ချင်ချူးမူ
Vol. 20 Ch. 268
မိုးထိအောင် ရှည်လျားသည့် သစ်ပင်ကြီးများ ထူထပ် စိမ်းလန်းစွာ ပေါက်ရောက်နေသော တောအုပ်ထဲတွင် အန်ဗယ် မျိုးနွယ် မိန်းကလေး တစ်ယောက် ရှိနေ၏။ သူမသည် မြစိမ်းရောင် ဆံနွယ်ဆံသားတို့နှင့် လှပသည့် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားကာ ပတ်ဝန်းကျင်ရှိ ကြွယ်ဝသော သစ်သား စွမ်းအင်များကို တဖြည်းဖြည်းချင်း စုပ်ယူ ကျင့်ကြံနေသည်။ အစိမ်းရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေသည့် သူမ၏ လှပသော ခန္ဓာကိုယ်လေးက ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များနှင့် လိုက်လျောညီထွေ တင့်တယ်နေကာ ဂန္တဝင်မြောက် ပန်းချီကား တစ်ချပ်ကို ဖန်တီးနေသယောင် ထင်ရ၏။
ချင်ချူးမူ ဤနေရာကို လွန်ခဲ့သည့် တစ်နာရီခန့်က ရောက်လာခြင်း ဖြစ်သည်။ ထိုအတောအတွင်း သူမသည် အခြား ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံခြင်း မရှိသေးသလို မည်သည့် သားရဲနှင့်မှလည်း ရင်ဆိုင်ရခြင်းမျိုး မရှိသေးချေ။
မဟာ ဝိညာဥ် စမ်းသပ်ပွဲတွင် ပြိုင်ပွဲဝင် အရေအတွက်က အလွန် များပြားလှသည် ဆိုသော်လည်း ကျွင်းနာဂြိုဟ်မှာ အလွန် ကျယ်ပြန့်လှသည်။ တစ်ယောက်နှင့် တစ်ယောက် ဆုံတွေ့ရန် အခွင့်အရေးမှာ အလွန် နည်းပါးလှ၏။
အနီးအနားတွင် မည်သည့် အသက်ဓာတ်ကိုမှ မခံစားရသောကြောင့် ချင်ချူးမူမှာ ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။ ကျွင်းနာဂြိုဟ်မှာ သစ်သားစွမ်းအင်ဖြင့် အလွန် ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း၌ ဘိုးဘေး မဟာ အင်ပါယာ သူတော်စင်သည် တံခါးပိတ် ကျင့်ကြံဖို့ အတွက် သူမကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ဖူးသည်။
ထို့အပြင် သူမသည် ဝေ့ဝူယင်နှင့်လည်း ဤနေရာကို ရောက်ခဲ့ဖူးသည်။ ဝေ့ဝူယင်၏ ကောင်းကင် ဧကရာဇ်၊ အဂ္ဂိရတ် ဧကရာဇ်ဟူသော အဆင့်အတန်းဖြင့် ထိုနေ့၌ သူတို့ နှစ်ယောက်သည် အကန့်အသတ် မရှိ လည်ပတ်နိုင်ခဲ့သည်။ ဘိုးဘေးဖြစ်သူနှင့် အတူ ဝင်ခွင့်မရသည့် နေရာများကိုပင် သူမတို့ ရောက်ခဲ့ကြသေးသည်။
တစ်နာရီခန့် မနားစတမ်း ကျင့်ကြံပြီးနောက် ချင်ချူးမူ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်၏။ သစ်ပင် သစ်ရွက်များမှာ တရှဲရှဲ မြည်သံပေးကာ ယိမ်းနွဲ့သွားကြ၏။ ၎င်းတို့သည် မိခင် သဘာဝကို အပြည်အဝ တုန့်ပြန်ကာ ချင်ချူးမူထံပါးတွင် လက်အောက်ငယ်သားများ အဖြစ် ခစားနေကြသည်။
ဤအယ်ဗန် မှင်စာမျိုးနွယ်ဝင် မိန်းကလေးသည် အလွန် ထူးကဲသည့် ပါရမီရှင် ဖြစ်ပြီး မွေးရာပါ ယင်သစ်သား အမတေ ခန္ဓာ၊ အသက်မြက်ကိုးခု စွမ်းအင် သွေးကြောနှင့် ခရမ်းရောင် သစ်သား ဝိညာဥ် နန်းတော်တို့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် သစ်သား ဒြပ်စင် ပါရမီမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင်ပင် ထိပ်ဆုံးအဆင့်၌ ရှိပေသည်။
