← Chapters

အခန်း (၇၃၀)

Vol. 53 Ch. 730

အခန်း (၇၃၀)

Vol. 53 Ch. 730

အင်မော်တယ်ကမ္ဘာသို့ ရောက်သွားလျှင် ဤလောကနှင့် သက်ဆိုင်တော့မည်မဟုတ်ပေ။

ဟန်မူယဲ့က တခြားလူများ၏အကြောင်းကို မသိသော်လည်း သူကိုယ်တိုင်က ပတ်သက်ဆက်နွယ်မှုများကို ပိုင်ဆိုင်ထားသည်။

မူဝမ်၊ အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်မှ လူများ၊ ဟွမ်ကျစ်ဟူ၊ ဟွမ်ခြောက်နှင့် နန်းမြို့တော်မှ မိတ်ဆွေများ ....

အကယ်၍ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို မရှောင်လွှဲနိုင်လျှင် သူက ပူးဆွေးပေးမည်။ သို့သော် သူတို့ကို အပြည့်အဝ မေ့ပစ်ရမည်ဆိုလျှင် မလုပ်နိုင်ပေ။

‘အင်မော်တယ်အသွင်ပြောင်းရေကန်က ပတ်သက်မှုတွေအားလုံးကို မေ့ဖျောက်ပစ်နိုင်တယ်ဆိုရင်‌ရော’

ဟန်မူယဲ့က တိတ်ဆိတ်နေသည်။

“ကောင်လေး၊ မင်းက အဲဒါတွေမေးဖို့ ရောက်လာတာမဟုတ်လား”

သစ်သားနတ်ဘုရားက ပြုံးလိုက်ပြီး ပြောသည်။

“ဒီနေရာက မလုံခြုံတော့ဘူး။ ငါထွက်သွားတော့မယ်”

ရွှေဝံပုလွေများက သူတို့ကို တိုက်ခိုက်လာခဲ့သည်။ ဆည်၏ အခြေအနေသည် ပြောင်းလဲလာသည်။

ဟန်မူယဲ့က သစ်ပင်တွင် စိုက်ဝင်နေသော လှံရှည်ကို ကြည့်သည်။

“ဟားဟား၊ မင်းက ဒီလှံကို လိုချင်တာလား”

သစ်သားနတ်ဘုရားက ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

“မင်းက ဒီလှံကို ဆွဲထုတ်ပေးနိုင်မယ်ဆိုရင် ငါက ကျေးဇူးတင်မိမှာပဲ”

“ဒီလှံက ငါ့ခွန်အားရဲ့ ၈၀%လောက်ကို စားသုံးသွားခဲ့တယ်”

“အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားက တကယ် ကြောက်ဖို့ကောင်းတယ်’

ဟန်မူယဲ့က ညှိုးနွမ်းနေသော သစ်ပင်ဆီသို့ လျှောက်သွားလိုက်သည်။

သစ်သားနတ်ဘုရား၏ မျက်လုံးများက တောက်ပလာကြသည်။

ဟန်မူယဲ့က လှံကို ဆုပ်ကိုင်လိုက်သည်။

“ဘန်း”

သူ့လက်ထဲတွင်ပေါ်လာသော ချီစွမ်းအင်အလင်းက ချက်ချင်းပြိုကွဲသွားခဲ့သည်။

လှံရှည်သည် အနည်းငယ်တုန်ခါသွားပြီး အစိမ်းရောင်အလင်းဖြင့် တောက်ပနေသည်။

ဟန်မူယဲ့က ရွှေးချယ်စရာမရှိတော့ဘဲ နောက်ဆုတ်လိုက်ရသည်။

သစ်သားနတ်ဘုရားက ခေါင်းခါသည်။

အင်မော်တယ်ရတနာသည် သာမန်မဟုတ်ပေ။

ဟန်မူယဲ့က သက်ပြင်းချလိုက်ပြီး လှံရိုးကို ထပ်မံဆုပ်ကိုင်သည်။

ဤတစ်ကြိမ်တွင် သူ့မျက်လုံးများက အစိမ်းရောင်တောက်လာကြပြီး လက်ဝါးထဲတွင် အင်မော်တယ်ချီစွမ်းအင်ကို ထုတ်လွှတ်ထားသည်။

အင်မော်တယ်အလင်းထဲတွင် ဓားဆန္ဒအချို့သည် လှံရှည်အတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။

“ဝီ”

လှံရှည်သည် အနည်းငယ်တုန်ခါသွားသည်။ သစ်သားနတ်ဘုရားက အံ့အားသင့်သွားပုံပေါ်သည်။

ဟန်မူယဲ့က မျက်လုံးမှိတ်ထားသည်။ ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပြေးလွှားနေကြသည်။

လှံရှည်အတွက် ဝိညာဉ်သတ္တု ရွေးချယ်ခြင်း ....

