော ဘာလို့အလုပ်များနေတာလဲ... သူ့မှာ ဘာတွေ လုပ်စရာရှိလို့လဲ”

တိရီယွဲ့က ချင်မူ့ကို ကြည့်သည်။ “မောင်လေး၊ နင်လည်း အလုပ်များလား... မများရင် ကောင်းကင်နတ်မင်း တျန်းရှုကို သွားရှာပြီး ယမမင်းနဲ့အတူ ဖုန်းတုကို ပြန်ဆောက်ဖို့ လိုက်ခဲ့မလား... ပြီးရင် ကောင်းကင်ယင်နတ်ဘုရားမဆီ အလည်သွားမယ်... သူနဲ့ တွေ့ပြီးရင် မမကြီး မောင်လေးကို ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကျန်တဲ့ ဧကရာဇ်ပလ္လင်အဆင့် ပညာရှင်တွေဆီ ခေါ်သွားပေးမယ်လေ... ဒါဆို မောင်လေးအတွက် အမြတ်အများကြီး ထွက်လိမ့်မယ်”

ချင်မူ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

တိရီယွဲ့လို ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် လိုက်သွားပြီး သဘာဝအလျောက် မွေးဖွားလာသော အထွတ်အမြတ်နတ်ဘုရားများကို တွေ့ဆုံနိုင်လျှင် သူ့အမြင် ကျယ်သွားလိမ့်မည်။

“ဓားစက်လုံးကို သွန်းလုပ်ဖို့ ကျန်သေးတယ်...”

ချင်မူမှာ တွန့်ဆုတ်သွားကာ ပြောလိုက်၏။ “မမကြီး၊ ကောင်းကင်ယင်နတ်ဘုရားမနဲ့ အရင်သွားတွေ့လိုက်ပါ့လား... မောင်လေး ဓားစက်လုံး သွန်းလုပ်ပြီးရင် ဖုန်းတုမှာ မမကြီးကို လာရှာမယ်လေ”

တီရီယွဲ့က ပြုံးသည်။ “အဲဒီလိုလည်း ဖြစ်တာပဲ... မမ တျန်းရှုကိုလည်း သွားရှာရဦးမယ်... သူက သိပ်ကြောက်တတ်တာ အခု ဘယ်ချောင်မှာ ပုန်းနေလဲ မသိဘူး... မောင်လေး ဓားစက်လုံး သွန်းလုပ်ပြီးလို့ ဖုန်းတုမှာ မမတို့ကို မတွေ့ရင် ကောင်းကင်ယင်ကမ္ဘာဆီ လိုက်လာခဲ့နော်”

ချင်မူ ခေါင်းညိတ်လိုက်ပြီး တီရီယွဲ့လည်း ပျံသန်းထွက်ခွာသွားသည်။

“ဖက်တီးနဂါး၊ ထူမြစ်က ကုန်ထုတ်စက်ရုံဆီ သွားစို့”

ချင်မူ နဂါးချီလင်၏ ခေါင်းပေါ် ခုန်တက်လိုက်ပြီး နဂါးချီလင်က သူ့ကို ခေါ်သွားလေသည်။

ကုန်ထုတ်စက်ရုံထဲ၌ ကိုက်ပေါင်းရာချီ မြင့်မားသော ဓားစက်လုံးသည် ကိုက်သုံးဆယ်သာ ရှိတော့ချေပြီ။ ယန္တရားစက်ရုပ်ကြီးများပင် ထို့ထက်ပိုသေးငယ်အောင် မထုနိုင်တော့ပေ။

ချင်မူက မီးငှက်တောင်ပံကို ထုတ်၍ မီးငှက်နတ်မီးလျှံဖြင့် ဓားစက်လုံးအား မီးပြင်းတိုက်လိုက်သည်။ သူ၏မူလဝိညာဉ်ကလည်း အပြင်ထွက်လာကာ ဓားစက်လုံးကို ထုရိုက်နေ၏။ ထို့နောက် ချင်မူသည် မီးငှက်နတ်မီးလျှံစွမ်းအားဖြင့် ဓားစက်လုံးအပေါ်တွင် သူ၏ကိုယ်ပိုင်သင်္ကေတအမှတ်အသားများ ရေးဆွဲခတ်နှိပ်လိုက်သည်။

