← Chapters

အခန်း (၇၃၂)

Vol. 53 Ch. 732

အခန်း (၇၃၂)

Vol. 53 Ch. 732

သူက ထိုဓားကို အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်တွင်လည်း မြင်ခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အံ့ဖွယ်နေမင်း ကိုယ်ရံတော်များ အားလုံးသည် ထိုဓားမျိုးကို ကိုင်ဆောင်ကြသည်။

ဓားပေါ်တွင်ရှိနေသော ဝိညာဉ်အင်းကွက်များကို အမတ်ချုပ်ကြီးဝမ်က ကိုယ်တိုင်ရေးဆွဲခဲ့ပြီး လူတစ်ယောက်၏ နှလုံးသားကို သန့်စင်နိုင်သည်။

သို့မဟုတ် လူတစ်ယောက်ကို ရှာဖွေရန်လည်း ဖြစ်နိုင်သည်။

ဟန်မူယဲ့က ဓားကို ယူလိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ။ ကျွန်တော်က အကောင်းဆုံးကြိုးစားပြီး အိမ်ရှေ့စံမင်းသားကို ရှာမယ်။ ပြီးရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ခေါ်သွားမယ်”

မှူးမတ်ကျန့်ယွမ်က ခပ်ဟဟရယ်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

“ငါတို့အားလုံးက အသက်ကြီးနေပြီ။ ဒီလောကကြီးက မင်းတို့အတွက်ပါပဲ”

“တကယ်လို့ နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်နိုင်ရင် မင်းက စောင့်ရှောက်ပေးတဲ့အတွက် အကျိုးကျေးဇူး ရပါလိမ့်မယ်”

ဟန်မူယဲ့က ထိုအကျိုးကျေးဇူးကို ဂရုမစိုက်ပေ။

သို့သော် အိမ်ရှေ့စံမင်းသားက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကယ်တင်ပြီး တာအိုပြိုင်ပွဲတွင် အနိုင်ရရန် ကူညီပေးနိုင်လျှင် အဆင်ပြေသည်။

ဟန်မူယဲ့က ထွက်သွားသောအခါတွင် မှူးမတ်ကျန့်ယွမ်၏အပြုံးက ပျောက်ကွယ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“နားထောင်။ အခုအချိန်ကစပြီး မင်းရဲ့ အတွေးနဲ့ စွမ်းအင်တွေအားလုံးကို သူ့အတွက် အသုံးချရမယ်”

သူ့ခြေထောက်အောက်တွင် ရှိနေသော အစိမ်းရောင်တောင်တန်းသည် တုံ့ပြန်မှုပေးနေသည့်အလား တုန်ခါသွားခဲ့သည်။

ဟန်မူယဲ့က တောင်တန်းနှင့် မိုင်ထောင်ချီအကွာသို့ ရောက်လာသောအခါ နှလုံးသားထဲတွင် ‌လေးလံမှုတစ်ခုကို ခံစားရသည်။

သူက မှူးမတ်ကျန့်ယွမ်၏စကားကို အပြည့်အဝ မယုံနိုင်ပေ။

‘မှူးမတ်ကျန့်ယွမ်က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ဖို့အတွက် အိမ်ရှေ့စံမင်းသားကို ရှာနေတာလား။ ဒါမှမဟုတ် တာအိုပြိုင်ပွဲမှာ စတေးပစ်ချင်တာလား’

သူက လက်မြှောက်လိုက်သည်။ အနက်ရောင်ဓားသည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။

အံ့ဖွယ်နေမင်းဓား ....

သူလိုအပ်သောအဖြေသည် ဓားထဲတွင် ရှိနေလိမ့်မည်။

ဟန်မူယဲ့က နတ်အာရုံကို မသုံးဘဲ ဓားချီများကို တိုက်ရိုက် ထည့်သွင်းလိုက်သည်။

အကယ်၍ မှူးမတ်ကျန့်ယွမ်တွင် တခြားရည်ရွယ်ချက်များ ရှိနေခဲ့လျှင် ဓားကို တစ်ခုခု လုပ်ထားလိမ့်မည်။ ဓားထဲတွင် ထောင်ချောက်ရှိနေပြီး ဟန်မူယဲ့က နတ်အာရုံဖြင့် အာရုံခံကြည့်လိုက်လျှင် အရေးနိမ့်သွားလိမ့်မည်။

