သားရဲစမ်းသပ်မှု
Vol. 20 Ch. 267
အခြားတစ်ဖက်၌... မိန်းကလေး၏ မျက်လုံးများက စုမေ့ကို လျှင်မြန်စွာ အကဲခတ်နေ၏။ ထိုအခိုက်၌ စုမေ့မှာ မည်သည့် ဂိုဏ်းအမှတ်အသားမှ မပါသည့် မဟူရာ စစ်ချပ်ဝတ် တစ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူမ၏ ပုံစံက ဂိုဏ်းတစ်ဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက်ထက် တစ်ကိုယ်တော် ကျင့်ကြံသူနှင့်ပင် ပိုတူနေသည်။
ထို့အပြင် အမှန်တရား တစ်ခုကို ပြောရလျှင် စုမေ့မှာ အနန္တဧကရာဇ်ဂိုဏ်းဝင် မဟုတ်ပါချေ။ ဝေ့ဝူယင် တစ်ယောက်တည်း အပေါ်တွင်သာ အမှုထမ်းသူ ဖြစ်ပေသည်။
ကျူးဟိုင်မှာလည်း အတူတူပင် ဖြစ်သည်။ အနန္တဧကရာဇ်ဂိုဏ်းဝင် ဆိုသော သူ၏ အဆင့်အတန်းက လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော် ကတည်းက ပျက်စီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ယခုအချိန်၌ သူသည် လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်၏ လက်ထောက်များ အနေဖြင့် သူတို့၏ အောင်မြင်မှုက အနန္တဧကရာဇ်ဂိုဏ်းနှင့် သက်ဆိုင်ပေလိမ့်မည်။
စုမေ့ ထိုနေရာမှ ရှောင်သွားရန် ဟန်ပြင်လိုက်စဥ်မှာပင် မိန်းကလေးက လှမ်းခေါ်လိုက်၏။
“အမကြီး... ခဏနေပါဦး”
ထို့နောက် သူမက လျှင်မြန်စွာပင် ပျံသန်းကာ စုမေ့ အနားသို့ ကျဆင်းလာသည်။ မန်နာများကို ထိန်းချုပ် လှုပ်ရှားသည့် သူမ၏ ပုံစံက ဒဏ္ဍာရီများထဲမှ နတ်သမီးလေးများ ကဲ့သို့ ကျက်သရေ ရှိနေသည်။
“အမကြီး... ကြည့်ရတာ ကျွန်မတို့မှာ ရေစက်ပါပုံ ရတယ်... ကျွန်မ နာမည်က ဖူလင်းဟွာပါ... ကျွန်မတို့ နှစ်ယောက် အဖွဲ့တစ်ခုလောက် ဖွဲ့ရရင် ဘယ်လိုလဲ”
စုမေ့က ဖူလင်းဟွာကို လှည့်ကြည့်လိုက်၏။ ထိုမိန်းကလေးကို သူမ မသိသော်လည်း အထွတ်အမြတ် အလင်းနန်းတော်မှာမူ ဝေ့ဝူယင်ကို လုပ်ကြံရန် ကြိုးစားခဲ့ဖူးသည့် အဖွဲ့အစည်း ဖြစ်သည်။ ထိုကဲ့သို့ အဖွဲ့အစည်းမျိုးနှင့် သူမက အဘယ်ကြောင့် ပူးပေါင်းရမည်နည်း။
“မဖွဲ့ဘူး...”
သူမက တိုက်ရိုက်ပင် ပယ်ချကာ ကျောခိုင်း ထွက်ခွာသွားသည်။
“နင်...”