သန့်စင်ခြင်းနည်းစနစ် ....

ပုံသွင်းခြင်း ....

လှံရှည်ကို အင်မော်တယ်ကမ္ဘာ၏ မဟာကျင့်ကြံသူများက ကိုင်ဆောင်ခဲ့ကြသည်။

အင်မော်တယ်ကမ္ဘာမှ သွေးစစ်ပွဲဂိုဏ်း၏ အကြီးအကဲ ထျဲဝူချင်းကပင် လှံရှည်ကိုကိုင်ဆောင်၍ မိုင်သုံးသန်းခရီးသွားခဲ့သည်။

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာ၏ အင်အားစုများကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။

အင်မော်တယ်ကမ္ဘာ၏ အစစ်အမှန်ပုံစံကို မြင်နေရသည်။

ဤကမ္ဘာကဲ့သို့ ခမ်းနားမှုများမရှိဘဲ ပိုမိုရှေးဆန်သည်။ ပေါများသော သဘာဝစွမ်းအင်များလည်း မရှိဘဲ အစိမ်းရောင်အင်မော်တယ်ချီသည် ကောင်းကင်နှင့်မြေကြီး၏ကြားတွင် ပြည့်နှက်နေသည်။ ကျင့်ကြံခြင်းနည်းစနစ်များအား အသုံးချ၍ ထိုစွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူရန် လိုအပ်သည်။

အင်မော်တယ်ကမ္ဘာမှ ဂိုဏ်းများ၏ ကျင့်ကြံခြင်းနည်းစနစ်များသည် ပိုမိုလက်တွေ့ကျပုံပေါ်သည်။ တာအိုဂိုဏ်းများ၏ ခမ်းနားသော နည်းစနစ်များနှင့် သိပ်မတူကြပေ။

သူတို့က အနီးကပ်တိုက်ခိုက်မှုကို ဦးစားပေး၍ အဝေးရောက်မန္တန်များကို သိပ်မသုံးကြပေ။

မန္တန်များသည် အင်မော်တယ်ကမ္ဘာတွင် တည်ရှိနေသော်လည်း အင်မော်တယ်ချီစွမ်းအင်ဖြင့် အသက်သွင်းရသည်။ ထို့အပြင် ဖျက်ဆီးနိုင်စွမ်းတွင် အနီးကပ်တိုက်ခိုက်မှု နည်းစနစ်များနှင့် မယှဉ်နိုင်ပေ။

မိုင်ထောင်ချီအကွာအဝေးကို ချက်ချင်းသွားပြီး မိုင်ရာချီပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်သော တိုက်ခိုက်မှုများအား ပိုင်ဆိုင်သည့် ကျွမ်းကျင်သူများသည် အင်အားစုကြီးတစ်ခု၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများပင် ဖြစ်ကြသည်။

ရွှေအင်မော်တယ် ....

ကောင်းကင်အထွတ်အထိပ် ....

အင်‌မော်တယ်ကမ္ဘာ၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများကို ထိုသို့ ခေါ်ကြသည်။ ထို့အပြင် ကျင့်ကြံဆင့်ကို သတ်မှတ်ထားသော အမည်လည်း ဖြစ်သည်။

လှံ၏ မှတ်ဉာဏ်များအရ အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းနည်းစနစ်များသည် လူသားလောကထက် အဆပေါင်းများစွာ သာလွန်ကြသည်။ ရွှေအင်မော်တယ်နှင့် ကောင်းကင်အထွတ်အထိပ် အင်မော်တယ်များက လူသားလောကသို့ ဆင်းသက်လာလျှင် တိုက်ကွက်တစ်ခုဖြင့် လောကကို ဖျက်ဆီးပစ်နိုင်သည်။

