ခရာတို
Vol. 20 Ch. 269
လွန်ခဲ့သည့် တစ်နာရီခန့်ကို ပြန်သွားရလျှင်...
ဝေ့ဝူယင်သည်လည်း အခြား ပြိုင်ပွဲဝင်များ ကဲ့သို့ပင် ကျွင်းနာဂြိုဟ်၏ နေရာတစ်ခုကို ကျပန်း ပို့လွှတ် ခံခဲ့ရသည်။ မြေပြင်သို့ ရောက်သည်နှင့် သူသည် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်ရှုခဲ့သည်။ သားရဲအချို့မှ လွဲ၍ သူ ဘာကိုမှ မတွေ့ခဲ့...။
အခြားလူများနှင့် ခြားနားစွာပင် သူ၏ ဝိညာဥ်အာရုံမှာ ကြယ်တာရာ ဝိညာဥ် လေးခု၏ ပံ့ပိုးမှုများကို ရရှိထားသည့် အပြင် စိတ်၊ ရုပ်၊ အမတေ စွမ်းအားများဖြင့် အကြိမ်ကြိမ် သန့်စင်ခြင်း ခံထားရရာ အလွန် အစွမ်းထက်သည်။ မိုင်ပေါင်း ထောင်ချီကိုပင် သူ အလွယ်တကူ ကြည့်ရှုနိုင်စွမ်း ရှိပေသည်။
“အရင်ဆုံး ကျွင်းနာဂြိုဟ်စောင့်ကြည့်ခြင်း ဝင်္ကပါရဲ့ ထောက်လှမ်းမှုကို ကာကွယ်ဖို့ ဝင်္ကပါ တစ်ခု တည်ဆောက်သင့်တယ်”
ဝေ့ဝူယင် တွေးလိုက်မိ၏။ အနီးအနားတွင် သားရဲ ဒါဇင် ဂဏန်းခန့် ရှိနေသော်လည်း ထိုသတ္တဝါများမှာ သူနှင့် ယှဥ်လျှင် အလွန် အားနည်းလွန်းသည်။ သူတို့နှင့် အချိန်ဖြုန်းရန် ဝေ့ဝူယင် စိတ်မဝင်စားချေ။
ဝှစ်... ဝှစ်...
သူ ကောင်းကင်သို့ ပျံတက်ရင်း ယာယီအခြေစိုက် စခန်း ချရန် သင့်တော်မည့် နေရာကို လိုက်ရှာလိုက်နေခဲ့သည်။ ဆေးအချို့ ဖော်စပ်ရင်း လေးလဆိုသော အချိန်ကို ဖြတ်ကျော်ရန် သူ စဥ်းစားထားသည်။
စုမေ့၏ ကြယ်တာရာ ကပ်ဘေး မတော်တဆမှု အပြီးတွင် သူ ပြန်ကောင်းရန် အတော်လေး အားထုတ် ခဲ့ရသည်။ လျှို့ဝှက် ဆန်းကြယ်သည့် အင်အားသည် သူ၏ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ သည့် အပြင် အသိစိတ်ပင်လယ်နှင့် ဆဲများကိုပါ ကြီးမားစွာ ထိခိုက်စေခဲ့သည်။ အဂ္ဂိရတ် လမ်းစဥ် ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ပါက သူ၏ ပြန်လည် ကုစားမှုမှာ ပိုမို ရှည်လျားကာ ခက်ခဲလိမ့်မည် ဖြစ်သည်။
လျှို့ဝှက် ဆန်းကြယ်သော အင်အားမှာမူ အဖြေမထုတ်နိုင်သည့် ပဟေဠိ ပုစ္ဆာ တစ်ပုဒ် အဖြစ် ဝေ့ဝူယင်စိတ်ထဲ၌ ကျန်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း လုံလောက်သည့် ကျင့်ကြံခြင်း အဆင့် တစ်ခုကို ရောက်သည်နှင့် ထိုပဟေဠိမှာ ရှင်းလင်း သွားလိမ့်မည်ဟု သူ ယုံကြည်ပေသည်။ ထို့အကြောင်းအား တွေးတောခြင်းက တမင်သက်သက် စိတ်စွမ်းအင်များကို ဖြန်းတီးခြင်းသာ ဖြစ်ပေသည်။
ဘာဖြစ်ဖြစ်... သူ ဧဒင်နှင့် ခရာတိုတို့ကို ကျေးဇူးတင်သည်။ သူတို့ကြောင့်သာလျှင် သူ မရဏပြည်ကို မမြန်းရသေးခြင်း ဖြစ်သည်။