ဖူလင်းဟွာ၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်သွား၏။ သူမမှာ ကြီးကျယ်ခမ်းနားလှသည့် အထွတ်အမြတ် အလင်း နန်တော်ဝင် တစ်ယောက် ဖြစ်ပြီး ရွှေဇွန်းကိုက်ကာ မွေးဖွားလာသူ ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုး၏ ကမ်းလှမ်းချက်ကို ထိုမိန်းမက ငြင်းရဲသည်လား။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူမ၏ နှလုံးသား အတွင်း ပေါက်ကွဲလာ၏။ အကယ်၍ စမ်းသပ်ပွဲ၏ စည်းမျဥ်းများကြောင့်သာ မဟုတ်လျှင် ထိုမိန်းမကို သူမ အမှုန့်ချေ ပစ်လိုက်ပြီ ဖြစ်သည်။
ထိုအခိုက်တွင်ပင် မမျှော်လင့်သော အဖြစ်အပျက် တစ်ခု ဖြစ်ပျက်လာ၏။ စုမေ့က ရုတ်ချည်းပင် နောက်သို့ ပြန်လှည့်လာကာ ပြောလိုက်သည်။
“နင်ပြောတာ မှန်တယ်... ငါတို့ အဖွဲ့တစ်ခု ဖွဲ့သင့်တယ်... ရှေ့မှာ မီးခိုးရောင် ကြယ်သားရဲ တစ်ကောင် ရှိတယ်... ငါတို့ အတူ ဖမ်းကြမလား”
ထိုစကားလုံးများကြောင့် ဖူလင်းဟွာမှာ စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်၏။ မီးခိုးရောင် ကြယ်သားရဲမှာ ကြယ်တာရာ အမြုတေ အဆင့်တစ်နှင့်သာ ယှဥ်နိုင်သည့် သားရဲလေး ဖြစ်သည်။ ကြည့်ရသည်က ထိုမိန်းမမှာ ထိုသားရဲလေးကို မယှဥ်ရဲသဖြင့် သူမနှင့် ပူးပေါင်းရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူမက အပြင်ပန်းတွင်မူ အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။
“ရှင်ပြန်လာမယ် ဆိုတာ ကျွန်မ သိပါတယ်... သွားကြမယ်”
ထို့နောက် သူမက မန်နာများကို ထိန်းချုပ်၍ ကောင်းကင်သို့ ပျံတက်လိုက်သည်။ စုမေ့ကမူ တည်တည်ငြိမ်ငြိမ်ပင် မြေပြင်မှသာ ပြေးလိုက်လာ၏။
ဖူလင်းဟွာမှာ ထိုအရာကို ကြည့်ကာ နောက်တစ်ကြိမ် ထပ်မံ နှာခေါင်းရှုံ့လိုက်မိသည်။ သေချာ မသိသော်လည်း အသွင်အပြင် အရ စုမေ့မှာ အသက်သုံးရာနား နီးကပ်နေလောက်ပြီဟု သူမ ခံစားရသည်။ သို့တိုင်အောင် ထိုမိန်းမက ကြယ်တာရာ အမြုတေ အဆင့်တစ်ကိုသာ ရောက်ရှိသေးသည်။ ဘယ်လောက် သနားစရာ ကောင်းလိုက်သည်နည်း။
“ဟိုမှာ...”
ထိုအချိန်တွင်ပင် စုမေ့၏ အသံက ထွက်ပေါ်လာ၏။ ဖူလင်းဟွာ မျက်မှောင်ကြုတ်ရင်း စုမေ့ ညွှန်ပြရာသို့ ကြည့်လိုက်ရာ ရစ်ခွေကာ အိပ်ပျော်နေသည့် အပြာရောင် အကြေးခွံ မြွေကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ သို့သော်လည်း... ထိုသတ္တဝါကြီးမှာ ဦးခေါင်းကို ကိုယ်လုံးကြီးများ အကြားတွင် ဖွက်ထားရာ ကြယ်အဆင့်ကို ခန့်မှန်းရန် ခက်ခဲလှသည်။
ဖူလင်းဟွာ ခပ်လှမ်းလှမ်းတွင်ပင် ရပ်ရင်း ရင်ဆိုင်ရန် နည်းလမ်းများကို စဥ်းစားလိုက်၏။ ထိုမြွေ မည်သည့် အဆင့်၌ ရှိနေကြောင်း မသေချာသေးရာ သူမ အနားသို့ ရမ်းမကပ်ဝံ့ချေ။
သူမ မြေပြင်ရှိ စုမေ့အား လှမ်းကြည့်လိုက်ရာ မြွေကြီး အနားသို့ မကြောက်မရွံ့ ကိုယ်ဖော့ရင်း ချည်းကပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ဖူလင်းဟွာ အထင်သေးစွာဖြင့် နောက်တစ်ကြိမ် နှာခေါင်းရှုံ့ လိုက်မိ၏။ အဆင့်နိမ့် ကျင့်ကြံသူများက အရူးများဆိုသည့် စကားမှာ တကယ် မှန်သည်။
စုမေ့မှာ ဖူလင်းဟွာ၏ အကြည့်ကို ခံစားမိဟန်ဖြင့် ရပ်ကာ ကောင်းကင်ဆီ မော့ကြည့်လိုက်သည်။ ထို့နောက် သူမက ဝိညာဥ်အာရုံကို ထုတ်လွှတ်ကာ ဆက်သွယ်လိုက်၏။
“နင် ကြောက်နေတာလား...”
