← Chapters

မြောင်းထဲမှာ ပက်လက်

Vol. 53 Ch. 718

မြောင်းထဲမှာ ပက်လက်

Vol. 53 Ch. 718

နွားအိုကြီးက သူ့ကို တစ်ချက်ကြည့်ပြီး သူ့နောက်၌ အမြီးကုပ်နေသော နဂါးချီလင်ဆီသို့ ကြည့်ကာ တဟားဟား ထရယ်သည်။ “ပုစွန်ခေါင်း မင်းက ငါ့ကို မနိုင်တော့ အားကိုးရာ သွားရှာတာပေါ့လေ... မင်းမှာ အားကိုးစရာ ဘယ်သူပဲ ရှိပါစေ ငါ့ကို ဘာမှလုပ်လို့မရဘူး... ကောင်လေး၊ မင်းက ဒီပုစွန်ခေါင်းဘက်က ရပ်တည်ပေးဖို့ လာတာလား”

“ပုစွန်ခေါင်းတဲ့လား”

ချင်မူ အနည်းငယ် ကြောင်အမ်းသွားသည်။ ‘ဖက်တီးနဂါးကို ပြောနေတာများလား’

“တာအိုနောင်တော်၊ စောစောက ဖက်တီးနဂါး နောင်တော့်ကို အနှောင့်အယှက်ပေးခဲ့မိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ဗျ”

ချင်မူက ယဉ်ယဉ်ကျေးကျေး ဆက်ပြောသည်။ “ဆရာသခင်လယ်သမား ဒီမှာရှိနေတာလား”

နွားအိုကြီးသည် ဗိုက်ပေါ်ရှိ အကြေးခွံများကို ကုတ်လိုက်၏။ ထိုအခါမှ အကြေးခွံများက နဂါးကြေးခွံများဖြစ်ပြီး နွားအိုကြီးမှာ အမှန်ပင် ပါမောက္ခပါ့ရှန်၏ နွားသိုးစိမ်းကြီးနှင့် တူကြောင်း ချင်မူ သတိထားမိလိုက်သည်။ နှစ်ကောင်လုံးက နဂါးမျိုးစိတ်များ ဖြစ်ကြသည့်အပြင် ကြွက်သားအမြှောင်းမြှောင်းဖြင့် တောင့်တင်းကြံ့ခိုင်ကြသည်။

သို့သော် နွားသိုးစိမ်းကြီး၏ဝါသနာက ပန်းပင်များ၊ အပင်များကို စားရန်၊ ကြွက်သားများ ထုတ်ကြွားရန် ဖြစ်သော်လည်း အခြားတစ်ဖက်တွင် သူ့အရှေ့ရှိ နွားအိုကြီးသည် ဆေးတံတစ်ချောင်း ကိုင်ထားပြီး ရေနွေးကြမ်းလည်း သောက်နေ၏။

‘ဒီနွားအိုကြီးက နွားသိုးစိမ်းကြီးနဲ့ အမျိုးတော်နေမလား မသိဘူး’ ချင်မူ တိတ်တိတ်လေး တွေးလိုက်မိသည်။

နွားအိုကြီးက မီးခိုးတစ်ဆုပ် မှုတ်ထုတ်ရင်း ချင်မူ့ကို တစ်ချက်ကြည့်သည်။ “မင့်ကြည့်ရတာ ငယ်ငယ်လေး ရှိသေးတယ်... ငါ့သခင်ကြီးကို မသိသင့်ပါဘူး... မင်းက ဘယ်သူလဲ၊ ဘာလို့ ငါ့သခင်ကြီးကို ရှာနေတာလဲ”

ချင်မူ ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ဆရာသခင်လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကောင်းကင်ဆရာသခင် သစ်ခုတ်သမားရဲ့ တပည့်ပါ ... ဆရာသခင်တံငါသည်နဲ့လည်း တွေ့ပြီးပါပြီ... ကျွန်တော်မတွေ့ရသေးတဲ့ ကောင်းကင်ဆရာသခင် နှစ်ယောက် ကျန်သေးတယ်... နောင်တော်၊ ကျွန်တော့်ကို ဆရာသခင်လယ်သမားနဲ့ မိတ်ဆက်ပေးလို့ ရမလားဗျ”