သူက ဓားချီ၏ ဆုံးရှုံးမှုကို လျစ်လျူရှုထားနိုင်သည်။

ဓားချီများက ဓားထဲသို့ ဝင်သွားသောအခါတွင် ဟန်မူယဲ့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားခဲ့သည်။

ဤဓားသည် အင်မော်တယ်ရတနာ ဖြစ်သည်။

ဓားကို အံ့ဖွယ်နေမင်းရွှေ ခြင်ဆီ ပေါင်တစ်သိန်းကျော်ဖြင့် ပြုလုပ်ထားသည်။

ထိုဓားကို ဤလောကထဲတွင် သန့်စင်ခဲ့သော်လည်း အင်မော်တယ်နည်းစနစ်များကို အသုံးပြုထားသည်။ ထို့အပြင် အင်မော်တယ်ကမ္ဘာမှ နတ်ဘုရားဧကရာဇ်ယူလာသော ဝိညာဉ်သတ္တုများကိုလည်း အသုံးပြုထားသေးသည်။

နတ်ဘုရားဧကရာဇ်က ဤဓားကို ကိုယ်ပိုင်အသုံးပြုရန်အတွက် ဖန်တီးခဲ့သည်။

သို့သော် သူက ဓားကို နတ်ဘုရားခုံရုံးတွင် တစ်ချိန်လုံး သိမ်းထားခဲ့သည်။

နောက်ပိုင်းတွင် နတ်ဘုရားခုံရုံးက ပျက်စီးသွားပြီး မှူးမတ်ကျန့်ယွမ်က ဓားကို ယူသွားခဲ့သည်။

ဓားက အမြဲတမ်း ဆည်ထဲတွင် ရှိနေခဲ့သည်။

‘လျှို့ဝှက်ချက်မရှိဘူးလား’

ဟန်မူယဲ့က ပြုံးသည်။

လျှို့ဝှက်ချက် မရှိခြင်းသည် အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။

ရှေးခေတ်ပုဂ္ဂိုလ်များသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်ကြသည်။ ဓား၏မှတ်ဉာဏ်ကို ပြောင်းလဲပစ်ရန် အလွန်လွယ်ကူသည်။

သို့သော် အရိပ်အယောင် ကျန်နေလိမ့်မည်။

ထိုအရိပ်အယောင်များကို တခြားလူများက မမြင်နိုင်သော်လည်း ဟန်မူယဲ့က အကြည့်တစ်ချက်ဖြင့် မြင်နိုင်သည်။

သူ၏ နားလည်နိုင်စွမ်းကို အသုံးချ၍ သေချာစစ်ဆေးကြည့်လိုက်လျှင် ထူးခြားမှုကို ထွင်းဖောက်မြင်နိုင်လိမ့်မည်။

ဟန်မူယဲ့က ဆည်ထဲတွင် ပြေးလွှားနေပြီး ဓား၏ ပြောင်းလဲထားသောမြင်ကွင်းကို ဆက်တိုက် လေ့လာနေခဲ့သည်။ ဓားချီကို ဓားဆန္ဒအဖြစ် ပြောင်းလဲပြီး အင်မော်တယ်ချီတချို့နှင့် ဓားထဲသို့ ထည့်သွင်းလိုက်သည်။

“ဝီ”

အသံတစ်သံနှင့်အတူ ဓား၏ မြင်ကွင်းများသည် အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။

“အရှင်မင်းကြီး၊ မြန်မြန်ထွက်သွားပါတော့။ သစ္စာ‌ဖောက်တွေက နတ်ဘုရားနန်းတော်ထဲကို ကျူးကျော်လာပါပြီ”

ခန်းဆောင်အတွင်း၌ အော်ဟစ်သံကို ကြားနိုင်သည်။

“ဟမ်၊ ထွက်သွားရမှာလား”

“ငါက နတ်ဘုရားဧကရာဇ်ပဲ။ ငါက ဘယ်လိုလုပ်ပြီး နတ်ဘုရားခုံရုံးကို စွန့်ပစ်ရမှာလဲ”