“ငါက ဘာလို့ ကြောက်ရမှာလဲ...”
ထိုစကားကြောင့် ဖူလင်းဟွာမှာ မခံချင် ဖြစ်သွား၏။ မာန၏ သွေးထိုးလှုံ့ဆော်မှုအောက်တွင် ခြင်တုံတရားမှာ တဒင်္ဂ ပျောက်ကွယ်သွား၏။ ကြယ်တာရာ အမြုတေ အဆင့်တစ် ကျင့်ကြံသူ တစ်ယောက်ပင် မကြောက်လျှင် သူမကဲ့သို့ ကောင်းကင် အုပ်စိုးသူက ဘာကြောင့် ကြောက်ရမည်နည်း။ ချက်ချင်းပင် သူမ မြေပြင်သို့ ဆင်းသက်လာကာ စုမေ့နှင့် ဘေးချင်းယှဥ် ရပ်လိုက်သည်။
ထိုအရာကို မြင်သော် စုမေ့က ဆုံးဖြတ်ချက်အား လေးစားဟန်နှင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့ နှစ်ယောက် တက်ညီလက်ညီပင် ဘေးချင်းယှဥ်ကာ မြွေကြီးအနားသို့ ချည်းကပ်လာကြသည်။ ထိုမြွေကြီးမှာ လုံးပတ် ငါးမီတာခန့် မြင့်ကာ အရှည် မီတာ နှစ်ဆယ်ကျော် ပေလိမ့်မည် ဖြစ်သည်။ အပြာရောင် တလဲ့လဲ့ တောက်ပနေသည့် အကြေးခွံများကမူ ရေစွမ်းအင်များဖြင့် ပြည့်နှက်နေ၏။
မြွေကြီးနှင့် ဆယ်မီတာခန့် အကွာသို့ အရောက်၌ စုမေ့က ဖူလင်းဟွာဘက်သို့ လှည့်ကာ ပြုံးလိုက်၏။
“ဝိညာဥ် ဝင်္ကပါတစ်ခုလောက် ခင်းကျင်းထားရအောင်... သူ့ကို ထွက်မပြေးနိုင်အောင် ထောက်ချောက်ဆင်ပြီး ဖမ်းကြမယ်”
ရုပ်ဝတ္ထုပစ္စည်းများ သုံးရသည့် အစီအရင်များနှင့် ခြားနားစွာပင် ဝိညာဥ် ဝင်္ကပါများကို ကျင့်ကြံသူတို့၏ စွမ်းအားများဖြင့်သာ တည်ဆောက်ရသည်။ စုမေ့က တိတ်တဆိတ်ပင် သူမ၏ ဝိညာဥ် အင်အားများကို ထုတ်လွှတ်လိုက်၏။
ဖူလင်းဟွာမှာ ပထမ၌ အနည်းငယ် ရင်ခုန်နေ၏။ ထိုအရာက သူမဘဝတွင် ပထမဆုံး အကြိမ် အဖြစ် သေရေးရှင်ရေး စွန့်စားခန်း ဖြစ်သည်။ သို့သော်လည်း သတိထားမိဟန်ပင် မရပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် မြွေကြီးကို ကြည့်ရင်း သူမ၏ စိတ်က တဖြည်းဖြည်း တည်ငြိမ်လာသည်။
ဟူး... ဟူး...
ဝိညာဥ် ဝင်္ကပါ တစ်ခု တည်ဆောက်ရန် အတွက် စုမေ့ကဲ့သို့ပင် ဖူလင်းဟွာ ဝိညာဥ် အင်အားကို ထုတ်လွှတ်လိုက်သည်။ နှစ်ဆယ်ရာခိုင်နှုန်းမျှ ပြီးစီးပြီး၌ သူမမှာ ပိုမို ယုံကြည်ချက် ရှိလာခဲ့၏။
ထိုအခိုက်တွင်ပင် စုမေ့က ရှေ့သို့ လျှင်မြန်စွာ တက်သွား၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ကြယ်တာရာ အင်အားကို သုံးကာ သူမ မြွေကြီးကို ပိတ်ရိုက်ပစ်လိုက်သည်။ သူမ၏ ထိုလက်ဝါးချက်တွင် အလွန် ပြင်းထန်သော အင်အားများ ပါဝင်နေချေသည်။
ဖူလင်းဟွာမှာ မည်သို့မျှ နားမလည်နိုင်ပဲ ကြောင်အအ ဖြစ်သွား၏။ ထိုမိန်းမက ဘာလုပ်လိုက်သည်နည်း။
ဝှစ်...