“သခင်ကြီးက ရိုးရိုးသာမန် လယ်သမားတစ်ယောက်ပါ.. တွေ့ပြီး ဘာလုပ်မှာလဲ”

နွားအိုကြီးက စက်ဝိုင်းသဏ္ဍာန် မီးခိုးကွင်းကွင်း မှုတ်ထုတ်ကာ ပြောသည်။ “ပြီးခဲ့တဲ့ ရက်ပိုင်းက သစ်ခုတ်သမားတစ်ယောက် သူ့ကို လာရှာြပီး သူ့ကြောင့် ဒဏ်ရာရသွားတယ်... အခုဆို ရွာပြင်က နံစော်နေတဲ့ မြောင်းပုပ်ထဲမှာ လဲနေတာ တစ်လလောက် ရှိပြီ... မင်းက သူ့တပည့်ဆိုတော့ ငါ့ကို အစ်ကိုကြီးလို့ ခေါ်လည်း ရပါတယ်... တာအိုနောင်တော်တွေ ဘာတွေ လုပ်မနေနဲ့”

“သစ်ခုတ်သမားတစ်ယောက်တဲ့လား”

ချင်မူ တအံ့တဩ ထခုန်မိသည်။ “ဆရာသစ်ခုတ်သမား ဒဏ်ရာရသွားတယ် ဟုတ်လား... တစ်လတောင် လဲနေတယ်တဲ့လား... ဘယ်ရွာမှာလဲ”

နွားအိုကြီးက ထရပ်ပြီး ရှေ့ခွာများကို မြေပေါ် ချရင်း အမြီးကို ယမ်းခါလိုက်သည်။ “ရွာကို ငါ ခေါ်သွားပေးမယ်... ဒါပေမဲ့ သူ့ကို မြောင်းထဲက ထုတ်ပေးဖို့ စိတ်တောင်မကူးနဲ့... သခင်ကြီးက သူ့ကို မြောင်းထဲမှာ ပုပ်သွားပလေ့စေတဲ့... သူ့ကို ဆွဲထုတ်ရဲတဲ့သူမှန်သမျှ သခင်ကြီးဆီက လက်သီးသုံးချက်နဲ့ အထိုးခံရမယ်ပြောတယ်... သခင်ကြီးရဲ့ လက်သီးသုံးချက်က မိုးကောင်းကင်မှာ အပေါက်သုံးပေါက် ဖွင့်နိုင်တယ်”

ချင်မူ နဂါးချီလင်ကို လိုက်လာရန် ခေါ်လိုက်သော်လည်း နဂါးချီလင်မှာ လိုက်မလာချင်ပေ။ သူက နွားအိုကြီးကို ကြောက်နေသော်လည်း နွားအိုကြီးသည် သဘောကောင်း၏။ “ခွေးကြီး၊ ငါ့ ကြောက်မနေနဲ့... မင်းက ငယ်သေးတယ်... မင်း အရွယ်‌ရောက်လာရင် ငါ့ကို အသာလေး ရိုက်ပုတ်နိုင်ပါတယ်”

နဂါးချီလင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ “တကယ်လား”

“နောက်နေတာ”

နွားအိုကြီးက စားပွဲပေါ်ရှိ ရေနွေးကြမ်းအား တစ်ကျိုက်တည်း အကုန်သောက်သွားပြီးနောက် လျှာဖြင့် ကျောက်စားပွဲအား ဝိုက်သိမ်းလိုက်သည့်အခါ ပန်းကန်လုံးနှင့် ရေနွေးအိုး ပျောက်ကွယ်သွား၏။ သူက အေးအေးလူလူ ရှေ့ဆက်လျှောက်သွားသည်။ “မင်းက ငယ်လွန်းသေးတယ်... နောက် နှစ်ပေါင်းတစ်ထောင်လောက် ကျင့်ကြံရင်တောင် ငါ ဖနောင့်တစ်ချက်နဲ့ မင်းလိုကောင် သုံးကောင်ကို တိုက်ခိုက်နိုင်သေးတယ်... ငါ တိုက်ခိုက်ခဲ့ဖူးတဲ့ နဂါးအစစ်၊ ချီလင်အစစ်တွေက ရေတွက်လို့တောင် မရဘူး... မင်းလို ကလေးတစ်ယောက်ဆို စကားထဲ‌တောင် ထည့်မနေဘူး.... ရွာက ရှေ့မှာ.. ဒီတိုင်း တောင်ခြေရွာလေးပါပဲ”

