← Chapters

ကျူးဟိုင်၊ စုမေ့

Vol. 19 Ch. 266

ကျူးဟိုင်၊ စုမေ့

Vol. 19 Ch. 266

ကျွင်းနာဂြိုဟ် အနောက်ဘက် တောအုပ်...

အလွန် မြင့်မားလှသည့် သစ်ပင်အိုများမှာ နေရာအနှံ့ ပေါက်ရောက်နေကာ စပျစ်နွယ်ပင်များပါ နေရာတိုင်းကို ရစ်နွယ်သိုင်းခြုံထားသည်။ စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်နှင့် အတူ စိမ်းဖန့်ဖန့် ရနံ့များ၊ လေတိုးတိုင်း ထွက်ပေါ်နေသည့် လေချွန်သံတို့က ထူးဆန်းသည့် သဘာဝ တရားကို ဖော်ကျူးနေ၏။

ရှူး....

ရုတ်တရက် အာကာသ စွမ်းအားများ ပါဝင်သည့် ကြယ်တံခွန် တစ်ခုမှာ ထိုသစ်တောအတွင်း ကြွေကျလာ၏။  အစားအစာ ရှာဖွေ စားသောက်နေကြသည့် သမင်၊ ဒရယ် စသည့် တိရစ္ဆာန် ငယ်လေးများမှာ မိုးပြိုသည့် အသံကို ကြားလိုက်ရသည့် အလား အသက်လုကာ ထွက်ပြေးသွားကြ၏။

မကြာခင်မှာပင် အာကာသ အလင်းများ ကြားမှ ပုံရိပ်တစ်ခု တိုးထွက်လာသည်။  သူသည် ရှို့ရန်မျိုးနွယ် တစ်ယောက်ဖြစ်ပြီး သွေးရောင်မျက်လုံးများကို ပိုင်ဆိုင်ထား၏။ ခြေသလုံးထိရောက်သည့် ငွေရောင် ဆံနွယ်ရှည်များကိုမူ နောက်တွင် စုကာ စည်းနှောင်ထားသည်။ သူသည် အလွန် ချောမောလွန်းရကား ညကောင်းကင်တွင် တွဲလောင်းကျနေသည့် လတစ်စင်း ပမာပင် ထင်ရသည်။

ကျူးဟိုင် တည်ငြိမ်စွာပင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ရုတ်ချည်းပင် သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ နောက်သို့ မီတာများစွာ တိုင်အောင် ဆုတ်ခွာလိုက်သည်။

ဘုန်း...

စက္ကန့်ဝက်မျှ အတွင်းမှာပင် အလွန် ကြီးမားသည့် လက်ကြီးနှစ်ခုမှာ သူ ရပ်တန့်ခဲ့သည့် နေရာသို့ ပြိုကျသွား၏။ မြေပြင်သည် ငလျင်အလား လှုပ်ခါသွားကာ အလွန် ကြီးမားသော ပေါက်ကွဲမှု တစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။

ထိုလက်ကြီးများမှာ ဆယ့်ငါးမီတာကျော် မြင့်သည့် ဧရာမ လူဝံကြီး တစ်ကောင်၏ လက်များပင် ဖြစ်သည်။ ထိုလူဝံကြီးသည် အနက်ရောင် အမွေးအမျှင်များနှင့် ရိုင်းစိုင်းသောမျက်လုံးများရှိကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အကြည့်များမှာ ရူးသွပ်နေပုံရပြီး အကြမ်းဖက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် တောင်ငယ်တစ်ခု အလားပင် ကြီးမားလှသော်လည်း အရွယ်အစားနှင့် မလိုက်အောင်ပင် အလွန် လျှင်မြန်လှသည်။

“အသက်တောင် မရှူရသေးဘူး... တန်းပြီး တိုက်ခိုက်ခံရတော့တာပဲ...”