“ဒါပေမဲ့ ငါ့ဒဏ္ဍာရီ အမှတ်အသားက ခုထိ အပြည့်အဝ ပြန်မကောင်းသေးဘူး”
ဝေ့ဝူယင် ပျံသန်းရင်း အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ သွေးမျိုးဆက် ရင်းမြစ်အရ ဒဏ္ဍာရီ သေမျိုး အမှတ်အသားမှာ ခရာတို၏ ဗဟိုခန္ဓာ ဖြစ်သည်။ သေချာမပြောတတ်သော်လည်း ထိုအမှတ်အသားက ခမ်းခြောက်နေတုန်းဟု သူ ခံစားရသည်။ ၎င်းနှင့် ပတ်သက်၍ ခရာတိုတွင်ပင် ဖြေရှင်းချက် မရှိချေ။ အာကာသ သလင်းကျောက်ကို စုပ်ယူပြီး သွေးမျိုးဆက်အား ပြောင်းလဲပြီးသည့် အချိန်မှ စ၍ သူ၏ လမ်းစဥ်မှာ ပြောင်းလဲ သွားခဲ့သည်။ အများသုံး အဆင့်မြင့် သွေးမျိုးဆက် ကုသရေး ဆေးပြားများပင်လျှင် ခရာတို အတွက် မတိုးတော့ချေ။
“ကြည့်ရတာ သူ ပြန်ကောင်းလာဖို့ အစစ်အမှန် နဂါး အမတေ သွေးစက်နဲ့ အာကာသ စွမ်းအားတွေ လိုအပ်တယ် ထင်တယ်”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ အစစ်အမှန် နဂါး အမတေ သွေးစက်များမှာ အလွန် ရှားပါးလှသော်လည်း ရစရာ လမ်းကြောင်းတော့ သူ့တွင် ရှိနေသေးဆဲ ဖြစ်သည်။ အန်နုအား တွေ့အောင် ရှာနိုင်ပါက နောက်ထပ် တစ်စက်ကို အသက်အင်အားများနှင့် လဲလှယ်နိုင်ပေလိမ့်မည်။
အာကာသ စွမ်းအား...
ထိုအတွက်မူ ဝေ့ဝူယင်တွင် ရရှိရန် အရိပ်အမြွက် မရှိချေ။ ကံကောင်းထောက်မပြီး နောက်ထပ် အာကာသ သလင်းကျောက်တုံး တစ်ခု ရှာဖွေ တွေ့ရှိဖို့ ထိုင်ပြီး ဆုတောင်း နေရုံသာ ရှိသည်။
ယခု သူ၏ အဖြစ်က မျောက်အုန်းသီး ရသလို ဖြစ်နေသည်။ အာကာသ အင်အားကို ပိုင်ဆိုင်ထားသော်လည်း အသုံးချ၍ကား မရ..။ နဂါးအသွင်ပြောင်းမှသာ ထိုစွမ်းအားက အသက်ဝင်လာမည် ဖြစ်သည်။ ခရာတိုကတော့ သူ အသုံးမဝင် ဖြစ်နေသည်ကို လက်ခံလိုပုံ မရကြောင်း ဝေ့ဝူယင် ခံစားရသည်။ အစစ်အမှန် နဂါးတစ်ကောင်၏ အမတေ သွေးစက်မှ ဆင်းသက်လာသူ အနေဖြင့် သည်ကြယ်တာရာ ဝိညာဥ်၏ မာန်မာနက သဘာဝကျကျ ထောင်လွှားလွန်းလှသည်။
ဘာပဲဖြစ်ဖြစ်... အဆိုးထဲက အကောင်း တစ်ခုကတော့ ဧဒင် အပြည်အဝ ပြန်လည် ကောင်းမွန်လာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူ ယခင်က ကဲ့သို့ ဆေးများကို ဖော်စပ်နိုင်ပေတော့မည်။
“တွေ့ပြီ...”
မကြာခင်မှာပင် ယာယီ အခြေစိုက် စခန်း တစ်ခု ချရန် သင့်တော်သည့် နေရာတစ်ခုကို ဝေ့ဝူယင် တွေ့ရှိလိုက်ရသည်။ သူ မြေပြင်သို့ ဆက်သက်ကာ လှပသော ရှုမျှော်ခင်းများ အကြား လေကို တဝကြီး ရှူသွင်းလိုက်၏။ ကျွင်းနာဂြိုဟ်ကား သက်ရှိသစ်ပင်တို့၏ ထုံမွှမ်းမှုနှင့် အတူ ခြေချနေထိုင်ရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။
“ဝေါင်း...”