သွေးစစ်ပွဲဂိုဏ်း၏ အကြီးအကဲထျဲဝူချင်းသည် ရွှေအင်မော်တယ်အဆင့်နှင့် တစ်လှမ်းသာကွာသည်။ သူက အင်မော်တယ်ချီကို လှံရှည်ထဲတွင် ထည့်သွင်း၍ လောကနှစ်ခု၏ အတားအဆီးကို ချိုးဖောက်ပြီး အင်မော်တယ်တက်လှမ်းစင်မြင့်မှတစ်ဆင့် သစ်သားနတ်ဘုရားကို ဖိနှိပ်ရန် တိုက်ခိုက်ခဲ့သည်။

အင်မော်တယ်တက်လှမ်းစင်မြင့် ....

ဟန်မူယဲ့က မှတ်ဉာဏ်ပုံရိပ်များထဲတွင် အင်မော်တယ်တက်လှမ်းစင်မြင့်၏ အကြောင်းကို ရှာကြည့်လိုက်သည်။

အင်မော်တယ်ကမ္ဘာ၏ အင်အားစုအမျိုးမျိုးသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ထားကြသည်။

အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် အင်မော်တယ်တက်လှမ်းစင်မြင့် ၁၈ခု ရှိနေသည်။ ထိုစင်မြင့်များသည် မရေမတွက်နိုင်‌သော ကမ္ဘာများမှတစ်ဆင့် အင်မော်တယ်ကမ္ဘာတွင် သွေးသစ်လောင်းရန်အတွက် ကျွမ်းကျင်သူများကို စုဆောင်း၍ ဆက်တိုက်ပို့ပေးနေသည်။

သို့သော် အင်မော်တယ်ကမ္ဘာသို့ စတင်ဝင်ရောက်လာကြသော ကျင့်ကြံသူများသည် အင်မော်တယ်ချီနှင့် အသားမကျသေးသောကြောင့် အင်မော်တယ်အသွင်ပြောင်းရေကန်တွင် နေထိုင်ရသည်။

ထိုရေကန်သည် ချီစွမ်းအင်ကို ဆေးကြောပြီး အင်မော်တယ်ချီအဖြစ် ပြောင်းလဲပေးသည်။

ထို့အပြင် လူသားလောက၏ အချုပ်အနှောင်များကို သန့်စင်၍ အင်မော်တယ်အရိုးတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မည်။

ထိုဖြစ်စဉ်အတွက် နှစ်တစ်ထောင်အချိန်ယူရသည်။ အလွန်ကြံ့ခိုင်သောစိတ်ဓာတ်နှင့် ပါရမီကောင်းသော ကျင့်ကြံသူများကသာ သန့်စင်ခြင်းဖြစ်စဉ်ကို စောစီးစွာ ပြီးမြောက်နိုင်သည်။

အင်မော်တယ်အသွင်ပြောင်းရေကန်မှ စောစီးစွာထွက်ခွာနိုင်သော ကျင့်ကြံသူများကို ဂိုဏ်းအသီးသီးက တန်ဖိုးထားကြသည်။

နှစ်တစ်ထောင် ....

ထိုအချိန်သည် ကျင့်ကြံသူများ၏ စိတ်ဓာတ်ကို ဖြည်းဖြည်းချင်း သန့်စင်ပစ်နိုင်သည်။

ဟန်မူယဲ့က အင်မော်တယ်အသွင်ပြောင်းရေကန်၏ အကြောင်းကို ဖြည်းဖြည်းချင်း ရှာကြည့်နေသည်။ ရုတ်တရက်ဆိုသလိုပင် သူက တစ်ကိုယ်လုံး တုန်ခါနေပြီး အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့သည်။

အင်မော်တယ်အသွင်ပြောင်းရေကန်သည် ရေကန်တစ်ခု မဟုတ်ပေ။

ထိုရေကန်ကို ကမ္ဘာတစ်ခုဟု ခေါ်ဆိုလျှင် ပိုမိုသင့်တော်လိမ့်မည်။

အင်မော်တယ်ကမ္ဘာတွင် ရေကန်များဟု ထင်ရသော အင်မော်တယ်အသွင်ပြောင်းရေကန် ၁၈ကန်သည် ကမ္ဘာ ၁၈ခု ဖြစ်ကြသည်။

အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသော သက်ရှိများအားလုံးသည် ထိုကမ္ဘာများတွင် ရှင်သန်ရသည်။

“အချိန်ကုန်ဆုံးမှုက မတူဘူး ....”