ကျူးဟိုင်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်၏။ ထိုအကောင်ကြီးမှာ မဟူရာလူဝံ မျိုးနွယ်ဝင် တစ်ကောင် ဖြစ်ကာ ဝိညာဥ်ဆင်းတုများနှင့် ယှဥ်နိင်သည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုးကို ပိုင်ဆိုင်ထားသည်။ လူဝံကြီး၏ နဖူးတွင်မူ ငွေရောင်ကြယ်တစ်ပွင့်မှာ တဖျပ်ဖျပ် တောက်ပနေ၏။ ထိုအရာက ၎င်းမှာ ငွေရောင်အဆင့် သားရဲ တစ်ကောင် ဖြစ်သည်ဟု ဆိုလိုပေသည်။

“ခုနက ငါ့နေရာမှာ လောကပင်လယ် အဆင့် လူငယ် တစ်ယောက်သာ ဆိုရင် ဘာမှ သတိမထားမိခင် သေသွားမှာ သေချာတယ်... ဒီစမ်းသပ်ပွဲက အတော်လေး စိတ်ဝင်စားဖို့ ကောင်းလာပြီ”

ကျူးဟိုင်က သက်ဝင်လှုပ်ရှားစွာ ပြုံးလိုက်သော်လည်း ထိုအပြုံးက မ‌ရေမတွက်နိုင်သော ကလေးများကို အိပ်မက်ဆိုများ မက်စေနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အလွန် လှပသော်လည်း တစ်ချိန်တည်း၌ သတ်ဖြတ်ခြင်း အမှု၌ အလွန် ပျော်မွေ့သူ ဖြစ်သည်။ သူ၏ သွေးနီရောင် မျက်လုံးများမှာ ပြင်းထန်သော ဆန္ဒတို့ဖြင့် ပြည့်နှက်နေ၏။

မဟူရာ ဝက်ဝံမျိုးနွယ်မှာ ကျူးဟိုင်ထံမှ ထွက်ပေါ်လာသည့် အငွေ့အသက်တို့ကြောင့် အနည်းငယ် ရွံ့သွားခဲ့၏။ သို့သော်လည်း ကြောက်ရွံ့ခြင်း ဆိုသော အရာက သူ့ကို အရှက်ရစေသည့် အလား ပြင်းထန်စွာ ဟိန်းဟောက် မောင်းထုတ်လိုက်သည်။

ထို့နောက် တုန့်ဆိုင်းခြင်း မရှိပါပဲ ၎င်းမှာ ကျူးဟိုင်ရှိရာထံ နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်ပြန်၏။ အင်အားများက ပတ်ဝန်းကျင်ကို ပြင်းထန်စွာ တုန်ရီစေကာ မီတာ တစ်ရာခန့် နက်မည့် အက်ကြောင်းများအား ဖန်တီးနေသည်။ အကယ်၍ ဂြိုဟ်တစ်ခု အစား ကမ္ဘာပြားတစ်ခုသာ ဖြစ်ပါက ကုန်းမြေတိုက်ကြီး တစ်ခုလုံး ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

ဒါဇင်ဂဏန်းမျှ တိုက်ခိုက်ပြီးနောက် မဟူရာ လူဝံမျိုးနွယ်မှာ စတင် ‌မောပန်းလာသည်။ ၎င်းသည် အလွန် သန်မာသည့်တိုင် တိုက်ခိုက်မှု တစ်ခုချင်းစီ၌ အလွန် များပြားသည့် ခန္ဓာကိုယ် စွမ်းအားများကို အသုံးပြုရသည်။ ၎င်း၏ ခန္ဓာကိုယ်ပင်လျှင် ငါးမီတာ အမျှ အထိ ကျုံ့ဝင်သွား၏။

ရှင်းလင်းစွာပင် တိုက်တန်တို့ကဲ့သို့ ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ သွေးမျိုးဆက် စွမ်းအားကို သုံး၍ မြှင့်တင် ထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့်ပင် ခွန်အား ကျဆင်းလာသည်နှင့် အမျှ အရွယ်အစား ပြန်လည် သေးငယ်သွားခြင်းပင် ဖြစ်သည်။

“မင်းက အတော် ဒေါသကြီးတာပဲ...”

ကျူးဟိုင်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ ဝတ်ရုံနှင့် ဆံပင်များက သန့်ရှင်း ဖြူစင်နေဆဲ ဖြစ်ကာ အညစ်အကြေး တစ်ခုတစ်လေမျှပင် စွန်းထင် မနေချေ။ လူဝံကြီး၏ ကမ္ဘာပျက် မတတ် တိုက်ခိုက်မှုများက သူ့အတွက် ဘာမှ မဟုတ်သည့် အတိုင်းပင်။

“ခု ငါ့အလှည့်ပေါ့နော်...”