နဂါးချီလင် စိတ်ပျက်အားလျော့စွာဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။

ချင်မူ ပြုံးလိုက်သည်။ “အစ်ကိုကြီးနွား၊ နဂါးချီလင်က ငယ်သေးပေမယ့် လျှော့တွက်လို့တော့ မရဘူး... သူ့ကို ကျွန်တော် ရှေးဟောင်းနဂါးကျင့်စဉ် ပေးထားတယ်... အဲဒီကျင့်စဉ်က ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်မလို့ သူ့ကျင့်စဉ်စွမ်းအင်တွေက နတ်ဘုရားလို အမြန်နှုန်းနဲ့ တိုးတက်နေပါပြီ... နောင်ကျရင် အစ်ကိုကြီးနွားကို သူ ကျော်တက်နိုင်မှာပါ”

“ငါ့နာမည်က နျိုစန်းသွော”

နွားအိုကြီးက အမြီးကို ခါ၍ ပြောလိုက်သည်။ “ကျင့်စဉ် အား‌ကောင်းတာ၊ အားနည်းတာနဲ့ မဆိုင်ဘူး.. မင့်ဟာဟုတ်လား မဟုတ်လားအပေါ်ပဲ မူတည်တယ်... ရှေးဟောင်းနဂါးကျင့်စဉ်က သူ့ကျင့်စဉ်မဟုတ်တဲ့အပြင် သူ့မှာ ချီလင်သွေးလည်း ပါတယ်... ‌ရှေးဟောင်းနဂါးကျင့်စဉ်က နဂါးမျိုးနွယ်ရဲ့ ကျင့်စဉ်လေ ဟုတ်တယ်မလား... ဒီတော့ သူ တစ်ဝက်လောက်ပဲ ကျင့်ကြံနိုင်လိမ့်မယ်... ကျန်တစ်ဝက်မှာ ဟာကွက်တွေ ပြည့်နေမယ်... သူ ငါ့ကို အနိုင်ယူနိုင်ရင်တော့ အံ့ဖွယ်ဖြစ်ရပ်ကြီးပေါ့ကွာ... ဒါပေမဲ့ ကိုယ့်လမ်းကို ကိုယ့်ဘာသာမထွင်ဘဲ အခြားသူရဲ့ ကျင့်စဉ်ကို ကျင့်ကြံနေတာဟာ အချိန်ဖြုန်းနေရုံသက်သက်ပဲ”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ ‘ဒီအစ်ကိုကြီးနျိုရဲ့ အမြင်က နတ်ဘုရားအတော်များများထက်တောင် သာသေးတယ်... ကောင်းကင်ဆရာသခင် လယ်သမားက နွားတစ်ကောင်ကို ဖုရွေ့လော်လို ကမ္ဘာတစ်ကမ္ဘာရဲ့ ဘုရင်အောက် မနိမ့်ကျတဲ့ အတိုင်းအတာအထိ လေ့ကျင့်ပေးနိုင်တယ်ဆို‌တော့ အမှန်တကယ်ပဲ သိုင်းသမား ပီသပါပေတယ်’

သူတို့ မဟာြမို့ပျက်ထဲရှိ တောင်ခြေရွာလေးရွာဆီသို့ ရောက်လာကြသည်။ ရွာသည် လက်ကွင်းများထံမှ ခြောက်မိုင်၊ ခုနစ်မိုင်ခန့် ဝေး၏။