ထိုအသံသည် နက်ရှိုင်းနေပြီး ဝမ်းနည်းမှုနှင့် အထီးကျန်မှုကို သယ်ဆောင်ထားသည်။

သူက ထိုပုံရိပ်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း နတ်ဘုရားဧကရာဇ်ဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။

“တုချွမ်၊ မင်းကို ယုံလို့ရလား”

ခန်းဆောင်ထဲတွင် အသံတစ်သံကို ကြားနိုင်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ အသက်စွန့်နိုင်ပါတယ်”

မှူးမတ်ကျန့်ယွမ်၏အသံက ဝမ်းနည်းမှုနှင့်အတူ ပြတ်သားနေသည်။

“ကောင်းတယ်။ မင်းက အိမ်ရှေ့စံမင်းသားကို ကာကွယ်ပြီး ငါ့ဦးလေးဆီကို သွားလိုက်ပါ။ ငါသေသွားရင် အိမ်ရှေ့စံမင်းသားကို နန်းတင်ပေးပြီး နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရမယ်”

အဝါရောင်ဝတ်စုံနှင့် ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးတစ်ယောက်ကို အနက်ရောင်ချပ်ဝတ်နှင့် မှူးမတ်ကျန့်ယွမ်ဆီသို့ ပေးလိုက်သည်။ အံ့ဖွယ်နေမင်းဓားသည် ကလေး၏လည်ပင်းတွင် ရှိနေသည်။

မှူးမတ်ကျန့်ယွမ်က အစောင့်တပ်ဖွဲ့ကို ဦးဆောင်၍ နတ်ဘုရားနန်းတော်မှ ထွက်လာခဲ့သည်။ သူက ပတ်ဝန်းကျင်တွင် အပြင်းအထန်တိုက်ခိုက်ပြီး ထွက်ပြေးနိုင်ခဲ့သည်။

သို့သော် နတ်ဘုရားနန်းတော်မှ ထွက်လာပြီး သိပ်မကြာခင် အဆုံးမရှိသောလောသည် ဆည်တစ်ခုအဖြစ် ‌ပြောင်းလဲသွားခဲ့သည်။ သူကလည်း သက်ရောက်ခံလိုက်ရသည်။

အိမ်ရှေ့စံမင်းသားသည် သူနှင့် ကွဲကွာသွားပြီး အံ့ဖွယ်နေမင်းဓားသာ ကျန်နေခဲ့သည်။

သူက နှစ်တစ်လျှောက်တွင် တပ်ဖွဲ့များကို စေလွှတ်၍ အိမ်ရှေ့စံမင်းသားကို ရှာဖွေစေခဲ့သည်။ သို့သော် ရှာမတွေ့ခဲ့ပေ။

သူ၏ ကိုယ်ပွားကပင် မရှာနိုင်ခဲ့ပေ။

တုချွမ်က ဆည်ထဲတွင် အမျိုးမျိုးသော ဝင်္ကပါများကို တည်ဆောက်ထားပြီး အိမ်ရှေ့စံမင်းသား ပြန်လာမည့်အချိန်ကို စောင့်နေသည်။

သူက အလွန်သန်မာပြီး အလိုရှိလျှင် ရှေးခေတ်သားရဲအမျိုးမျိုးနှင့် ကျွမ်းကျင်သူများကို ဆင့်ခေါ်နိုင်သည်။

သူက လက်ထဲတွင်ရှိနေသော အင်အားကို တခြားလူများ မမြင်စေချင်သောကြောင့် ဓား၏မှတ်ဉာဏ်ကို ပြောင်းလဲခဲ့သည်။

အရာအားလုံးသည် ရှင်းလင်းသွားသည်။

ပြီးပြည့်စုံလုနီးပါး ဖြစ်သည်။

“နတ်ဘုရားသားရဲကြောင့်သာမဟုတ်ရင် ငါက ယုံမိလိမ့်မယ်”

ဟန်မူယဲ့က ခေါင်းခါပြီး မြင်ကွင်းများအားလုံးကို ပျောက်ကွယ်သွားစေသည်။

သူက ဓား၏မှတ်ဉာဏ်များကို ပြောင်းလဲနိုင်သော နည်းစနစ်နှင့် ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့လိုက်ရသည်။