သူမ တစ်စုံတစ်ရာ မမေးရသေးခင်မှာပင် စုမေ့မှာ မူလနေရာမှ ကိုယ်ဖျောက်လိုက်သည့် အလား ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သူမအား မည်သည့် နေရာတွင်မှာမှ ရှာမတွေ့တော့ချေ။
“ဘာလဲဟ...”
ဖူလင်းဟွာမှာ ပို၍ စိတ်လှုပ်ရှားသွား၏။ ထိုအခိုက်တွင်ပင် အလွန် အေးစက်သော ဖိအားကြီး တစ်ခုက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ ဖူလင်းဟွာ၏ မျက်လုံးများက စုမေ့ကို လိုက်ရှာနေရာမှ မြွေကြီးထံသို့ ပြန်လည် ရွေ့လျားသွား၏။ ထိုမြွေကြီးမှာ စပါးအုံးမြွေမျိုး ဖြစ်ပြီး တြိဂံသဏ္ဌာန် ဦးခေါင်းထက်၌ ကြယ်တစ်ခု ရှိနေချေသည်။ ထိုကြယ်၏ အရောင်ကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။
“ရွှေ... ရွှေ...”
သူမ အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်သည်။ သူမ၏ စိတ်မှာ ကြောက်ရွံ့မှုများ အံ့အားသင့်မှုများနှင့် အထပ်ထပ် ပေါက်ကွဲနေ၏။ စုမေ့၏ ရည်ရွယ်ချက်ကို သူမ ရိပ်မိလိုက်ပြီ ဖြစ်လေသည်။
“ဘုန်း...”
သူမ ချက်ချင်းပင် ရှိသမျှ ကြယ်တာရာ အင်အားကို သုံးကာ မန်နာများအား ထိန်းချုပ်လျှက် ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်၏။ ကံဆိုးစွာပင် ရွှေရောင် စပါးအုံးမြွေကြီးကား သူမထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်လွန်းနေသည်။
“အား...”
နာကျင်စူးရှသည့် အသံနက်ကြီးမှာ သစ်ပင်နှင့် တောင်နံရံများကို ပဲ့တင်ထပ်ကာ တောအုပ် တစ်ခုလုံးအား ပျံ့နှံ့သွားလေသည်။ ကံဆိုးစွာပင် ထိုသနားစရာ ငိုငြီးသံအား မည်သူ တစ်ဦးတစ်ယောက်ကမှ သတိထားမိဟန် မရခဲ့ပါချေ။ မြွေကြီးက ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်လိုက်ပြီးနောက် အစာကို မြိုချလိုက်၏။ ပြီးသည်နှင့် နေရာတွင်ပင် ပြန်လည် ခွေကာ မျက်လုံးများကို မှိတ်လိုက်သည်။ သူ အစာချေရန် လိုအပ်နေခဲ့ပြီ မဟုတ်ပါလား။ စက္ကန့်ပိုင်း အတွင်းမှာပင် အရာအားလုံးကား ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ကာ ငြိမ်းချမ်းမှုမှာ နောက်တစ်ကြိမ် စတင် လာခဲ့တော့သည်။
ဟူး...
မိုင်ပေါင်း အနည်းငယ် အကွာအဝေး၌ စုမေ့၏ ရုပ်သွင်မှာ တဖြည်းဖြည်း ထင်ရှားလာခဲ့၏။ သူမ၏ မျက်လုံးများက အေးစက်နေသည်။ ထိုဖူလင်းဟွာ ဆိုသည့် မိန်းကလေးမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်ခြင်းဖြင့် ကိုယ့်သေတွင်း ကိုယ်တူးခဲ့ခြင်း ဖြစ်သည်။ သူမက နှာခေါင်းတစ်ချက် ရှုံ့ကာ ကျပန်း အရပ်မျက်နှာ တစ်ခုကို ရွေးချက်လိုက်လေတော့၏။
...