ထိုအခိုက်တွင်ပင် တိုးလျသည့် ဟိန်းဟောက်သံ တစ်ခုမှာ သူ၏ နှလုံးသားဆီမှ ထွက်ပေါ်လာ၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
“ခရာတိုလား..”
သူ၏ အသံက နားမလည်နိုင်မှု သံသယတို့ဖြင့် ပြည့်နှက်နေသည်။
“ဝေါင်း...”
အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ရာ ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို နက်ရှိုင်းသွားသည်။ ထိုဟိန်းဟောက်သံက ခရာတို သွေးမျိုးဆက် ဖိအားကို တည်ဆောက်ရန် ကြိုးစားရာမှ ထွက်ပေါ်လာသည့် ရလဒ် တစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
“ခရာတို... ဒီအခြေအနေကြောင့် မင်း ဒေါသထွက်နေတယ် ဆိုတာ ငါနားလည်တယ်... ဒါပေမဲ့ အဲဒီလိုတော့ မလုပ်နဲ့လေ... မင်းတို့ သုံးယောက် သူ့ကို တားကြပါဦး”
ဝေ့ဝူယင် ကြယ်တာရာ ဝိညာဥ် သုံးခုကို အကူအညီတောင်းလိုက်သော်လည်း သူတို့က တိတ်ဆိတ်နေသည်။ ဤအခိုက်အတန့်၌ ဝေ့ဝူယင်သည် တိုက်ရိုက် ထိန်းချုပ်ထားခြင်း မရှိရာ သူတို့မှာ ပြုမူနေထိုင်နိုင်သည်။ ဝေ့ဝူယင် အကူအညီ ကင်းမဲ့စွာ ပြုံးလိုက်မိ၏။
ဘုန်း...
ထိုအခိုက်တွင်ပင် သူ၏ ရင်ဘတ်ဆီမှ ပုံသဏ္ဌာန်မဲ့ သွေးမျိုးဆက် စွမ်းအား တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းက အနီးအနားရှိ သစ်တော တစ်ခုလုံးကို ဖြန့်ကျက် ပျံ့နှံ့သွားကာ မောက်မာစွာ ဟိန်းဟောက်လိုက်သည်။ ထိုအရာက ဤအဝန်းအဝိုင်း အတွင်းရှိ သက်ရှိ သက်မဲ့မှန်သမျှအား တိုက်ရိုက် စိန်ခေါ်နေသည့် အဓိပ္ပာယ်ကို ဆောင်ပေသည်။
ဂီး...
ဝေ့ဝူယင် မိုင်ပေါင်းများစွာ အကွာအဝေးမှ ဒေါသတကြီး တုန့်ပြန်သံ တစ်ခုကို ကြားလိုက်ရသည်။ ဝေ့ဝူယင်၏ မျက်လုံးများက အနောက်ဘက် ကောင်းကင်သို့ ရွေ့လျားသွား၏။ တစ်ခဏအတွင်းမှာပင် လေတိုက်နှုန်းက ခက်ထန်လာသယောင် သူ ခံစားလိုက်သည်။ သူ၏ မြင်ကွင်းအတွင်း၌ကား...
မျက်သုံးလုံး မဟူရာ ကျီးကန်း...
မီတာတစ်ရာခန့် နီးနီး ကြီးမားမည့် ထိုမိုးပျံသားရဲကြီးသည် သူရှိရာ အရပ်သို့ အရှိန်အဟုန်နှင့် ပျံသန်း လာနေချေသည်။ ၎င်းသည် သွေးမျိုးဆက် စွမ်းအားနှင့် အတူ စိတ်နှင့် ဝိညာဉ်အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိရာ ကိုင်တွယ်ရန် ခက်ခဲသော သတ္တဝါ ဖြစ်သည်။ ညဘက်တွင် ဆိုလျှင် ဤသားရဲ၏ ခန္ဓာကိုယ်မှာ အမှောင်ထုနှင့် ပေါင်းစပ်ကာ ခွဲခြား၍မရဟု ဆိုကြသည်။
ရား...
ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးကြောင့် ဝေ့ဝူယင်၏ မျက်လုံးများက တောင်အရပ်ဆီ ရွှေ့ပြောင်းသွား၏။
အဖြူရောင် မီးလျှံ ကျားတစ်ကောင်...