ချင်မူ ရွာကို အကဲခတ်လိုက်ပြီး ရွာလေးတွင် ကြည်လင်သော ရေများနှင့် စိမ်းစိမ်းစိုစို တောင်ကုန်းများရှိကြောင်း မြင်တွေ့ရသည်။ ရွာလေးသည် တောင်ကို နောက်ခံပြုထားပြီး စိမ်းစိုသော တောင်တန်းများဆီမှ တောင်ကျရေများက တသွင်သွင် စီးဆင်းနေသည်။ ရွာထဲတွင် အိမ်ခြေတစ်ရာခန့် ရှိသော်လည်း ကျောက်ရုပ်တစ်ရုပ်မှ မတွေ့ရပေ။

“မြောင်းထဲ လဲနေတဲ့ တစ်ယောက်က မင့်ဆရာဟုတ်လား မဟုတ်လား သွားကြည့်လိုက်” နွားအိုကြီးက တင်ပါးများကို လှုပ်ရင်း ရွာထဲ လမ်းလျှောက်ဝင်သွားသည်။

ချင်မူ ရွာအဝင်ဝရှိ မြောင်းဆီ သွားလိုက်သည့်အခါ နံစော်နေသော မြောင်းထဲ၌ ပက်လက်လန်နေသော လူတစ်ယောက်အား မြင်လိုက်ရသည်။ ညစ်ပတ်နံ‌ဟောင်နေသည့် မြောင်းရေများက သူ့တစ်ကိုယ်လုံး စိုရွှဲနေပြီး သူ့မျက်နှာသည် စက္ကူရွက်ပမာ ဖြူလျော်နေ၏။

မြောင်းထဲမှ အနံအသက်များက မည်သူ့ကိုမဆို အော့အန်မိစေနိုင်သည်။ သစ်ခုတ်သမားသဖွယ် ဝတ်ထားသော ထိုလူ၏ ခြေလက်များမှာ ကျိုးပဲ့နေသည်။ ခန္ဓာကိုယ်ရှိ တခြားအရိုးများလည်း ကျိုးနေပုံရ၏။ သူ့ဦးခေါင်းသာ အကောင်းအတိုင်း ကျန်ဟန်တူသည်။

ချင်မူမှာ အတန်ကြာ ကြည့်နေ၍ မြောင်းထဲ လဲနေသည့် လူက သူ့ကို သတိထားမိသွားသည်။ သူက ခန္ဓာကိုယ်ကို မှောက်ကာ မျက်နှာအား မြောင်းရေထဲ နှစ်လိုက်၏။ သူ့ခေါင်းပေါ်တွင် ဂေါ်ဖီစများ တင်နေပြီး သူ့တင်ပါးကြား၌ အသားတစ်စ မကျန်အောင် ကိုက်ခံထားရသော ကြက်အရိုးတစ်ရိုး ညပ်နေသည်။

ချင်မူ မြောင်းဘေး၌ ဆောင့်ကြောင့်ထိုင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဆရာ ဘယ်လိုလုပ်ပြီး မှောက်သွားတဲ့ လှေလို မြောင်းထဲမှာ အခြေအနေဆိုးနေတာလဲ”

တန်ခိုးရှင်သစ်ခုတ်သမားက ဗွမ်းခနဲ ပက်လက်ပြန်လှန်၏။ ရေထဲ စိမ်နေရသည်မှာ ကြာပြီဖြစ်၍ သူ၏မုတ်ဆိတ်မွှေးများပင် ဖြူဆွတ်နေချေပြီ။ သူက ဖြည်းဖြည်းချင်း ပြောသည်။ “ရာသီဥတုက ဖောက်ပြန်ပြီး လှိုင်းတွေ ရိုက်လို့ လှေ မှောက်သွားတာပဲ”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဆရာ မြောင်းထဲက ထွက်လာနိုင်လား”

“အရိုးတွေ ကျိုးနေပြီ၊ သိုင်းအဆင့်လည်း ချိတ်ပိတ်ခံထားရတယ်... ငါ လှုပ်တောင် မလှုပ်နိုင်ဘူး”