အထွတ်အမြတ် အလင်းနန်းတော်ထဲတွင် တိုက်ရိုက် ထုတ်လွှင့်သည့် မျက်နှာပြင်မှ တစ်ဆင့် ဖူလင်းဟွာကို ကြည့်နေခဲ့သည့် လူတစ်စု ရှိနေခဲ့လေသည်။ သူတို့၏ မျက်လုံးများက နီးရဲကာ နှုတ်ခမ်းများမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။ စမ်းသပ်ပွဲ စတင်ပြီး မကြာခင်မှာပင် သူတို့ နန်းတော်၏ ပါရမီ အမြင့်မားဆုံး လူငယ် မျိုးဆက်များထဲမှ တစ်ယောက်မှာ သတ်ဖြတ်ခံလိုက်ရချေပြီ ဖြစ်သည်။
“ခွေးမ... ငါနင့်ကို သတ်မယ်”
ဖူလင်းဟွာနှင့် အနည်းငယ် ဆင်တူသည့် အယ်ဗန်မျိုးနွယ် လူကြီး တစ်ယောက်က အေးစက်စက် ရေရွတ်လိုက်၏။ သူက လက်သီးကို တင်းတင်း ဆုပ်ထားလေရာ တဖြိုးဖြိုး တဖျောက်ဖျောက် အသံများပင် ထွက်ပေါ်နေလေတော့သည်။
မဟာ ဝိညာဥ် စမ်းသပ်ပွဲ စတင်ပြီး တစ်နာရီအတွင်းမှာပင် မမျှော်လင့်သည့် အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားခဲ့လေသည်။ အချို့က ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရက အချို့ကလည်း အောင်မြင်မှုများ အသီးအပွင့်များကို ဆွတ်ခူး ရရှိကြသည်။
သားရဲ စမ်းသပ်မှု...
ရက်စက်ကြမ်းကြုတ်မှု ခရောင်းလမ်းတို့ဖြင့် ပြည်နှက်နေသည့် ထိုစမ်းသပ်မှုကြီးမှာ နောက်ထပ် ခြောက်လတိုင်တိုင် ကြာမြင့်ဦးမည် ဖြစ်သည်။ ထိုအတောအတွင်း ပိုမို များပြားသည့် အလှည့်အပြောင်းများ၊ ရင်ခုန် စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များ ဖြစ်ပျက်လာဦးမည်မှာ သေချာလှပေသည်။
အကြီးအကဲများမှာ အလင်းမျက်နှာပြင်များမှ တိုက်ရိုက်ကြည့်ရင်း ပျော်ရွှင်မှု၊ ဒေါသထွက်မှု၊ ဝမ်းနည်းမှု၊ မချင့်မရဲဖြစ်မှု... စသည်ဖြင့် ရသမျိုးစုံကို ခံစားနေရသည်။ အချို့ကမူ သူတို့ ပြိုင်ပွဲဝင်ခိုင်းသည်မှာ မှားသွားပြီလားပင် တွေးနေမိကြသည်။
မဟာဝိညာဥ် စမ်းသပ်ပွဲက မဟာဂိုဏ်းကြီး ငါးဂိုဏ်းကို မည်ကဲ့သို့ အကျိုးသက်ရောက် စေမည်နည်း။ သေချာမသိသော်လည်း မဝေးတော့သော အနာဂတ် တစ်ချိန်တွင် သေဆုံးမှုအရေအတွက် သေချာပေါက် တိုးလာလိမ့်မည် ဖြစ်သည်။ ထို့အပြင် ဒုတိယ စမ်းသပ်မှု အတွက်လည်း ရန်ငြိုးဖွဲ့မှု တဖြည်းဖြည်း များပြားလာပေလိမ့်မည်။ ကြည့်ရသည်က စန်းမျိုးနွယ် အုပ်ချုပ်သည့် ငြိမ်းချမ်းသော တစ်ခေတ်ကား ကုန်ဆုံးတော့မည့်ပုံ ရသည်။
လူအများအပြားမှာ မွမ်းကြပ်စွာနှင့် အန္တရာယ်၏ အငွေ့အသက်များကို ခံစားလာရ၏။ အဆုံးသတ်၌ အပါးနပ်ဆုံး လူများသာလျှင် ရှင်သန်နိုင်ပေလိမ့်မည်။
***