၎င်းမှာ ပိုသေးကာ မီတာခြောက်ဆယ်ခန့် အလျား ရှိပေလိမ့်မည်။ သို့သော်လည်း မျက်သုံးလုံး မဟူရာ ကျီးကန်းထက်တော့ အနည်းငယ်ပင် အားနည်းလိမ့်မည် မဟုတ်ပါချေ။ အလျှံတညီးညီး တောက်ပနေသည့် ၎င်း၏ မီးတောက် မီးလျှံများနှင့် ချွန်ထက် ရှည်လျားသော လက်သည်းကြီးများမှာ တောင်တန်းကြီးများကိုပင် ခုတ်ထစ် ပြာချပစ်နိုင်ဟန် ရသည်။
မြေပြင်သည် တသိမ့်သိမ့် တုန်ခါလာရာ ဝေ့ဝူယင်၏ မျက်လုံးများမှာ မြောက်အရပ်ရှိရာသို့ ရွေ့လျား သွားပြန်၏။
ထိုအရပ်မှ လူးလိမ့်လျှက် လာနေသည်ကား တိုက်တန် တီကောင်မြွေကြီးပင်...။
ဝေ့ဝူယင် သက်ပြင်းချလိုက်မိ၏။ ထိုသတ္တဝါကြီး သုံးကောင်လုံးကား ဝိညာဥ်ဆင်းတု အဆင့်၌ ရှိနေကြသည့် သားရိုင်းကြီးများ ဖြစ်ကြသည်။ ထို့အပြင် ပြိုင်ဘက်ကင်း သွေးမျိုးဆက် စွမ်းအား ထောက်ပံ့မှုများကိုပါ ရရှိထားကြသေးရော အကာသ ပဲ့တင်သံ ကျင့်ကြံသူများပင် ထိုကိုင်တွယ်ရန် အလွန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။
ခရာတိုမှာ သူတို့ကို နှောက်ယှက်ရုံမျှသာ မက တိုက်ရိုက်ပါ စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် လက်မှိုင်ချကာ ခါးခါးသီးသီး ရယ်လိုက်ရုံသာ တတ်နိုင်၏။
“အေးအေးဆေးဆေး နားရမယ်လို့ ထင်ထားတာကွာ...”
ထိုကဲ့သို့ ရေရွတ်လိုက်ချိန်တွင်ပင် အလွန် လျှင်မြန်လှသော မျက်သုံးလုံး မဟူရာ ကျီးကန်းမှာ မိုင်ပေါင်းများစွာ အကွာအဝေးမှ သူ၏ ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ဆိုးယုတ်မှုများနှင့် ပြည့်နှက်နေသည့် တြိဂံသဏ္ဌာန် မျက်လုံးသုံးလုံးမှ ပင်လယ်လို အမှောင်ထုများကို ထုတ်လွှတ်လိုက်သည့် အခိုက်တွင် ဝေ့ဝူယင်၏ စကားလုံးများသည် ပညာရှိ အိပ်မက်များ သဖွယ် လွင့်ပြယ်သွားခဲ့ရလေသည်။
ဟူး...
ရုတ်ချည်းပင် အသိစိတ် ပင်လယ် တစ်ခုလုံးမှာ အမှောင်မိုက်တစ်ခုထဲ ကျဆင်းသွားသလို သူ ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည့် ထိုစွမ်းအားသည် သူ၏ စိတ်တစ်ခုလုံးကို သိုင်းခြုံကာ တဖြည်းဖြည်း စားသုံးရန် ကြိုးပမ်းနေသည်။ ဝေ့ဝူယင် ဧဒင်ကို ဆက်သွယ်လိုက်သော်လည်း တုန့်ပြန်မှု မရှိသည်ကို တွေ့လိုက်ရ၏။ ထိုအခိုက်၌ ခရာတိုသာလျှင် သက်ဝင် လှုပ်ရှားနေသည့် တစ်ယောက်တည်းသော သူ ဖြစ်ပေသည်။
ကြယ်တာရာ ဝိညာဉ်များ၏ ရည်ရွယ်ချက်များကို ဝေ့ဝူယင် နားလည်လိုက်ချေပြီ။ သူ အသက်အား ပြင်းပြင်းရှူကာ ပူးပေါင်းပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဟူး… ဟူး…