“ဒီနေရာကနေ မိုင်ပေါင်းသုံးရာလောက် အကွာမှာ သားရဲတစ်ကောင် ရှိနေတယ် ဟုတ်လား... နောက်ပြီး သူက ငါရှိတဲ့ နေရာကို ဦးတည်နေတယ်ပေါ့”
ချင်ချူးမူက တစ်ယောက်ယောက်ကို မေးကြည့်အလား ခပ်တိုးတိုး ရေရွတ်လိုက်၏။ သစ်ရွက်သစ်ပင်များမှာ မှန်ကန်ကြောင်း ထောက်ခံသည့် အလား တုန်ရီ ယိမ်းထိုးကာ အချက်ပြကြသည်။ ချင်ချူးမူ ခေါင်းတစ်ချက် ညိတ်ကာ အရှေ့တည့်တည့်ကိုသာ ကြည့်နေလိုက်၏။
သစ်ပင်သက်ရှိများ၏ အဆိုအရဆိုလျှင် ထိုသားရဲမှာ အလွန် ကြောက်ဖို့ကောင်းကာ အနည်းဆုံး ငွေရောင် ကြယ်အဆင့်၌ ရှိနေနိုင်သည်။ သူမ၏ ကျင့်ကြံခြင်းက ယခုမှသာ ကြယ်တာရာ အမြုတေ အဆင့်တစ်ကို ဝင်ရောက်သေးသည်။ သူမမှာ သစ်သား ဒြပ်စင် ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း တိုက်ပွဲဝင် စွမ်းရည်တွင်မူ ပြိုင်ဘက်ကင်းအောင် မြင့်မားခြင်း မရှိသေးချေ။
ထို့ကြောင့်ပင် ချင်ချူးမူသည် မီခိုးရောင် ကြယ်အဆင့် သားရဲများကိုသာ ထောင်ချောက်ဆင် ဖမ်းဆီးရန် ဆုံးဖြတ်ထားခဲ့သည်။ သူမအတွက် ပထမ စမ်းသပ်မှုက သိပ်အရေး မကြီးလှချေ။ ပိုမို များပြားသည့် အန္တရာယ်နှင့် ပဋိပက္ခများကို ယူဆောင်လာမည်က ဒုတိယ စမ်းသပ်မှုက သာလျှင် ဖြစ်ပေသည်။ ထိုအဆင့်တွင် ပါဝင်သူများမှာ အသက်တစ်သက်၊ အမှတ်တစ်မှတ် အတွက် လဲလှယ် တိုက်ခိုက်ရပေလိမ့်မည်။
“အားအနည်းဆုံး သားရဲတွေက ဘယ်နေရာမှာ ရှိလောက်လဲ...”
သူမက မေးလိုက်၏။ မိနစ် အနည်းငယ် ကြာပြီးနောက် အသေးစိတ် အချက်အလက်များ ပါဝင်နေသည့် အစီရင်ခံစာ တစ်ခုကို သစ်ပင် သက်ရှိများထံမှ သူမ လက်ခံ ရရှိလိုက်သည်။ ၎င်းတို့မှာ ဉာဏ်ရည် မြင့်မားသည်ဟု မဆိုနိုင်သည့်တိုင် ပုံမှန် မဟုတ်သည်ကတော့ သေချာပေသည်။
ဝှစ်...
ချင်ချူးမူ ထိုင်ရာမှ ထရပ်လိုက်ရင်း အနောက် အရပ်ကို ဦးတည် ရွေ့လျားလိုက်၏။ ပတ်ဝန်းကျင်ရှိ လှပသာယာသော တောတောင် ရေမြေ ရှုမျှော်ခင်းများကို ခံစားမိသော အခိုက်၌ သူမ၏ စိတ်က တဖြည်းဖြည်း ကြည်နူးလာသည်။ ဤပတ်ဝန်းကျင်တွင် နေထိုင်ရသည်က လုံခြုံသလိုပင် သူမ ခံစားနေရ၏။
ရား...
ရုတ်တရက် မိုးကြိုးပစ်သံကြီး ကဲ့သို့ သားရဲ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ခြင်္သေ့တစ်ကောင် ဟိန်းသံနှင့် ဆင်တူကာ ကြီးစွာသော သြဇာ အာဏာနှင့် မြင့်မြတ် ထည်ဝါမှုများကို သယ်ဆောင်ထားသည်။ ချင်ချူးမူ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားကာ အရှေ့အရပ်ကို လှမ်းကြည့်လိုက်သည်။ ဟိန်းဟောက်သံကြီးမှာ ထိုအရပ်မျက်နှာမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး အလွန် ကျယ်လောင်လှပေသည်။ သူမ၏ နားများပင်လျှင် အနည်းငယ် အူတူတူ ဖြစ်သွားခဲ့၏။
“ဘာတွေဖြစ်နေတာလဲ...”