သူ့လက်ချောင်းများက အနည်းငယ်တုန်ခါသွားကြသည်။

သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ဤကမ္ဘာ၏ အကြီးမားဆုံးကွာခြားချက်ကို ရှာတွေ့သွားခဲ့သည်။

အချိန်ကုန်ဆုံးမှု ဖြစ်သည်။

အင်မော်တယ်ကမ္ဘာသည် အင်မော်တယ်ချီ၏ ထောက်ပံ့မှုကြောင့် အလွန်တည်ငြိမ်သည်။ ထို့ကြောင့် အချိန်ကုန်ဆုံးမှု နှေးကွေးသည်။

အင်မော်တယ်အသွင်ပြောင်းရေကန်များသည်လည်း အင်မော်တယ်ကမ္ဘာနှင့် ချိတ်ဆက်နေသောကြောင့် အချိန်ကုန်ဆုံးမှု တူညီသည်။

သို့သော် လူသားလောက၏ အချိန်ကုန်ဆုံးမှုသည် ကွဲပြားနေသည်။

တခြားကမ္ဘာများ၏ နှစ်ပေါင်းသုံးရာသည် အင်မော်တယ်ကမ္ဘာတွင် တစ်နှစ်သာဖြစ်သည်။

တချို့ကမ္ဘာများ၏ နှစ်ပေါင်းတစ်ရာသည် အင်မော်တယ်ကမ္ဘာတွင် တစ်နှစ် ဖြစ်သည်။

အင်မော်တယ်အသွင်ပြောင်းရေကန်၏ နှစ်ပေါင်းတစ်ထောင်သည် လူသားလောကတွင် နှစ်ပေါင်းတစ်သိန်း ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်တက်လှမ်းစင်မြင့်ကို နှစ်တစ်သိန်းလျှင်တစ်ကြိမ် ဖွင့်လှစ်သည်။

ကြားခံရေကန်ထဲတွင်ရှိသော သက်ရှိများကို ဖြည့်တင်းရန် ဖြစ်သည်။

အင်မော်တယ်အသွင်ပြောင်းရေကန်တွင် နှစ်တစ်ထောင်ကြာမြင့်သွားခဲ့လျှင် ထွက်ခွာနိုင်သောလူများက အင်မော်တယ်ကမ္ဘာမှ ဂိုဏ်းအသီးသီး၏ အဖွဲ့ဝင်များ ဖြစ်သွားကြသည်။ မထွက်ခွာနိုင်သောလူများက ပျောက်ကွယ်သွားကြသည်။

သို့သော် ပျောက်ကွယ်သွားသောလူများ၏ ဖြစ်ရပ်ကို ဟန်မူယဲ့က သိနေသည်။

ထိုလူများ၏ဝိညာဉ်သည် ချီစွမ်းအင်နှင့် အင်မော်တယ်စွမ်းအင်၏ ရောယှက်မှုကြောင့် အသိစိတ် ပျောက်ဆုံးသွားကြသည်။ အဆုံးတွင် အင်မော်တယ်ကမ္ဘာ၏ လူများက သူတို့ကို အသုံးပြု၍ အင်မော်တယ်လက်နက်များကို ဖန်တီးလိုက်ကြသည်။

အင်မော်တယ်ကမ္ဘာမှ လူများ၏အမြင်တွင် အင်မော်တယ်အသွင်ပြောင်းရေကန်ကို မဖြတ်ကျော်နိုင်သောလူများက သူတို့နှင့် မသက်ဆိုင်ကြပေ။