ချင်မူ ထပ်မေးပြန်သည်။ “သိုင်းပညာ ကောင်းကင်ဆရာသခင်နဲ့ ဆရာ့ကြားမှာ ရန်ငြိုးရှိတာလား”

တန်ခိုးရှင်သစ်ခုတ်သမားက ဖြေ၏။ “တစ်ခါမှကို မတည့်တာ”

ချင်မူ ခေါင်းညိတ်ပြီး ထရပ်လိုက်သည်။ သူက ရွာထဲ ဝင်သွားကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ခိုင်ဧကရာဇ်ရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် မျိုးဆက် ချင်မူ၊ ချင်ဖုန်းကျင့် ... သိုင်းပညာကောင်းကင်ဆရာသခင်နဲ့ တွေ့ချင်ပါတယ်”

ရွာထဲရှိ ရွာသားများက လုပ်လက်စအလုပ်များကို ရပ်၍ သူ့ဆီသို့ လှမ်းကြည့်ကြသည်။ ကြံ့ခိုင်တောင့်တင်းသော်လည်း အနည်းငယ် အရပ်ပု‌သော လယ်သမားတစ်ယောက်သည် နွားအိုကြီး၏ လည်မွှေးများကို ပွတ်သပ်ပေးနေ၏။ ချင်မူ့အသံကို ကြားလျှင် သူ့နားရွက်များ လှုပ်သွားသည်။ သူလည်း ချင်မူ့အား လှည့်ကြည့်သည်။

ချင်မူ နဂါးချီလင်ကို ခေါ်ပြီး ရွာထဲ ဝင်သွားသော်လည်း ရွာထဲတွင် အသံတစ်သံမှ မကြားရပေ။ လူအယောက်တစ်ရာသည် သူ့ကို စိုက်ကြည့်နေကြ၏။

နဂါးချီလင်မှာ ရင်တဒိန်းဒိန်း ခုန်စွာဖြင့် ချင်မူ့နောက်မှ ခပ်သွက်သွက် လိုက်လာသည်။ သူက အသံကို နှိမ့်၍ ပြောနေသည်။ “ဂိုဏ်းသခင်၊ ဒီရွာက ထူးဆန်းတယ်... အဲဒီလယ်သမားအဘိုးကြီးက လွဲပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ မရှိဘူး... အကုန် လူငယ်တွေချည်းပဲ...”

ချင်မူက ပြုံးလျက် ရှေ့သို့ ကြည့်နေသည်။ သူသည် နွားအိုကြီးနှင့် လယ်သမားဆီ တန်းတန်းမတ်မတ် လျှောက်သွားပြီး ခပ်တိုးတိုး ရှင်းပြလိုက်၏။ “ဖက်တီးနဂါး မင်းတောင် အရွယ်ရောက်လာပြီပဲ... ဒီလိုအသေးစိတ်တွေအထိ သတိထားမိတတ်နေပြီ... ဒီရွာမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ မရှိတာ အမှန်တကယ် ထူးဆန်းတယ်”

“နွားအိုကြီး သူတို့ကို စားပစ်လိုက်တာများလား” နဂါးချီလင် ကြောက်ဒူးတုန်သွားသည်။

ချင်မူ မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာကာ ပတ်တန်းကျင်အား ဝေ့ဝဲကြည့်လိုက်၏။ သူက ခေါင်းယမ်းကာ ပြောသည်။ “‌ပေါက်ကရ.... ဒီမှာ သက်ကြီးရွယ်အို မရှိတဲ့ အကြောင်းရင်းက သူတို့တွေ မအိုမင်းကြလို့ပဲ... နတ်ဘုရားတွေက အိုမင်းကြလို့လား”

“နတ်ဘုရားတွေ ဟုတ်လား”

နဂါးချီလင် တအံ့တဩ ထခုန်မိပြီး ကြောက်ရွံ့စွာ ဟိုဟိုသည်သည် ကြည့်နေသည်။ သူတို့ကို စိုက်ကြည့်နေသော လူအယောက်တစ်ရာလုံးက နတ်ဘုရားများတဲ့လော။