ဆယ်ရက်ကျော်ကြာသော် ဓားစက်လုံးသည် သုံးပေသာ မြင့်တော့သော်လည်း စီးဆင်းနေသော ရေအလျဉ်ပမာ မရွေ့လျားနိုင်သေးပေ။

ချင်မူက တောင်ပံကို သိမ်းလိုက်ပြီး ကောင်းကင်မီးလျှံကောင်းကင်နတ်သိုင်းဖြင့် ဓားစက်လုံးအား မီးပြင်းတိုက်သည်။ လဝက်ကြာသည့်အခါ ဓားစက်လုံးသည် တစ်ပေသာ ရှိတော့၏။

စမ်းကြည့်ပြီးသည့်အခါ ချီစွမ်းအင်လှည့်ပတ်မှုက မညင်သာသေးပေ။ ဓားစက်လုံးကို ဓားပျံများအဖြစ် ခွဲထုတ်ပြီး ရန်သူကို သတ်ရန်အတွက် စွမ်းအင်များစွာ သုံးစွဲနေရသေးသည်။

‘ငါက နတ်ဘုရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်နှစ်မျိုးလုံး ကျင့်ထားတာဆို‌တော့ မိစ္ဆာမီးလျှံနဲ့ မီးပြင်းတိုက်ဖို့ လိုသေးတာများလား’

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ “ငါ့ရဲ့ မိစ္ဆာလမ်းစဉ် ကျင့်စဉ်စွမ်းအင်နဲ့ ကောင်းကင်မီးလျှံ ထုတ်ဖော်လိုက်ရင် ဘာဖြစ်သွားမလဲ”

သူက မျက်တောင်ပုတ်ခတ်ပြီး တမုဟုတ်ချင်း အကောင်အထည်ဖော်တော့သည်။ ရုတ်တရက် တစ်စုံတစ်ခု သတိရလိုက်၍ ဓားစက်လုံးကို ကုန်ထုတ်စက်ရုံအပြင်သို့ ထုတ်ကာ လူသူမရှိသော နေရာတစ်နေရာ ရွေးလိုက်သည်။

သူ၏ကောင်းကင်ရတနာများ ပြောင်းပြန်လန်သွားပြီး မိစ္ဆာနတ်ဆိုးချီများ သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားသည်။

ထို့နောက် ကောင်းကင်မီးလျှံသလင်းကျောက်ကို ထုတ်၍ ကောင်းကင်မီးလျှံစွမ်းအား အသက်သွင်းလိုက်၏။

စက်ရုံအပြင်တွင် နဂါးချီလင် တရေးတမော အိပ်နေစဉ် ရုတ်တရက် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီး ကြားလိုက်ရလေသည်။ နဂါးချီလင် အထိတ်တလန့် ခေါင်းထောင်၍ အိပ်ချင်မူးတူးဖြင့် မျက်လုံးတစ်လုံး ဖွင့်ကြည့်လိုက်သည်။ မိုင်ပေါင်းများစွာ ကွာဝေးသော နေရာတစ်နေရာမှ အနက်ရောင်မီးတောက်များ ဟဲဟဲထနေသည်ကို တွေ့လိုက်ရ၏။

နဂါးချီလင်မှာ သမ်းဝေကာ ဒယိမ်းဒယိုင် ထလိုက်သော်လည်း ခြေနှစ်လှမ်း လှမ်းပြီး ပြန်လဲကျကာ အိပ်ပျော်သွားတော့သည်။ ပါးစပ်မှလည်း ပွစိပွစိ ရေရွတ်နေ၏။ “ဂိုဏ်းသခင်က လွယ်လွယ် မသေပါဘူး...”

၎

င

၎

၎

All Chapters