နတ်ဘုရားနားဆင်ခြင်း နည်းစနစ်သည် ဝိညာဉ်နှင့်စိတ်ကို နားထောင်နိုင်သည်။

ဟန်မူယဲ့မြင်ခဲ့သော မြင်ကွင်းများကို နတ်ဘုရားနားဆင်ခြင်းနည်းစနစ်ဖြင့် ပြောင်းလဲထားခဲ့သည်။

တချို့အရာများကို အမြင်အာရုံသက်သက်ဖြင့် ကောက်ချက်ချရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က မြင်ကွင်းများ၏အလွန်တွင် ရှိနေသော မြူခိုးကို ဖယ်ရှားပြီး အရာအားလုံးကို မြင်နိုင်ခဲ့သည်။

အံ့ဖွယ်နေမင်းဓားသည် အမှန်တကယ်ပင် လူတစ်ယောက်ကို ရှာဖွေနိုင်သည်။

နတ်ဘုရားခုံရုံး၏ အိမ်ရှေ့စံသည် အသက်ရှင်နေလိမ့်မည်။

အိမ်ရှေ့စံကို ရှာနိုင်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက ချောင်ရီ၏ စစ်တပ်ကို အသုံးချနိုင်လိမ့်မည်။

သို့သော် မှူးမတ်ကျန့်ယွမ်ဖြစ်သော တုချွမ်နှင့် တော်ဝင်မိသားစု၏ ချောင်ရီတွင် ကိုယ်ပိုင်လိုအပ်ချက်များ ရှိနေကြလိမ့်မည်။

ထိုလိုအပ်ချက်သည် ဟန်မူယဲ့နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာတို့ လိုအပ်သောအရာနှင့် ဆန့်ကျင်နေလိမ့်မည်။ ထိုသို့မဟုတ်လျှင် ဓား၏မှတ်ဉာဏ်ကို ပြောင်းလဲရန် မလိုအပ်ပေ။

သူတို့က ရန်သူများ မဟုတ်လျှင်ပင် မိတ်ဆွေများ ဖြစ်မလာနိုင်ပေ။

ဟန်မူယဲ့က လေးနက်သော မျက်နှာထားဖြင့် ရှေ့သို့ ကြည့်လိုက်သည်။

သူက မဟာမိတ်များလေ သတင်းများကို ပိုသိလာရလေ ဖြစ်သည်။ ထို့အပြင် ဖိအားလည်း ပိုကြီးလာသည်။

ရှေးခေတ်ကျင့်ကြံသူများ၏ လှည့်ကွက်များ၊ အင်အားစုအမျိုးမျိုး၏ အစီအစဉ်များ ....

ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် သူသည် ရေလိုက်ငါးလိုက်သာ နေနိုင်ကြသည်။

သူက ကိုယ်ပိုင်ဦးတည်ချက်ကို မထိန်းချုပ်နိုင်ပေ။

ရှေ့တွင် ဆည်၏အဆုံးသတ်ကို မြင်နေရသည်။

ရှေးတိမ်တိုက်စကြဝဠာသည် တစ်ဖက်တွင် ရှိနေသည်။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆည်ထဲမှ ထွက်လာသည်။

သူက ပိုက်ကွန်ထဲတွင် ပိတ်မိနေလျှင် အစွမ်းကုန်သုံး၍ ရုန်းထွက်ရမည်။

“ဘုန်း”

အာကာသထဲတွင် ပေါက်ကွဲသံကို ကြားနိုင်သည်။

ဟန်မူယဲ့က မရပ်တန့်ဘဲ လဝက်အချိန်ယူ၍ ချီယန်ဓားဂိုဏ်းသို့ ရောက်လာသည်။

နတ်ဘုရားဘုရင်ချီယန်က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“တာအိုပြိုင်ပွဲမှာ တစ်ခုခုဖြစ်သွားတာလား”

ဟန်မူယဲ့က ရှေးတိမ်တိုက်စကြဝဠာမှ ထွက်လာ‌သောအခါတွင် နတ်ဘုရားဘုရင်ချီယန်၏ ချီယန်ဓားဂိုဏ်းနှင့် သဘာတူညီချက်များ ဆောင်ရွက်ခဲ့သည်။

လွန်ခဲ့သောနှစ်များတွင် ချီယန်ဓားဂိုဏ်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် သန်းချီသော ဓားများကို ထောက်ပံ့ပေးခဲ့သည်။