‘ဂိုဏ်းသခင်ရဲ့ ဆရာက အသက်ရှင်နေရတာ ငြီးငွေ့လာလို့ ဒီမှာ လာတိုက်ခိုက်တာ ဖြစ်မယ်’ နဂါးချီလင် တိတ်တိတ်လေး တွေးမိသည်။

ချင်မူသည် တတိယမျက်လုံးမှတစ်ဆင့် ရွာသားတို့၏ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကို မြင်နေရ၏။ သူတို့၏ကောင်းကင်တံတားများကလည်း ပြည့်စုံစွာဖြင့် သွယ်တန်းလျက် ကောင်းကင်ရတနာများနှင့် ကောင်းကင်နတ်ဘုံအား ဆက်သွယ်ပေးထား၏။

ရွာသားတို့၏ ကောင်းကင်နန်းဆောင်များအကြား၌ အလွန်တရာ မြင့်မားခံ့ညားသော မူလဝိညာဉ်များ ရပ်နေကြသည်။ မူလဝိညာဉ် ရပ်နေသော တည်နေရာများအား အတိအကျ မမြင်ရသော်လည်း အနိမ့်ဆုံးသိုင်းအဆင့်က နဂါးသွဲ့အဆောင်တွင် ဖြစ်သည်။

လယ်သမားအဘိုးအိုဆီသို့ ကြည့်လိုက်သည့်အခါ သူ၏သိုင်းအဆင့်ကို မမြင်ရပေ။ နွားအိုကြီးကိုလည်း ထိုးဖောက်မမြင်ရ။

“နွားအိုကြီးပြောတာ မှန်တဲ့ပုံပဲ... ဖက်တီးနဂါး နှစ်တစ်ထောင် ကျင့်ကြံပြီးမှ သူ့ကို တိုက်ခိုက်ရင်တောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

ချင်မူ မိုးမခသစ်ရွက်ကို သေသေချာချာ ပြန်ကပ်ပြီး နွားအိုကြီးနှင့် လယ်သမားအဘိုးအိုဆီ လျှောက်သွားသည်။ သူက ဦးညွှတ်အရိုအသေပေးကာ နှုတ်ဆက်လိုက်၏။ “ခိုင်ဧကရာဇ် ချင်မိသားစုသားတော် ချင်မူ သိုင်းပညာကောင်းကင်ဆရာသခင်ကို ဂါဝရပြုပါတယ်”

လယ်သမားအိုကြီး၏ မျက်နှာပေါ်ရှိ အတွန့်အခေါက်များမှာ ထယ်ထိုးထားသကဲ့သို့ အလွန်နက်စောက်နေသည်။ အသားအရေကလည်း မည်းပြီး နီစပ်စပ် ရှိရာ နေ့စဉ်နေ့တိုင်း ရာသီဥတု၏ တိုက်စားမှုဒဏ် ခံခဲ့ရကြောင်း ထင်ရှားသည်။ သူ၏လက်ဆစ်များကလည်း ကြီးမားတုတ်ခိုင်ပြီး ခွန်အားကြီးမားမည့်ဟန်ရှိ၏။

သူ၏မျက်လုံးများသည် မျက်တွင်းထဲ နစ်နေပြီး မျက်ခွံများက တွဲကျနေသည်။ သူက နွားအိုကြီး၏အမွှေးများကို ဆက်လက်ပွတ်သပ်ရင်း ‌ခေါင်းလောင်းကြီးလို ကျယ်လောင်သော အသံဖြင့် ပြောသည်။ “သိုင်းပညာကောင်းကင်ဆရာသခင် ဒီမှာ မရှိဘူး... ငါတို့အားလုံးက လယ်သမားတွေပဲ... မင်း လူမှားနေပြီ”

ချင်မူက ပြုံးလိုက်သည်။ “သိုင်းပညာ ကောင်းကင်ဆရာသခင်က ဝန်မခံချင်မှ‌တော့ ကျွန်တော် မြောင်းထဲက ကျွန်တော့်ဆရာကို ပြန်ခေါ်သွားလို့ရလား”