သူတို့က ကုန်ကြမ်းပစ္စည်းများသာ ဖြစ်ကြသည်။

ထို့ကြောင့် နတ်ဘုရားဧကရာဇ်က ဤလောကတွင်ရှိသော သက်ရှိများအားလုံးကို အထင်သေးသည်။

အင်မော်တယ်အသွင်ပြောင်းရေကန်ကို မဖြတ်ကျော်ရသေးလျှင် တူညီသောမျိုးနွယ် မဟုတ်ပေ။

ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်အသွင်ပြောင်းရေကန်တွင် နှစ်တစ်ထောင်နေပြီး အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်နိုင်ခဲ့လျှင် လူသားလောကနှင့်ပတ်သတ်၍ အတွေးမရှိတော့ပေ။

အင်မော်တယ်ကမ္ဘာ၏ နှစ်တစ်ထောင်သည် လူသားလောက၏ နှစ်တစ်သိန်း ဖြစ်သည်။ သူတို့ဂရုစိုက်သော လူများသည် ပျောက်ကွယ်မသွားလျှင် အင်မော်တယ်အသွင်ပြောင်းရေကန်သို့ ရောက်လာကြလိမ့်မည်။

ထို့ကြောင့် သူတို့က လူသားလောကသို့ ပြန်မလာကြတော့ပေ။

ပြန်လာရန်လည်း မလိုအပ်ပေ။

ထို့အပြင် သူတို့က လူသားလောကသို့ ပြန်လာခဲ့လျှင် အင်မော်တယ်အသွင်ပြောင်းခြင်း မလုံလောက်သောကြောင့်ဟု အထင်ခံရလိမ့်မည်။ ထို့ကြောင့် အင်မော်တယ်ကမ္ဘာ၏ သစ္စာဖောက်တစ်ယောက်အဖြစ် သတ်မှတ်ခံရမည်။

မြင်ကွင်းများသည် ဟန်မူယဲ့၏စိတ်ထဲတွင် ပြောင်းလဲသွားကြပြီး ခမ်းနားသော လောကတစ်ခုကို ဖော်ပြလိုက်သည်။

ထိုလောကသည် လူသားလောကထက် အဆပေါင်းထောင်ချီ၍ ရက်စက်သည်။

ဟန်မူယဲ့၏ လက်ထိပ်များက တုန်ခါနေကြသည်။ သူက လှံရိုးကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။

“ကျွန်တော်က ဒီလှံကိုဆွဲထုတ်ဖို့ မတတ်နိုင်တာ နှမြောစရာပဲ”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

သူ့စကားကို ကြားရသောအခါတွင် သစ်သားနတ်ဘုရားက နောင်တရသွားပုံပေါ်သည်။

“ထားလိုက်ပါတော့။ ဒီလှံက အားကောင်းတာကို ငါသိတယ်”

သစ်သားနတ်ဘုရားက ‌ခေါင်းမော့ကြည့်ပြီး ပြောသည်။

“ဆည်က ဖရိုဖရဲဖြစ်လာရင် သီးသန့်နေထိုင်ဖို့အတွက် ငြိမ်းချမ်းတဲ့နေရာတစ်ခုကို ရှာရတော့မယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို လျင်မြန်စွာဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“အကြီးအကဲ၊ မစိုးရိမ်ပါနဲ့။ ကျွန်တော်က နောက်ကျရင် မနှောင့်ယှက်တော့ပါဘူး”

သူက လှံရှည်ကို ကြည့်လိုက်ပြီး ညင်သာစွာ ဆက်ပြောသည်။

“အကြီးအကဲက ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်ဖို့ မျှော်လင့်ပါတယ်”

ဟန်မူယဲ့က ခန်းဆောင်ထဲမှ ထွက်လာသောအခါ တံခါးဝတွင်ရှိနေသော မူရွှယ်နှင့် ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားတို့က သူ့ကို ကြည့်လိုက်ကြသည်။

ဟန်မူယဲ့က စကားမပြောဘဲ လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့သည်။

မိုင်သုံးသောင်းအကွာသို့ ရောက်လာသောအခါတွင် သူ့မျက်နှာထားက ဖြည်းဖြည်းချင်း လေးနက်သွားသည်။

သူက လှံရှည်ကို ဆွဲမထုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဆွဲထုတ်ရန် မလိုအပ်ပေ။