သူမ စိတ်စွမ်းအင်များကို ဖြန့်ကျက်လျှက် ပတ်ဝန်းကျင်ရှိ သစ်ပင်သက်ရှိများကို ဆက်သွယ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် တိကျသည့် အချက်အလက် အချို့ကို သူမ ရရှိလိုက်၏။
“ဟမ်...”
ချင်ချူးမူ၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။ ထိုအချိန် အထက်ကောင်းကင်တွင် နေကြပ်သွားသည့် အလား အရိပ်ကြီးတစ်ခုမှာ မြေပြင်ပေါ် ကျရောက်လာသည်။ ချင်ချူးမူ ခေါင်းကို မော့ကြည့်လိုက်ရာ ဝေးကွာလှသည့် မိုးကောင်းကင် တစ်နေရာ၌ သားမွေး အထပ်ထပ်များနှင့် ကြီးမားလှသည့် ခန္ဓာကိုယ်ကြီး တစ်ခု အုပ်မိုးနေသည်ကို တွေ့လိုက်ရ၏။
ကျီးကန်း တစ်ကောင်...
အတိအကျဆိုရလျှင် ညဥ့်သန်းခေါင် ကဲ့သို့ နက်မှောင်ကာ၊ ဝေလငါးကြီး တစ်ကောင်နှယ် ကြီးမားလှသည့် ဧရာမ ကျီးကန်းကြီး တစ်ကောင်...။ ၎င်း၏ ဦးခေါင်းထက်တွင်တော့ ရွှေရောင် တဖျပ်ဖျပ် တောက်ပနေသည့် ကြယ်တစ်လုံး...။
“ဘာလဲ...”
ချင်ချူးမူ၏ စိတ်များကား ဘာမှ မစဥ်းစားနိုင်အောင် မွှန်ထူသွား၏။ သူမ တစ်စုံတစ်ရာအား မတွေးနိုင်ခင်မှာပင်...
ဘုန်း...
ရုတ်တရက် သူမ၏ ခြေထောက်အောက်မှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။ မြေပြင်မှာ ငလျင် လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ရီလာလေရာ ချင်ချူးမူမှာ လဲကျမသွားစေရန် ကြယ်တာရာ အင်အားကိုပင် သုံးလိုက်ရသည်။ ထိုပေါက်ကွဲသံများကား မိုင်ပေါင်းတစ်ရာခန့် အကွာအဝေးမှ လာခြင်း ဖြစ်သည့်တိုင် အနားနားတွင် ကပ်၍ လှုပ်ရှားနေသယောင် ထင်မှတ်မှားသည်။
ချင်ချူးမူ ထိုအရပ်ကို လှမ်းကြည့်လိုက်သည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်၏ မျက်လုံးများမှာ သာမန်လူသားများထက် အဆများစွာ အားကောင်း၏။ မိုင်ပေါင်း ရာချီ ကွာဝေးသည့်တိုင် လှုပ်ရှားနေသည့် အစက်အပျောက် တစ်ခုကို သူမ တွေ့မြင်လိုက်ရသည်။
ဘုန်း... ဘုန်း...
မြေပြင်၏ အဆက်မပြတ် တုန်ခါမှုနှင့် အတူ ထိုအစက်အပျောက်က လျှင်မြန်စွာပင် ကြီးထွားလာကာ စက္ကန့်ပိုင်း အတွင်း တောင်တန်းကြီး တစ်ခုလို ဖြစ်သွားသည်။ ၎င်း တလိမ့်လိမ့် ရွေ့လျားသွားတိုင်း အောက်ရှိ သစ်ပင်များမှာ ကျိုးကြေ လိမ်ပြတ်ကုန်ကာ အသက်ဓာတ်များ ကုန်ဆုံးသွားကြသည်။
“မြွေကြီး...”