သူက လူတစ်ယောက်ကို စိန်ခေါ်သည့် အလား ပြောလိုက်၏။ စကားဆုံးသည်နှင့် သူ၏ သွေးရောင် မျက်လုံးများမှာ သတ်ဖြတ်ခြင်း၊ စစ်ပွဲ ရည်ရွယ်ချက်တို့နှင့် ပြည့်နှက်သွားသည်။ သူ၏ အောက်ပိုင်း ခန္ဓာကိုယ်မှာ ခုန်အုပ်တော့မည့် ဝံပုလွေ တစ်ကောင် ကဲ့သို့ နှိမ့်ချကာ အဆင်သင့် ပြင်လိုက်၏။ ချွန်ထက်သော သွားစွယ်များက သူ့ပါးစပ်ထဲတွင် ထင်းခနဲ ပေါ်လာသည်။

တစ်ချိန်တည်း၌ သူ၏ နောက်တွင် မီတာကိုးရာရှိသော ပုံရိပ် တစ်ခု ဖွဲစည်းလာ၏။ ၎င်းသည် အနည်းငယ် ဝိုးတဝါး မထင်မရှား ဖြစ်သည့်တိုင် ကမ္ဘာကို ဖျက်ဆီးနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို သယ်ဆောင်ထားသည်။

ထိုပုံရိပ်ကား ကျူးဟိုင်၏ ဝိညာဥ်ဆင်းတု ဖြစ်သည့် ဒဏ္ဍာရီလာ ငွေရောင် ဝံပုလွေပင် ဖြစ်လေသည်။  မဟူရာ လူဝံမျိုးနွယ်မှာ သိပ်အခြေအနေ မဟန်တော့ကြောင်း သိရှိလိုက်၏။ ထို့ကြောင့်ပင် ချက်ချင်းပင် နောက်လှည့်ပြေးရန် ဆုံးဖြတ်လိုက်၏။ သို့သော်လည်း မည်ကဲ့သို့ လွတ်မည်နည်း။

ဘုန်း...

ကျူးဟိုင်က တုန့်ဆိုင်းခြင်း မရှိပဲ ခုန်အုပ်လိုက်သည်။ သူ၏ ပုံရိပ်မှာ ငွေရောင် လျှပ်စီးအလား လူဝံ အပေါ်သို့ ရောက်ရှိသွား၏။ တစ်ချိန်တည်း၌ သူ၏ လက်သည်းရှည်များက လူဝံကြီး၏ ဦးခေါင်းကို ထောပတ်တစ်ခု အလား ထိုးဖောက်သွား၏။ တစ်စက္ကန့်၏ အပုံတစ်ရာပုံ တစ်ပုံအတွင်းမှာပင် မဟူရာ လူဝံကြီးကား ကြမ်းပြင်ပေါ် ပြိုလဲသွားခဲ့ရပြီ ဖြစ်လေတော့သည်။

ကျူးဟိုင်မှာ သတ်ဖြတ်လိုက်ရသည်ကို ကျေနပ်သည့် အလား လျှာတစ်ချပ် သပ်လိုက်၏။ သူ၏ အနောက်ရှိ ဝိညာဥ် ဆင်းတုက တဖြည်းဖြည်း မှိန်ဖျော့ကာ ပျောက်ကွယ်သွား၏။ ထိုအခိုက်တွင်ပင် သူ၏ ကျောက်စိမ်းပြားက တုန်ရီကာ လင်းလက်လာသည်။ ကျူးဟိုင် သိလိုစိတ် အပြည့်ဖြင့် ၎င်းအား ထုတ်ယူကာ ကြည့်လိုက်၏။

အနန္တဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်

ဝိညာဥ် ဆင်းတု အဆင့်

ဝိညာဥ် အမှတ်... - ၅

နောက်တစ်ဆင့် အတွက် အမှတ်မလုံလောက်သေး

ကျူးဟိုင်၏ ဘယ်ဘက် မျက်ခုံးက အပေါ်သို့ အနည်းငယ် မြင့်တက်သွား၏။ ဟုတ်သား... စမ်းသပ်ပွဲတွင် သားရဲများကို သတ်၍ မရချေ။ သူ ထိုအရာကို မေ့သွားခဲ့ခြင်း ဖြစ်သည်။ သောက်ရေးမပါသည့် စည်းမျဥ်း တစ်ခု ဖြစ်သည့်တိုင် ဘာတတ်နိုင်မည်နည်း။ နောက်တစ်ဆင့်အတွက် သူ အမှတ်များကို စုဆောင်းရတော့မည် ဖြစ်ပေသည်။

ကျူးဟိုင် ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်ရင်း အခြားသားရဲများကို ရှာဖွေရန် ပြင်ဆင်လိုက်လေတော့၏။

...