သစ်သားနတ်ဘုရားသည် လှံရှည်ကို သန့်စင်ထားခဲ့သည်။

ရှေးခေတ်အချိန်မှ ဆင်းသက်လာပြီး နတ်ဘုရားဘုရင်များထက် ပိုမိုသန်မာသော ထိုမဟာပုဂ္ဂိုလ်ကြီးသည် သူတွေးထားသကဲ့သို့ အပြင်းအထန် ဒဏ်ရာမရပေ။

ရွှေရောင်လှံမှတစ်ဆင့် အင်မော်တယ်ကမ္ဘာ၏ ထျဲဝူချင်းနှင့် ဆက်သွယ်နေသော သစ်သားနတ်ဘုရားကို မြင်ခဲ့ရသည်။

သူတို့နှစ်ယောက်သည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ရန်အတွက် အချိန်အတော်ကြာအောင် စီစဉ်ခဲ့ကြသည်။

သစ်သားနတ်ဘုရားသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ရာတွင် ပါဝင်ပတ်သတ်နေသည်။

သို့သော် သစ်သားနတ်ဘုရားက အင်မော်တယ်ရင်းမြစ်ကမ္ဘာနှင့် မည်သို့ ဆက်သွယ်ခဲ့သနည်း။ ထိုအချက်ကို ဟန်မူယဲ့က မသိခဲ့ပေ။

‘သူ့မှာ တခြားနာမည်တစ်ခု ရှိနေတာလား’

‘ဒီလူအိုကြီးတွေက တကယ်ကြောက်ဖို့ကောင်းတာပဲ’

ဟန်မူယဲ့က အမြင့်သို့ရောက်လေ အေးစက်မှုကို ခံစားရလေ ဖြစ်သည်။

သစ်သားနတ်ဘုရားပြောခဲ့သည့်အတိုင်း လောကတွင် အရှုပ်ထွေးဆုံးအရာသည် နှလုံးသား ဖြစ်သည်။

ယခင်က သစ်သားနတ်ဘုရားသည် နတ်ဘုရားခုံရုံးကို ကိုယ်တိုင်ဖျက်ဆီးပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ခဲ့သည်။

သို့သော် ယခုအချိန်တွင် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ချင်နေသည်။

သူက ထိုသို့တွေးလိုက်ပြီး ရပ်တန့်သွားသည်။

အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ရန်အတွက် သောင်းချီသောသက်ရှိများကို စတေးရမည်။

‘အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ခဲ့တုန်းကရော ဘယ်လိုလဲ’

‘ဘယ်လိုတန်ဖိုးမျိုးကို ပေးခဲ့ရတာလဲ’

‘ဘာဖြစ်လို့ ဘယ်သူမှ မပြောကြတာလဲ’

‘ဘယ်လိုလျှို့ဝှက်ချက်မျိုးကို ဖုံးကွယ်ထားတာလဲ’

အပြာရောင်ဝတ်စုံနှင့် ကျူးချွီအန်းသည် သူ့ရှေ့တွင် ရပ်နေသည်။

ရွှေဝံပုလွေများက သူ့ကို ဖြည်းဖြည်းချင်း ဝိုင်းရံလိုက်ကြသည်။

ဟန်မူယဲ့က သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်သည်။

“သခင်က မင်းနဲ့ တွေ့ချင်နေတယ်”

ကျူးချွီအန်းက အထင်သေး‌သောမျက်နှာထားဖြင့် ပြောလိုက်သည်။

ထို့နောက် လှည့်ထွက်သွားသည်။

ရွှေဝံပုလွေများကလည်း နောက်မှ လိုက်လာသည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် အမီလိုက်လာသည်။

ဆည်ထဲတွင် နတ်အာရုံကို မသုံးနိုင်ပေ။ ရုပ်ခန္ဓာစွမ်းအားနှင့် သွေးချီကိုသာ သုံးနိုင်သည်။

ထို့အပြင် ထူးခြားသော မိုးကြိုးစွမ်းအားနှင့် အင်မော်တယ်စွမ်းအင်ကိုလည်း သုံးနိုင်ကြသည်။

မိုးကြိုးစွမ်းအားသည် ရှားပါးသည်။ အဖိုးတန်သော အင်မော်တယ်ချီကိုတော့ မည်သူကမှ ဖြုန်းတီးမည်မဟုတ်ပေ။

All Chapters