ဟန်မူယဲ့ချန်ထားခဲ့သော သစ်သားရုပ်သေးများ၏ ဆေးလုံးကြောင့် ချီယန်ဓားဂိုဏ်းကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အတော်လေး ကောင်းမွန်သည်။

ဟန်မူယဲ့က အချိန်ဖြုန်းဘဲ အံ့ဖွယ်နေမင်းဓားကို ထုတ်ယူသည်။

“ဝမ်မော့ရှန်ရဲ့ အံ့ဖွယ်နေမင်းဓားလား”

နတ်ဘုရားဘုရင် ချီယန်က ဓားကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။

သူက ဓားကို ယူကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“ဒီဓားက ဝမ်မော့ရှန်နဲ့ မဆိုင်ဘူး”

“အင်မော်တယ်ရတနာဓားကို နတ်ဘုရားခုံရုံးကပဲ ပိုင်ဆိုင်လိမ့်မယ်”

နတ်ဘုရားဘုရင် ချီယန်၏ မျက်နှာထားက လေးနက်နေသည်။

“ဝမ်မော့ရှန်မှာလည်း အံ့ဖွယ်နေမင်းဓား ရှိနေတယ်ဆိုရင် နတ်ဘုရားခုံရုံးနဲ့ သက်ဆိုင်နေလိမ့်မယ်”

သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မင်းရဲ့ အဓိကခန္ဓာကိုယ်က တာအိုပြိုင်ပွဲကနေ ထွက်လာနိုင်လား”

“ထွက်လာနိုင်ရင် အဲဒီအရှုပ်အထွေးကို ထားပစ်ခဲ့ဖို့ ငါပြောချင်တယ်”

ဝမ်မော့ရှန်က နတ်ဘုရားခုံရုံး၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလျှင် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးကလည်း နတ်ဘုရားခုံရုံးနှင့် သက်ဆိုင်နေလိမ့်မည်။

ဆည်ဖြစ်စေ ရှေးတိမ်တိုက်စကြဝဠာဖြစ်စေ အဆုံးတွင် ရှေးခေတ်နတ်ဘုရားခုံးရုံးမှ အင်အားစုများ၏ ယှဉ်ပြိုင်မှု ဖြစ်သည်။

ဟန်မူယဲ့က အပြင်လူတစ်ယောက်ဖြစ်သောကြောင့် ဝင်မပါချင်လျှင် ရသည်။

အကယ်၍ ဟန်မူယဲ့က မူလဝိညာဉ်ဓားကို မပိုင်ဆိုင်ခဲ့လျှင် စတေးခံလိုက်ရသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ မရေမတွက်နိုင်သည့် သက်ရှိများကို ထိုင်ကြည့်နေနိုင်သည်။

သို့သော် သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

နှလုံးသားထဲတွင် ဓားရှိနေသောကြောင့် နောက်ပြန်လှည့်မည် မဟုတ်ပေ။

သူက ထွက်မသွားနိုင်ပေ။

ထို့အပြင် ယခုအချိန်တွင် မည်သို့ ထွက်သွားနိုင်မည်နည်။

လွန်ခဲ့သောနှစ်များတွင် ဓားဘုရင်ယွမ်ထျန်းက ကောင်းကင်၏ဆန္ဒနှင့် အလွန်အကျွံ မပတ်သက်ရန် သတိပေးခဲ့သည်။

သို့သော် အဆုံးတွင် သူက မလွတ်မြောက်နိုင်ခဲ့ပေ။

ဓားဘုရင်ယွမ်ထျန်းကလည်း လွတ်မြောက်နေသည်ဟု သေချာပေါက် မပြောနိုင်ပေ။

“အကြီးအကဲ၊ ကျွန်တော်တို့က ကစားပွဲထဲမှာ ရောက်နေပြီဆိုမှတော့ ဘယ်လိုလုပ်ပြီး အလျော့ပေးရမှာလဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

နတ်ဘုရားဘုရင် ချီယန်က သက်ပြင်းချလိုက်သည်။

ထွက်သွားလျှင် ဒုက္ခခံနေရန် မလိုတော့ပေ။ သို့သော် ဆက်နေလျှင် အကျိုးအမြတ် ရှိသည်။

တာအိုပြိုင်ပွဲ၏ ကမ္ဘာတုန်လောက်သော အကျိုးအမြတ်နှင့် မရေမတွက်နိုင်သော တခြားအခွင့်အရေးများကို လူတိုင်းက မနာလိုဖြစ်ကြသည်။