ချင်ချူးမူ ကျောရိုးများ စိမ့်လာသည် အထိ ကြောက်ရွံ့လာခဲ့၏။ တောင်သမျှ ကြီးမားလှသည့် ထိုသတ္တဝါကြီး၏ ထိပ်မှ ရွှေရောင် ကြယ်တစ်ပွင့်ကို သူမ ထင်ရှားစွာ တွေ့မြင်နေရသည်။ ထိုကြယ်မှာ အလွန့်အလွန် တောက်ပကာ ပတ်ဝန်းကျင်ကိုပင် အလင်းရောင် ဖြန့်ကျက်နေလေ၏။
ချင်ချူးမူ၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားသည်။ ကျီးကန်းနှင့် မြွေကြီးမှာ ရွှေကြယ် အဆင့်သားရဲများဆိုလျှင် သူမ ပထမဆုံး ကြားလိုက်ရသည့် ဟိန်းဟောက်သံကြီးမှာလည်း ရွှေကြယ် အဆင့် သားရဲ တစ်ကောင်ပင် ဖြစ်နိုင်သည်။
ဤနေရာ တစ်ခုတည်းတွင် အဘယ်ကြောင့် ရွှေကြယ် အဆင့် သားရဲ သုံးကောင်အထိ ရှိနေရသနည်း။ သူမ၏ စိတ်ထဲ၌ ပထမဆုံး ပေါ်လာသော အတွေးက ပြေးရန်ပင်။
ဘုန်း...
ချင်ချူးမူ ချက်ချင်းပင် ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြယ်တာရာ အင်အားများကို ခြေထောက်ဆီသို့ ပို့လွှတ်ကာ ဆန့်ကျင်ဘက် အရပ်ကို ပြေးလိုက်၏။
ရား...
ဂီး...
ရွှီး...
ကြောက်မက်ဖွယ် အသံကြီး သုံးခုမှာ သူမ၏ နောက်မှ ထပ်ချက်မကွာပင် လိုက်ပါလာသည်။ မြေပြင်သည် တဒုန်းဒုန်း တုန်ရီနေကာ လေပြင်းများမှာ တဟုန်းဟုန်း တိုက်ခတ်နေ၏။ အန္တရာယ် အငွေ့အသက်များမှာ နေရာ အနှံ့တွင် ဖြာနေ၏။ သားရဲ အများစုမှာ သူတို့ကို ရန်မစပါက မတိုက်ခိုက်တတ်ဟု သူမ ကြားဖူးသည်။ မည်သည့် အချိန်က ထိုသားရိုင်းဘုရင်ကြီးများကို သူမ ရန်စခဲ့မိသနည်း။
“မကောင်းတော့ဘူး...”
ချင်ချူးမူ မျက်ရည်များပင် ဝဲလာခဲ့၏။ ရွှေကြယ် အဆင့် သားရဲကြီး သုံးကောင်ကား နီးသထက် နီးကပ်လာနေပြီ ဖြစ်သည်။ အစွမ်းကုန် ခွန်အားသုံးကာ ပြေးလွှားနေသည့်တိုင် ထိုခြေလှမ်းများက အသုံးမဝင်ချေ။ ဆိုးယုတ်လှသည့် ကံကြမ္မာကား ခြင်္သေ့ကြီးများ၏ အာခံတွင်းမှ ကြွက်တစ်ကောင်နှင့် တူနေခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်တွင်ပင် ခပ်လှမ်းလှမ်းမှ တိုက်ခိုက်သံ လိုလို သူမ ကြားလိုက်ရသယောင် ရှိ၏။ သို့သော်လည်း အသက်ဘေးမှ လွတ်မြောက်ရန် ထူပူနေရာ သူမ လှည့်မကြည့်ရဲပါချေ။ ရှိသမျှ စွမ်းအားကို ခြေထောက်တွင်သာ စုရင်း အစွမ်းကုန် ပြေးလွှားနေသည်။
ဘုန်း...
ရုတ်ချည်းပင် ဥက္ကာပျံ တစ်ခုမှာ ကောင်းကင်မှ ပျံသန်းလာကာ သူမ အရှေ့ ဝါးတစ်ပြန်ခန့် အကွာသို့ ပြုတ်ကျသွား၏။ မြေပြင်၌ အလွန် ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအရှိန်ကြောင့် ချင်ချူးမူမှာ နောက်ပြန် လန်ကျသွားကာ မြေပြင်နှင့်ပင် ကိုင်ရိုက်မိသွား၏။ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များမှာ ကပြောင်းကပြန် ဖြစ်သွားကာ သွေးတစ်လုတ်မှာ လည်ချောင်းထိ ရောက်အောင် ပြို့တက်လာသည်။
ကံကောင်းထောက်မသည်က... ခန္ဓာကိုယ်ကို အစောတည်းကပင် သစ်သား ဒြပ်စင်စွမ်းအားဖြင့် ဝန်းရံထားခြင်း ဖြစ်သည်။ ၎င်း၏ ကာကွယ်ထားပေးမှုကြောင့်သာ မဟုတ်လျှင် သူမ ဒဏ်ရာပင် အကြီးအကျယ် ရသွားနိုင်ချေ ရှိသည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသည့် စကားပုံက တကယ်မှန်သည်။ ရွှေအဆင့် သားရိုင်းသုံးကောင်၏ အမဲလိုက်ခြင်းကို ခံနေရချိန်တွင်ပင် ဥက္ကာပျံ၏ လမ်းပိတ်ဆို့ တားဆီးခြင်းကို ခံရသည်။ ချင်ချူးမူ ကံကြမ္မာကို ကျိန်ဆဲရင်း ကပျာကယာ လူးလဲထကာ ထပ်မံ ပြေးရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း...