ဝိညာဉ် အင်အားသည် အသိစိတ် ပင်လယ် အတွင်း ဝင်ရောက်သွားကာ လျှင်မြန်စွာပင် အမှောင်ထု စွမ်းအင်ကို ချိုးဖျက်လျှက် အကာအကွယ် တစ်ခု တည်ဆောက်လိုက်၏။ ထို့နောက် သူ၏ ငွေရောင် မျက်လုံးများက ကောင်းကင်သို့ မော့ကြည့်ကာ စူးစူးရှရှ တောက်ပသွား၏။
ဘုန်း…
သူ ဝေဟင်ထက် ပျံတက်သွားကာ ကျီးကန်းကြီး၏ ခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ၏ လှုပ်ရှားမှုများက လျှပ်စီးကဲ့သို့ လျှင်မြန်ကာ လှံတံတစ်စင်း၏ တိုက်ခိုက်နိုင်စွမ်း အပြည့်နှင့် ဖြစ်သည်။
ဂီး…
ကျီးကန်းကြီးမှာ အလွန် ထိတ်လန့်သွားကာ ခေါင်းအား ဖယ်လျှက် ရှောင်တိမ်းလိုက်သည်။ ဝေ့ဝူယင်၏ လက်သီးက ကျီးကန်း၏ ကိုယ်ထက်ကို ကျရောက်လေရာ သားမွေး အချို့ လွင့်ပျံလျှက် သွေးစသွေးနများပင် ထွက်ပေါ်လာ၏။
ဝေ့ဝူယင် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျီးကန်းကြီးက လျှင်မြန်စွာ တုန့်ပြန်လာသည်။ ၎င်း၏ ညာဘက် အတောင်ပံကြီးက အလွန် ကြီးစွာသော ခွန်အား အဟုန်ကို သယ်ဆောင်ကာ သူ့အား ရိုက်ချလိုက်လေ၏။
ဝေ့ဝူယင်သည် ဆေဘာဓားသမား တစ်ယောက် ဖြစ်သည်။ လက်သီး သက်သက်ဖြင့် တိုက်ခိုက်နေကြ မဟုတ်ချေ။ အကယ်၍ သူ့လက်ထဲတွင်သာ ဆေဘာတစ်စင်း ရှိနေပါက ထိုကျီးကန်းမှာ ခေါင်းပြတ်ကာ ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းကို ရောက်ရှိနေလောက်ပြီ ဖြစ်လေသည်။
ကံမကောင်းစွာပင်…
…
"ဟေး…"
ဝေ့ဝူယင်မှာ ချင်ချူးမူကို တွေ့သည်နှင့် တောက်ပစွာ ပြုံးပြနှုတ်ဆက်လိုက်၏။ ထိုမိန်းကလေးနှင့် ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သို့သော်လည်း စတိုင်နှင့် မလိုက်နှင့် မဟုတ်ပဲ ခွေးကျဝက်ကျ သူမ ရှေ့သို့ ပြုတ်ကျခဲ့သည်ကတော့ ကံဆိုးလွန်းလှသည်။
ရား…
ဘေးနားမှ ထွက်ပေါ်လာသည့် အဖြူရောင် မီးလျှံကျား၏ ဟိန်းဟောက်သံကြောင့် ဝေ့ဝူယင်၏ အတွေးစများမှာ ပြတ်တောက်သွား၏။ သူ၏ မျက်လုံးများက ထက်ရှသွားကာ သားရဲကြီး သုံးကောင်ဘက်သို့ လှည့်လိုက်သည်။
"မင်းတို့ကိစ္စ အရင်ဖြေရှင်း ရတာပေါ့ကွာ…"
ဝေ့ဝူယင် ခွန်အားကို ထိန်ချန် မထားတော့ချေ။ နဂါးအင်အားမှာ သူ၏ ခန္ဓာကိုယ်ထဲမှ နေ၍ မခန့်မှန်းနိုင်သော ပမာဏဖြင့် ပေါက်ကွဲ ထွက်ပေါ်လာ၏။
ဂါး…
သူ၏ နှလုံးသား အတွင်းတွင်မူ ကြယ်တာရာ အမြုတေမှာ ခပ်ဖျော့ဖျော့ အလင်းကို ထုတ်လွှတ်နေ၏။ ၎င်း၏ အရွယ်အစားက လေးမီလီမီတာမျှ မဟုတ်တော့ပဲ တစ်စင်တီမီတာခန့် ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် သိုလှောင်နိုင်သည့် ကြယ်တာရာ အင်အားမှာ ကမ္ဘာများကိုပင် သိုင်းခြုံရန် လုံလောက်လေ၏။
“လာကြစမ်း...”
***