လယ်သမားအဘိုးအိုက လက်သီးတင်းတင်း ဆုပ်လိုက်၍ တဂျွတ်ဂျွတ်မြည်သံများသည် မိုးခြိမ်းသံများပမာ ထွက်လာ၏။ ချင်မူ ခေါင်းမော့ကြည့်လိုက်ရာတွင် ကောင်းကင်ကား ရုတ်တရက် မည်းမှောင်လာ၏။ လျှပ်စီးများ တဝင်းဝင်း ပြိုးပြက်လက်ပြီး မိုးထစ်ချုန်းသံတို့ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ပျံ့လွင့်လာသည်။ ကောင်းကင်ထက်၌ အနက်ရောင်တောင်ကြီးသဖွယ် လက်သီးကြီးတစ်လုံး ဖွဲ့တည်လာသည်ကို ခပ်ရေးရေးမျှ မြင်ရနိုင်ပေသည်။

“အဲဒီလူလိမ်ကောင်ကို ပြန်ခေါ်သွားချင်ရင် အရင်ဆုံး ငါ့ဆီက လက်သီးချက်သုံးချက် လက်ခံရမယ်”

လယ်သမားအဘိုးအိုက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းယမ်းသည်။ “ဒါမဲ့ မင့်ခန္ဓာကိုယ်က မခံနိုင်ဘူး”

ချင်မူ မာန်တင်း၍ ကောင်းကင်ဆီမှ အကြည့်လွှဲလိုက်သည်။ “ကောင်းကင်ဆရာသခင်က ကောင်းကင်ဆရာသခင်လေးယောက်ထဲမှာ သိုင်းစွမ်းအား အကြီးမားဆုံးတစ်ယောက်ပါ.... ဘာကြောင့် ချင်မိသားစုဝင် အငယ်တစ်ယောက်ကို ပြဿနာရှာနေတာလဲ”

လယ်သမားအိုကြီးက လက်သီးဆုပ်ဖြေကာ နွားကြီး၏ အမွှေးများအား ဆက်လက်သပ်နေသည်။ သူက မှင်သေသေ ပြော၏။ “ခိုင်ဧကရာဇ်ရဲ့ သွေးဆက်က ဘယ်လောက်တော်နေလို့လဲ... ဟိုတုန်းက ခိုင်ဧကရာဇ်ရဲ့ သားသမီးတွေထဲမှာ အချိုးမပြေတဲ့ကောင်ဆို ငါ့လက်ချက်နဲ့ သေရတယ်... ကောင်းကင်ဆရာသခင်လေးယောက်ထဲမှာ နံပါတ်တစ်က ငါ မဟုတ်ဘူး ... အပြောနဲ့ လုပ်စားနေတဲ့ မြောင်းထဲက ကောင်လေ”

ချင်မူ ရင်ခုန်လာပြီး နားသယ်စပ်မှ ချွေးတစ်စက်ပင် ကျသွားသည်။ ခိုင်ဧကရာဇ်၏ သားသမီးများကိုပင် သတ်ရဲသည်တဲ့လား။

သိုင်းပညာ ကောင်းကင်ဆရာသခင်ကား ရဲလွန်း၏။

“ဆရာသစ်ခုတ်သမားကို လွှတ်ပေးဖို့ သိုင်းပညာရှင် ကောင်းကင်ဆရာသခင် ဘာတွေလိုအပ်လဲဗျ”

ချင်မူက ရုတ်တရက် ဖြောင့်မတ်တည်ကြည်စွာ ပြောလိုက်သည်။ “သိုင်းလောကမှာ သိုင်းလောကရဲ့ စည်းမျဉ်းတွေ ရှိသလို၊ နန်းတွင်းမှာလည်း နန်းတွင်းစည်းမျဉ်းတွေ ရှိတယ်... ဒီရွာမှာလည်း ရွာစည်းမျဉ်း ရှိမှာပဲ... ကျွန်တော် ချင်မူ ကျွန်တော့်ဆရာကို ကယ်ချင်တယ်၊ ကောင်းကင်ဆရာသခင် လိုအပ်ချက်တွေ ပြောပါ”