တာအိုပြိုင်ပွဲမရှိလျှင် ရတနာတိုက်သုံးခုကို ဖွင့်လှစ်ရန် မဖြစ်နိုင်ပေ။

တာအိုပြိုင်ပွဲမရှိလျှင် ကျွမ်းကျင်သူများက စုဝေးလာကြမည်မဟုတ်ပေ။

တာအိုပြိုင်ပွဲမရှိလျှင် ရှေးတိမ်တိုက်စကြဝဠာ၏ ဆေးပင်ဥယျာဉ်များကိုလည်း ရှာတွေ့မည်မဟုတ်ပေ။

“မင်းကို ကူညီပေးနိုင်တာ ရှိမလား”

နတ်ဘုရားဘုရင် ချီယန်က ညင်သာစွာ မေးလိုက်သည်။

သူက တာအိုပြိုင်ပွဲတွင် ကိုယ်တိုင်ဝင်ပါမည် မဟုတ်သော်လည်း ဟန်မူယဲ့ကို ကူညီပေးနိုင်သည်။

ထိုသို့ဖြင့် အခွင့်အရေးတချို့ကို ငှားယူပြီး တာအိုပြိုင်ပွဲမှ အကျိုးအမြတ် ရနိုင်သည်။

“အကြီးအကဲ၊ ကျွန်တော်က ဆေးပင်ဥယျာဉ် ဆယ်ခုကျော်ကို ထပ်ဖွင့်ဖို့ စီစဉ်နေတယ်”

ဟန်မူယဲ့၏စကားကြောင့် နတ်ဘုရားဘုရင် ချီယန်က ကြောင်အသွားခဲ့သည်။

ခဏအကြာတွင် သူက ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။

“မင်းရဲ့အပြုအမူတွေကို ငါက တကယ် မခန့်မှန်းနိုင်ဘူးပဲ”

ယခင်က ဆေးပင်ဥယျာဉ်တစ်ခုကို ခွဲယူလိုက်သောအခါတွင် ရှေးတိမ်တိုက်စကြဝဠာ၏ အာခီမီလမ်းစဉ်က ပြောင်းလဲသွားခဲ့သည်။ ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းတချို့ကလည်း ပြောင်းလဲသွားခဲ့သည်။

အကယ်၍ နောက်ထပ် ဆေးပင်ဥယျာဉ်ဆယ်ခုကို ဖွင့်လိုက်မည်ဆိုလျှင် ရှေးတိမ်တိုက်စကြဝဠာတစ်ခုလုံးကို လှုပ်ရှားသွားစေလိမ့်မည်။

နောက်ကွယ်တွင် ပုန်းအောင်းနေကြသော ကျွမ်းကျင်သူများကပင် တည်ငြိမ်စွာ နေနိုင်တော့မည်မဟုတ်ပေ။

“ကောင်းပြီ။ မင်းကို ကူညီပေးမယ်”

နတ်ဘုရားဘုရင် ချီယန်က နတ်ဘုရားဘုရင်တစ်ပါး ဖြစ်သည်။ သူက ရှေးတိမ်တိုက်စကြဝဠာ၏ သန်မာသူတစ်ဦး ဖြစ်သည်။

သူက လှုပ်ရှားလိုက်လျှင် ဟန်မူယဲ့၏ ဖိအားတချို့ကို လျော့ချပေးနိုင်လိမ့်မည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဦးညွတ်သည်။

နှစ်ဖက်လုံး အကျိုးအမြတ် ရှိသည်။

နတ်ဘုရားဘုရင် ချီယန်က အလကားလုပ်ပေးလိမ့်မည် မဟုတ်ပေ။

“ဟားဟား၊ သွားကြစို့”

နတ်ဘုရားဘုရင်ချီယန်က ကျယ်လောင်စွာရယ်လိုက်ပြီး အံ့ဖွယ်နေမင်းဓားကို ဟန်မူယဲ့ဆီသို့ ပြန်ပေး၍ ပျံသန်းသွားသည်။

All Chapters