ဟူး... ဟူး...
သားရဲကြီး သုံးကောင်မှ လျှင်မြန်စွာ ရောက်ရှိလာကာ ထိုပတ်ဝန်းကျင်ကို ဝန်းရံပြီးသွားကြပြီ ဖြစ်လေသည်။ ချင်ချူးမူ အသက်ပင် မရှူရဲတော့။ သူမ၏ ရင်ခုန်သံများမှာလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ကြောက်ရွံ့မှုကား အထွတ်အထိပ်သို့ ရောက်နေလေပြီ။
သို့သော်လည်း သတ္တဝါကြီးများမှာ သူမကို မြင်ဟန်ပင် မရပဲ စောနက ဥက္ကာပျံ ကျရောက်သည့် အပေါက်ကြီးကိုသာ စိတ်ဝင်စားဖြင့် စူးစမ်းကြသည်။ မသေချာမရေရာသော်လည်း ထိုကောင်ကြီးများ၏ မျက်ဝန်းများမှ ထွက်ပေါ်နေသည့် ကြောက်ရွံ့ ထိတ်လန့်မှု အငွေ့အသက် ခပ်ပါးပါးကိုပင် သူမ ခံစားလိုက်ရ၏။
“ဘာမလို့လဲ...”
ချင်ချူးမူ စိတ်ဝင်စားသွားကာ မီးတောင်ပေါက်ဝ ကဲ့သို့ ဖြစ်နေသည့် နေရာကို လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ဘာရှိနေသနည်း။ အဘယ်ကြောင့် သတ္တဝါကြီးများပင် ကြောက်ရွံ့ပုံ ပေါ်နေရသနည်း။
ထို့နောက်တွင်ကား...
“ချီးပဲ...”
မကျေနပ်သည့် ကျိန်ဆဲသံတစ်ခု ထွက်ပေါ်လာ၏။ လက်တစ်ဖက်မှာ ချောက်ကမ်းပါး၏ ထိပ်ဝတွင် ပေါ်လာကာ အားယူလျှင် တစ်ကိုယ်လုံးကို ဆွဲတင်လိုက်သည်။ ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် ပြည့်နှက်သည့် မျက်နှာ တစ်ခုမှာ မြင်ကွင်းထဲ ရောက်ရှိလာ၏။ သို့သော်လည်း တက်လက် တောက်ပနေသည့် ငွေရောင် မျက်ဝန်းတစ်စုံကမူ မှားစရာ မလိုအောင် ရှင်းလင်း ကြည်လင်လှပေသည်။
“သောက်ခရာတို... မင်းမာနကို ထိန်းဦး... တော်တော် စိတ်ပျက်စရာ ကောင်းတယ်”
သူက တစ်ယောက်ယောက်ကို ဆူဆဲရင်း ရေချီစွမ်းအားဖြင့် မျက်နှာကို သန့်စင်လိုက်သည်။ မကြာခင်မှာပင် ဖုန်မှုန့်နှင့် အညစ်အကြေးများ သန့်စင်သွားကာ ချောမောသော မျက်နှာ တစ်ခု ပီပီပြင်ပြင် ပေါ်လာခဲ့သည်။ သူ၏ တောက်ပသော ငွေရောင်မျက်လုံးများသည် ပတ်ဝန်းကျင်ကို ဝှေ့ဝိုက်ကြည့်ရင်း မကြာမီမှာပင် သူမအား တွေ့ရှိသွားသည်။
“ချင်ချူးမူလား...”
ဝေ့ဝူယင်၏ မျက်နှာထက်၌ အံ့အားသင့်သည့် အမူအရာ အချို့ ဖြစ်ပေါ်လာ၏။ ချက်ချင်းပင် ထိုအမူအရာက တောက်ပသော အပြုံးတစ်ခု အသွင် ပြောင်းလဲသွားကာ သူမအား လက်လှမ်းပြလိုက်လေသည်။
"ဟေး...”
***