လယ်သမားအိုကြီးက တွဲကျနေသော မျက်ခွံများကို ပင့်ကာ ဟက်ခနဲ ရယ်လိုက်သည်။ “သိုင်းလောကရဲ့ စည်းမျဉ်းတွေ ဟုတ်လား... သိပ်ကောင်းတယ်... အပြောကြီးတဲ့ကောင် မင်းကို ဘယ်လို သင်ပေးခဲ့လဲ ကြည့်ရသေးတာပေါ့... သစ်ခုတ်သမားက ပါးစပ်အားကိုးနဲ့ လေကြီးလေကျယ်တွေ ပြောပြီး ကောင်းကင်ဆရာသခင်လေးယောက်ထဲမှာ နံပါတ်တစ် ဖြစ်လာခဲ့တယ်.... မင်းက‌တော့ သူ့ဆီက ဘယ်လိုလေကြီးလေကျယ် ပြောရမလဲပဲ သင်ခဲ့ရတာတော့ မဟုတ်‌လောက်ပါဘူး ဟုတ်တယ်မလား”

ချင်မူ ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့အဝတ်စများသည် လေမတိုက်ဘဲ လှုပ်ခတ်သွား၏။ “ပြောရမှာတော့ ရှက်ပါတယ်.... ဒါပေမဲ့ ကျွန်တော် သိုင်းလောကခရီး စကတည်းက လက်သီးနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းခဲ့တာပါ... ဒီနေရာထိ ကျွန်တော့်လက်နဲ့ ကျွန်တော် တိုက်ခိုက်လာခဲ့တဲ့အပြင် ဘယ်သူ့ကိုမှ မရှုံးခဲ့ဖူးဘူး”

လယ်သမားအိုကြီးက သူ့ကို အကဲခတ်ကာ တဟားဟား ထရယ်သည်။ “မင်းက သိုင်းဝိညာဉ်ကိုတောင် မဖွဲ့တည်ရသေးဘူး... မင်းရဲ့လက်သီးမှာ ခွန်အား ပါပေမယ့် ဝိညာဉ်ကင်းမဲ့နေတယ်... တာအိုကို  မရသေးတာအောင် အပြောကတော့ မိုးထိုးနေတာပဲ... အားလုံး သို့နျိုနန်းဆောင် ဖွင့်လိုက်ကြ”

တောင်ခြေရွာလေးထဲရှိ လယ်သမားအားလုံး မတ်တပ်၍ ပြိုင်တူအော်ဟစ်ကာ လက်သီးထိုးလိုက်ကြသည်။

လက်သီးအားလှိုင်းတို့ကြောင့် ရွာလေး၏အ‌နောက်ရှိ တောင်မှာ အလျားလိုက် ရွေ့သွားပြီး ကွဲထွက်သွားသည့် ဟင်းလင်းပြင်မှ ခမ်းနားကြီးကျယ်သော ကောင်းကင်နန်းဆောင်တစ်ဆောင် ပေါ်ထွက်လာသည်။

ထိုကမ္ဘာထဲတွင် နေ၊ လနှင့် တဖျတ်ဖျတ် လင်းလက်နေသော ကြယ်များလည်း ရှိနေသည်။ အ‌တော်လေး ကျယ်ဝန်းသည့် နိုင်ငံတစ်နိုင်ငံကိုလည်း တွေ့ရ၏။

“သို့နျိုနန်းဆောင်ဆီ သွားကြစို့ သိုင်းလောကစည်းမျဉ်းအတိုင်း...”

လယ်သမားအိုကြီးက ဟက်ခနဲ ရယ်သည်။ “သူသေကိုယ်သေပေါ့ကွာ”

ချင်မူ ခေါင်းကြိမ်းသွားပြီး နဂါးချီလင်က တိတ်တိတ်လေး ပြန်လှည့်နေသည်။ သူ့မှာ ထွက်ပြေးရန် ပြင်နေသော်လည်း သူ့အမြီးကို ချင်မူ တက်နင်းလိုက်သဖြင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

All Chapters