ဝှစ်...

စုမေ့သည် အာကာသ စွမ်းအား၏ သယ်ဆောင်မှုနှင့် အတူ အလွန် ကြီးမာလှသော ရေကန်တစ်ခု နံဘေးသို့ ကျဆင်းလာသည်။ ရေဒြပ်စင်များ ပြည့်နှက်နေသည့် ထိုရေကန်ကြီးကို ကြည့်ရင်း အနန္တကုန်းမြေတိုက်ကြီးပေါ်ရှိ မူရေကန်ကိုပင် သူမ ပြန်လည် သတိရလိုက်သည်။ ထိုရေကန်နှစ်ခုလုံးမှာ ရေကျင့်ကြံသူများ အတွက် အလွန် သင့်တော်ပေသည်။

စုမေ့သည် ထိုပတ်ဝန်းကျင်တွင် မည်သည့် သားရဲ၊ သို့မဟုတ် လူကိုမှ မတွေရချေ။ သူမ တိတ်တဆိတ်ပင် ရေကန်ထက်၌ ရောင်ပြန်ဟပ်နေသည့် သူမ၏ ပုံရိပ်ကို ကြည့်လိုက်၏။ အလွန် လှပ ချောမောလှသည့် မျက်နှာကို ကြည့်ရင်း သူမ၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားသည်။ သူမသည် ရွာငယ်လေး တစ်ခုမှ စုတ်စုတ်ပြတ်ပြတ် ကောင်မလေးကို ပြန်လည် မြင်ယောင်လာမိ၏။

ထိုကလေးမလေးမှာ ယခုတွင် ကောင်းကင်အုပ်စိုးသူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် အိပ်မက် တစ်ခုအလား ခံစားနေရ၏။ သူမ ရေကန်အား တိတ်တဆိတ် ထိလိုက်ရာ လှိုင်းတွန့်လေးများက အရပ်ဆယ်မျက်နှာလုံးကို ပျံ့နှံ့သွားသည်။ ပုံရိပ်က တွန့်လိမ်ကာ ပျောက်ကွယ်သွား၏။

သို့သော်လည်း မကြာခင်မှာပင် ရေကန်မှာ ပြန်လည် တည်ငြိမ်သွားကာ အရာအားလုံး ပြန်လည် ထင်ရှားလာသည်။ ငွေရောင် မျက်လုံးများနှင့် အလွန် ချောမောသည့် ပုံရိပ်တစ်ခုက သူမ၏ စိတ်ရေကန်ထဲတွင်မူ တဖြည်းဖြည်း ပေါ်လာခဲ့၏။

“ငါသူ့နောက်က ပြတ်ကျန်ခဲ့လို့ မဖြစ်ဘူး...”

သူမ ထိုင်ရာမှ ထလိုက်စဥ်မှာပင် အနီးအနားတွင် လှုပ်ရှားသံ အချို့ ကြားလိုက်ရ၏။ စုမေ့၏ အမူအရာက သတိအနေအထားသို့ ပြောင်းလဲသွားကာ ဆေဘာဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ ဆေဘာရည်ရွယ်ချက်နှင့် အမှောင်အလင်း အင်အားတို့က သူမ၏ မျက်လုံးများတွင် တိတ်တဆိတ် စီးဆင်းနေ၏။

မကြာခင်မှာပင် ရေကန်၏ အခြားတစ်ဖက်ခြမ်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူမသည် အနက်ရောင် ဆံပင်ရှည်များ ပိုင်ဆိုင်ထားသည့် အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက် ဖြစ်ပြီး အသက် ဆယ့်ကိုး နှစ်ဆယ်ခန့်သာ ရှိဟန် ရသည်။ မိန်းကလေးမှာ ထိပ်တန်း အလှပဂေး တစ်ယောက် မဟုတ်သော်လည်း ယောက်ျားသားများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည် အထိတော့ လှပပေသည်။ စုမေ့မှာ သူမကို ကြည့်ကာ အထွတ်အမြတ် အလင်းနန်းတော်မှ ဖြစ်ကြောင်း တန်းကာ သိရှိလိုက်လေ၏။

***

All Chapters